News @ M-Media

Blog

  • ယီမင်အစိုးရနှင့် တောင်ပိုင်းခွဲထွက်ရေးသမားများအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရ

    ယီမင်အစိုးရနှင့် တောင်ပိုင်းခွဲထွက်ရေးသမားများအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရ

    နိုဝင်ဘာ ၆၊ ၂၀၁၉
    M-Media

    -ယီမင်က နိုင်ငံတကာအသိအမှတ်ပြုအစိုးရနဲ့ တောင်ပိုင်း ခွဲထွကရေးသူပုန်တွေအကြား ငြိမ်းချမ်းရေးနဲ့ အာဏာခွဲဝေရေးသဘောတူညီချက်တစ်ခု ရရှိခဲ့တယ်လို့ ဆော်ဒီက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ‘ရီယာ့ဒ်သဘောတူညီချက်’ လို့ အမည်ပေးထားတဲ့ အဲဒီငြိမ်းချမ်းရေး လက်မှတ်ထိုးမှုဟာ ၄ နှစ်တာ ကြာမြင့်နေပြီဖြစ်တဲ့ ယီမင်စစ်ပွဲကို အဆုံးသတ်ရေး နိုင်ငံရေးသဘောတူညီချက်ရဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားခဲ့ပါတယ်။

    “ဒီသဘောတူညီချက်ဟာ ယီမင်နိုင်ငံမှာ တည်ငြိမ်အေးချမ်းရေး ခေတ်သစ်တစ်ခုကို စတင်လိုက်တာဖြစ်ပါတယ်။ ဆော်ဒီဘုရင့်နိုင်ငံဟာ ခင်ဗျားတို့နဲ့အတူ ရပ်တည်နေပါတယ်။ နှစ်ဖက်စလုံး မျက်နှာစုံညီရှိကြတဲ့ ဆော်ဒီကဒီနေ့ဟာ ပျော်ရွှင်ဖွယ်ရာနေ့တစ်နေ့ဖြစ်ပါတယ်”

    သဘောတူညီချက်အရ ယီမင်အစိုးရမှာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်မှာဖြစ်ပြီး ခွဲထွက်ရေးအဖွဲ့ဘက်က ကိုယ်စားလှယ်တွေကိုလည်း သာတူညီမျှ ထည့်သွင်းမှာဖြစ်ပါတယ်။ စစ်တပ်ကိုတော့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးဟာ ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

    နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ဟာဒီအစိုးရနဲ့ တောင်ပိုင်းခွဲထွက်ရေးသမားတွေ အခုလို သဘောတူညီချက် ရရှိခဲ့တာကြောင့် နှစ်ဖက်တိုက်ခိုက်မှုကို လျော့ကျစေမှာဖြစ်သလို ဟူသီသူပုန်တွေနဲ့ အစိုးရအကြား အနာဂတ်ဆွေးနွေးမှုတွေကို ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရခိုင်ပြည်နယ်ကိစ္စ တာဝန်ရှိမှုကို ရှောင်လွှဲမည်မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံပြော

    ရခိုင်ပြည်နယ်ကိစ္စ တာဝန်ရှိမှုကို ရှောင်လွှဲမည်မဟုတ်ဟု နိုင်ငံတော်အတိုင်ပင်ခံပြော

    နိုဝင်ဘာ ၅၊ ၂၀၁၉
    M-Media

    Photo Credit – MM times

    -ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူအားလုံးရဲ့ လုံခြုံရေးနဲ့ သူတို့ကို ကာကွယ်ပေးရေး မိမိတို့အစိုးရမှာ ရှိနေတဲ့တာဝန်ကို ရှောင်လွှဲသွားမှာမဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

    ဘန်ကောက်မှာပြုလုပ်တဲ့ အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ မနေ့က အခုလို ပြောကြားလိုက်တာပါ။

    “ဘင်္ဂလားဒေ့ရှ်နဲ့ လက်မှတ်ထိုးထားတဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေ၊ UNHCR၊ UNDP တိုနဲ့ လက်မှတ်ထိုးထားတဲ့ ၃ ပွင့်ဆိုင် သဘောတူညီချက်အတိုင်း စီစစ်ပြီးသားလူတွေကို ပြန်လည်လက်ခံဖို့ မြန်မာအစိုးရက ဆန္ဒအပြည့်အ၀ရှိပါတယ်”

    ရခိုင်ပြည်နယ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာကို တာဝန်ယူဖြေရှင်းရေး ကုလအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က တနင်္ဂနွေနေ့မှာ တိုက်တွန်းပြောကြားမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တုန့်ပြန်တာဖြစ်တယ်လို့ မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဂူတာရက်စ်က ရခိုင်ပြည်နယ်က အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်ဖက်ကို ရောက်ရှိနေတဲ့ ဒုက္ခသည် ၇ သိန်းရဲ့ အခြေအနေတွေကို အလွန်အမင်း စိုးရိမ်မိပြီး အခြေခံအကြောင်းအရင်းတွေကို ဖော်ထုတ်ဖြေရှင်းဖို့၊ ဒုက္ခသည်တွေ လိုလိုလားလားနဲ့ သိက္ခာရှိစွာ ပြန်လာနိုင်ရေး ဖန်တီးပေးဖို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အခြေအနေဟာ အလွန်ရှုပ်ထွေးပြီး မိမိတို့အာဏာမရခင် အချိန်အတော်ကြာကတည်းက ရခိုင်ပြည်နယ်မှာရှိနေတဲ့ ကုလနဲ့ ကုလအဖွဲ့တွေက ဒီအခြေအနေကို သိရမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ရခိုင်ပြည်နယ်က ပြဿနာတွေကို လက်တွေ့ကြပြီး၊ မျှတတဲ့နည်းလမ်းနဲ့ ချဉ်းကပ်တဲ့ ကျွန်မတို့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့အတူ ဆက်လက်ဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံက ဆန္ဒရှိပါတယ်”

    ဘင်္ဂလားဒေ့ရှ်ဖက် ရောက်နေတဲ့သူတွေ မိမိသဘောဆန္ဒနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ ပြန်လာရေး ဝန်းကျင်တစ်ခု ဖန်တီးရာမှာ ပါဝင်ကူညီခဲ့တဲ့ အာဆီယံအတွင်းဝန်အဖွဲ့ ASEAN Secretariat၊ လူသားချင်းစာနာထောက်ထားနှုနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးစင်တာ Coordinating Centre for Humanitarian Assistance on Disaster Management တို့ကို ကျေးဇူးတင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Myanmar Times

    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်။)

  • ဗလီမှ ဝတ်ပြုသူများအား ဓားနဲ့ထိုးခဲ့သူကို ယူကေတရားရုံးက ထောင် ၅ နှစ်ချ

    ဗလီမှ ဝတ်ပြုသူများအား ဓားနဲ့ထိုးခဲ့သူကို ယူကေတရားရုံးက ထောင် ၅ နှစ်ချ

    နိုဝင်ဘာ ၅၊ ၂၀၁၉
    M-Media

    ပြစ်မှုကျူးလွန်သူ လုသောမတ်စ်

    -ပြီးခဲ့တဲ့ ရမ်ဇာန်ဥပုသ်လက ကာဒစ်ဖ်မြို့မှာရှိတဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ ဝတ်ပြုသူတွေကို ဓားမြှောင်နဲ့ တိုက်ခိုက်ခဲ့တဲ့ လူငယ် ၂ ဦးကို ယူကေတရားရုံးက ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်လိုက်ပါတယ်။

    အသက် ၂၀ အရွယ် လုသောမတ်စ်နဲ့ သူ့ရဲ့ညီ အသက် ၁၈ နှစ်အရွယ် လီယမ် သောမတ်စ်တို့ဟာ ဇွန်လ ၂ ရက်နေ့ မနက် ၁ နာရီအချိန်က ကသ်ဟေးမြို့နယ် ‘ဒါရွလ်အစ္စရာဗလီ’ အပြင်ဘက်မှာ ဝတ်ပြုသူတွေကို ဓားနဲ့ လိုက်ထိုးခဲ့တာဖြစ်ပါတယ်။

    တိုက်ခိုက်မှုအတွင်း လူ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သောမတ်စ်တို့ညီအစ်ကို ၂ ဦးဟာ ဗလီအရှေ့ကနေ စက်ဘီးနဲ့ဖြတ်သွားစဉ်အတွင်း ဗလီက အစ္စလာမ်ဘာသာဝင်တွေကို ဘာသာရေးအရ စော်ကား ဆဲဆိုတာတွေ လုပ်ခဲ့ပြီးတဲ့နောက် ဓားနဲ့ဝင်ထိုးခဲ့တာပါ။

    သောမတ်စ်ကတော့ ဒီတိုက်ခိုက်မှုဟာ စက်ဘီးကိစ္စနဲ့ စကားများရင်း ဖြစ်သွားတာဖြစ်ပြီး ဘာသာရေးကြောင့်မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    တရားရုံးက လုသောမတ်စ်ကို ထောင်ဒဏ် ၅ နှစ်နဲ့ ၃ လ ချမှတ်ခဲ့သလို ညီဖြစ်သူ လီယမ်သောမတ်စ်ကိုတော့ ဆိုင်းငံ့ထောင်ဒဏ် ၁၈ လနဲ့ လခမဲ့အလုပ် နာရီ ၂၅၀ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့ ညီအစ်ကို ၂ ဦးဟာ ဗလီကို နစ်နာကြေး ပေါင် ၅၀၀ လည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

    Ref: Daily Mail

  • ၄ ရက်လုပ် ၃ ရက်နားစနစ်က ၀န်ထမ်းများ၏ လုပ်နိုင်စွမ်းကို တိုးတက်စေသည်ဟု Microsoft စစ်တမ်းတွင် တွေ့ရ

    ၄ ရက်လုပ် ၃ ရက်နားစနစ်က ၀န်ထမ်းများ၏ လုပ်နိုင်စွမ်းကို တိုးတက်စေသည်ဟု Microsoft စစ်တမ်းတွင် တွေ့ရ

    နိုဝင်ဘာ ၅၊ ၂၀၁၉
    M-Media

    -တစ်ပတ်ကို ၄ ရက်အလုပ်လုပ်စေပြီး ၃ ရက်နားခြင်းဟာ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုတိုးတက်စေတယ်စေတယ်ဆိုတာ စမ်းသပ်မှုတစ်ခုမှာ တွေ့ခဲ့ရကြောင်း Microsoft ကုမ္ပဏီရဲ့ ဂျပန်နိုင်ငံရုံးက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    Microsoft ဟာ ‘Work-Life Choice Challenge’ ခေါင်းစဉ်နဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အလုပ်နဲ့ ကိုယ်ပိုင်ဘ၀ မျှတရေး၊ ပြောင်းလွယ်ပြင်လွယ်အလုပ်ချိန်က ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတက်စေလားဆိုတာကို ဆန်းစစ်ခဲ့တာဖြစ်ပါတယ်။

    ဂျပန်နိုင်ငံက Microsoft ရုံးခန်းဟာ ဩဂုတ်လကစတင်ကာ စ‌နေ၊ တနင်္ဂနွေ‌အပြင် သောကြာနေ့မှာပါ အလုပ်ပိတ်ပေးခဲ့ပြီး စောင့်ကြည့်ခဲ့ရာမှာ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်း ၃၉.၉ ရာခိုင်နှုန်း တိုးတက်လာတာကို တွေ့ခဲ့ရပါတယ်။

    အစည်းအဝေးချိန်ကိုလည်း မိနစ် ၃၀ ကန့်သတ်ပေးကာ ရုံးတွင်း ဆက်သွယ်ပြောဆိုမှုကို အီလက်ထရောနစ်နည်းလမ်းတွေ ပိုမိုအသုံးပြုလာအောင်လည်း အားပေးခဲ့ပါတယ်။

    တစ်ရက်ကို ၄ ရက်အလုပ်လုပ်ပြီး ၃ ရက်နားခြင်းဟာ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် ဘယ်လောက်သက်ရောက်မှုရှိလဲဆိုတာကို နယူးဇီလန်က ထိပ်တန်းအိမ်ယာလုပ်ငန်း Perpetual Garden ကလည်း စမ်းသပ်ခဲ့ဖူးပြီး တိုးတက်မှုကိုတွေ့ရတာကြောင့် နောက်ပိုင်းမှာ ၃ ရက်ပိတ်တဲ့စနစ်ကို အဲဒီကုမ္ပဏီက အမြဲတမ်း သတ်မှတ်ခဲ့ပါတယ်။

    တစ်ပတ်ကို ၄ ရက်အလုပ်လုပ်ပြီး ၃ ရက်ပိတ်ခြင်းဟာ ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေရုံသာမက ဓတ်အားခလို အခြားအသုံးစားရိတ်တွေကိုလည်း လျှော့ချနိုင်တယ်ဆိုတာကို တွေ့ခဲ့ရကြောင်း Microsoft ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Business Insider

  • အာဆီယံတွင် 5G ကွန်ယက် ဖြန့်ကျက်ရန် ဟွာဝေးက အဆင်သင့်ရှိနေ

    အာဆီယံတွင် 5G ကွန်ယက် ဖြန့်ကျက်ရန် ဟွာဝေးက အဆင်သင့်ရှိနေ

    နိုဝင်ဘာ ၄၊ ၂၀၁၉
    M-Media

    -အရှေ့တောင်အာရှနိုင်ငံတွေမှာ 5G ကွန်ယက် ဖြန့်ကျက်ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ တရုတ် ဆက်သွယ်ရေးကုမ္ပဏီ Huawei က ပြောကြားလိုက်ပြီး တရုတ်အစိုးရအတွက် စပိုင်လုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။

    အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာ ဟွာဝေးဟာ အဓိကပစ်မှတ်ထားခံရတဲ့ ကုမ္ပဏီတစ်ခုပါ။ တရုတ်အစိုးရဟာ ဟွာဝေးရဲ့ စက်ပစ္စည်းတွေကို အသုံးပြုပြီး တစ်ခြားနိုင်ငံတွေအပေါ် စောင့်ကြည့်လှောက်လှမ်းနိုင်တယ်လို့ ထရမ့်အစိုးရက သတိပေးထားပြီး အမေရိကန်ကုမ္ပဏီတွေ ဟွားဝေးကို နည်းပညာရောင်းချမှုကိုလည်း ပိတ်ပင်ထားပါတယ်။

    ဟွာဝေးကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး နည်းပညာသာလွန်မှုအတွက် ပစ်မှတ်ထားခံရတာလို့ တုန့်ပြန်ထားပါတယ်။

    ဒီလိုသတိပေးမှုတွေ ရှိနေပေမယ့် အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ဟာ 5G ကွန်ယက်အတွက် ဟွာဝေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံကလည်း မကြာခင်မှာ ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။

    ဟွာဝေးရဲ့ ဒုတိယဥက္ကဌ အဒ်ဝပ်ဇူက အမေရိကန်နဲ့ တရုတ်တို့ဟာ လက်ရှိမှာ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေတဲ့အတွက် မိမိတို့အနေနဲ့ ဒီအခြေအနေကို အလွန် သတိထားနေတယ်လို့ ဒီကနေ့ အရှေ့တောင်အာရှ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    ထိုင်းနိုင်ငံကလည်း 5G ကွန်ယက်အတွက် ဟွာဝေးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုထားပြီး ဘန်ဂေါက်က တက္ကသိုလ်ကြီးတစ်ခုမှာ စမ်းသပ်ဆောင်ရွက်ဖို့ ခွင့်ပြုထားပါတယ်။ ကွန်ယက် စမ်းသပ်ဆောင်ရွက်မှုတွေအတွက် ကန်ဒေါ်လာ ၅ ဘီလီယံလောက် သုံးစွဲထားတယ်လို့ ဟွာဝေးကုမ္ပဏီနဲ့ ပြောရေးဆိုခွင့်ရှိသူက အရင်က ပြောကြားထားပြီး အခြား အရှေ့တောင်အာရှ နိုင်ငံတွေက ဒီလိုစမ်းသပ်မှုတွေ လုပ်ဆောင်ပေးဖို့ ဟွာဝေးကို ဖိတ်ခေါ်ထားပါတယ်။

    Ref: CNA