News @ M-Media

Blog

  • 3D ပရင့် အိမ်‌များဖြင့် ရပ်ကွက်တည်မည့်စီမံကိန်း မက္ကဆီကိုတွင် စတင်

    3D ပရင့် အိမ်‌များဖြင့် ရပ်ကွက်တည်မည့်စီမံကိန်း မက္ကဆီကိုတွင် စတင်

    ဇန်နဝါရီ ၂၀၊ ၂၀၂၀
    M-Media

    -3D နည်းပညာနဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေနဲ့ ရပ်ကွက်တည်ဆောက်ကာ ဝင်ငွေနည်းသူတွေကို ထားမယ့် စီမံကိန်းတစ်ခုကို မက္ကဆီကိုနိုင်ငံမှာ အကောင်အထည်ဖော်နေပါတယ်။

    နိုင်ငံမြောက်ပိုင်း တာဘက်စ်ကိုပြည်နယ်က ဝေးလံခေါင်ဖျားတဲ့ ဒေသတစ်ခုမှာ ဆောင်ရွက်နေတာဖြစ်ပြီး လက်ရှိမှာ အိမ် ၂ လုံးနဲ့ စတင်ထားပေမယ့် ၂၀၂၀ နှောင်းပိုင်းလောက်ကျရင် အဲဒီရပ်ကွက်မှာ နေအိမ် ၅၀ လောက်အထိ ရှိလာဖို့ ရည်မှန်းထားပါတယ်။

    တာဘက်စ်ကိုပြည်နယ်ဟာ ရေကြီးရေလျှံတာ၊ ငလျင်လှုပ်တဲ့ ဒေသဖြစ်ပြီး 3D အိမ်တွေဟာ ဒီလိုအန္တရာယ်တွေကို ခံနိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

    စီမံကိန်းဖော်ဆောင်နေတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့ New Story ကို ပူးတွဲတည်ထောင်သူ စီအီးအို ဘရတ် ဟဂ်လာက စီမံကိန်း‌ဆောင်ရွက်နေတဲ့ဒေသက မိသားစုတွေဟာ တစ်နေ့ကို ၃ ဒေါ်လာလောက်ဝင်ငွေနဲ့သာ ရပ်တည်နေကြသူတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့တဲ့ New Story အဖွဲ့ဟာ နေစရာမရှိတဲ့သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပြီး တောင်အမေရိကနဲ့ မက္ကဆီတို့မှာ နေအိမ်ပေါင်း ၂၇၀၀ ကျော် ဆောက်လုပ်ပေးထားပါတယ်။ အခု စီမံကိန်းက 3D နည်းပညာနဲ့ ပထမဆုံး ဆောင်ရွက်မှုလည်း ဖြစ်ပါတယ်။

    3D နည်းပညာနဲ့ဆောက်လုပ်တဲ့ အိမ်တွေဟာ သာမန်အိမ်ဆောက်လုပ်ချိန်ထက် ၂ ဆလောက် ပိုမြန်သလို၊ ကွန်ကရစ်အရောကလည်း ရိုးရိုးကွန်ကရစ်တွေထက် ပိုမိုတောင့်တင်းမာကျောပါတယ်။

    အဲဒီနေအိမ်ဟာ စကွဲယားပေ ၅၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနဲ့ မီးဖိုဆောင် တစ်ခန်း ပါဝင်ပါတယ်။ စျေးနှုန်းကို သတ်မှတ်ရခြင်း မရှိသေးပေမယ့် နေထိုင်တဲ့ မိသားစု ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်သာ အရစ်ကျ ပေးသွားရမှာ ဖြစ်ပါတယ်။

    စီမံကိန်းမှာ အသုံးပြုမယ့် 3D ပရင်တာကို ‌အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုက ၃ နှစ်ကြာ ဖန်တီးခဲ့ရတာဖြစ်ပြီး Vulcan II လို့ အမည်ပေးထားပါတယ်။ Vulcan II ပရင်တာဟာ ၅၀၀ စကွဲယားပေရှိတဲ့ အိမ် ၂ လုံးကို တစ်ပြိုင်တည်း တည်ဆောက်နိုင်ကာ အကြီးဆုံး စကွဲယားပေ ၂၀၀၀ ရှိတဲ့ အိမ်အထိ တည်ဆောက်နိုင်ပါတယ်။

    3D ပရင်တာတွေဟာ စျေပေါပြီး၊ ဆောက်လုပ်မှု မြန်ဆန်တာကြောင့် အနာဂတ် ဆောင်လုပ်ရေးလုပ်ငန်းမှာ အလားအလာကောင်းတွေ အများကြီးရှိနေပါတယ်။

    Ref : CNN

  • ယူရေနီယံသန့်စင်မှု ဆက်လုပ်မည်ဟု အီရန်ကြေငြာ

    ယူရေနီယံသန့်စင်မှု ဆက်လုပ်မည်ဟု အီရန်ကြေငြာ

    ဇန်နဝါရီ ၆၊ ၂၀၂၀
    M-Media

    -၂၀၁၅ ခုနှစ် နျူသဘောတူညီချက်က ယူရေနီယံသန့်စင်မှု ကန့်သတ်ချက်ကို လိုက်နာတော့မှာ မဟုတ်ဘူးလို့ အီရန်က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    သဘောတူညီချက်ကနေ နှုတ်ထွက်မယ်လို့ အမေရိကန်က ၂၀၁၈ ခုနှစ် မေလမှာ ကြေငြာခဲ့ပြီးတဲ့နောက်ပိုင်း အီရန်ကလည်း သဘောတူညီချက်ပါ အချက်တွေကိုလိုက်နာမှု တစ်ဆင့်ချင်း လျော့ချခဲ့တာ ဖြစ်ပါတယ်။

    ယူရေနီယံသန့်စင်မှု ကန့်သတ်ချက်ကို လိုက်နာတော့မှာမဟုတ်ဘူးလို့ အီရန်က ကြေငြာခဲ့ပေမယ့် နျူလက်နက် မထုတ်လုပ်ဘူးဆိုတဲ့ ကတိကဝတ်ကိုတော့ ဆက်လက် လိုက်နာနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စာချုပ်ပါ ဥရောပနိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းရေး တံခါးဖွင့်ထားတယ်လို့လည်း အီရန်က ဆိုပါတယ်။

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆူလိုင်မာနီကို အမေရိကန်က သောကြာနေ့မှာ လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်း အီရန်ရဲ့ ဒီလိုတုန့်ပြန်မှု ပေါ်ထွက်လာတာပါ။

    ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့ကတော့ စာချုပ်ပါ သတ်မှတ်ချက်တွေအတိုင်း ဆက်လက် လိုက်နာဆောင်ရွက်ဖို့ ကြေငြာချက်ထုတ်ကာ အီရန်ကို တိုက်တွန်းခဲ့ပါတယ်။

    စာချုပ်မှာ အီရန်ရဲ့ ယူရေနီယံသန့်စင်မှု ပမာဏ၊ နျူသုတေသနလုပ်ငန်း စတာတွေကို ကန့်သတ်ထားတာပါ။ သမ္မတ ဟာဆန်ရူဟာနီက ‌အခုကြေငြာမှုဟာ နျူသဘောတူညီချက်ပါ ကန့်သတ်ချက် မလိုက်နာမှု ပဉ္စမမြောက်နဲ့ နောက်ဆုံးအဆင့် ဖြစ်တယ်လို့ ‌ပြောကြားခဲ့ပါတယ်။

    ယူရေနီယံသန့်စင်မှုကို ဘယ်လောက်အထိ လုပ်ဆောင်သွားမယ်ဆိုတာ အီရန်က အသေးစိတ် မပြောခဲ့ဘဲ နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA နဲ့ အရင်အတိုင်း ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

    Ref: Aljazeera

  • နိုင်ငံခြားတပ်ဖွဲ့များ နှင်ထုတ်ရေး အစိုးရကို အီရတ်လွှတ်တော် တိုက်တွန်း

    နိုင်ငံခြားတပ်ဖွဲ့များ နှင်ထုတ်ရေး အစိုးရကို အီရတ်လွှတ်တော် တိုက်တွန်း

    ဇန်နဝါရီ ၆၊ ၂၀၂၀
    M-Media

    -နိုင်ငံအတွင်းမှာရှိနေတဲ့ နိုင်ငံခြားတပ်ဖွဲ့တွေအားလုံးကို နှင်ထုတ်ရေး အစိုးရကိုတိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အီရတ်လွှတ်တော်က မနေ့မှာ အတည်ပြုခဲ့ပါတယ်။

    အီရန်က ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီနဲ့ အီရတ်က အင်အားတောင့်တင်းတဲ့ Hashd al-Shaabi ပြည်သူ့စစ်အဖွဲ့ တပ်မှူးတို့ကို အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှု မြင့်တက်လာတဲ့အချိန် အီရတ်ရဲ့ ဒီဆောင်ရွက်ချက် ပေါ်ထွက်လာတာပါ။

    နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံခြားတပ်ဖွဲ့တွေအားလုံးကို နှင်ထုတ်ရေးအပြင် IS တိုက်ဖျက်ရေး ကူညီနေတဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ထံ အကူအညီတောင်းခံထားမှုကို ရုပ်သိမ်းဖို့လည်း အီရတ်လွှတ်တော်က အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေမဟုတ်တာကြောင့် သဘောထားသက်သက်သာ ဖြစ်ပြီး အကောင်အထည်ဖော်နိုင်ရေး ဥပဒေသစ်တစ်ခု ပြဌာန်းဖို့ လိုအပ်ပါတယ်။

    မဲခွဲမှုမပြုခင် အမတ်တွေက ‘အမေရိကန်အလိုမရှိ…. အီရတ်အဓွန့်ရှည်ပါစေ’ လို့ လွှတ်တော်အတွင်းမှာ ဟစ်အော်ခဲ့ကြပါတယ်။ အီရတ်ဝန်ကြီးချုပ် အဒဲလ် အဘ်ဒူလ် မဟ်ဒီက နိုင်ငံခြားတပ်ဖွဲ့တွေ တိုင်းပြည်မှာ မရှိရေး ဆောင်ရွက်ဖို့ လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။

    အီရတ်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀ လောက်ရှိနေပြီး အများစုက အကြံပေးအဖြစ် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ Hashd al-Shaabi နဲ့အတူ IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ခဲ့ပါတယ်။

    သမ္မတဒေါ်နယ်ထရမ့်က အီရတ်အနေနဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို နှင်ထုတ်မယ်ဆိုရင် လျောကြေး ဒေါ်လာ ဘီလီယံချီ ပေးရမယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၄၊ ၂၀၂၀
    M-Media

    ဘောလုံးကစားရန် မီလန်သို့ပြန်လာခြင်းဟု မိုဗစ်ပြော

    အေစီမီလန်အသင်းကို ပြန်ရောက်လာတာဟာ လာဘ်ကောင်တစ်ခုအဖြစ်မဟုတ်ဘဲ အမှန်တကယ် ဘောလုံးကစားချင်လို့ဖြစ်တယ်လို့ အသက် ၃၈ နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပြောကြားလိုက်ပါတယ်။ မိုဗစ်ဟာ မီလန်နဲ့ ၆ လစာချုပ် ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ် ထပ်ရှိနေမယ့် အချက်တစ်ခုလည်း စာချုပ်မှာ ပါဝင်ပါတယ်။ မိုဗစ်ဟာ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အထိ မီလန်အတွက် ၆၁ ပွဲကစားကာ ၄၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ‌

    ကာတာတွင်လေ့ကျင့်မည့်အစီအစဉ်ကို ကန်ဘောလုံးအသင်း ဖျက်သိမ်း

    အရှေ့အလယ်ပိုင်းမှာ လတ်တလော‌ မြင့်တက်လာတဲ့ တင်းမာမှုတွေကြောင့် ကာတာမှာ လေ့ကျင့်ဖို့အစီအစဉ်ကို အမေရိကန် အမျိုးသားလက်ရွေးစင်အသင်းက ရပ်ဆိုင်းလိုက်ပါတယ်။ မနေ့က အီရတ်မှာ အီရန်ထိပ်တန်းဗိုလ်ချုပ်ကို အမေရိကန်က လုပ်ကြံခဲ့ပြီးနောက် တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာပါ။ အမေရိကန်ဘောလုံးအသင်းဟာ ဇန်နဝါရီ ၅ ရက်ကနေ ၂၅ ရက်နေ့အထိ လေ့ကျင်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ ကာတာကပေးနိုင်တဲ့ လေ့ကျင့်ရေးအဆင့်အတန်းမျိုး၊ ဖော်ရွေးမှုမျိုးပေးနိုင်တဲ့ အခြားနေရာတစ်ခုကို ရှာဖွေနေတယ်လို့ ကန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

    ဆောင်းရာသီအပြောင်းအရွှေ့တွင် မန်ယူက ကွင်းလည်အားဖြည့်မည်

    ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကွင်လယ်အင်အားကို ဖြည့်တင်းသွားမယ်လို့ မန်ယူနည်းပြ ဆိုလ်းရှားက ပြောကြားလိုက်ပါတယ်။ ၂၀၁၈ ခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ဖရဒ်ကို ပေါင် ၆၂ သန်းနဲ့ ခေါ်ယူပြီးနောက်ပိုင်း မန်ယူဟာ ကွင်းလယ်လူ ထပ်မံခေါ်ယူခြင်း မရှိပါဘူး။ ဒါပေမယ့် ကွင်းလယ်လူတစ်ချို့ အသင်းကနေထွက်သွားတာ၊ ဒဏ်ရာရတာတွေကြောင့် အားနည်းလာခဲ့ပါတယ်။ ဆိုလ်းရှားက အရေးပါတဲ့ပွဲတွေ ရှိနေတာကြောင့် ကွင်းလယ်လူ အနည်းဆုံး ၂ ယောက်လောက်‌ခေါ်ယူသွားဖို့ရှိပြီး အခြားနေရာတွေကိုလည်း ဖြည့်တင်းသွားမယ်လို့ ဆိုပါတယ်။

    Ref: BBC, Goal

  • ပန်ဂျပ်ပြည်နယ်က ဗလီတစ်လုံးကို ဟိန္ဒူနှင့် ဆစ်ခ်များက စောင့်ရှောက်ပေးထား

    ပန်ဂျပ်ပြည်နယ်က ဗလီတစ်လုံးကို ဟိန္ဒူနှင့် ဆစ်ခ်များက စောင့်ရှောက်ပေးထား

    ဇန်နဝါရီ ၄၊ ၂၀၂၀
    M-Media

    ဟိန္ဒူနှင့် ဆစ်ခ်များက စောင့်ရှောက်ထားသည့် ဟေဒွန်ဘတ်ရွာမှ ဗလီ

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က ရွာတစ်ရွာမှာရှိနေတဲ့ ရှေးဟောင်း ဗလီဝတ်ကျောင်းတော်နဲ့ အစ္စလာမ့် သာသနိကအဆောက်အဦးတွေကို ဟိန္ဒူနဲ့ ဆစ်ခ်တွေက ထိန်းသိမ်းပေးထားပြီး နိုင်ငံရဲ့ ဘာသာစုံလူမျိုးစုံ ညီညွတ်မှု ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။

    လူဒီယာနာဆိုတဲ့ စက်မှုမြို့လေးက ဟေဒွန်ဘတ်ရွာမှာ ၁၉၄၇ ခုနှစ် အိန္ဒိယ၊ ပါကစ္စတန် ကွဲသွားပြီးနောက်ပိုင်း အစ္စလာမ်ဘာသာဝင်တစ်ဦးမှ မရှိတော့ပါဘူး။ ဒါပေမယ့် ဗလီအပါအဝင် မွတ်စလင်တွေရဲ့ အမွေအနှစ်တွေက ဆက်လက်ရှိနေပြီး ရွာမှာရှိနေတဲ့ ဟိန္ဒူတွေ၊ ဆစ်ခ်တွေက စောင့်ရှောက်ပေးထားပါတယ်။

    “ဒါဟာ ဘုရားသခင်ရဲ့အိမ်တော်ပါ။ ဒီအိမ်တော်ကို စောင့်ရှောက်ခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်ဝမ်းမြောက်မိပါတယ်။ ညတိုင်း ဗလီမှာ မီးလာထွန်းပေးတယ်။ ကြာသာပတေးနေ့ အပတ်တိုင်းမှာလည်း ဗလီမှာ မုန့်အချိုတွေလုပ်ပြီး ဝေငှပေးပါတယ်” လို့ အသက် ၅၄ နှစ်အရွယ် ဆစ်ခ်လူမျိုး ပရမ်ဆင်းက ပြောကြားခဲ့ပါတယ်။

    ဟေဒွန်ဘတ်ရွာက ဗလီဝတ်ကျောင်းတော်ကို မွတ်စလင်သူတော်စင်တစ်ဦးက ဆယ်စုနှစ်ချီ စောင့်ရှောက်ခဲ့ပြီးတဲ့နောက် ၂၀၀၉ ခုနှစ်မှာ ပရမ်ဆင်းက လက်လွှဲတာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

    “ကျွန်တော် အူရဒူဘာသာစကား မဖတ်တတ် မရေးတတ်သလို ကုရ်အာန်ကိုလည်း ဘာမှ မသိပါဘူး။ ဒါပေမယ့် သူ‌တော်စင်ကြီး မတိမ်းပါးခင်က စာတစ်ချို့ ကျွန်တော့်ကို သင်ပေးခဲ့တယ်။ ကုရ်အာန်ထဲကပဲ ဖြစ်မယ်ထင်တယ်။ အဲဒီစာတွေကို မနက်၊ ညနေတိုင်းမှာ ဗလီထဲအသံကျယ်ကျယ်နဲ့ ကျွန်တော်ရွတ်ဆိုပေးတယ်။ ဒါဟာ ဝတ်ပြုရာနေရာဖြစ်ပြီး စောင့်ရှောက်ခွင့်ရတဲ့အတွက်လည်း ကျွန်‌တော်ကြည်နူးပါတယ်အ

    ဗလီရဲ့ အပတ်စဉ်မုန့်ဝေပွဲမှာ ပါဝင်ကူညီနေတဲ့ ကူလ်ဝန့် ကူရ်က ဘယ်ဘာသာတရားရဲ့ ဝတ်ပြုရာနေရာကိုမဆို ပိတ်မထားသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    “ဘာသာတရားဟာ သွေးကွဲစရာလို့ ရွာသား‌တွေက မယူဆပါဘူး။ နှစ်စဉ် ဒီဗလီမှာ ပွဲတော်တစ်ခုကို ရွာသားတွေက ကျင်းပပေးတယ်။ ကျွန်တော်တို့အတွက် ဟိန္ဒူဘုရားကျောင်းပဲဖြစ်ဖြစ်၊ ဆစ်ခ်ဘုရားကျောင်းပဲဖြစ်ဖြစ်၊ ဗလီမှာပဲဖြစ်ဖြစ် ဒီလိုဆောင်ရွက်တာဟာ ဘုရားသခင်ရဲ့ အမှုတော်ကိုထမ်းရွက်တာလို့ပဲ ယူဆပါတယ်”

    ပန်ဂျပ်ပြည်နယ်ရဲ့ အခြားနေရာတွေမှာလည်း ဗလီဝတ်ကျောင်းတော်နဲ့ အစ္စလာမ့် သာသနိက အဆောက်အဦးတွေကို ဟိန္ဒူတွေ၊ ဆစ်ခ်တွေက ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်ထားပါတယ်။

    အိန္ဒိယ-ပါကစ္စတန် ကွဲသွားပြီးနောက်ပိုင်း စောင့်ရှောက်မယ့်သူ မရှိတဲ့ အနီးအနားရွာက ဗလီဝတ်ကျောင်းတော်တွေကိုလည်း ပရမ်ဆဆင်းက စောင့်ရှောက်ပေးထားပါတယ်။

    Ref: The Print