News @ M-Media

Blog

  • တတိယမြောက် လပေါ်သွားမည့် စီမံကိန်းကို အိန္ဒိယ ထုတ်ပြန်ကြေငြာ

    တတိယမြောက် လပေါ်သွားမည့် စီမံကိန်းကို အိန္ဒိယ ထုတ်ပြန်ကြေငြာ

    ဇန်နဝါရီ ၃၊ ၂၀၂၀
    M-Media

    -တတိယအကြိမ်မြောက် လကမ္ဘာပေါ်သွားမယ့်အစီအစဉ်ကို အိန္ဒိယ အာကာသအေဂျင်စီ ISRO က ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပြီး ဒုတိယအကြိမ်ကြိုးစားမှု မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် လအနည်းငယ်အကြာမှာ ပေါ်ထွက်လာခဲ့တာပါ။

    Chandrayaan-3 လို့အမည်ပေးထားတဲ့ အဲဒီစီမံကိန်းမှာ အာကာသယာဉ်အတွက် ကန်ဒေါ်လာ ၃၅ သန်း၊ လွှတ်တင်မယ့် ဒုံးပျံအတွက် ကန်ဒေါ်လာ ၅၁ သန်း ကုန်ကျမှာဖြစ်ပါတယ်။

    ဒီအစီအစဉ်သာ အောင်မြင်မယ်ဆိုရင် အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ပြီးတဲ့နောက် အိန္ဒိယဟာ လပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာဖြစ်ပါတယ်။

    အိန္ဒိယဟာ သူတို့ရဲ့ ပထမဆုံး လပေါ်သွားခရီးစဉ်ကို ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပြီး လပတ်လမ်းကနေ လေ့လစူးစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒုတိယအကြိမ်မြောက် ခရီးစဉ်မှာ လပေါ်ကို အာကာသယာဉ်ငယ်ဆင်းပြီး လေ့လာစူးစမ်းမှု ပြုလုပ်ဖို့ ပါဝင်ပေမယ့် လမျက်နှာပြင်ပေါ် ဆင်းသက်တဲ့အချိန်မှာ အာကာသယာဉ်နဲ့ မြေပြင်ထိန်းချုပ်ရေးစခန်းတို့ အဆက်အသွယ်ပြတ်တောက်ကာ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အာကာသစူးစမ်းလေ့လာမှုနယ်ပယ်မှာ အောင်မြင်မှုတွေရခဲ့တဲ့ အိန္ဒိယဟာ ၂၀၂၂ ခုနှစ်မှာ အာကာသထဲကို လူလွှတ်တင်ဖို့အထိ ရည်ရွယ်ထားပါတယ်။ ဒီအစီအစဉ်အတွက် တိုးတက်မှုတွေ ရှိနေပြီး အာကာသယာဉ်မှူး ၄ ဦးကို ရွေးချယ်ကာ အသေးစိတ် လေ့ကျင့်သင်ကြားပေးမှုတွေ ပြုလုပ်နေတယ်လို့ ISRO က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုမှာ အင်္ဂါဂြိုဟ်ပတ်လမ်းထဲကို အိန္ဒိယက စူးစမ်းလေ့လာရေးယာဉ် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သလို၊ ၂၀၁၇ ခုနှစ်ကလည်း ဒုံးပျံတစ်ခုတည်းနဲ့ ဂြိုဟ်တု ၁၀၄ လုံးကို စံချိန်တင် လွှတ်တင်ပေးနိုငခဲ့ပါတယ်။

    အိန္ဒိယဟာ ဂြိုဟ်တုလွှတ်တင်မှုနဲ့ အာကာသခရီးစဉ်တွေကို ကုန်ကျစားရိတ်အနည်းဆုံးနဲ့ ဆောင်ရွက်နိုင်တဲ့ နိုင်ငံတစ်ခုအဖြစ်လည်း နာမည်ကျော်ပါတယ်။

    Ref: CNN

  • အီရန်ထိပ်တန်းဗိုလ်ချုပ်ကို အမေရိကန်က လုပ်ကြံသတ်ဖြတ်

    အီရန်ထိပ်တန်းဗိုလ်ချုပ်ကို အမေရိကန်က လုပ်ကြံသတ်ဖြတ်

    ဇန်နဝါရီ ၃၊ ၂၀၂၀
    M-Media

    လုပ်ကြံခံခဲ့ရသည့် အီရန်ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီ

    -အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို အမေရိကန်က အီရတ်မှာ လုပ်ကြံခဲ့ပြီး အဓိပတိ အယာတိုလာ အလီခါမေနီက ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

    ဆိုလိုင်မာနီနဲ့ အခြားတာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ကားနှစ်စီးဟာ ဒီကနေ့မနက် အစောပိုင်းက ဘဂ္ဂဒတ်မြို့နိုင်ငံတကာလေဆိပ်ကို မောင်းနှင်နေစဉ် အမေရိကန်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း အီရန်က PMF လက်နက်ကိုင်အဖွဲ့ရဲ့ တပ်မှူး အဘူ မဟ်ဒီ အလ်-မူဟန်ဒစ်နဲ့ အခြား လူ ၃ ဦးလည်း သေဆုံးခဲ့ပါတယ်။

    အိမ်ဖြူတော်နဲ့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်တို့က တိုက်ခိုက်မှုကို သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်နဲ့ လုပ်ဆောင်တာဖြစ်ပြီး အနာဂတ်မှာ အမေရိကန်အပေါ် တိုက်ခိုက်လာနိုင်ချေကို တားဆီးဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ဆိုလိုင်မာနီသေဆုံးမှုအတွက် ၃ ရက်တာ အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ကြောင်း အီရန်က ကြေငြာခဲ့ပါတယ်။

    အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ဆိုလိုင်မာနီကို အာဇာနည်အဖြစ် သမုတ်ခဲ့ပြီး ရာဇဝတ်ကောင်တွေကို ပြင်းပြင်းထန်ထန် လက်စားချေမယ်လို့ ပြောကြားခဲ့ပါတယ်။

    သမ္မတ ဟာဆန်ရူဟာနီကလည်း ခါမေနီရဲ့စကားကို ထောက်ခံခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း၊ နောက်ဆက်တွဲ ဖြစ်မယ့် ကိစ္စတွေကို အမေရိကန်က တာဝန်ယူရမှာဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အထူးတပ်ဖွဲ့ Quds Force ကို ဦးဆောင်တဲ့ ကာစင် ဆိုလိုင်မာနီဟာ အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်ရဲ့ဩဇာ ဖြန့်ကျက်မှုမှာ အဓိကအရေးပါတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • IS ကို အမေရိကန်က ဖန်တီးခြင်းဟု အီရန်အဓိပတိ စွပ်စွဲ

    IS ကို အမေရိကန်က ဖန်တီးခြင်းဟု အီရန်အဓိပတိ စွပ်စွဲ

    ဇန်နဝါရီ ၂၊ ၂၀၂၀
    M-Media

    -အီရတ်နဲ့ ဆီးရီးယားတို့က ရှီအာပြည်သူ့စစ်အဖွဲ့ Hashd al-Sha’abi ကို အမေရိကန်က တိုက်ခိုက်ခဲ့တာဟာ ဒီအဖွဲ့က IS အပေါ် ချေမှုန်းလိုက်တာကို မကျေနပ်လို့ လက်တုန့်ပြန်တာသာဖြစ်တယ်လို့ အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက ပြောကြားလိုက်ပါတယ်။

    အမေရိကန်ဟာ တနင်္ဂနွေနေ့က Hashd al-Sha’abi အဖွဲ့ရဲ့ အီရတ်နဲ့ ဆီးရီးယားတို့က ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့ဝင် ၃၁ ဦး သေဆုံးခဲ့ပါတယ်။

    Hashd al-Sha’abi အဖွဲ့ဟာ အင်အားတောင့်တင်းတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး အီရတ်နဲ့ ဆီးရီးယားက IS အကြမ်းဖက်အဖွဲ့တိုက်ဖျက်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဒီတိုက်ခိုက်မှုကို မကျေနဲ့တဲ့အတွက် အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့က အမေရိကန်သံရုံးရှေ့မှာ အင်္ဂါနေ့က ‌ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ပြီး သံရုံးကို ဖျက်ဆီးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    အီရန်အဓိပတိ အယာတိုလာ ဆယဒ် အလီခါမေနီက အမေရိကန်ရဲ့ ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး Hashd al-Sha’abi ရဲ့ IS ကို ချေမှုန်းမှုကို မကျေနပ်လို့ လက်တုန့်ပြန်တာသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အီရတ်နဲ့ ဆီးရီးယားမှာ အမေရိကန်က ဘာတွေလုပ်ဆောင်နေလဲဆိုတာ ခင်ဗျားတို့ မြင်နေရတယ်။ Hashd al-Sha’abi က IS အဖွဲ့ကို ‌ချေမှုန်းမှုအပေါ် လက်စားချေတာပါ။ IS ဟာ အမေရိကန်က ဖန်တီးပြီး မြေတောင်မြှောက်ပေးထားတဲ့ အဖွဲ့ပါ”

    စစ်အခြေစိုက်စခန်းတစ်ခုကို ဒုံးကျည်နဲ့ပစ်ခတ်တာကို လက်တုန့်ပြန်တာဖြစ်တယ်လို့ အမေရိကန်က ထုတ်ပြန်ထားပါတယ်။

    အီရတ်က သံရုံးကို ပြည်သူတွေက စီနင်းမှုအတွက် အီရန်မှာ လုံး၀ တာဝန်ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားမှုကိုလည်း ခါမေနီက ဝေဖန်ခဲ့ပြီး ဒေသတွင်းမှာ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကြောင့် အီရတ်၊ ဆီးရီးယားနဲ့ အာဖဂန်ပြည်သူတွေက ဘယ်လောက်အထိ မုန်းတီးနေလဲဆိုတာကို အမေရိကန်အနေနဲ့ နားလည်သင့်တယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အီရန်ဟာ ဘယ်လိုအခြေအနေမျိုးကိုမဆို သတိဝိရိယရှိရှိ၊ သတ္တိရှိရှိ ရင်ဆိုင်သွားဖို့ အသင့်ရှိနေတယ်လို့လည်း ခါမေနီက ဆိုပါတယ်။

    Ref: Press TV

  • အာဆီယံမြို့ပြဆုများကို မြန်မာနိုင်ငံမှ မြို့တစ်ချို့ ရရှိ

    အာဆီယံမြို့ပြဆုများကို မြန်မာနိုင်ငံမှ မြို့တစ်ချို့ ရရှိ

    ဇန်နဝါရီ ၂၊ ၂၀၁၉
    M-Media

    တောင်ကြီးမြို့ ညမြင်ကွင်း

    -အရှေ့တောင်အာရှက အသန့်ရှင်းဆုံး၊ အစိမ်းလမ်းဆုံးနဲ့ ခရီးသွားတွေအတွက် အဆင်အပြေဆုံး မြို့တွေကို ရွေးချယ်ချီးမြှင့်တဲ့ဆုတွေကို မြန်မာနိုင်ငံက မြို့တစ်ချို့ ရရှိခဲ့ပါတယ်။

    ရှမ်းပြည်နယ်က တောင်ကြီး၊ ကယားပြည်နယ်က လွိုင်ကော်နဲ့ တနင်္သာရီတိုင်းဒေသကြီးက ထားဝယ်မြို့တွေဟာ သန်းရှင်းမှုနဲ့ ခရီးသွားဆိုင်ရာဆု Asean Clean Tourist City Standard ကို ရရှိခဲ့တာပါ။ ဒီဆုကို သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု၊ သန့်ရှင်းမှု၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ သဘာ၀ပတ်ဝန်းကျင်နှင့် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးနိုင်မှု၊ စိမ်းလန်းတဲ့နေရာ၊ ကျန်းမာရေးနဲ့ လုံခြုံမှု၊ မြို့ပြဘေးအန္တရာယ်ကင်းမှုနှင့် လုံခြုံရေး၊ ခရီးသွားဆိုင်ရာ အခြေခံအဆောက်အဦး စတဲ့ အချက်အလက် ၇ ချက်နဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

    ဒီမြို့ ၃ မြို့ဟာ အခုနောက်ပိုင်းမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ စိတ်ဝင်မှုစားမှု မြင့်တက်လာတဲ့ မြို့တွေလည်း ဖြစ်ပါတယ်။

    တနင်္သာရီတိုင်းဒေသကြီးက မြိတ်မြို့ဟာ မြို့ပြဆိုင်ရာ ခရီးသွားကဏ္ဍဆုကို ရရှိခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးက မြိုင်မြို့ကတော့ ကျေးလက်ဆိုင်ရာ ခရီးသွားကဏ္ဍဆုကို ရရှိခဲ့ပါတယ်။

    ဆုတွေကို ဇန်နဝါရီလ ၁၆ ရက်နေ့ ဘရူးနိုင်းမှာ ကျင်းပပြုလုပ်မယ့် အာဆီယံခရီးသွားဖိုရမ်မှာ ချီးမြှင့်မှာဖြစ်ပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာမြို့တွေက တာဝန်ရှိသူတွေ တက်ရောက်ဖို့ ရှိနေပါတယ်။

    ၂၀၁၈ ခုနှစ်တုန်းကလည်း ရှမ်းပြည်နယ် ကလောမြို့၊ မန္တ‌လေးတိုင်းဒေသကြီး ပုဂံနဲ့ ပြင်ဦးလွင်မြို့တွေဟာ Asean Clean Tourist City Standard ဆုကို ရရှိခဲ့ပါတယ်။

    Ref: Irrawaddy English

  • ထိုင်ဝမ်ဗိုလ်ချုပ်ကြီးတစ်ဦး လေယာဉ်ပျက်ကျသေဆုံး

    ထိုင်ဝမ်ဗိုလ်ချုပ်ကြီးတစ်ဦး လေယာဉ်ပျက်ကျသေဆုံး

    ဇန်နဝါရီ ၂၊ ၂၀၂၀
    M-Media

    လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသည့်
    ဗိုလ်ချုပ်ကြီး ရှန်ယီမင်

    -ထိုင်ဝမ်စစ်တပ်က အရာရှိကြီးတွေအပါအဝင် လူ ၁၂ ဦးကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်တစ်စင်းဟာ ရာသီဥတုဆိုးဝါးလို့ အရေးပေါ်ဆင်းသက်ရာမှာ ပျက်ကြပြီး ဗိုလ်ချုပ်ကြီးတစ်ဦးအပါအဝင် လူတစ်ချို့ သေဆုံးခဲ့ပါတယ်။

    အရာရှိကြီးတွေဟာ UH-60M Black Hawk လေယာဉ်နဲ့ နိုင်ငံ အရှေ့မြောက်ပိုင်းက စစ်စခန်းတစ်ခုကို သွားရောက်ပြီး အပြန် မြို့တော်ထိုင်ပေအနီး တောအုပ်ထဲမှာ ဒီလိုကံကြမ္မာဆိုးကို ကြုံတွေ့ခဲ့ရတာပါ။

    လေယာဉ်ပေါ်လိုက်ပါလာသူတွေရဲ့ အခြေအနေကို အစောပိုင်းမှာ အတိအကျ မသိရပေမယ့် နောက်ပိုင်းမှာတော့ အသက် ၆၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ရှန်ယီမင်းအပါအဝင် စစ်ဖက်အရာရှိ ၈ ဦး သေဆုံးခဲ့တယ်လို့ ထိုင်ဝမ်တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်အတွင်း အနည်းဆုံး ၄ ဦးအသက်ရှင်လျက် ပြန်တွေ့ခဲ့ရပါတယ်။

    ထိုင်ဝမ်ဟာ ဇန်နဝါရီ ၁၁ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိနေပြီး သမ္မတ ချိုင်အမ်ဝမ်ကလည်း ဒီအဖြစ်အပျက်ကြောင့် မဲဆွယ်မှုအစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

    ရာသီဥတုမကောင်းလို့ လေယာဉ်ပျက်ကျတာလို့ ကနဦးထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် အခင်းဖြစ်ပွားတဲ့အချိန်မှာ ထိုင်ဝမ်တစ်ဝှမ်း ရာသီဥတု ကောင်းမွန်နေပြီး စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပျက်ကျတာဖြစ်မယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။

    Ref: Aljazeera