News @ M-Media

Blog

  • နျူဓာတ်အားပေးစက်ရုံတွင် အီရန်က ဒုတိယမြောက် ဓာတ်ပေါင်းဖိုဆောက်

    နျူဓာတ်အားပေးစက်ရုံတွင် အီရန်က ဒုတိယမြောက် ဓာတ်ပေါင်းဖိုဆောက်

    နိုဝင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -နိုင်ငံတောင်ပိုင်းက Bushehr က နျူဓာတ်အားပေးစက်ရုံမှာ ဒုတိယမြောက် နျူဓာတ်ပေါင်းဖို တစ်ခုကို အီရန်က မနေ့မှာ ဖောင်ဒေးရှင်းချခဲ့ပြီး ၂၀၁၅ ခုနှစ် နျူသဘောတူညီချက် ပျက်ပြယ်လုဆဲဆဲ အချိန်မှာ ဒီလုပ်ဆောင်မှု ပေါ်ထွက်လာတာပါ။

    နျူဓာတ်ပေါင်းဖို့ စတင်တည်ဆောက်မှု အခမ်းအနားကို တက်ရောက်လာတဲ့ အီရန်အာဏာပိုင်တွေက ဓာတ်ပေါင်းဖိုပြီးစီးသွားရင် နိုင်ငံရဲ့ ဓာတ်အားလိုင်းထဲကို ဓာတ်အား မီဂါဝပ် ၁၀၀၀ ကျော် ပေါင်းထည့်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ရုရှားရဲ့အကူအညီနဲ့ ဓာတ်ပေါင်းဖိုကို ဆောက်လုပ်တာ ဖြစ်ပါတယ်။ Bushehr နျူဓာတ်အားပေးစက်ရုံက ပထမဆုံး ဓာတ်ပေါင်းဖိုကိုလည်း ရုရှားက ကူညီတည်ဆောက်ပေးခဲ့တာဖြစ်ပြီး နှစ်ပေါင်းများစွာ နှောင့်နှေး ကြန့်ကြာခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ စတင် လည်ပတ်နိုင်ခဲ့ပါတယ်။ အီရန်ဟာ ဒီစက်ရုံမှာပဲ တတိယမြောက် ဓာတ်ပေါင်းဖိုတစ်ခုလည်း တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။

    အီရန် အနုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲ အလီ အက္ကဘာရ် ဆာလေဟီက ‌နျူကလီးယားစွမ်းအင်ဟာ ခိုင်မာတဲ့ ဓာတ်အားရင်းမြစ်တစ်ခုဖြစ်ပြီး၊ စက်ရုံတစ်ခုက တစ်နှစ်ကို ရေနံစည်ပေါင်း ၁၁ ဘီလီယံ၊ ကန်ဒေါ်လာ သန်း ၆၆၀ သက်သာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Bushehr နျူဓာတ်အားပေးစက်ရုံကို နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က စောင့်ကြည့်နေတာပါ။ စက်ရုံလည်ပတ်ဖို့အတွက် ယူရေနီယံကို အီရန်က ၄.၅ ရာခိုင်နှုန်းအထိ သန့်စင်ထားပြီး ဒါဟာ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ပါ သတ်မှတ်ချက် ၃.၆၇ ရာခိုင်နှုန်းထက် ကျော်လွန်နေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်မေလ အမေရိကန်က သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီးတဲ့နောက်ပိုင်း အီရန်ကလည်း သဘောတူညီချက်ပါ သတ်မှတ်ချက်တွေကို တစ်ဖြည်းဖြည်းနဲ့ လိုက်နာခြင်း မရှိတော့ပါဘူး။

    ဆာလေဟီက သဘောတူညီချက်ကို မိမိတို့က စတင်ချိုးဖောက်တာမဟုတ်ဘူးလို့ မနေ့က အခမ်းအနားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးကို လယ်ယာလုပ်ပိုင်ခွင့်ပေးထားသည့် ဒေသနှစ်ခုကို ဂျော်ဒန်ပြန်သိမ်း

    အစ္စရေးကို လယ်ယာလုပ်ပိုင်ခွင့်ပေးထားသည့် ဒေသနှစ်ခုကို ဂျော်ဒန်ပြန်သိမ်း

    နိုဝင်ဘာ ၁၁၊ ၂၀၁၉
    M-Media

    -အစ္စရေးကို ဆယ်စုနှစ်ချီ လယ်ယာလုပ်ပိုင်ခွင့်ပေးထားတဲ့ ဒေသနှစ်ခုကို ဂျော်ဒန်က မနေ့မှာ ပြန်လည် သိမ်းယူလိုက်ပါတယ်။

    အစ္စရေးနဲ့ကပ်နေတဲ့ al-Baqoura နဲ့ al-Ghumar ဒေသတွေဖြစ်ပြီး ၁၉၉၄ ခုနှစ် အစ္စရေး-ဂျော်ဒန် ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဒီဒေသတွေရဲ့ အချုပ်အခြာအာဏာကို ဂျော်ဒန်က ပိုင်ဆိုင်ပေမယ့် အစ္စရေးလယ်သမားတွေကို လုပ်ပိုင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီသဘောတူညီချက်ကို သက်တမ်းမတိုးတော့ဖို့ ဂျော်ဒန်ပြည်သူတွေက ဖိအားပေးလာတာကြောင့် ၂၀၁၈ ခုနှစ်မှာ ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ က အစ္စရေးကို ၁ နှစ် အချိန်ပေးခဲ့ပါတယ်။

    ငြိမ်ချမ်းရေးစာချုပ် ချုပ်ဆိုထားပေမယ့် အစ္စရေးနဲ့ ဂျော်ဒန်တို့အကြား ပြီးခဲ့တဲ့နှစ်တွေမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဂျော်ဒန်ဟာ ပါလက်စတိုင်းနိုင်ငံ တူထောင်နိုင်ငံရေး အပြည့်အဝေ ထောက်ခံထားပြီး အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုမရှိတဲ့အတွက် စိတ်ပျက်ကြောင်းလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

    ပြီးခဲ့တဲ့လမှာ ဂျော်ဒန်ဟာ အစ္စရေးက သူတို့ရဲ့သံမတ်ကို ခေတ္တ ပြန်လည်ခေါ်ယူခဲ့ပြီး ဂျော်ဒန်နိုင်ငံသား ၂ ဦးကို အစ္စရေးက တရားလက်လွတ် ဖမ်းဆီးမှုအတွက် ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း ဂျော်ဒန်မြို့တော် အမ်နန်က အစ္စရေးသံရုံးရဲ့ လုံခြုံရေးအစောင့်ဟာ ဂျော်ဒန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

    နယ်စပ်ကမြေတွေကို ပြန်သိမ်းခဲ့ပေမယ့် ဂျေရုစလင်က အစ္စလာမ်နဲ့ ခရစ်ယာန်တို့ရဲ့ သာသနိက အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်နေရတာကြောင့် ဂျော်ဒန်ဟာ အစ္စရေးနဲ့ ဆက်လက်ပတ်သက်နေရအုံးမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • သောကြာဂြိုဟ်ကို အာကာသယာဉ်လွှတ် လေ့လာရန် အိန္ဒိယ စီစဉ်နေ

    သောကြာဂြိုဟ်ကို အာကာသယာဉ်လွှတ် လေ့လာရန် အိန္ဒိယ စီစဉ်နေ

    နိုဝင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    -အာကာသ စူးစမ်းလေ့လာရေးစီမံကိန်း ၃ ခု လုပ်ဆောင်ထားတဲ့ အိန္ဒိယနိုင်ငံဟာ သောကြာဂြိုဟ် (Venus) ကို လေ့လာဖို့အတွက် ပစ်မှတ်ထား ဆောင်ရွက်လာပါတယ်။

    အိန္ဒိယ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ ISRO က သိပ္ပံပညာရှင်တွေဟာ ဒီလေ့လာမှုအတွက် အိန္ဒိယအစိုးရထံမှာ ခွင့်ပြုချက်တောင်းဖို့ ပြင်ဆင်နေပြီး လာမယ့် နှစ်အနည်းငယ်အတွင်းမှာ အာကာသယာဉ် လွှတ်တင်သွားဖို့ ရှိနေပါတယ်။

    ISRO အဖွဲ့က သိပ္ပံပညာရှင် နီဂါ ရှာဂျီက ဒီခရီးစဉ်ရဲ့ အဓိက ရည်မှန်းချက်ဟာ သောကြာဂြိုဟ်မျက်နှာပြင်နဲ့ ‌မြေဆီလွှာကို လေ့လာဖို့ဖြစ်တယ်လို့ အခုတစ်ပတ် အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ သောကြာဂြိုဟ် ကျွမ်းကျင်သူများ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အာကာသယာဉ် တည်ဆောက်ဖို့အတွက် သောကြာဂြိုဟ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တစ်နှစ်အတွင်း ISRO က စုဆောင်းဖို့ ရှိနေပါတယ်။ ခရီးစဉ်အတွင်း ဂြိုဟ်ရဲ့ လေထု၊ သဘာ၀ပတ်ဝန်းကျင်အခြေအနေ စတာတွေကိုလည်း လေ့လာသွားမယ်လို့ ရှာဂျီက ဆိုပါတယ်။

    အစိုးရကသာ ဒီစီမံကိန်းကို ခွင့်ပြုမယ်ဆိုရင် ၂၀၂၃ ခုနှစ်မှာ အာကာသယာဉ် လွှတ်တင်နိုင်ဖို့ ISRO က စီစဉ်ထားပါတယ်။

    အိန္ဒိယနိုင်ငံဟာ ၂၀၀၉ ခုနှစ်မှာ လပတ်လမ်းကို စူးစမ်းလေ့လာရေးယာဉ် စေလွှတ်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာတော့ အင်္ဂါဂြိုဟ်ပတ်လမ်းကို စူးစမ်းလေ့လာရေး ယာဉ်တစ်စီး အောင်မြင်စွာ စေလွှတ်နိုင်ခဲ့ပါတယ်။

    ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ဒုတိယအကြိမ်မြောက် လကမ္ဘာ စူးစမ်းလေ့လာရေး ‌အာကာသယာဉ်တစ်စင်းကို စေလွှတ်ခဲ့ပြီး လပေါ်ကို ဆင်းသက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ISRO အကြီးအကဲ ဒေါက်တာ ကေ စီဗန်က လပေါ်ကို ဆင်းသက်လေ့လာမယ့် နောက်ထပ်အာကာသယာဉ်တစ်စင်းကို မကြာခင် စေလွှတ်သွားမယ်လို့ အခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    Ref: Space.com

  • OIC နှင့် ရုရှားတို့ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

    OIC နှင့် ရုရှားတို့ ပိုမို ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

    နိုဝင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    -အစ္စလာမ့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအဖွဲ့ချုပ် (OIC) နဲ့ ရုရှားနိုင်ငံက တာဝန်ရှိသူတွေဟာ ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ အခုတစ်ပတ်အတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    တွေ့ဆုံမှုအတွင်း OIC အတွင်းရေးမှူး ဒေါက်တာ ယူစွဖ် အလ်-အိုသိုင်မင်က ‌အစ္စလာမ်ဘာသာဝင်ဦးရေ ၂၅ သန်းကျော်ရှိပြီး ဘာသာရေး၊ ယဉ်ကျေးမှု ပေါင်းစုံကာ ဗဟုဝါဒ ထွန်းကားတဲ့ ရုရှားနိုင်ငံရဲ့ မွတ်စလင်ကမ္ဘာအကြား ဆက်ဆံရေးတိုးမြှင့်ဖို့အတွက် အရေးကြီးမှုကို အလေးထား ပြောကြားခဲ့ပါတယ်။

    ရုရှား မွတ်သီဓမ္မသတ်မှူးများကောင်စီ ဥက္ကဌ ရှိခ် ရာဝီ အီနက်ဒင်းနဲ့ အလ်-အိုသိုင်မင်တို့ရဲ့ အဲဒီတွေ့ဆုံမှုအတွင်း ရုရှားနိုင်ငံနဲ့ OIC အဖွဲ့ဝင်နိုင်ငံများအကြား ပညာရေး၊ ယဉ်ကျေးမှု၊ မီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ရုရှားနဲ့ မွတ်စလင်ကမ္ဘာတို့အကြား ပိုမိုနီးကပ်လာစေကာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ အလယ်အလတ်တရားကို ရှုမြင်စေမယ့် အခမ်းအနားတွေ၊ လှုပ်ရှားမှုတွေ ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြပါတယ်။

    Ref: Arab News

  • အကြမ်းဖက်ခံ ဘာဘရီဗလီနေရာကို ဟိန္ဒူများအားပေးရန် အိန္ဒိယတရားရုံးချုပ် အမိန့်ချ

    အကြမ်းဖက်ခံ ဘာဘရီဗလီနေရာကို ဟိန္ဒူများအားပေးရန် အိန္ဒိယတရားရုံးချုပ် အမိန့်ချ

    အောက်တိုဘာ ၁၀၊ ၂၀၁၉
    M-Media

    ၁၉၉၂ ခုနှစ်က ဘာဘရီဗလီကို ဟိန္ဒူများ အကြမ်းဖက် ဖျက်ဆီးနေပုံ

    -နှစ်ပေါင်း ၄၀၀ ကျော် တည်တံ့ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူလူအုပ်ရဲ့ ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ ‘ဘာဘရီ ဗလီဝတ်ကျောင်းတော်’ မြေနေရာကို ဟိန္ဒူလူ့အဖွဲ့အစည်းထံ ပေးအပ်ဖို့ အိန္ဒိယတရားရုံးချုပ်က ဒီကနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    အူတာပရာဒက်ရှ်ပြည်နယ် မြောက်ပိုင်း အယွတ်ဒယမြို့မှာရှိပြီး ၂.၇၇ ဧက ကျယ်ဝန်တဲ့ ဗလီနေရာကို ဟိန္ဒူလူ့အဖွဲ့အစည်းထံ ပေးအပ်ဖို့အတွက် တရားရုံးချုပ်ရဲ့ တရားသူကြီး ၅ ဦးစလုံးက တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့ပြီး မွတ်စလင်တွေကိုတော့ အယွတ်ဒယမြို့က အခြားနေရာတစ်ခုမှာ ၅ ဧကကျယ်တဲ့ မြေနေရာပေးဖို့ အမိန့်ပေးခဲ့ပါတယ်။

    ဘာဘရီဗလီနေရာမှာ ရာမနတ်ဘုရားကျောင်း တည်ဆောက်နိုင်ရေး ဂေါပကတစ်ရပ် ဖွဲ့စည်းဖို့လည်း တရားရုံးချုပ်က အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    “ဆုံးဖြတ်ချက်က ကျေနပ်စရာမဟုတ်ပေမယ့် ကျွန်တော်တို့ လေးစားရမှာပါ။ ကျွန်တော်တို့ ဆွေးနွေးမှုတွေပြုလုပ်ကာ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘာလုပ်ရမလဲဆိုတာ ဆုံးဖြတ်သွားမှာပါ” လို့ ဗလီကိုယ်စားပြုပြီး တရားရင်ဆိုင်ခဲ့တဲ့ Suuni Waqf ဘုတ်အဖွဲ့က ဇာဖာရ်ရဘ် ဂျီလာနီက ပြောကြားခဲ့ပါတယ်။

    အလယ်ခေတ်က တည်ဆောက်ခဲ့တဲ့ ဘာဘရီဗလီမှာ ၁၉၄၉ ခုနှစ် ဟိန္ဒူတက်ကြွလှုပ်ရှားသူတွေက ရာမနတ်ဘုရားရုပ် လာရောက်ထားရှိတဲ့အချိန် မတိုင်ခင်အထိ အစ္စလာမ်ဘာသာဝင်တွေဟာ အေးချမ်းစွာ ဝတ်ပြုလာခဲ့ကြတာ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာတော့ ဟိန္ဒူတွေက ဘာဘရီဗလီနေရာဟာ ရာမနတ်ဘုရားမွေးဖွားရာနေရာလို့ စွပ်စွဲကာ ဟိန္ဒူဘုရားကျောင်းတည်ဆောက်ဖို့ တိုက်တွန်းဆော်ဩလာခဲ့ကြပါတယ်။ ဒီကိစ္စအတွက် အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ၁၉၉၂ ခုနှစ်မှာ ဗလီကို ဟိန္ဒူလူအုပ်က ဝင်ရောက်ဖျက်ဆီးခဲ့ပြီး နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းတွေ ဖြစ်ပွားကာ လူ ၂ ထောင်ကျော် သေဆုံးခဲ့ပါတယ်။ သေဆုံးသူအများစုက မွတ်စလင်တွေ ဖြစ်ပါတယ်။

    ဗလီနေရာ ပိုင်ဆိုင်ရေးအတွက် ဟိန္ဒူအုပ်စုတွေနဲ့ မွတ်စလင်တွေအကြား တရားတဘောင် ဖြစ်ခဲ့ကြပြီး မြေနေရာကို ၃ ပိုင်းပိုင်းကာ ၂ ပိုင်းကို ဟိန္ဒူ၊ ၁ ပိုင်းကို မွတ်စလင်တွေထံပေးဖို့ ၂၀၁၀ ခုနှစ်မှာ အာလာဟာဘတ်ဟိုက်ကုတ်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို နှစ်ဖက်စလုံးက မကျေနပ်တဲ့အတွက် တရားရုံးချုပ်ကို ဆက်လက်တင်ပြရမှာ ဒီကနေ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။

    တရားရုံးချုပ်က မွတ်စလင်တွေအတွက် ၅ ဧက မြေနေရာတစ်ခု ပေးအပ်ဖို့ အမိန့်ချခဲ့ပေမယ့် ဒါနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရက ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

    တုန့်ပြန်မှု

    ၁၉၉၀ ပြည့်နှစ်များက တွေ့ရသည့် ဘာဘရီဗလီ

    အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပြီး ၁၀ စုနှစ်ချီ ရှိနေတဲ့ အငြင်းပွားမှုကို ‘ကောင်းကောင်းမွန်မွန်’ ဖြေရှင်းလိုက်နိုင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မိုဒီရဲ့ BJP ပါတီကို ထောက်ခံသူတွေအပါအဝင် အိန္ဒိယက သဘောထားတင်းမာတဲ့ ဟိန္ဒူတွေက ဘာဘရီဗလီနေရာမှာ ရာမနတ်ဘုရား မွေးဖွားခဲ့ကာ မွန်ဂိုအင်ပါယာရဲ့ ပထမဆုံးဘုရင် ဘာဘူရ်က မူလ ရာမဘုရားကျောင်းအထက်မှာ ဗလီဆောက်လုပ်ခဲ့တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

    တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် အယွတ်ဒယမြို့မှာ ဟိန္ဒူတွေဟာ လမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြပါတယ်။

    “ရာမနတ်ဘုရား မွေးဖွားရာနေရာမှာ ဟိန္ဒူတွေ ဘုရားကျောင်းဆောက်ချင်နေတာ တော်တော် ကြာနေပါပြီ” လို့ ဟိန္ဒူတစ်ဦးဖြစ်သူ ရာဂျက်ရှ်ကူးမားက ပြောကြားခဲ့ပါတယ်။

    အိမ်နီးချင်း ဘီဟာပြည်နယ်က ပါပူဆင်း ဆိုသူကလည်း တရားရုံးချုပ် ဆုံးဖြတ်ချက်ဟာ တစ်နိုင်ငံလုံးအတွက် အောင်ပွဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အယွတ်ဒယမြို့က မွတ်စလင်တွေကတော့ ဆုံးဖြတ်ချက်အတွက် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဗလီအတွက် ဘယ်နေရာကို အစားပေးမှာလဲဆိုတာ တရားရုံးက တိတိကျကျ သတ်မှတ်ပေးခြင်း မရှိပါဘူး။ ဒီလိုသာ သတ်မှတ်ပေးရင် မွတ်စလင်တွေက ကျေနပ်မှာပါ” လို့ အယွတ်ဒယမြို့ ဆယဒ်ဘာဘာ ရပ်ကွက်မှာ နေထိုင်တဲ့ မိုဟာမက် ရှီဘူးခန်းက ပြောကြားခဲ့ပါတယ်။

    “ဘာပဲဖြစ်ဖြစ် ဒီကိစ္စ အဆုံးသတ်သွားတဲ့အတွက် ကျေနပ်ပါတယ်။ ‌အယွတ်ဒယက ပြည်သူတွေ ရင်တမမနဲ့ နေထိုင်နေရတာကို ညီးငွေ့နေပါပြီ”

    နယူးဒေလီမြို့ ဂျာမီယာနာဂါ ရပ်ကွက်က မွတ်စလင်တွေကတော့ သူတို့အနေနဲ့ တရားမျှတမှုကို မရဘူးလို့ ခံစားနေရပါတယ်။

    “ဗလီကိုဖျက်ဆီးခဲ့တဲ့ ဟိန္ဒူလူအုပ် ပြစ်ဒဏ်ပေးခြင်း မခံရတာက အိန္ဒိယဟာ ပြည့်၀တဲ့ ဒီမိုကရေစီနိုင်ငံ မဟုတ်သေးဘူးဆိုတာ သက်သေပြလိုက်တာပါ။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့နဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တို့ဟာ အိန္ဒိယနိုင်ငံမှာ ဘာသာရေးမစွက်တဲ့ နိုင်ငံရေးဝါဒ ကျဆုံးတဲ့နေ့တွေအဖြစ် မှတ်တမ်းဝင်နေမှာ ဖြစ်ပါတယ်” လို့ မွတ်စလင်တစ်ဦးဖြစ်သူ နဘီယာခန်းက ပြောကြားခဲ့ပါတယ်။

    အသက် ၅၈ နှစ်အရွယ် မိုဟာမက် မူဆာကတော့ ဆုံးဖြတ်ချက် ဘယ်လိုပဲထွက်ထွက် ဗလီနေရာဟာ မွတ်စလင်တွေရဲ့နေရာပဲဖြစ်တယ်လို့ ဆိုပါတယ်။

    “ဆုံးဖြတ်ချက် ဘယ်လိုပဲထွက်လာထွက်လာ ကျွန်တော်တို့ လက်ခံရမှာပါ။ အိန္ဒိယဟာ ဟိန္ဒူတွေနဲ့သာ သက်ဆိုင်တယ်လို့ ထင်နေတဲ့ လယ်ယာ BJP ပါတီက အုပ်ချုပ်နေတာကိုး။ မွတ်စလင်တွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နေပြီး ခံစားချက်တွေ ရှေ့မတန်းသင့်ပါဘူး။ တိုင်းပြည်မှာ သွေးချောင်းစီးစေချင်တဲ့ အုပ်စုတွေ ရှိနေပါတယ်”

    Ref: Aljazeera