News @ M-Media

Blog

  • နာဇီခြေလှမ်းအတိုင်း လှမ်းနေသည့် အစ္စရေးစစ်တပ်

    နာဇီခြေလှမ်းအတိုင်း လှမ်းနေသည့် အစ္စရေးစစ်တပ်

    ဖေဖော်၀ါရီ ၄၊ ၂၀၂၄

    M-Media 


    -ပါလက်စတိုင်းလူမျိုးတွေကို နှိမ့်ချပြောဆိုပြီး၊ ခုတ်ထစ်သတ်ဖြတ်တဲ့ ဗီဒီယိုတွေကို ဖြန့်၀ေနေတဲ့ တယ်လီဂရမ် ချန်နယ်တစ်ခုကို အစ္စရေးစစ်တပ်က ကိုင်တွယ်စီမံနေတယ်လို့ သိရပါတယ်။ 

    72 Virgins – Uncensored လို့ အမည်ပေးထားတဲ့ ချန်နယ်ဖြစ်ပြီး ပါလက်စတိုင်းတွေကို နှိမ့်ချစော်ကားတဲ့ ပြောဆိုမှုတွေ၊ အရှက်တကွဲအကျိုးနည်းအောင် လုပ်မှုတွေ၊ ကိုယ်လက်အင်္ဂါ ခုတ်ထစ်သတ်ဖြတ်မှု စတဲ့ ဗီဒီယိုအများအပြား ဖြန့်၀ေနေတာပါ။ 

    နာဇီတွေက ဂျူးတွေကို ပိုးဟပ်တွေနဲ့ ခိုင်းနှိုင်းသလိုပဲ အဲဒီချန်နယ်မှာလည်း ဂျူးတွေက ပါလက်စတိုင်းတွေကို ပိုးဟပ်တွေနဲ့ ခိုင်နှိုင်းကာ ရှင်းလင်းသုတ်သင်ပစ်ရမယ်ဆိုတဲ့ သတင်းစကားပါးတဲ့ ဗီဒီယိုတွေကိုလည်း မျှ၀ေနေကြပါတယ်။ 

    အစ္စရေးမီဒီယာ Haaretz ရဲ့ စုံစမ်းဖော်ထုတ်မှုအရ အဲဒီ တယ်လီဂရမ်ချန်နယ်ဟာ အစ္စရေးစစ်တပ်က ဖန်တီးထားတယ်ဆိုတာ တွေ့ရပါတယ်။ အစ္စရေးစစ်တပ်ကလည်း ဒီသတင်းဟုတ်မှန်ကြောင်း နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းများအား အကူအညီပေးနေသည့် ကုလအဖွဲ့ UNRWA ကို အစ္စရေးက နာမည်ဖျက်

    ပါလက်စတိုင်းများအား အကူအညီပေးနေသည့် ကုလအဖွဲ့ UNRWA ကို အစ္စရေးက နာမည်ဖျက်

    ဖေဖော်၀ါရီ ၄၊ ၂၀၂၄

    M-Media

    – အောက်တိုဘာ ၇ ရက်နေ့ ဟားမက်စ်ရဲ့ တိုက်ခိုက်မှုမှာ UNRWA ၀န်ထမ်းတွေ ပါ၀င်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး အစ္စရေးက ခိုင်လုံတဲ့ သက်သေအထောက်အထား မပေးနိုင်ဘူးလို့ UNRWA ရဲ့ ကော်မရှင်နာ ဖိလစ် လာဇာရီနီက ပြောကြားလိုက်ပါတယ်။ 

    အဲဒီစွပ်စွဲချက်ကြောင့် အမေရိကန်၊ ယူကေနဲ့ အစ္စရေးရဲ့ မဟာမိတ်နိုင်ငံ တော်တော်များများက UNRWA အဖွဲ့ကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းခဲ့ပါတယ်။ 

    UNRWA အဖွဲ့ဟာ အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် အတိဒုက္ခရောက်နေကြတဲ့ ပါလက်တစတိုင်းပြည်သူတွေကို ၁၀ စုနှင့်များစွာ ကူညီလာခဲ့တဲ့ အဖွဲ့အစည်းပါ။ 

    ၀န်ထမ်း ၁၂ ဦးဟာ အောက်တိုဘာ ၇ ရက်နေ့မှာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခဲ့တယ်ဆိုတဲ့ အစ္စရေးရဲ့ပြောကြားချက်နဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကို မိမိတို့ ရရှိခဲ့ရာမှာ တိကျသေချာတဲ့ အထောက်အထား မပါ၀င်ဘူးလို့ Financial Times သတင်းစာက ဒီကနေ့မှာ ဖော်ပြပါတယ်။ 

    လာဇာရီနီက နိုင်ငံ ၁၅ နိုင်ငံရဲ့ ထောက်ပံ့မှု ရပ်ဆိုင်းသွားတာကြောင့် ဂါဇာမှာ ပါလက်စတိုင်းပြည်သူတွေကို ပေးအပ်နေတဲ့ အသက်ရှင်ရပ်တည်ရေး အကူအညီတွေ၊ လုပ်ငန်းတွေဟာ ဖေဖော်၀ါရီ လကုန်ပိုင်းမှာ ရပ်ဆိုင်းရတော့မယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းကို ဗြိတိန်က အသိအမှတ်ပြုတော့မည်

    ပါလက်စတိုင်းကို ဗြိတိန်က အသိအမှတ်ပြုတော့မည်

    ဖေဖော်၀ါရီ ၂၊ ၂၀၂၄

    M-Media 


    (ကုလက သတ်မှတ်ပေးထားသည့် ပါလက်စတိုင်း (လိမ္မော်ရောင်) နှင့် ဂျူးနိုင်ငံ (အစိမ်းရောင်))

    -ဂါဇာကမ်းမြှောင်မှာ အပစ်ရပ်ရေး အကောင်အထည်ပေါ်ပြီးရင် ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုတော့မယ်လို့ ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒေးဗစ် ကင်မရွန်းက ပြောကြားလိုက်ပါတယ်။ 

    ဗြိတိန်ရဲ့ ဒီထုတ်ပြန်မှုဟာ အစ္စရေးက ပါလက်စတိုင်းပြည်သူတွေအပေါ် ညှင်းပမ်းသတ်ဖြတ်မှုတွေကို လက်မခံနိုင်တော့ကြောင်း ပြသတာမျိုး ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    နာဇီရန်ကြောင့် ဥရောပက ထွက်ပြေးလာတဲ့ဂျူးတွေ လက်နက်ကိုင်အဖွဲ့ဖွဲ့ကာ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ် နယ်မြေလုပြီး အစ္စရေးနိုင်ငံအဖြစ် ၁၉၄၈ ခုနှစ်မှာ ထူထောင်ခဲ့ပါတယ်။

    ဒီထူထောင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂက သမိုင်း၀င် ပါလက်စတိုင်းဒေသရဲ့ ၆၅ ရာခိုင်နှုန်းကို ဂျူးနိုင်ငံ ၃၅ ရာခိုင်နှုန်းကို ပါလက်စတိုင်းနိုင်ငံအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ 

    ဒီလိုသတ်မှတ်ပြီးနောက်ပိုင်းလည်း အစ္စရေးက ယနေ့အချိန်အထိ ပါလက်စတိုင်းဒေသတွေကို ကျူးကျော်သိမ်းပိုက်နေပါတယ်။ 

    ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲကြောင့် အမေရိကန်အပါအ၀င် အစ္စရေးရဲ့ အဓိကမဟာမိတ် ဥရောပနိုင်ငံတွေက နှစ်နိုင်ငံတည်ရှိရေးအဖြေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ ထုတ်ပြောလာကြပါတယ်။ 

    ဒေးဗစ်ကင်မရွန်းက နှစ်နိုင်ငံတည်ရှိရေးအဖြေအတွက် အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ဆွေးနွေးမှု လုပ်လုပ်မလုပ်လုပ် ဗြိတိန်ကတော့ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုတော့မယ်လို့ ဖေဖော်၀ါရီ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ အမေရိကန်နဲ့ ဗြိတိန်အပါအ၀င် အစ္စရေးရဲ့ မဟာမိတ်တစ်ချို့ဟာ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ် မပြုထားပါဘူး။ 

     Ref: Aljazeera 

  • ဂျူးအကြမ်းဖက်သမားများကို အမေရိကန်က စတင်အရေးယူ

    ဂျူးအကြမ်းဖက်သမားများကို အမေရိကန်က စတင်အရေးယူ

    ဖေဖော်၀ါရီ ၂၊ ၂၀၂၄

    M-Media 


    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းမှာ အကြမ်းဖက်တိုက်ခိုက် နယ်မြေခိုးယူမှုတွေ လုပ်ဆောင်နေတဲ့ ဂျူးအစွန်းရောက်တွေကို အမေရိကန်က ပထမဆုံး ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်လိုက်ပါတယ်။ 

    ပထမအသုတ် အရေးယူမှုမှာ ဂျူးအစွန်းရောက်လေးဦး ပါ၀င်ပါတယ်။ သူတို့ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေ ရှိနေရင် သိမ်းဆည်းခံရမှာဖြစ်ပြီး အမေရိကန်လုပ်ငန်းတွေ သူတို့နဲ့ ဆက်သွယ် လုပ်ဆောင်တာကိုလည်း တားမြစ်မှာဖြစ်ပါတယ်။ 

    ပါလက်စတိုင်းပိုင်နက်တွေမှာ နေထိုင်နေတဲ့ တရားမ၀င် ဂျူးတွေက ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု လုပ်တာကို တားဆီးအရေးယူနိုင်မယ့် အမိန့်တစ်ခုကိုလည်း သမ္မတက ထုတ်ပြန်ထားတယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးစစ်တပ်က ဂါဇာမှာ လူသတ်ပွဲလုပ်နေချိန် အနောက်ဖက်ကမ်းမှာလည်း ဂျူးအစွန်းရောက်တွေက ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်သတ်ဖြတ် နယ်မြေလုမှုတွေကို အရင်ကထက် ပိုမိုလုပ်ဆောင်လာနေပါတယ်။ 

    Ref: Aljazeera 

    (ဓာတ်ပုံ – ပါလက်စတိုင်းပိုင်နက်အတွင်းမှ တရားမ၀င်ဂျူးများ)

  • ခြစားမှုဖြင့် ထောင်ကျနေသည့် မလေး၀န်ကြီးချုပ်ဟောင်း ပြစ်ဒဏ်တစ်၀က် လွတ်ငြိမ်းခွင့်ရ

    ခြစားမှုဖြင့် ထောင်ကျနေသည့် မလေး၀န်ကြီးချုပ်ဟောင်း ပြစ်ဒဏ်တစ်၀က် လွတ်ငြိမ်းခွင့်ရ

    ဖေဖော်၀ါရီ ၂၊ ၂၀၂၄

    M-Media 


    -ခြစားမှုနဲ့ ထောင်ချခံထားရတဲ့ ၀န်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်ရဲ့ ပြစ်ဒဏ်ကို ထက်၀က်လျှော့ချပေးလိုက်တယ်လို့ မလေးရှား အယူခံခုံရုံးက ဒီကနေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။ 

    နာဂျစ်ဟာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရတာဖြစ်ပြီး အခုလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ၆ နှစ်သာ ပြစ်ဒဏ်ကျခံရတော့မှာပါ။ 

    ထောင်ထဲမှာ ၂ နှစ်ကျော် ရှိနေပြီဖြစ်တဲ့ နာဂျစ်ဟာ ၂၀၂၈ ခုနှစ် သြဂုတ်လမှာ ပြန်လည်လွတ်မြောက်လာမှာ ဖြစ်ပါတယ်။ နာဂျစ်အပေါ် ချမှတ်ထားတဲ့ ဒဏ်ကြေး ရင်းဂစ် သန်း ၂၁၀ ကိုလည်း သန်း ၅၀ အထိ အယူခံခုံရုံးက လျှော့ပေးခဲ့ပါတယ်။ 

    ဒဏ်ကြေး ပေးဖို့ပျက်ကွက်ရင် နောက်ထပ် ထောင်ဒဏ်တစ်နှစ် ကျခံရမှာဖြစ်ပါတယ်။ 

    နာဂျစ်ဟာ ၀န်ကြီးချုပ်တာ၀န်ထမ်းဆောင်ချိန် နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB က ငွေကြေးတွေကို အလွဲသုံးစားလုပ်မှုအတွက် အာဏာလက်လွတ်သွားတဲ့အချိန် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ 

    မလေးရှားဘုရင် ဦးဆောင်တဲ့ အယူခံဘုတ်အဖွဲ့ဟာ ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပြီး နာဂျစ်ရဲ့ပြစ်ဒဏ်ကို လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။ 

    Ref: CNA