News @ M-Media

Blog

  • ဂါဇာသို့ အကူအညီများ မရောက်စေရန် ဂျူးအခြေချ နေထိုင်သူများက ပိတ်ဆို့ထား

    ဂါဇာသို့ အကူအညီများ မရောက်စေရန် ဂျူးအခြေချ နေထိုင်သူများက ပိတ်ဆို့ထား

    ဖေဖော်၀ါရီ ၉၊ ၂၀၂၄

    M-Media 


    -ပါလက်စတိုင်းတွေကို ပေးအပ်မယ့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မ၀င်ရောက်နိုင်ဖို့အတွက် ဂျူးအခြေချ နေထိုင်သူတွေက ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ 

    အီဂျစ်ကနေ အစ္စရေးဖက်ကို ၀င်လာမယ့် အကူအညီပေးရေး ထရပ်ကားတွေကို တားဆီးထားတာဖြစ်ပါတယ်။ 

    နိုင်ငံတကာက ပါလက်စတိုင်းတွေကို ပေးအပ်တဲ့ အကူအညီတွေကို အစ္စရေးက ကြားဖြတ်ဟန့်တား စစ်ဆေးပြီးမှ ဂါဇာထဲကို ၀င်ရောက်ခွင့်ပေးတာဖြစ်ပါတယ်။ 

    ထရပ်ကားတွေရှေ့ ပိတ်ဆို့ထားတဲ့ ဂျူးအခြေချ နေထိုင်သူတွေဟာ ကုလရဲ့ ပါလက်စတိုင်းအကူအညီပေးရေးအဖွဲ့ UNRWA ကို ရန်ပုံငွေ ဖြတ်တောက်ဖို့လည်း ကျွေးကျော်ခဲ့ကြပါတယ်။ 

    ပါလက်စတိုင်းပိုင်နက်က အစ္စရေးရဲ့ တရားမ၀င်အိမ်ယာတွေမှာ နေထိုင်တဲ့ ဂျူးအခြေချနေထိုင်သူတွေဟာ ဂါဇာကို သွားမယ့် အကူအညီပေးရေး ယာဥ်တန်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစပြီး ပိတ်ဆို့တားဆီးမှုတွေ တောက်လျှောက်ပြုလုပ်လာပါတယ်။ 

    Ref: Aljazeera

  • အီရန်နိုင်ငံခြားရေး၀န်ကြီး ပါလက်စတိုင်း လွတ်မြောက်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်

    အီရန်နိုင်ငံခြားရေး၀န်ကြီး ပါလက်စတိုင်း လွတ်မြောက်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်

    ဖေဖော်၀ါရီ ၉၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – အီရန်နိုင်ငံခြားရေး၀န်ကြီးနှင့် ဟစ်ဇ်ဘိုလာခေါင်းဆောင်တို့ ယခင်က တွေ့ဆုံခဲ့မှု)

    -အီရန်နိုင်ငံခြားရေး၀န်ကြီး ဟိုစိန် အမီရဘ် အဘ်ဒိုလာဟင်ဟာ လက်ဘနွန်နိုင်ငံကို ဖေဖော်၀ါရီ ၉ ရက်နေ့မှာ ထွက်ခွာသွားခဲ့ပြီး ဒေသတွင်း လွတ်မြောက်ရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ 

    အဓိကအားဖြင့် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ် ခေါင်းဆောင်ပိုင်း၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင်ပိုင်တွေနဲ့ တွေ့ဆုံကာ အစ္စရေးရဲ့ နယ်မြေ ကျူးကျော် သိမ်းပိုက်မှုတွေ၊ အကြမ်းဖက် သတ်ဖြတ်မှုတွေကို တုန့်ပြန်ရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ 

    နို၀င်ဘာလတုန်းကလည်း အလားတူဆွေးနွေးပွဲမျိုး လုပ်ဆောင်ခဲ့ပြီး အစ္စရေးရဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်ရင် တင်းမာမှုတွေ ပိုမို ကျယ်ပြန့်လာလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။ 

    အီရန်ဟာ ဟစ်ဇ်ဘိုလာကို ကျောထောက်နောက်ခံပေးထားပြီး၊ ပါလက်စတိုင်းလွတ်မြောက်ရေးအတွက်လည်း ပြတ်ပြတ်သားသား ထောက်ခံကူညီနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • ဆေးရုံအတွင်းမှ လူများကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ အစ္စရေး

    ဆေးရုံအတွင်းမှ လူများကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ အစ္စရေး

    ဖေဖော်၀ါရီ ၉၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – အစ္စရေးက အကြမ်းဖက်သတ်ဖြတ်ထားသည့် ပါလက်စတိုင်းတို့၏ အလောင်းများ) 

    -ဂါဇာကမ်းမြှောင်တောင်ပိုင်း ခန်ယူနစ်မြို့က Nasser ဆေးရုံကို အစ္စရေးတပ်တွေက ၀န်းရံ တိုက်ခိုက်နေပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၇ ဦး အသတ်ခံထားရတယ်လို့ သိရပါတယ်။ 

    အစ္စရေးစနိုက်ပါတွေဟာ ဆေးရုံအတွင်း လှုပ်ရှားမှုမှန်သမျှကို ပစ်ခတ်သတ်ဖြတ်နေတာဖြစ်ပါတယ်။ 

    ဆက်သွယ်ရေး ဖြတ်တောက်ခံထားရတဲ့အတွက် ဆေးရုံ အမိုးပေါ်တက်ပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်း ရှာဖွေတဲ့ ပါလက်စတိုင်း ပြည်သူတွေကိုလည်း အစ္စရေးက ဒရုန်းတွေနဲ့ တိုက်ခိုက်သတ်ဖြတ်ပါတယ်။ 

    အစ္စရေးဟာ ဂါဇာက ဆေးရုံမှန်သမျှကို တိုက်ခိုက်ဖျက်ဆီးနေပြီး နိုင်ငံတကာဥပဒေအရ စစ်ရာဇ၀တ်မှုမြောက်တဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ကတည်းက ဂါဇာမှာ စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၂၈၀၀၀ နီးပါး ရှိလာပါပြီ။ 

    Ref: Aljazeera

  • ပါလက်စတိုင်း စာနယ်ဇင်းကဏ္ဍ သင်းသတ်ခံလိုက်ရပြီ

    ပါလက်စတိုင်း စာနယ်ဇင်းကဏ္ဍ သင်းသတ်ခံလိုက်ရပြီ

    ဖေဖော်၀ါရီ ၈၊ ၂၀၂၄

    M-Media 

    (ဓာတ်ပုံ – ပါလက်စတိုင်း ဂျာနယ်လစ်တစ်ဦး၏ စျာပန)

    -အစ္စရေးက ဂါဇာမှာ ဂျာနယ်လစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နေမှုဟာ စက်ဆုပ်ဖွယ်ရာကောင်းတယ်လို့ နယ်စည်းမခြား ဂျာနယ်လစ်များအဖွဲ့ RSF က ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့က ဂါဇာမှာ စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း ဂျာနယ်လစ် ၈၄ ယောက်ကျော် သတ်ဖြတ်ခံထားရပြီး အဲဒီအထဲက ၂၀ ဟာ တာ၀န်ထမ်းဆောင်နေတဲ့အချိန် အသတ်ခံလိုက်ရတာလို့ RSF က ပြောပါတယ်။ 

    အစ္စရေးဟာ ပါလက်စတိုင်း စာနယ်ဇင်းကဏ္ဍကို အမြစ်ဖြတ် သင်းသတ်နေတာလို့လည်း RSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ပါလက်စတိုင်း ကျန်းမာရေးဌာန သတင်းရင်းမြစ်တွေအရ ဂါဇာမှာ ပြီးခဲ့တဲ့ ၄ လအတွင်း အသတ်ခံရတဲ့ ဂျာနယ်လစ်ဟာ အရေအတွက်ဟာ အနည်းဆုံး ၁၂၃ ဦး ရှိပါပြီ။ 

    အစ္စရေးရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ကို ၂ ကြိမ်တိုင်တိုင် တိုင်ကြားထားပြီး၊ ကမ္ဘာ့နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီလုပ်ရပ်တွေ ရပ်တန့်ဖို့ တိုက်တွန်းနေတဲ့အချိန် မိမိတို့ကလည်း ဂျာနာလစ်တွေကို ကာကွယ်ရေး ၂၀၁၅ ခုနှစ်က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၂၂၂ ကို ချက်ခြင်း အကောင်အထည်ဖော်ဖို့ ကုလ လုံခြုံရေးကောင်စီကို တိုက်တွန်းကြောင်း RSF က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

     Ref: Aljazeera

  • ဂါဇာမှ အစ္စရေး၏ တစ်ကျော့ပြန်လူသတ်ပွဲ သေဆုံးသူ ၂၈၀၀၀ နီးပါးရှိလာ

    ဂါဇာမှ အစ္စရေး၏ တစ်ကျော့ပြန်လူသတ်ပွဲ သေဆုံးသူ ၂၈၀၀၀ နီးပါးရှိလာ

    ဖေဖော်၀ါရီ ၈၊ ၂၀၂၄

    M-Media 


    -အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲကြောင့် ဂါဇာမှာ သေဆုံးသူအရေအတွက်ဟာ ၂၇၈၄၀ ဦး ရှိလာပြီလို့ သိရပါတယ်။ 

    ဒဏ်ရာရသူအရေအတွက် ၆၇၃၁၇ ဦး ရှိနေပြီး၊ အပျက်အဆီးတွေအောက် ပိတ်မိပျောက်ဆုံးနေသူက ၁ သောင်းနီးပါး ရှိလာပါပြီ။ 

    ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာမှာ အစ္စရေးက လူပေါင်း ၁၃၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး ဒဏ်ရာရသူ ၁၇၀ ဦး ရှိခဲ့ပါတယ်။ 

    ဂါဇာမှာ အသတ်ခံရသူ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပါတယ်။ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံတွေအပါအ၀င် ဂါဇာက အဆောက်အဦး ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း အစ္စရေးက ဖျက်ဆီးထားပါတယ်။ 

    Ref: Aljazeera