News @ M-Media

Blog

  • ဝီဂါများကို မညှာတမ်းနှိပ်ကွပ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ညွှန်ကြားထားမှု ပေါက်ကြားလာ

    ဝီဂါများကို မညှာတမ်းနှိပ်ကွပ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ညွှန်ကြားထားမှု ပေါက်ကြားလာ

    နို၀င်ဘာ ၁၈၊ ၂၀၁၉
    M-Media

    ရှင်ကျန်းပြည်နယ်မှ အကျဉ်းစခန်းတွင် တွေ့ရသည့် ဝီဂါမွတ်စလင်များ

    -ခွဲထွက်မှု၊ အစွန်းရောက်မှု နှိမ်နှင်းရေး ခေါင်းစဉ်အောက်မှာ ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေကို ‘အညှာအတာမရှိ’ နှိပ်ကွပ်ဖို့ ညွှန်ကြားတဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အမိန့်တွေ၊ တရုတ်အစိုးရရဲ့ ညွှန်ကြားချက်တွေကို New York Times သတင်းစာက ရရှိပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ ဖွင့်ချလိုက်ပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ ဝီဂါနဲ့ အခြား လူနည်းစုမွတ်စလင် ၁ သန်းကျော်လောက်ဟာ အကျဉ်းစခန်းတွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ တရုတ်အရေး ကျွမ်းကျင်သူတွေနဲ့ မီဒီယာတွေက ပြီးခဲ့တဲ့နှစ်တွေမှာ ဖော်ထုတ် တင်ပြခဲ့ကြပါတယ်။

    အခု New York Times သတင်းဌာနက ရရှိထားတဲ့ ၄၀၃ မျက်နှာပါ တရုတ်အစိုးရ စာရွက်စာတမ်းတွေမှာတော့ ဝီဂါမွတ်စလင်တွေနဲ့ပတ်သက်ပြီး ကွန်မြူနစ်ပါတီက လျှို့ဝှက်ဆောင်ရွက်နေတဲ့ ပြင်းထန်တဲ့ နှိပ်ကွပ်မှု နည်းလမ်းတွေကို ထပ်မံတွေ့လာရပါတယ်။

    ပေါက်ကြားလာတာတွေမှာ ဝီဂါမွတ်စလင် နှိပ်ကွပ်ရေးနဲ့ပတ်သက်ပြီး အရင်က လူသိရှင်ကြား ထုတ်ပြန်ထားခြင်းမရှိတဲ့ သမ္မတရှီရဲ့ အမိန့်ညွှန်ကြားချက်တွေ၊ ဝီဂါတွေကို စောင့်ကြည့်မှု၊ ထိန်းချုပ်မှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေ ပါဝင်ပါတယ်။

    ဝီဂါတွေအပေါ် နှိပ်ကွပ်မှုနဲ့ပတ်သက်ပြီး ကွန်မြူနစ်ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

    ဒီစာရွက်စာတမ်းတွေကို တရုတ်အစိုးရအတွင်းစည်းက အမည်မဖော်လိုတဲ့ အဖွဲ့ဝင်တစ်ဦးက ဖွင့်ချခဲ့တာဖြစ်ပြီး ဒီလိုဆောင်ရွက်မှုကြောင့် “အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းထားမှုအတွက် အပြစ်ရှိနေမှုကနေ” သမ္မတရှီအပါအဝင် တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းက လွတ်မြောက်နေမှုကို တားဆီးနိုင်မယ်လို့ သူက မျှော်လင့်ကြောင်း New York Times သတင်းဌာနက ဖော်ပြထားပါတယ်။

    အညှာအတာမရှိ နှိပ်ကွပ်ခိုင်း

    တရုတ်အစိုးရကိုဆန့်ကျင်တဲ့ ဝီဂါအဖွဲ့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဘူတာရုံတစ်ခုမှာ တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၃၁ ဦး သေဆုံးတဲ့ ၂၀၁၄ ခုနှစ် အဖြစ်အပျက်အပြီး ရှီကျင့်ဖျင်က အစိုးရတာဝန်ရှိသူတွေကို ပြောကြားတဲ့မိန့်ခွန်းမှာ “အကြမ်းဖက်ဝါဒ၊ စိမ့်ဝင်မှုနဲ့ ခွဲထွက်ရေးဝါဒတွေကို’ ‘အာဏာရှင်ပုံစံမျိုး’ အသုံးပြုပြီး ‘မညှာမတာ နှိပ်ကွပ်ဖို့’ ညွှန်ကြားခဲ့ပါတယ်။

    ချွမ်ကျန်းဂိုဆိုသူကို ရှင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ကွန်မြူနစ်ပါတီက ခန့်အပ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရှင်ကျန်းပြည်နယ်အတွင်း အကျဉ်းစခန်းတွေ တိုးချဲ့တည်ဆောက်မှု ပိုမို မြန်မြန်ဆန်ဆန် ဖြစ်လာပါတယ်။ ချွမ်ဟာ တိဘက်က လူနည်းစုတွေကို ပြင်းထန်တဲ့ ပေါ်လစီတွေနဲ့ နှိပ်ကွပ်နိုင်ခဲ့မှုကြောင့် ပါတီတွင်း သတင်းကြီးသူဖြစ်ပါတယ်။

    ရှင်ကျန်းကကျောင်းသားတွေ နေရပ်ပြန်လာတဲ့အခါ မိသားစုတွေကို မတွေ့ရင် မေးမြန်းမယ့် မေးခွန်းတွေအတွက် ပြန်လည်ဖြေကြားရမယ့် ပုံစံကိုလည်း ကွန်မြူနစ်ပါတီက သတ်မှတ်ပေးထားကြောင်း ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရပါတယ်။ ‘အစွန်းရောက်အတွေးအခေါ် ဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့အတွက် ရောဂါမရင့်ခင်’ ပြုပြင်ရေးစခန်းတွေမှာ ကုသပေးနေတယ်ဆိုပြီး ဖြေကြားခိုင်းတာပါ။

    ဒီလိုပေါက်ကြားမှုတွေအတွက် AFP သတင်းဌာနရဲ့ ‌မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရှင်ကျန်းပြည်နယ်အစိုးရတို့က ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

    သဘောထားကွဲမှုရှိနေ

    ဝီဂါတွေအပေါ် နှိပ်ကွပ်မှုနဲ့ပတ်သက်ပြီး ပါတီကချမှတ်တဲ့ အမိန့်တွေကို မလိုက်နာတဲ့အတွက် ရှင်ကျန်းအာဏာပိုင်ဟောင်း ၀မ်ယုံကြည် အပြစ်ပေးခံရမှုလည်း ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ ပါဝင်ပါတယ်။

    ဝမ်ဟာ အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းထားတဲ့ ဝီဂါမွတ်စလင် ၇ ထောင်ကျော်ကို သူ့သဘောနဲ့သူ လွှတ်ပေးခဲ့ပြီး ‘ဒီလို လူအမြောက်အများ ဖမ်းထားတာဟာ ပဋိပက္ခကို လေပင့်ပေးသလိုဖြစ်‌နေကာ၊ ပိုမိုနာကျည်းလာစေလိမ့်မယ်လို့ ယူဆကြောင်း’ စုံစမ်းစစ်ဆေးမှုမှာ သူက ထွက်ဆိုခဲ့ပါတယ်။

    တရုတ်ကတော့ ရှင်ကျန်းမှာရှိနေတာတွေဟာ အကျဉ်းစခန်းတွေမဟုတ်ဘဲ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေ အသိပညာပေး၊ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းတွေသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံခြားမီဒီယာတွေက ဒီစခန်းတွေ တည်ဆောက်ထားပုံနဲ့ လည်ပတ်ပုံတွေဟာ အကျဉ်းထောင်တွေလို ဖြစ်နေတယ်လို့ တရုတ်အစိုးရ အထောက်အထားတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။

    တရုတ်နိုင်ငံက လူနည်းစုရေးရာ ကျွမ်းကျင်သူဖြစ်ပြီး မဲလ်ဘုန်းမြို့ La Trobe တက္ကသိုလ်က ပါမောက္ခလည်းဖြစ်တဲ့ ဂျိမ်းစ် လီဘိုးက အခု ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေကိုကြည့်ရင် ကွန်မြူနစ်ပါတီ ကိုယ်တိုင်က ရှင်ကျန်းပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေကို စနစ်တကျ၊ ရည်ရွယ်ပြီး တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ ထင်ရှားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီလိုဖမ်းဆီးထိန်းသိမ်းမှုနဲ့ပတ်သက်လို့ သဘောမတူတဲ့ ဒေသအာဏာပိုင်တွေကို အပြစ်ပေးတာမျိုး တွေ့ရတဲ့အပြင်၊ ဒါတွေဟာ ဉာဏ်မဲ့တဲ့ပေါ်လစီဖြစ်ကာ ဒီအတွက် သမ္မတ ရှီကျင့်ဖျင်နဲ့ ရှင်ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူး ချွမ်ကျန်းဂိုတို့မှာ တာဝန်ရှိနေတာကို ပေါ်လွင်စေချင်သူတွေ ရှိတယ်ဆိုတာ အခုပေါက်ကြားမှုက မီး‌မောင်းထိုးပြနေတယ်လို့လည်း လီဘိုးက သုံးသပ်ခဲ့ပါတယ်။

    Ref: AFP

  • ၂၀၁၈ ခြေဥ ဆန့်ကျင်သူများကို ဗိုလ်ချုပ်မှူးကြီး သတိပေး

    ၂၀၁၈ ခြေဥ ဆန့်ကျင်သူများကို ဗိုလ်ချုပ်မှူးကြီး သတိပေး

    နိုဝင်ဘာ ၁၈၊ ၂၀၁၉
    M-Media

    -‌၂၀၀၈ ခုနှစ် အခြေခံဥပဒေအောက်မှာ ပြုလုပ်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းကို နှောက်ယှက်ဖို့ကြိုးစားသူတွေကို လိုအပ်တဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗုဒ္ဓဟူးနေ့ ဂျပန်သတင်းစာ Yomiuri Shimbun နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

    “‌မကြာခဏ ပြောင်းလဲမှုတွေ လုပ်လို့မရဘူး။ အရင်က ဒီလိုအပြောင်းအလဲတွေမှာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတာကို တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံရေးစနစ် တည်ငြိမ်အောင် ကြိုးစားနေတာပါ။ ဒါကိုနှောက်ယှက်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော်တို့ လိုအပ်တဲ့ တုန့်ပြန်မှုတွေ လုပ်ဆောင်သွားမှာပါ”

    အခြေခံဥပဒေအရ လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းရထားပြီး၊ အခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် အနည်းဆုံး အမတ်ဦးရေရဲ့ ၇၅ ရာခိုင်နှုန်းရဲ့ ခွင့်‌ပြုချက် လိုအပ်မှာ ဖြစ်ပါတယ်။ စစ်တပ်ဟာ ကာကွယ်ရေးနဲ့ ပြည်ထဲရေးလို လုံခြုံရေးနဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေကိုလည်း ထိန်းချုပ်ထားပါတယ်။

    လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ရယူထားမှုကို ပယ်ဖျက်ဖို့ အချိန်တန်ပြီလားလို့ Yomiuri Shimbun သတင်းစာက မေးမြန်းရာမှာ နိုင်ငံရေးနဲ့ လုံခြုံရေး တည်ငြိမ်မှုမရှိသေးတဲ့ အခုလိုအချိန်မျိုးမှာ နိုင်ငံရေးအတင့်ရဲတာမျိုးဟာ မသင့်လျော်ဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    အာဏာရ NLD ပါတီဟာ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ရွေးကောက်ပွဲကတိကဝတ်ကို အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေပြီး အခုနှစ်ဇန်နဝါရီလအတွင်းက လွှတ်တော်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပါတယ်။

    အခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက် ၁၁၄ ချက်မှာ လွှတ်တော်နဲ့ အရပ်သားအစိုးရမှာ စစ်တပ်က ပါဝင်မှုကို လျော့ချနိုင်မယ့် အချက်တွေလည်း ပါဝင်ပါတယ်။ NLD အစိုးရဟာ လွှတ်တော်မှာ စစ်တပ်ပါဝင်မှုကို ၂၀၂၀ မှာ ၁၅ ရာခိုင်နှုန်းအထိ၊ ၂၀၂၅ မှာ ၁၀ ရာခိုင်နှုန်းနဲ့ ၂၀၃၀ မှာ ၅ ရာခိုင်နှုန်းအထိ လျော့ချဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အဲဒီလို ပြင်ဆင်ချက်တွေဟာ နိုင်ငံရေးမတည်ငြိမ်မှုဆီ ဦးတည်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ စစ်တပ်နဲ့ အရပ်သားအစိုးရအကြား ဆက်ဆံရေးကတော့ ကောင်းမွန်တယ်လို့ ဆိုပါတယ်။

    “တပ်မတော်က ဆုံးဖြတ်ရတဲ့ကိစ္စတွေရှိတယ်။ အစိုးရကချရတဲ့ ဆုံးဖြတ်ချက်တွေရှိတယ်။ အစိုးရကချမှတ်တဲ့ ဆုံးဖြတ်ချက်တွေ အောင်မြင်အောင် ကျွန်တော်တို့ ပံ့ပိုးတာတွေရှိတယ်။ ဒါပေမယ့် တစ်ချို့ လုပ်လို့မရတဲ့အရာတွေလည်း ရှိပါတယ်”

    ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးရတဲ့ မွတ်စလင်တွေကိစ္စ မေးမြန်းရာမှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့အကြား သဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ပြီး နိုင်ငံသား ဖြစ်၊ မဖြစ် ဆုံးဖြတ်မှုကိုတော့ ဥပဒေအရပဲ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

    “အရေးကြီးဆုံးအချက်က နှစ်ဖက်အစိုးရတွေ ရထားတဲ့ သဘောတူညီချက်တွေအားလုံးကို အမြန်ဆုံး အကောင်အထည်ဖော်ရေး ဖြစ်ပါတယ်”

    Ref: Myanmar Times

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

  • ဘာဘရီဗလီကိစ္စ တရားရုံးချုပ်ဆုံးဖြတ်ချက်အတွက် အိန္ဒိယမွတ်စလင်အဖွဲ့အစည်းတစ်ခု အသနားခံစာတင်မည်

    ဘာဘရီဗလီကိစ္စ တရားရုံးချုပ်ဆုံးဖြတ်ချက်အတွက် အိန္ဒိယမွတ်စလင်အဖွဲ့အစည်းတစ်ခု အသနားခံစာတင်မည်

    နိုဝင်ဘာ ၁၈၊ ၂၀၁၉
    M-Media

    အယွတ်ဒယမြို့ မြင်ကွင်း

    -အယွတ်ဒယမြို့က အငြင်းပွား ဘာဘရီဗလီကိစ္စနဲ့ပတ်သက်ပြီး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အတွက် အနားခံစာတင်သွင်းသွားမယ်လို့ အိန္ဒိယမွတ်စလင် တတ်သိပညာရှင်များအဖွဲ့ All India Muslim Personal Law Board က ပြောကြားလိုက်ပါတယ်။

    ၁၆ ရာစုက ဆောက်လုပ်ထားတဲ့ ဘာဘရီဗလီကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဟိန္ဒူနဲ့ မွတ်စလင်တွေအကြား နှစ်ပေါင်း ၇၀ လောက် အငြင်းပွားခဲ့ကြတာပါ။ နိုဝင်ဘာ ၉ ရက်နေ့မှာတော့ အိန္ဒိယ တရားရုံးချုပ်က ၂.၇၇ ဧက ကျယ်ဝန်းတဲ့ ဘာဘရီဗလီနေရာကို ဟိန္ဒူတွေကို ပေးအပ်ဖို့နဲ့ မွတ်စလင်တွေ ဗလီအစားဆောက်လုပ်ဖို့အတွက် အယွတ်ဒယမြို့တွင်း မြေ ၅ ဧကပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဘာဘရီဗလီနေရာမှာ ရာမနတ်ဘုရားမွေးဖွားခဲ့တယ်ဆိုကာ ဟိန္ဒူတွေက စွပ်စွဲကာ ၁၉၄၉ ခုနှစ်မှာ ‌ရာမနတ်ဘုရားရုပ်တု ဗလီထဲလာမထားခင်အထိ မွတ်စလင်တွေဟာ အေးချမ်းစွာ ဝတ်ပြုလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ပိုင်ဆိုင်မှုအငြင်းပွားလာတာကြောင့် အစိုးရက ဘာဘရီဗလီကို ပိတ်ပစ်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ ဘာဘရီဗလီဟာ ဟိန္ဒူလူအုပ်စုရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရပါတယ်။ နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး လူ ၂၀၀၀ ကျော် သေဆုံးခဲ့ကာ အများစုက မွတ်စလင်တွေ ဖြစ်ပါတယ်။

    မွတ်စလင်တွေကိုကိုယ်စားပြုပြီး တရားရင်ဆိုင်ခဲ့တဲ့ Sunni Waqf Board အဖွဲ့က တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားတဲ့အနေနဲ့ အသနားခံစာမတင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် မွတ်စလင်တတ်တိပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ All India Muslim Personal Law Board က တရားရုံးချုပ်အနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရေး အသနားခံစာ တင်သွားမယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်မှာ အပြစ်အနာအဆာတွေ ရှိပုံရပါတယ်။ ဒါ့ကြောင့် ပြန်လည်သုံးသပ်ရေး အနားခံစာတင်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်” လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆယဒ် ကာဆင် အီလီယက်စ်က ပြောကြားခဲ့ပါတယ်။

    တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ဟိန္ဒူတွေက ကြိုဆိုခဲ့ပေမယ့် မွတ်စလင်တွေကြားထဲမှာတော့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကို လက်ခံတာကလွဲလို့ တခြားရွေးစရာနည်းလမ်းမရှိဘူးလို့ ထင်မြင်နေသူတွေလည်း ရှိနေပါတယ်။

    မွတ်စလင်တွေအတွက် အယွတ်ဒယမြို့မှာ မြေ ၅ ဧကပေးရေး ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့က ဆောင်ရွက်ပေးဖို့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်မှာ ပါဝင်ပေမယ့် အိန္ဒိယအစိုးရက အသေးစိတ်အစီအစဉ်ကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    Ref: Aljazeera

  • သီရိလင်္ကာ‌ သမ္မတရွေးကောက်ပွဲတွင် နာမည်ပျက်ရှိသည့် ကာကွယ်ရေးဝန်ကြီးဟောင်း အနိုင်ရ

    သီရိလင်္ကာ‌ သမ္မတရွေးကောက်ပွဲတွင် နာမည်ပျက်ရှိသည့် ကာကွယ်ရေးဝန်ကြီးဟောင်း အနိုင်ရ

    နိုဝင်ဘာ ၁၈၊ ၂၀၁၉
    M-Media

    ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က နာမည်ပျက်ရှိခဲ့သည့် ဂိုတာဘာယာ ရာဂျာပက်ဆာ

    -စနေနေ့က သီရိလင်္ကာနိုင်ငံမှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ကာကွယ်ရေးဝန်ကြီးဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာက အနိုင်ရရှိသွားပါတယ်။

    ဂိုတာဘာယာဟာ မဲအရေအတွက် ၅၂.၂၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး လက်ရှိ အာဏာရပါတီက သမ္မတလောင်း ဆာဂျစ် ပရီမာဒါဆာကို မဲအနည်းငယ်အသာနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

    “ကျွန်တော့်အပေါ် ယုံပုံအပ်ထားတာတွေအားလုံး လုပ်ဆောင်ပေးသွားမယ်လို့ အားလုံးကို ပြောချင်ပါတယ်။ ကျွန်တော် ပြောခဲ့တာတွေအားလုံးကိုလည်း ကျွန်တော့်ရဲ့ သမ္မတ သက်တမ်းမှာ လုပ်ဆောင်ပေးသွားမယ်လို့ ဝမ်းမြောက်ဝမ်းသာစွာ ထပ်လောင်းပြောကြားချင်ပါတယ်” လို့ ရလဒ်ထွက်ပေါ်လာပြီးတဲ့နောက် ဂိုတာဘာယာက ပြောကြားခဲ့ပါတယ်။

    ဂိုတာဘယာဟာ ရွေးကောက်ပွဲမဲဆွယ်မှုမှာ နိုင်ငံတော်လုံခြုံရေးနဲ့ စီးပွားရေး ကောင်းမွန်ရေး၊ ခိုင်မာတဲ့ အစိုးရဖြစ်ရေး စတဲ့ ကတိကဝတ်တွေနဲ့ မဲဆွယ်ခဲ့တာဖြစ်ပါတယ်။ သဘောထားတင်းမာတဲ့ ဆင်ဟာလာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကလည်း ဂိုတာဘယာကို အပြည့်အ၀ ထောက်ခံခဲ့ကြပါတယ်။

    ပြိုင်ဘက် ဆာဂျစ်ကလည်း ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ပြီး ဂိုတာဘာယာကို ဂုဏ်ပြုခဲ့ပါတယ်။ သမ္မတ ကျမ်းကျိန်ပွဲအခမ်းအနားကို မြို့တော်ကိုလံဘိုမြောက်ဖက် ဆင်ဟာလာ ဗုဒ္ဓဘာသာအမွေအနှစ်မြို့ဖြစ်တဲ့ အနုရဌာပူရမှာ ဒီကနေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။

    နာမည်ပျက်ရှိ

    အစ်ကိုဖြစ်သူ မာဟင်ဒါရဲ့ ၁၀ နှစ်တာ သမ္မတသက်တမ်းမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂိုတာဘယာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် နာမည်ပျက်ရှိခဲ့ပါတယ်။

    အထူးသဖြင့် နိုင်ငံမြောက်ပိုင်းမှာ လူပေါင်း ၄ သောင်းကျော် သေဆုံးခဲ့တဲ့ တမီလ်ကျားသူပုန်တွေကို အပြီးသတ်နှိမ်နှင်းရေးမှာ ဂိုတာဘာယာ ကွပ်ကဲတဲ့စစ်တပ်ဟာ တမီလ်အရပ်သားတွေအပေါ် သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအများအပြား လုပ်ဆောင်ခဲ့တယ်လို့
    စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

    ဒါ့အပြင် အတိုက်အခံအုပ်စုတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်တာ၊ တရားလက်လွတ်ဖမ်းဆီးတာတွေကိုလည်း မာဟင်ဒါနဲ့ပေါင်းပြီး ဂိုတာဘာယာက လုပ်ဆောင်ခဲ့ပါတယ်။

    ဂိုတာဘာယာက ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပေမယ့် တမီလ်ကျားသူပုန်တွေကို ချေမှုန်းနိုင်ခဲ့တဲ့လုပ်ရပ်ကို အခုရွေးကောက်ပွဲမဲဆွယ်မှုမှာ အသုံးချခဲ့ပါတယ်။

    Ref: Aljazeera

  • ရိုဟင်ဂျာကိစ္စ ICC ၏ စုံစမ်းစစ်ဆေးမှုကို မြန်မာပယ်ချ

    ရိုဟင်ဂျာကိစ္စ ICC ၏ စုံစမ်းစစ်ဆေးမှုကို မြန်မာပယ်ချ

    နိုဝင်ဘာ ၁၆၊ ၂၀၁၉
    M-Media

    နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)

    -ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးမယ့်ကိစ္စကို မြန်မာနိုင်ငံက ပယ်ချလိုက်ပါတယ်။

    ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည့်၀တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ICC က ကြာသာပတေးနေ့မှာ ခွင့်ပြုခဲ့တာပါ။ ICC ဟာ အရင်က ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ ကနဦးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ဒါပေမယ့် ဒီလိုစုံစမ်းစစ်ဆေးမှုဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ ကျူးလွန်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေအတွက် မိမိတို့စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက စုံစမ်းမှာဖြစ်ပြီး လိုအပ်ရင် အရေးယူသွားမယ်လို့လည်း ဦးဇော်ဌေးက ဆိုပါတယ်။

    ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ အုပ်စုဖွဲ့ အဓမ္မကျင့်တာတွေရှိပြီး ဒါဟာ ‘လူမျိုးတုန်း သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်’ နဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ကုလရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေက သုံးသပ်ထားပါတယ်။

    မြန်မာနိုင်ငံကတော့ ဒီစွပ်စွဲချက်တွကို ငြင်းဆိုထားပြီး ICC ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အပေါ် အသိအမှတ်ပြုဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ မိမိတို့အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာတွေ ခိုလှုံနေရတဲ့အတွက် သူတို့အပေါ်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မိမိတို့မှာ အခွင့်အာဏာရှိတယ်လို့ ICC က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ထားပါတယ်။

    ဦးဇော်ဌေးက မြန်မာနိုင်ငံနဲ့ အစိုးရတို့ဟာ အားလုံးကို ငြင်းဆိုနေတာမဟုတ်သလို၊ မျက်လုံးတွေလည်း မှိတ်မထားဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး ICJ မှာ တနင်္လာနေ့က မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုခဲ့ပြီး ပထမဆုံးကြားနာမှုကို ဒီဇင်ဘာလမှာ ပြုလုပ်မှာပါ။

    ဗုဒ္ဓဟူးနေ့က အာဂျင်တီးနားနိုင်ငံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအာဏာပိုင်ဟောင်းတွေကို ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့ပါတယ်။ ဒါဟာ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး တရားစွဲခံရတာ ဖြစ်ပါတယ်။

    Ref: Aljazeera