News @ M-Media

Blog

  • ပြည်သူကို သတ်ဖြတ်ခဲ့သည့် ထောက်လှမ်းရေးတာဝန်ရှိသူများကို ဆူဒန် သေဒဏ်ချ

    ပြည်သူကို သတ်ဖြတ်ခဲ့သည့် ထောက်လှမ်းရေးတာဝန်ရှိသူများကို ဆူဒန် သေဒဏ်ချ

    ဒီဇင်ဘာ ၃၁၊ ၂၀၁၉
    M-Media

    -အာဏာရှင်ဟောင်း အိုမာရ် အလ်-ဘရှီးရ် လက်ထက်မှာ ဆန္ဒပြ ပြည်သူတစ်ဦးကို ညှင်းပမ်းသတ်ဖြတ်ခဲ့တဲ့ ထောက်လှမ်းရေးအရာရှိ ၂၉ ဦးကို ဆူဒန်တရားရုံးက မနေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

    ဘရှီးရ်အစိုးရဆင်းပေးဖို့ ပြည်သူတွေက အကြီးအကျယ် ဆန္ဒပြခဲ့ကြတဲ့ ဇန်နဝါရီလ နှောင်းပိုင်းက နိုင်ငံအရှေ့ပိုင်း ကာဆာလာပြည်နယ်မှာ ကျောင်းဆရာ အဟ်မဒ် အလ်-ခီရ်ကို ဆူဒန်ထောက်လှမ်းရေးက ဖမ်းသွားပြီး ညှင်းပမ်းသတ်ဖြတ်ခဲ့တာပါ။

    အစာအဆိပ်သင့် သေဆုံးသွားတာလို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်း စုံစမ်းစစ်ဆေးမှုအရ ညှင်းပမ်းမှုကနေ ရတဲ့ဒဏ်ရာကြောင့် သေဆုံးသွားတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး ထောက်လှမ်းရေးတာဝန်ရှိသူ ၂၉ ဦးကို ကြိုးပေးကွပ်မျက်ဖို့ ‌ဆူဒန်တရားရုံးက မနေ့မှာ အမိန့်ချခဲ့ပြီး အခြား ၄ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ၇ ဦးကိုတော့ တရားသေ လွှတ်ပေးခဲ့ပါတယ်။

    နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဒီအမိန့်ချမှတ်မှုဟာ ဆူဒန်နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လမ်းခင်းပေးတာလို့ သုံးသပ်ခဲ့ကြပါတယ်။ တရားရုံးအရှေ့မှာ ဆူဒန်ပြည်သူတွေက အလ်-ခီရ်ရဲ့ဓာတ်ပုံတွေကိုင်ကာ စုဝေးခဲ့ကြပြီး အမိန့်ချပြီးနောက်မှာတော့ အောင်ပွဲ ခံခဲ့ကြပါတယ်။

    ဒါဟာ အာဏာရှင် အလ်-ဘရှီးရ် ပြုတ်ကျရေး လူထုဆန္ဒပြမှုမှာ အာဏာပိုင်တွေရဲ့ နှိပ်စက်ညှင်းပမ်းမှုနဲ့ပတ်သက်ပြီး ပထမဆုံး အရေးယူနိုင်တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းကနေ စတင်ကာ ဧပြီလမှာ ပြီးဆုံးခဲ့တဲ့ အာဏာရှင်ပြုတ်ကျရေး ဆူဒန်ပြည်သူတွေရဲ့ ဆန္ဒပြမှုအတွင်း အနည်းဆုံး ၁၇၇ ဦးသေဆုံးခဲ့ပါတယ်။ ဧပြီလမှာတော့ အာဏာရှင် ဘရှီးရ်လည်း ပြုတ်ကျသွားခဲ့ပါတယ်။

    Ref: Aljazeera

  • နိုင်ငံတစ်ဝှမ်း စားနပ်ရိက္ခာထောက်ပံ့ရေး ကုလနှင့် သဘောတူညီချက်ကို မြန်မာ သက်တမ်းတိုး

    နိုင်ငံတစ်ဝှမ်း စားနပ်ရိက္ခာထောက်ပံ့ရေး ကုလနှင့် သဘောတူညီချက်ကို မြန်မာ သက်တမ်းတိုး

    ဒီဇင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    -ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့အပါအဝင် နိုင်ငံတစ်ဝှမ်းက လူပေါင်း ၁ သန်းကျော်လောက်ကို စားနပ်ရိက္ခာထောက်ပံ့ရေး မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) တို့အကြား သဘောတူညီချက်ကို ထပ်မံ သက်တမ်းတိုးလိုက်ပါတယ်။

    သဘောတူညီချက်ကို အခုလအစောပိုင်းက နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး WFP က စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်။

    နိုင်ငံရပ်ခြား စီးပွားရေးဆိုင်ရာဆက်ဆံမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ကုလနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းရဲ့ အဓိကဦးစားပေးဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုရဲ့ လမ်းပြမြေပုံဖြစ်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အထောက်အပံ့ဖြစ်စေဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    WFP ရဲ့ မြန်မာနိုင်ငံရဲ့ တာဝန်ရှိသူ စတီဖင်အန်ဒါဆန်က ငတ်မွတ်ခေါင်းပါးမှု၊ အဟာရချို့တဲ့မှုကို တိုက်ဖျက်ရေး အစိုးရက ဆောင်ရွက်လိုစိတ်ရှိတာကို ဒီသဘောတူညီချက်က ပြသနေတယ်လို့ ဆိုပါတယ်။

    WFP ဟာ ရခိုင်ပြည်နယ်က ပဋိပက္ခဒဏ်ကို ခံစားနေရတဲ့ လူပေါင်း ၂ သိန်း ၄ သောင်း၊ ကချင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၄၅၀၀၀၊ ရှမ်းပြည်နယ်က လူပေါင်း ၁၄၀၀၀ လောက်ကို အရေးပေါ် စားနပ်ရိက္ခာအကူအညီတွေ ပေးအပ်နေတာ ဖြစ်ပါတယ်။

    နိုဝင်ဘာလကစပြီး ချင်းပြည်နယ် ပလက်၀မြို့က လူပေါင်း ၆၀၀ ကျော်ကို WFP က ထပ်တိုး အကူအညီပေးခဲ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုက ကလေးငယ်ပေါင်း ၃ သိန်းလောက်ကိုလည်း WFP က အဟာရဓာတ်ကြွယ်၀တဲ့ ဘီစကစ်တွေထောက်ပံ့တာ၊ စာသင်ကျောင်းတွေကနေတစ်ဆင့် ထမင်းဟင်းကျွေးမွေးတာတွေ လုပ်ဆောင်ပေးနေပါတယ်။

    ခြောက်သွေ့ဇုန်လို့ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း၊ နာဂဒေသနဲ့ ဝဒေသလို ဝေးလံခေါင်ဖျားတဲ့ဒေသတွေက စားနပ်ရိက္ခာလိုအပ်နေတဲ့ ပြည်သူတွေကိုလည်း WFP က ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေပါတယ်။

    WFP ရဲ့ အစီအစဉ်တွေထဲမှာ HIV နဲ့ တီဘီရောဂါ ဖြစ်ပွားနေသူကို ထောက်ပံ့မှုလည်း ပါဝင်ပါတယ်။

    Ref: mmtimes

  • လူသေအလောင်းများနှင့် သင်္ဘောပျက်တစ်စီး ဂျပန်ကမ်းရိုးတမ်းကို ရောက်လာ

    လူသေအလောင်းများနှင့် သင်္ဘောပျက်တစ်စီး ဂျပန်ကမ်းရိုးတမ်းကို ရောက်လာ

    ဒီဇင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    -လူသေအလောင်း ၇ လောင်းပါဝင်ပြီး ပျက်ဆီးနေတဲ့ သစ်သားစက်လှေတစ်စီး ဂျပန်နိုင်ငံ ဆာဒိုကျွန်းတစ်ခုက ကမ်းရိုးတန်းတစ်ခုကို ပြီးခဲ့တဲ့တစ်ပတ် နှောင်းပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။

    သင်္ဘောပျက်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့ဝင်တွေ တက်ရောက်ရှာဖွေရာမှာ ဦးခေါင်းပြတ် ၂ ခုနဲ့ အလောင်း ၇ လောင်းကို တွေ့ခဲ့ရပြီး၊ အလောင်းတစ်ချို့ဟာ အရိုးကျနေပြီလို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

    ကိုယ်ထည်က နံပါတ်ပြား၊ ကိုရီးယားဘာသာနဲ့ရေးထားတဲ့ စာတွေကို ကြည့်ပြီး သင်္ဘောဟာ မြောက်ကိုရီးယားနိုင်ငံက မျောလာတာဖြစ်မယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ အရင်က ဂျပန်ကမ်းရိုးတန်းကို မြောက်ကိုရီးယားက သင်္ဘောပျက်တွေ ကမ်းလာတင်ဖူးပြီး ghost ship (တစ္ဆေသင်္ဘော) လို့ လူသိများပါတယ်။

    မြောက်ကိုရီးယားက စက်လှေတော်တော်များများဟာ ပင်လယ်ပြင်ခရီးဝေးသွားဖို့ လုံလောက်တဲ့ ပစ္စည်းကိရိယာတွေမရှိဘဲ ဂျပန်ပင်လယ်က ပြင်းထန်တဲ့ ရာသီဥတု‌ကြောင့် ပျက်ဆီးတာဖြစ်တယ်လို့ ယူဆထားကြပါတယ်။

    Ref: CNN

  • စစ်ပွဲကြောင့် ကလေးများထိခိုက်မှု ၁၀ နှစ်အတွင်း ၃ ဆမြင့်တက်

    စစ်ပွဲကြောင့် ကလေးများထိခိုက်မှု ၁၀ နှစ်အတွင်း ၃ ဆမြင့်တက်

    ဒီဇင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    ဆီးရီးယားမှ စစ်ဘေးသင့် ကလေးငယ်များ

    -ပဋိပက္ခတွေဖြစ်ပွားရာဒေသတွေမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကလေးငယ်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုဟာ ၃ ဆအထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

    စစ်ပွဲအတွင်း ကလေးငယ်တွေအပေါ် အခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ သတ်ဖြတ်တာ၊ ကိုယ်လက်အင်္ဂါ ထိခိုက်စေတာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ ပြန်ပေးဆွဲတာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ငြင်းပယ်တာ၊ တိုက်ပွဲတွေမှာ ပါဝင်ဖို့ လူသစ်စုဆောင်းတာ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်တာတွေ ပါဝင်ပါတယ်။

    ၂၀၁၀ ခုနှစ်နောက်ပိုင်း ကမ္ဘာတစ်ဝှမ်း ကလေးငယ်တွေအပေါ် ချိုးဖောက်မှုအရေအတွက်ဟာ ၁၇၀၀၀၀ ကျော် ရှိလာပြီး တစ်နေ့ကို ချိုးဖောက်မှုပေါင်း ၄၅ ခုကျော် ဖြစ်ပွားနေတာဖြစ်ပါတယ်။

    UNICEF အမှုဆောင်ဒါရိုက်တာ ဟင်နရီယက်တာ ဖိုရီက ကမ္ဘာတစ်ဝှမ်း ပဋိပက္ခတွေဟာ ပိုမိုရှည်ကြာကာ၊ သွေးထွက်သံယိုမှုတွေ ပိုများလာပြီး၊ ကလေးငယ်တွေလည်း ပိုမိုသေကြေလာကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    “စစ်ပွဲမှာ ပါဝင်နေကြတဲ့သူတွေဟာ ‘ကလေးငယ်တွေကို ကာကွယ်ပေးရေး’ ဆိုတဲ့ စစ်ပွဲရဲ့ အခြေခံအကျဆုံး စည်းမျဉ်းကို မလိုက်နာကြတာကြောင့် ကလေးငယ်တွေအပေါ် တိုက်ခိုက်မှုတွေဟာ မြင့်တက်လာပါတယ်”

    ကလေးငယ်တွေအပေါ် အကြမ်းဖက်မှု တော်တော်များများကို သတင်းမရဘူးလို့လည်း UNICEF က ဆိုပါတယ်။

    ၂၀၁၈ ခုနှစ်အတွင်း ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ ကလေးငယ်တွေ တိုက်ခိုက်ခံရမှု အရေအတွက်ဟာ ၂၄၀၀၀ ကျော် ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်ကထက် ၃ ဆ မြင့်တက်လာတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ထက်ဝက်လောက်မှာ သေဆုံးတာ၊ ကိုယ်လက်အင်္ဂါချို့တဲ့တာတွေ ဖြစ်ပွားခဲ့ပါတယ်။

    စစ်ပွဲကြောင့် ထိခိုက်ပျက်ဆီးမှုဖြစ်ပွားတဲ့ နိုင်ငံအရေအတွက်ဟာ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးကို ရောက်လာတယ်လို့လည်း UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဆီးရီးယား၊ ယီမင်နဲ့ အာဖဂန်နစ္စတန်တို့က ကလေးငယ်တွေဟာ အလွန်အမင်း အန္တရာယ်ရှိတဲ့ အနေအထားကို ကြုံတွေ့ခဲ့ရပါတယ်။

    UNICEF ကတော့ စစ်ပွဲတွေမှာ ပါဝင်တဲ့သူတွေ အနေနဲ့ ကလေးငယ်တွေအပေါ် ကျူးလွန်မှုတွေကို ရပ်တန့်ဖို့၊ အရပ်သားတွေရဲ့ အဆောက်အဦးတွေကို ရှောင်ကျဉ်တိုက်ခိုက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera

  • အရှေ့အလယ်ပိုင်းမှ အမေရိကန် ထွက်ခွာချိန်တန်ပြီဟု အီရန်ပြော

    အရှေ့အလယ်ပိုင်းမှ အမေရိကန် ထွက်ခွာချိန်တန်ပြီဟု အီရန်ပြော

    ဒီဇင်ဘာ ၃၀၊ ၂၀၁၉
    M-Media

    -ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်၊ ရုရှားတို့နဲ့ ပြုလုပ်ခဲ့တဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုဟာ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် အီရန်က ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတယ်ဆိုတာကို ပြသလိုက်တာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

    အိုမန်ပင်လယ်ကွေ့နဲ့ အိန္ဒိယသမုဒ္ဒရာတွေမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ ရေတပ်စစ်ရေးလေ့ကျင်မှုဟာ ၃ ရက်တာကြာမြင့်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။ ပစ်မှတ်ကို နှိမ်နှင်းမှု၊ အရေးပေါ်အခြေအနေတွေမှာ သင်္ဘောတွေကို ကယ်ဆယ်မှုအပါအဝင် နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု တော်တော်များများ ပါဝင်ခဲ့ပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က နိုင်ငံတကာရေကြောင်းသွားလာမှုမှာ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် မိမိတို့ဟာ ဘယ်တိုင်းပြည်နဲ့မဆို ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာ ဒီစစ်ရေးလေ့ကျင့်မှုက ပြသနေကြောင်း၊ အရှေ့အလယ်ပိုင်းဒေသအတွင်း ရန်လိုတဲ့ ပေါ်လစီတွေကို မကြိုက်တဲ့ အခြား အင်အားကြီးနိုင်ငံတွေ ရှိနေတယ်ဆိုတာ ဖော်ကျူးနေကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ပါရှန်ပင်လယ်ကွေ့မှာ ရေနံသင်္ဘောတွေ သံသယဖြစ်ဖွယ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတကာ ရေကြောင်းသွားလာမှု မဟာမိတ်အဖွဲ့ ဖွဲ့စည်းရေး အမေရိကန်က တိုက်တွန်းဆော်ဩနေစဉ်မှာ အမေရိကန်ရဲ့ ပြိုင်ဘက်တွေ ပူးပေါင်းပြီး အခုလို စစ်ရေးလေ့ကျင့်မှု ပေါ်ထွက်လာတာပါ။

    အီရန်ရေတပ်အကြီးအကဲက အမေရိကန်ရဲ့ ကျူးကျော်တဲ့ကာလ ကုန်ဆုံးသွားပြီး အရှေ့အလယ်ပိုင်းကနေ ထွက်ခွာချိန်တန်ပြီလို့ စစ်ရေးလေ့ကျင့်မှုအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    Ref: Press TV