News @ M-Media

Blog

  • သောကြာနေ့ ဘောလုံးသတင်းများ

    သောကြာနေ့ ဘောလုံးသတင်းများ

    နိုဝင်ဘာ ၈၊ ၂၀၁၉
    M-Media

    အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် အေစီမီလန်သို့ ပြောင်းမည်

    အသင်းရဲ့ ဆွီဒင်တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ဟာ အခုရာသီကုန်ရင် စီးရီးအေကလပ် အေစီမီလန်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ မေဂျာလိဂ်ကလပ် LA Glaxy အသင်းက အတည်ပြု ပြောကြားလိုက်ပါတယ်။ အသက် ၃၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ ၂၀၁၈ ခုနှစ် မတ်လကမှ မေဂျာလိဂ်ကို ပြောင်းရွှေ့လာတာပါ။ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အထိ အေစီမီလန်မှာကစားစဉ် ၆၁ ပွဲပါဝင်ခဲ့ပြီး ၄၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ မေဂျာလိဂ်မှာ ၅၃ ဂိုး သွင်းထားပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ မေဂျာလိဂ် အကောင်းဆုံး ၁၁ ယောက်စာရင်းမှာလည်း ပါဝင်နေပါတယ်။

    ဘာ‌လော့တယ်လီကို ဘာရက်စီယာအသင်း အားပေးသူများအဖွဲ့က ဝေဖန်

    ပြီးခဲ့တဲ့တစ်ပတ် ဗီရိုနာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲ အပြုအမူအတွက် တိုက်စစ်မှူး ဘာလော့တယ်လီကို ဘရက်စီယာအသင်း အားပေးသူများအဖွဲ့က ‘အသိဉာဏ်မဲ့သူ’ လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ အဲဒီပွဲမှာ တစ်ဖက်အသင်းပရိတ်သတ်ရဲ့ လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရပြီးတဲ့နောက် ဘာလော့တယ်လီဟာ ဘောလုံးကို ပရိတ်သတ်တွေထဲ ကန်ထည့်ပြီး ပွဲဆက်မကစားတော့ဘူးလို့ ခြိမ်းခြောက်ခဲ့တာပါ။ လူမျိုးရေးခွဲခြားမှုအတွက် ဗီရိုနာအသင်းကွင်းကို စီးရီးအေ အာဏာပိုင်တွေက တစ်ပွဲ ပိတ်ပင်ခဲ့ပါတယ်။ ဘရက်စီယာအသင်း အားပေးသူများအဖွဲ့က ဗီရိုနာ ပရိတ်သတ်အားလုံးဟာ လူမျိုးရေးခွဲခြားသူတွေ မဟုတ်ကြောင်း၊ ဘာလော့တယ်လီအနေနဲ့ ဘယ်တော့မှ အီတလီနိုင်ငံသား စစ်စစ် ဖြစ်မလာနိုင်ကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ပရီးမီးယားလိဂ် တစ်လတာ နည်းပြဆုကို ချယ်ဆီးနည်းပြ လမ်းပတ် ရရှိ

    အောက်တိုဘာလအတွက် ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆုကို ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ရရှိသွားပါတယ်။ ချယ်ဆီးဟာ အောက်တိုဘာလအတွင်း ဆောက်သက်တမ်၊ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာတို့ကို အနိုင်ကစားနိုင်ခဲ့ပြီး အသင်းကလည်း အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ မန်ယူကို ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် လမ်းပတ်ဟာ ချယ်ဆီးကို အကောင်းဆုံးအနေအထားတစ်ခု ပြန်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ အကောင်းဆုံး နည်းပြဆုကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့၊ ဘရိုက်တန်နည်းပြ ဂရေဟန် ပေါ်တာ၊ လက်စတာနည်းပြ ဘရန်ဒန် ရော်ဂျာနဲ့ အက်စတွန်ဗီလာနည်းပြ ဒီယန် စမတ်တို့ကို ကျော်ဖြတ်ပြီး လမ်းပတ်က ရရှိခဲ့တာပါ။

    Ref: BBC

  • ဖောင်ဒေးရှင်းငွေ တလွဲသုံးမှုအတွက် အမေရိကန်သမ္မတ ဒေါ်လာ ၂ သန်း ပေးဆောင်ရမည်

    ဖောင်ဒေးရှင်းငွေ တလွဲသုံးမှုအတွက် အမေရိကန်သမ္မတ ဒေါ်လာ ၂ သန်း ပေးဆောင်ရမည်

    နိုဝင်ဘာ ၈၊ ၂၀၁၉
    M-Media

    -၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ရေးလုပ်ငန်းမှာ ပရဟိတလုပ်ငန်းတစ်ခုက ရန်ပုံငွေတွေ အလွဲသုံးစားပြုမှုအတွက် သမ္မတထရမ့်အနေနဲ့ ကန်ဒေါ်လာ ၂ သန်း ပြန်လည်ပေးဆောင်ဖို့အတွက် နယူးယောက်တရားရုံးက မနေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။

    ထရမ့်ဟာ Donald J Trump Foundation အမည်တဲ့ ပရဟိတလုပ်ငန်းတစ်ခုကို တည်ထောင်ထားတာပါ။ ဒါပေမယ့် ဒီအဖွဲ့ဟာ ထရမ့်ရဲ့အကျိုးစီးပွားအတွက် ချက်လက်မှတ်တစ်ခုထက် မပိုဘူးလို့ အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ပြီးတဲ့နောက် ၂၀၁၈ ခုနှစ်မှာ ဒီအဖွဲ့ကို ပိတ်သိမ်းခဲ့ပါတယ်။

    မနေ့က တရားသူကြီး ဆာလီယန် စကာပူလာရဲ့ ဆုံးဖြတ်ချက်မှာ ထရမ့်နဲ့ သူ့ရဲ့ သားသမီး ၃ ဦး ဦးဆောင်တဲ့ ပရဟိတအဖွဲ့တွေဟာ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်လို့ မရဘူးလို့ ဖော်ပြထားပါတယ်။

    ထရမ့်ဟာ Donald J Trump Foundation က အမေရိကန်စစ်ပြန်တွေအတွက် ကောက်ယူထားတဲ့ ရန်ပုံငွေကို ၂၀၁၆ ခုနှစ် အိုင်အိုဝါ ရွေးကောက်မှာ အသုံးပြုခဲ့ပြီး ဒါဟာ ‘ယုံကြည်မှုကို အလွဲသုံးစားလုပ်တာ’ ဖြစ်တယ်လို့ တရားသူကြီးက ပြောကြားခဲ့ပါတယ်။

    ဒီအတွက် ထရမ့်ဟာ ကိုယ်ပိုင်ငွေထဲကနေ ဒဏ်ငွေ ၂ သန်း ပေးဆောင်ရမှာဖြစ်ပြီး အဲဒီငွေတွေကို ပရဟိတအဖွဲ့ ၈ ခုကို ခွဲဝေပေးသွားမှာ ဖြစ်ပါတယ်။

    Donald J Trump Foundation အဖွဲ့ရဲ့ ဒါရိုက်တာတွေဖြစ်ကြတဲ့ ထရမ့်ရဲ့သားနဲ့သမီး အဲရစ်ထရမ့်၊ အိုင်ဗန်ကာ ထရမ့်တို့အနေနဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူတွေ ဒါရိုက်တာတွေ လိုက်နာရမယ့် တာဝန်၀တ္တရားဆိုင်ရာ သင်တန်းကို မဖြစ်မနေ တက်ရောက်ဖို့လည်း တရားရုံးက အမိန့်ချခဲ့ပါတယ်။

    Ref: BBC

  • နာဇီလက်မှလွတ်မြောက်လာသည့် အီတလီအမျိုးသမီး ခြိမ်းခြောက်ခံရမှုကြောင့် ရဲအစောင့်အရှောက် ချထား

    နာဇီလက်မှလွတ်မြောက်လာသည့် အီတလီအမျိုးသမီး ခြိမ်းခြောက်ခံရမှုကြောင့် ရဲအစောင့်အရှောက် ချထား

    နိုဝင်ဘာ ၈၊ ၂၀၁၉
    M-Media

    -အီတလီနိုင်ငံမှာ နာဇီတို့ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ လွ‌တ်မြောက်လာတဲ့ ဂျူးအမျိုးသမီးတစ်ဦးအပေါ် လက်ယာသမားတွေက ခြိမ်းခြောက်မှု မြင့်တက်လာတာကြောင့် ရဲတပ်ဖွဲ့က ကာကွယ်စောင့်ရှာက်မှု ပေးထားရပါတယ်။

    အသက် ၈၉ လီလီယာနာ ဆီဂရီဆိုသူဖြစ်ပြီး ဆိုရှယ်မီဒီယာမှာ လူမျိုးရေးခွဲခြားစော်ကားမှုတွေ အဆက်မပြတ် ခံနေရတာကြောင့် အီတလီလွှတ်တော်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ ပြီးခဲ့တဲ့လမှာ တိုက်တွန်းခဲ့သူပါ။ သူမရဲ့ တိုက်တွန်းမှုကို လွှတ်တော်က လက်ခံခဲ့ပေမယ့် မဲခွဲနိုင်ခြင်း မရှိပါဘူး။

    ဒီတိုက်တွန်းမှု ပေါ်ထွက်လာပြီးတဲ့နောက် ဆီဂရီအပေါ် နာဇီလက်သစ်အုပ်စုတွေရဲ့ စော်ကားမှု၊ ခြိမ်းခြောက်မှုတွေ ပိုမိုများပြားလာခဲ့ပြီး အခုတစ်ပတ်မှာတော့ သူမ ဟောပြောနေကြ နေရာတစ်ခုမှာ ဖက်ဆစ်ဆန့်ကျင်မှုကို ရှုတ်ချတဲ့ ပိုစတာ လာရောက်ချိတ်ဆွဲတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ခြိမ်းခြောက်မှုတွေကြောင့် ဆီဂရီလုံခြုံရေးအတွက် ပြည်သူ့စစ်အဖွဲ့တစ်ခုကို သတ်မှတ်တာဝန်ပေးထားတယ်လို့ အီတလီရေဒီယိုက မနေ့မှာ ‌ဖော်ပြခဲ့ပါတယ်။ လုံခြုံရေးအစောင့်အရှောက်ဟာ ဆီဂရီ လူမြင်ကွင်းကိုထွက်တဲ့အခါမှသာ ချထားပေးမှာဖြစ်ပြီး နေအိမ်မှာ အချိန်ပြည့် ချထားဖို့မရှိဘူးလို့ ဆိုပါတယ်။

    ဆီဂရီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပါအိုလာ ဂါဂွီလိုက အမုန်းစကားတွေထက် အားပေးထောက်ခံမှုတွေကို ပိုရနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဂျူးဆန့်ကျင်ရေး မြင့်တက်

    ဒုတိယကမ္ဘာစစ်အတွင်းက အီတလီကနေ နာဇီအကျဉ်းစခန်းတွေကို ပို့ဆောင်ခံရတဲ့ အသက် ၁၄ နှစ်အောက် ဂျူးကလေးငယ်အရေအတွက်ဟာ ၇၇၆ ဦးရှိခဲ့ပြီး အဲဒီအထဲက ဆီဂရီအပါအဝင် ၂၅ ဦးသာ အသက်ရှင်လျက် လွတ်မြောက်ခဲ့ပါတယ်။

    ဆီဂရီဟာ နာဇီလက်ထက် ဂျူးတွေအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ Holocaust အကြောင်းကို အီတလီက ကျောင်းတွေမှာ လိုက်လံဟောပြောခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ တစ်သက်သာ လွှတ်တော်အမတ်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

    မီလန်မြို့အခြေစိုက်ပြီး ဆိုရှယ်မီဒီယာမှာ ဆီဂရီကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အမုန်းစကားတွေကို စုဆောင်းဖော်ထုတ်တဲ့ Center of Contemporary Jewish Documentation (CDEC) အဖွဲ့က အီတလီမှာ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုဟာ အလွန်အမင်း မြင့်မားလာပေမယ့် ပြင်သစ်နဲ့ ယူကေတို့က အခြေအနေ‌လောက် ဂရုစိုက်ခြင်း မခံရဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • လူသတ်ဒရုန်းများကို တရုတ်က အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့နေ

    လူသတ်ဒရုန်းများကို တရုတ်က အရှေ့အလယ်ပိုင်းနိုင်ငံများသို့ တင်ပို့နေ

    နိုဝင်ဘာ ၈၊ ၂၀၁၉
    M-Media

    -တရုတ်ဟာ မောင်းသူမဲ့ လူသတ်ဒရုန်းတွေကို ပဋိပက္ခတွေဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ တင်ပို့နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားလိုက်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်ဖက်က ပထမဆုံး ထုတ်ဖော်ပြောဆိုမှုလည်း ဖြစ်ပါတယ်။

    အင်အားကြီးနိုင်ငံတွေအကြား ဉာဏ်ရည်တုနည်းပညာ AI အသုံးပြုတဲ့ လက်နက်တွေ အပြိုင်အဆိုင် ထုတ်လုပ်မှုအတွက် ကမ္ဘာကြီးမှာ စိုးရိမ်မှုတွေ မြင့်တက်လာနေတာပါ။

    Ziyan လို တရုတ်ကုမ္ပဏီတွေကလည်း မောင်းသူမဲ့ အဆင့်မြင့် ဒရုန်းလက်နက်တွေကို ပိုမိုတင်ပို့ဖို့ ကြိုးပမ်းလာကြပါတယ်။ Ziyan ကထုတ်လုပ်တဲ့ Blowfish A3 ဒရုန်းရဟတ်ယာဉ်ဆိုရင် စက်သေနတ် တပ်ဆင်ထားပြီး ပစ်မှတ်ကို အလိုအလျောက် ထောက်လှမ်း၊ ချိန်ဆ ပစ်ခတ်နိုင်စွမ်းရှိပါတယ်။

    ကာကွယ်ရေးဝန်ကြီး အက်စ်ပါက တရုတ်စစ်တပ်ဟာ သူတို့ရဲ့ အဆင့်မြင့် ဒရုန်းအချို့ကို အရှေ့အလယ်ပိုင်းနိုင်ငံတွေထံ တင်ပို့နေပြီး ကိုယ်ပျောက် UAV တွေလို မျိုးဆက်သစ် ဒရုန်းတွေကိုလည်း တင်ပို့ဖို့ စီစဉ်နေတယ်လို့ ‌ဝါရှင်တန်ဒီစီမှာပြုလုပ်ခဲ့တဲ့ AI ဆိုင်ရာ နိုင်ငံတော်ကာကွယ်ရေး ကော်မရှင်ညီလာခံမျာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ AI စင်တာက မဟာဗျူဟာနဲ့ ဆက်ဆံရေးဆိုင်ရာ အကြီးအကဲ ဂရက်ဂျ် အေလန်က AI လက်နက်တွေအတွက် စိုးရိမ်‌မှုရှိနေပေမယ့် တရုတ်ခေါင်းဆောင်တွေက စစ်တပ်မှာ ဒီလိုလက်နက်မျိုး အသုံးပြုမှုကို ရှောင်ရှားလို့မရတဲ့အတွက် အကြီးအကျယ် ထုတ်လုပ်ဖို့ ရည်ရွယ်နေတယ်လို့ ဖေဖော်ဝါရီလက ထုတ်ပြန်တဲ့စာတမ်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

    အက်စ်ပါကတော့ တရုတ်ရဲ့ စောင့်ကြည့်ရေး ဆော့ဖ်ဝဲတွေနဲ့ ဟာ့ဒ်ဝဲ ကွန်ယက်တွေကလည်း AI နည်းပညာ ပိုမိုတိုးတက်ဖို့အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမရိကန်ရဲ့ ကာကွယ်ရေးတီထွင်ဖန်တီးမှု ဘုတ်အဖွဲ့ဟာ အမေရိကန်စစ်တပ်အတွက် AI ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ပြီး အဓိကသတ်မှတ်ချက်က လူသားတွေရဲ့ ထိန်းချုပ်မှုနဲ့ မလွတ်ကင်းဖို့ ဖြစ်ပါတယ်။

    Ref: Asia Times

  • မျိုးရိုးဇာတ်မတူဘဲ လက်ထပ်သည့်အတွက် အိန္ဒိယတွင် ဇနီးမောင်နှံ ၂ ဦး ခဲပေါက်သတ်ခံရ

    မျိုးရိုးဇာတ်မတူဘဲ လက်ထပ်သည့်အတွက် အိန္ဒိယတွင် ဇနီးမောင်နှံ ၂ ဦး ခဲပေါက်သတ်ခံရ

    နိုဝင်ဘာ ၈၊ ၂၀၁၉
    M-Media

    -မျိုးနွယ်ဇာတ် မတူတဲ့သူကို အိမ်ထောင်ပြုခဲ့တဲ့ အမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူကို ဆွေမျိုးအရင်းအချာတွေက ‌ခဲနဲ့ထုသတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က မနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    နိုင်ငံတောင်ပိုင်း ကာရ်နာတာကာပြည်နယ်က ရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တာပါ။ အသတ်ခံလိုက်ရတဲ့ အမျိုးသမီးဟာ အသက် ၂၉ နှစ်အရွယ်ရှိပြီး လွန်ခဲ့တဲ့ ၃ နှစ်က မိသားစုရဲ့ဆန္ဒနဲ့ဆန့်ကျင်ကာ ဇာတ်မတူတဲ့ မျိုးရိုးက အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ပြီး အိမ်ကထွက်ပြေးကာ အခြားဒေသတွေမှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

    ပြီးခဲ့လမှာတော့ အဲဒီအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့အတူ မိသားစုရှိရာရွာကို ပြန်လာပြီး မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    “ဗုဒ္ဓဟူးနေ့မှာ ရွာသားတွေက သူတို့ကိုတွေ့ပြီး ကောင်မလေးရဲ့အစ်ကိုကို အကြောင်းကြားခဲ့တယ်။ သူက လူစုပြီး ဒီလင်မယားနှစ်ယောက်ကို တိုက်ခိုက်ကာ ခဲတွေနဲ့ ထုသတ်ခဲ့ပါတယ်။ အမျိုးသမီးရဲ့ အစ်ကိုနဲ့ ဦးလေးအပါအဝင် အဓိက သံသယရှိသူ ၃ ဦးကို ဖော်ထုတ်ထားနိုင်ပါတယ်” လို့ ဒေသခံရဲတပ်ဖွဲ့တာဝန်ရှိသူ ဂုရု ရှန့်သ်က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနိုင်ငံ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ မျိုးနွယ်ဇာတ် မတူတဲ့သူကို လက်ထပ်တဲ့ ဇနီးမောင်နှံတွေ မကြာခဏ သတ်ဖြတ်ခံရလေ့ရှိပြီး ဒါကို ‘ဂုဏ်သိက္ခာအတွက်သတ်ဖြတ်မှု’ လို့ ခေါ်ဆိုကြပါတယ်။ ပုံမှန်အားဖြင့် ဆွေမျိုးတွေ၊ ရွာလူကြီးတွေက ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပြီး မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက်လို့ ဆိုပါတယ်။

    ကုလရဲ့ မှတ်တမ်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ် ဒီလိုသတ်ဖြတ်မှုပေါင်း ၅၀၀၀ လောက်ဖြစ်ပွားပြီး အဲဒီအထဲက ၁ ထောင်ဟာ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားတာ ဖြစ်ပါတယ်။

    အိန္ဒိယတရားရုံးချုပ်က ဒီသတ်ဖြတ်မှုကို ကျူးလွန်သူတွေအပေါ် အမြင့်ဆုံး သေဒဏ်အထိချမှတ်ဖို့ ၂၀၁၁ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

    Ref: AFP