News @ M-Media

Blog

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၁၅၊ ၂၀၁၉
    M-Media

    ဂင်းနစ်စံချိန်ဝင်သည့် ဂျာမနီဘောလုံးနည်းပြ ကွယ်လွန်
    =================
    ကမ္ဘ္ဘာ့တိုက်ကြီး ၅ တိုက်က နိုင်ငံပေါင်း ၃၂ မှာ ဘောလုံးအသင်းပေါင်း ၅၅ သင်းကို နည်းပြခဲ့ပြီး ဂင်းနစ်စံချိန်ဝင်ခဲ့တဲ့ ဂျာမနီက ဘောလုံးနည်းပြ ရူဒီ ဂူတန်ဒေါ့ဖ်ဟာ အသက် ၉၃ နှစ်အရွယ် ဒီကနေ့မှာကွယ်လွန်သွားခဲ့ပါတယ်။ နည်းပြဘ၀ကို ၁၉၅၀ ပြည့်နှစ်တွေက ဆွစ်ဇာလန်ကလပ် Blue Stars အသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ် ဆာမိုအာနည်းပြဘ၀နဲ့ အဆုံးသတ်ခဲ့ပါတယ်။ မိခင်နိုင်ငံ ဂျာမနီအပါအ၀င် လက်ရွေးစင်အသင်းပေါင်း ၁၈ ခုကိုလည်း နည်ပြခဲ့ဖူးပါတယ်။ ဂျာမနီဘောလုံးအဖွဲ့ချုပ်က ရူဒီဟာ ဂျာမနီဘောလုံးလောကရဲ့ သံတမန်ဖြစ်တယ်လို့ ဂုဏ်ပြုတင်စားခဲ့ပါတယ်။

    ဘောလုံးကို အာရုံစိုက်ရန် လင်ဂါ့တ်နှင့် ရက်ရှ်ဖို့ဒ်တို့ကို ဆိုးလ်ရှား သတိပေး
    ==========================
    အသင်းက အဓိက ကစားသမား ၂ ဦးဖြစ်တဲ့ ကွင်းလယ်လူ ဂျီဆီလင်ဂါ့တ်နဲ့ တိုက်စစ်မှူး မားကတ်စ် ရက်ရှ်ဖို့ဒ်တို့ကို ကွင်းအတွင်းမှာ အာရုံစူးစိုက်ဖို့ မန်ယူနည်းပြ ဆိုးလ်ရှားက ခေါ်ယူသတိပေးခဲ့ပါတယ်။ ဖက်ရှင်လုပ်ငန်းလုပ်ကိုင်နေတဲ့ လင်ဂါ့တ်အနေနဲ့ ဘောလုံးမှာ အားမထည့်နိုင်မှာနဲ့ ရက်ရှ်ဖို့ဒ်လည်း ကွင်းပြင်ပ ကိစ္စတွေအပေါ်ဦးစားပေးနေမှာကို ဆိုးလ်ရှားက စိုးရိမ်နေတာပါ။ ကွင်းပြင်ပ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး လင်ဂါ့တ်ကိုအရင်ကလည်း ဆိုးလ်ရှားက ခေါ်ယူသတိပေးခဲ့ဖူးပါတယ်။

    ဆာလာဟ်နှင့် အခြေအတင်ဖြစ်ခဲ့သည့်အကြောင်း မာနေး ဖွင့်ဟ
    ====================
    ပြီးခဲ့တဲ့ ၂ ပတ် ဘန်လေနဲ့ပွဲတုန်းက အသင်းဖော် ဆာလာဟ်နဲ့ စကားများခဲ့ပေမယ့် အခုအချိန်မှာတော့ သူငယ်ချင်းကောင်းတွေ ဖြစ်နေပြီလို့ လီဗာပူးလ်တိုက်စစ်မှူး မာနေးက ပြောကြားလိုက်ပါတယ်။ ၃ ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ အဲဒီပွဲ ပွဲပြီးကာနီး ရရှိတဲ့ ဂိုးသွင်းခွင့်ကို ဆာလာဟ်က ထိုးမပေးတဲ့အတွက် မာနေးက ဒေါသထွက်ခဲ့ပြီး အ၀တ်လဲခန်းထဲမှာ အချေအတင်ဖြစ်တာကြောင့် နည်းပြ ယာဂန်ကလော့နဲ့ တိုက်စစ်မှူး ဖာမီနိုတို့က ဖြန်ဖြေခဲ့ရပါတယ်။ မာနေးကတော့ တစ်ခါတစ်ရံမှာ မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်တာက ပိုကောင်းပြီး အခုအချိန်မှာတော့ ဒီကိစ္စကို မေ့လိုက်ပြီလို့ ဆိုပါတယ်။

    Ref: BBC, Dailymail

  • ဆော်ဒီက ကမ္ဘ္ဘာ့အကြီးဆုံး ရေနံလုပ်ငန်း တိုက်ခိုက်ခံရမှုအကြောင်း တစ်စေ့တစ်စောင်း

    ဆော်ဒီက ကမ္ဘ္ဘာ့အကြီးဆုံး ရေနံလုပ်ငန်း တိုက်ခိုက်ခံရမှုအကြောင်း တစ်စေ့တစ်စောင်း

    စက်တင်ဘာ ၁၅၊ ၂၀၁၉
    M-Media

    တိုက်ခိုက်မှုပြီးနောက် မီးလောင်နေမှု

    -ဆော်ဒီအာရဗျရဲ့ အကြီးဆုံး နိုင်ငံပိုင်လုပ်ငန်းဖြစ်ပြီး ကမ္ဘ္ဘာပေါ်မှာ အကျိုးအမြတ်အများဆုံး ရတဲ့ လုပ်ငန်းလည်းဖြစ်တဲ့ ရေနံကုမ္ပဏီ Aramco ရဲ့ ရေနံထုတ်လုပ်တဲ့ စက်ရုံနှစ်ခုဟာ မနေ့က ဒရုန်းလေယာဉ်တွေနဲ့ တိုက်ခိုက်ခံလိုက်ရပါတယ်။

    တိုက်ခိုက်မှုကြောင့် Abqaiq နဲ့ Khurais ဆိုတဲ့ စက်ရုံနှစ်ခုရဲ့ အစိတ်အပိုင်းတစ်ချို့ မီးလောင်ခဲ့ပြီး နောက်ပိုင်းမှာ မီးကို ထိန်းနိုင်ခဲ့ပါတယ်။ နိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ Abqaiq စက်ရုံဟာ ကမ္ဘ္ဘာပေါ်မှာ အကြီးဆုံး ရေနံထုတ်လုပ်၊ သန့်စင်တဲ့စက်ရုံဖြစ်ကာ တစ်နေ့ကို ရေနံစည်ပေါင်း ၇ သန်းလောက် ထုတ်လုပ်နိုင်ပါတယ်။

    အနောက်တောင်ဖက် Khurais စက်ရုံမှာတော့ အရန်ရေနံစည်ပေါင်း ဘီလီယံ ၂၀ ကျော် ရှိနေပါတယ်။

    ဒီအဖြစ်အပျက်အတွင်း လူသေဆုံးဒဏ်ရာရမှုတော့ မရှိပါဘူး။ Aramco ရေနံလုပ်ငန်းမှာ အမေရိကန်နိုင်ငံသားအများအပြား အလုပ်လုပ်ကိုင်နေကြတာပါ။

    တိုက်ခိုက်မှုပြီးတဲ့နောက် အဲဒီစက်ရုံတွေက ရေနံထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်းကို ရပ်ဆိုင်း လိုက်ရတာကြောင့် ထုတ်လုပ်မှုဟာ တစ်နေ့ကို စည်ပေါင်း ၅.၇ သန်းလောက် ကျဆင်းသွားပြီး ဒါဟာ ကမ္ဘ္ဘာ့ရေနံတင်ပို့မှုရဲ့ ၅ ရာခိုင်နှုန်းကျော်ပမာဏ ဖြစ်ပါတယ်။

    ဟူသီတွေကလုပ်

    အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ယီမင်သူပုန် ဟူသီအဖွဲ့က တိုက်ခိုက်မှုကို သူတို့လုပ် ဆောင်တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    သူတို့ရဲ့ အခွင့်အရေးအရ ဒီလိုတိုက်ခိုက်တာဖြစ်ကြောင်း၊ နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

    မြို့တော် ဆန်နာအပါအ၀င် ယီမင်နိုင်ငံရဲ့ ဒေသတစ်ချို့ကို သိမ်းပိုက်ထားနိုင်တဲ့ ဟူသီတွေကို ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ၂၀၁၅ ခုနှစ်ကနေ စတင်ပြီး တိုက်ခိုက်ခဲ့တာပါ။ ဆော်ဒီနဲ့ မဟာမိတ်အဖွဲ့ဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယီမင်သမ္မတ အဘ်-ရာဘူ မန်ဆူရ်ဟာဒီဖက်ကနေ တိုက်ခိုက်ပေးနေတာလည်း ဖြစ်ပါတယ်။

    ဟူသီအဖွဲ့ကလည်း လေဆိပ်တွေ၊ ရေနံထုတ်လုပ်ရာနေရာတွေ အပါအ၀င် ဆော်ဒီက ပစ်မှတ်တွေကို ၂၀၁၈ ခုနှစ် မတ်လကစလို့ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု လုပ်ခဲ့ပြီး၊ အခုနောက်ပိုင်းမှာ ဒရုန်းလေယာဉ်တွေကိုပါ အသုံးပြုလာတာပါ။

    မနေ့က ကိစ္စကတော့ ဟူသီတွေရဲ့ တိုက်ခိုက်မှုမှာ အရဲတင်းဆုံးလုပ်ရပ် ဖြစ်ပါတယ်။

    စစ်ပွဲကြောင့် ယီမင်မှာ လူထောင်သောင်းချီ သေဆုံးခဲ့သလို၊ သန်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒါ့အပြင် ယီမင်ဟာ ကမ္ဘ္ဘာ့အဆိုးဝါးဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာနဲ့ ကြုံတွေ့နေရပါတယ်။

    တုန့်ပြန်မှု

    တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖုန်းခေါ်ဆိုခဲ့ပြီး မိမိတို့အနေနဲ့ ဒီတိုက်ခိုက်မှုကို တုန့်ပြန်လိုစိတ်ရှိပြီး၊ တုန့်ပြန်နိုင်စွမ်းလည်းရှိကြောင်း ပြောကြားခဲ့ပါတယ်။

    အမေရိကန်က ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဆော်ဒီရဲ့ တုန့်ပြန် ဆောင်ရွက်မှုမှာ ပူးပေါင်းပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့လည်း ထရမ့်က ပြောကြားခဲ့ပါတယ်။

    ယီမင်မှာ တိုက်ခိုက်နေတဲ့ မဟာမိတ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တာရ်ကီ အလ်-မာလ်ကီက တိုက်ခိုက်မှုကို ဘယ်သူတွေ စီစဉ်ဆောင်ရွက်လဲဆိုတာကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘ္ဘာ့စွမ်းအင်ကဏ္ဍ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နေတဲ့ ခြိမ်းခြောက်မှုတွေကိုအနောက်တိုင်းဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က တုန့်ပြန်သွားမယ်လို့လည်း သူက ဆိုပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဟူသီတွေရဲ့တိုက်ခိုက်မှုအတွက် အီရန်ကို အပြစ်တင်ခဲ့ပြီး တိုက်ခိုက်မှုဟာ ယီမင်ကနေ လုပ်ဆောင်တာမဟုတ်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • လာဘ်စားသည့် အာဏာပိုင်များအား လက်ရောက်အပြစ်ပေးရန် ဖိလစ်ပိုင်သမ္မတက ပြည်သူများကို တိုက်တွန်း

    လာဘ်စားသည့် အာဏာပိုင်များအား လက်ရောက်အပြစ်ပေးရန် ဖိလစ်ပိုင်သမ္မတက ပြည်သူများကို တိုက်တွန်း

    စက်တင်ဘာ ၁၄၊ ၂၀၁၉
    M-Media

    ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေး

    – အာဏာပိုင်တွေ လာဘ်စားတာတွေ့ရင် ရိုက်နှက်တာမျိုး၊ သေနတ်နဲ့ပစ်တာမျိုး လုပ်ဆောင်ဖို့အတွက် ဖိလစ်ပိုင်ပြည်သူတွေကို သမ္မတဒူတာတေးက တိုက်တွန်းလိုက်ပြီး တရားဥပဒေဘောင်အပြင်ဘက်ရောက်တဲ့ ဒီစကားအတွက် ဝေဖန်မှုတွေလည်း ပေါ်ထွက်လာပါတယ်။

    “အခွန်ပေးတာ၊ ငွေကြေးပေးသွင်းတာ၊ ထောက်ခံစာယူတာမျိုးလုပ်လို့ အာဏာပိုင်တွေက လာဘ်လာဘတောင်းရင် ရိုက်သာရိုက်။ သေနတ်တွေဘာတွေရှိရင်လည်း ပစ်သာပစ်လိုက်။ ဒါပေမယ့် မသေစေနဲ့။ သေသွားရင်တော့ တရားရင်ဆိုင်ရင် ခင်ဗျားတို့ လွတ်ငြိမ်းချမ်းသာခွင့်ရမှာ မဟုတ်ဘူး” လို့ ဗုဒ္ဓဟူးနေ့က ဘာတန်မြို့မိန့်ခွန်းမှာ ဒူတာတေးက ပြောကြားခဲ့ပါတယ်။

    အဲဒီလိုလုပ်ဆောင်တဲ့ ပြည်သူတွေကို သူကိုယ်တိုင် ကာကွယ်သွားမှာဖြစ်ပြီး၊ လာဘ်စားတဲ့အာဏာပိုင်တွေကို ထောင်ချတာထက် ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်တဲ့အပြစ်မျိုး ပေးသွားမယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အစိုးရတာဝန်ရှိသူတွေ၊ အစိုးရ၀န်ထမ်းတွေ လာဘ်စားတာမျိုးတွေ့ရင် တိုင်ကြားဖို့နဲ့ မိမိတို့ရဲ့
    အခွင့်အရေးကို အပြည့်အ၀ရယူဖို့ ဒူတာတေးက ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

    ဒူတာတေးဟာ ၂၀၁၆ ခုနှစ်က အာဏာရပြီးတဲ့နောက် မူးယစ်ဆေးဝါး နှိမ်နှင်းမှုမှာ အင်အားသုံးပြီး အလွန်အကျွံလုပ်ဆောင်မှုအတွက် ဝေဖန်ခံထားနေရသူပါ။ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှုကို လှောင်ပြောင်ပြောဆိုမှုတွေအတွက်လည်း ပြစ်တင်ခံထားရပါတယ်။

    ဗုဒ္ဓဟူးနေ့က အခုမှတ်ချက်ဟာ တရားဥပဒေဘောင်ကို ကျော်လွန်ပြီ တည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေနိုင်တဲ့အတွက် အစိုးရအဖွဲ့ဝင်တစ်ချို့ အပါအ၀င် လူတော်တော်များများက ဝေဖန်နေကြပါတယ်။

    ဒူတာတေးက သူ့အနေနဲ့ ခြစားမှုတိုက်ဖျက်ရေးဥပဒေမှာ ပါဝင်တာကိုသာ ပြောကြားတာ ဖြစ်တယ်လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

    Ref: Daily Mail

  • အမေရိကန်၏ ပက်ထရီယော့ဒုံးခွင်းစနစ် ၀ယ်ယူရန် တူရကီ ဆွေးနွေးနေ

    အမေရိကန်၏ ပက်ထရီယော့ဒုံးခွင်းစနစ် ၀ယ်ယူရန် တူရကီ ဆွေးနွေးနေ

    စက်တင်ဘာ ၁၄၊ ၂၀၁၉
    M-Media

    အမေရိကန်၏ ပက်ထရီယော့ဒုံးခွင်းစနစ်

    -ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူတဲ့ကိစ္စအတွက် နှစ်ဖက် တင်းမာမှုတွေ ရှိနေပေမယ့်အမေရိကန်လုပ် ဒုံးခွင်းစနစ် ၀ယ်ယူဖို့ အခုလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးသွားမယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

    မနေ့က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ အာဒိုဂန်က မြေပြင်ကဝေဟင်ပစ် ပက်ထရီယော့ဒုံးခွင်းစနစ်တွေကို ၀ယ်ယူဖို့အတွက် လွန်ခဲ့တဲ့ ၂ ပတ်က ထရမ့်နဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ လာမယ့်တစ်ပတ် နယူးယောက်မှာ ကုလ အထွေထွေညီလာခံ ကျင်းပဖို့ရှိနေပြီး အဲဒီမှာ အာဒိုဂန်နဲ့ ထရမ့်တို့ ထပ်တွေ့ဖို့ ရှိနေပါတယ်။

    “S-400 စနစ်ရထားပေမယ့် ပက်ထရီယော့တစ်ချို့ကိုတော့ ၀ယ်အုံးမှာပါ။ ဒါပေမယ့် အနည်းဆုံး
    S-400 နဲ့ အဆင်ပြေမယ့် အခြေအနေတွေကို ကြည့်ရအုံးမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်” လို့ အာဒိုဂန်က ပြောကြားခဲ့ပါတယ်။

    ရုရှားထံကနေ S-400 ဒုံးခွင်းစနစ်ကို ၀ယ်ယူခဲ့တဲ့အတွက် တူရကီနဲ့ အမေရိကန်တို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ အမေရိကန်က ဒီကိစ္စကို ရှုတ်ချခဲ့သလို F-35 တိုက်လေယာဉ်တူရကီနဲ့ ပူးပေါင်းထုတ်လုပ်မှု၊ တူရကီ လေယာဉ်မှူးတွေကို လေ့ကျင့်ပေးမှု အစီအစဉ်တွေကို အမေရိကန်က ရပ်ဆိုင်းခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

    အာဒိုဂန်ကတော့ မိမိတို့အနေနဲ့ ရုရှားရဲ့ Su-35 နဲ့ Su-57 တိုက်လေယာဉ်တွေကိုပါ ၀ယ်ယူဖို့ ရှိနေတယ်လို့ ပြီးခဲ့တဲ့လနှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အိမ်ဖြူတော်မှာ အစ္စရေးက သူလျှိုလုပ်ငန်း ဘယ်လိုလုပ်ဆောင်လဲ???

    အိမ်ဖြူတော်မှာ အစ္စရေးက သူလျှိုလုပ်ငန်း ဘယ်လိုလုပ်ဆောင်လဲ???

    စက်တင်ဘာ ၁၄၊ ၂၀၁၉
    M-Media

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု

    -အစ္စရေးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အိမ်ဖြူတော်က တာဝန်ရှိသူတွေရဲ့ ဖုန်းတွေကို ခြေရာခံကာ လျှို့ဝှက်ထောက်လှမ်းနေတယ်လို့ အမေရိကန် နိုင်ငံရေးဂျာနယ်တစ်ခုဖြစ်တဲ့ Politico က စက်တင်ဘာ ၁၂ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

    အိမ်ဖြူတော်အတွင်းနဲ့ အနီးအနားတစ်ဝိုက်က နေရာတွေမှာ ဖုန်းကြားဖြတ်နားထောင်တဲ့ ကိရိယာတွေထားပြီး ထောက်လှမ်းနေတာလို့ဆိုပါတယ်။ အစ္စရေးဟာ အရင်ကလည်း သူလျှိုတွေလွှတ်ကာ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လျှို့ဝှက်ထောက်လှမ်းတဲ့သမိုင်း ရှိခဲ့ဖူးပါတယ်။

    အခုသတင်းကိုတော့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ၂ ဦးစလုံးက ငြင်းဆိုခဲ့ပါတယ်။

    အာဏာပိုင်တွေ အတည်ပြု

    အစ္စရေးက သမ္မတထရမ့်အပါအ၀င် အိမ်ဖြူတော် တာဝန်ရှိသူတွေရဲ့ ဖုန်းတွေကို ကြားဖြတ်နားထောင်တယ် ဆိုတဲ့သတင်းကို အွန်လိုင်းသတင်းဌာန အမေရိကန် ထောက်လှမ်းရေးဌာန FBI နဲ့ အခြား အမေရိကန်အစိုးရ အေဂျင်စီက တာဝန်ရှိသူတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး အခုတစ်ပတ်မှာ Politico ဂျာနယ်က ဖော်ပြခဲ့ပါတယ်။

    နိုင်ငံရပ်ခြားက သူလျှိုလုပ်ငန်း လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကို အမေရိကန်အာဏာပိုင်တွေက စုံစမ်းဖော်ထုတ်ရာမှာ ဖုန်းခေါ်ဆိုမှု ကြားဖြတ်နားထောင်တဲ့စက် StingRay တွေကို ဝါရှင်တန်မြို့ မြို့လယ်ကောင်မှာ ၂၀၁၇ ခုနှစ်က တွေ့ရှိခဲ့ပါတယ်။

    FBI နဲ့ အမေရိကန်အစိုးရ အေဂျင်စီက မှုခင်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဒါဟာ အစ္စရေးထောက်လှမ်းရေးအေးဂျင့်တွေရဲ့ လက်ချက်ဆိုတာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    “ဒါတွေဟာ အစ္စရေးရဲ့လက်ချက်ဆိုတာ သိပ်ကို ထင်ရှားပါတယ်” လို့ အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူတစ်ဦးက Politico ကို ပြောကြားခဲ့ပါတယ်။

    နောက်ထပ် တာဝန်ရှိသူတစ်ဦးကလည်း ဒီကိရိယာတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊သူ့ရဲ့အကြံပေးတွေ၊ နီးစပ်သူတွေကို ပစ်မှတ်ထားတာဖြစ်ပြီး အောင်မြင်လားဆိုတာ မသေချာဘူးလို့ ဆိုပါတယ်။

    စုံစမ်းမှုရလဒ် ပေါ်ထွက်လာပြီးတဲ့နောက် ထရမ့်ဟာ ဒီကိစ္စအတွက် ဘယ်လိုအရေးယူမှုမှ မလုပ်ခဲ့သလို၊ အစ္စရေးခေါင်းဆောင်တွေကို သတိပေးတာမျိုးတောင်မရှိဘူးလို့လည်း အမေရိကန်ထောက်လှမ်းရေး တာဝန်ရှိသူဟောင်းတစ်ဦးက ပြောပါတယ်။

    StingRay ဆိုတာဘာလဲ


    StingRay ကိရိယာ၏ လုပ်ဆေင်မှု

    ဖုန်းလိုင်းမိနေတယ်လို့ အသုံးပြုသူတွေ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်ကာ ဆက်သွယ်မှုတွေ အချက်အလက်တွေကို စောင့်ကြည့်ရာယူတဲ့စက်ဖြစ်ပြီး IMSI ကိရိယာလို့ လူသိများပါတယ်။

    ဒီစက်ကို များသောအားဖြင့် ရဲတပ်ဖွဲ့မှာ အသုံးပြုကြတာပါ။ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို လုပ်တဲ့အခါ သံသယရှိသူတွေရဲ့ ဖုန်းတွေကို ဒီစက်နဲ့ ကြားဖြတ်နားထောင်တာ၊ မက်ဆေ့ခ်ျ၊ Contacts နဲ့ တည်နေရာအချက်အလက်တွေ ရယူတာမျိုး လုပ်ကြပြီး ၀ရမ်းမပါဘဲနဲ့ ဒီစက်ကိုအသုံးပြုတဲ့အတွက် ဝေဖန်သူမှုလည်း ရှိနေပါတယ်။

    စက်ရဲ့ခြိမ်းခြောက်နိုင်စွမ်းကို စစ်ဆေးဖော်ထုတ်တဲ့ စီမံကိန်းတစ်ခုကို အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနက လွန်ခဲ့တဲ့ ၂ နှစ်အရင်က လုပ်ဆောင်ခဲ့ရာမှာ ဝါရှင်တန်မြို့အတွင်း IMSI စက် အများအပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။

    အိမ်ဖြူတော်လုံ လုံခြုံရေးအရ အထိအခိုက်မခံတဲ့ အဆောက်အဦးတွေမှာပါ ဒီစက်တွေကို တွေ့ခဲ့တယ်လို့ ၂၀၁၈ ခုနှစ် မေလအတွင်း လွှတ်တော်အမတ် ရွန်ဝေဒန်ကို ပေးပို့တဲ့စာမှာ ပြည်တွင်းလုံခြုံရေဌာနက ဖော်ပြထားပါတယ်။

    အစ္စရေးကငြင်း၊ ထရမ့်ကလည်း လက်မခံ

    သမ္မတ ဒေါ်နယ်ထရမ့်က ဒီသတင်းတွေကို ပယ်ချခဲ့ပြီး အစ္စရေးဟာ အမေရိကန်ကို လျှို့ဝှက်ထောက်လှမ်းနေတယ်လို့မထင်ကြောင်း၊ အစ္စရေးနဲ့ မိမိရဲ့ဆက်ဆံရေးဟာ ကောင်းမွန်နေကြောင်း ကြာသာပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

    ရုရှားကိုရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း Politico ရဲ့ ဖော်ပြမှုကို ငြင်းဆိုခဲ့ပါတယ်။

    အမေရိကန်အပေါ် လျှို့ဝှက်ထောက်လှမ်းမှုလုပ်တာကို မိမိက ပိတ်ပင်ထားတဲ့အတွက် ဒီလိုအဖြစ်အပျက်မျိုး မရှိဘူးလို့ သူက ပြောပါတယ်။

    “အမေရိကန်မှာ ထောက်လှမ်းရေးအဆက်အသွယ်မထားရ၊ သူလျှိုလုပ်ငန်း မလုပ်ရလို့ ကျွန်တော် ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ဘယ်လိုခြွင်းချက်မျိုးမှမထားဘဲ ညွှန်ကြားချက်ကို လိုက်နာခိုင်းထားပါတယ်။ သတင်းတွေဟာ လုံးဝ လုပ်ကြံဖော်ပြမှုပါ”

    အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း ဒီသတင်းတွေဟာ လုံးဝ လိမ်လည်မှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    Ref: South China Morning Post