News @ M-Media

Blog

  • အိန္ဒိယ၏ သမိုင်းဝင်မည့် လဆင်းခရီးစဉ် မအောင်မြင်

    အိန္ဒိယ၏ သမိုင်းဝင်မည့် လဆင်းခရီးစဉ် မအောင်မြင်

    စက်တင်ဘာ ၇၊ ၂၀၁၉
    M-Media

    လပေါ်ဆင်းမည့် Vikram

    -လပေါ်ကို ဆင်းသက်ဖို့ စီစဉ်ထားတဲ့ အိန္ဒိယလဆင်းယာဉ်ငယ်ဟာ မြေပြင် ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီး သမိုင်းဝင်မယ့် အာကာသအောင်မြင်မှုတစ်ခု လက်တစ်ကမ်းအလိုမှာ ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။

    လရဲ့ပတ်လမ်းမှာ ရှိနေတဲ့ Chandrayaan-2 အာကာသယာဉ်ကနေ Vikram လဆင်းယာဉ်ကို အိန္ဒိယက အခုတစ်ပတ်အစောပိုင်းမှာ စေလွှတ်ခဲ့ပြီး စက်တင်ဘာ ၇ ရက်နေ့ (ယနေ့) မှာ လရဲ့ တောင်ဘက် ၀င်ရိုးစွန်းကို ဆင်းသက်ဖို့ စီစဉ်ထားတာပါ။ ဒီဆင်းသက်မှုသာ အောင်မြင်ခဲ့ရင် အိန္ဒိယဟာ လပေါ်ကို ယာဉ်ငယ်စေလွှတ်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် လမျက်နှာပြင်ပေါ် ဆင်းသက်ဖို့အချိန် နီးကပ်လာစဉ်မှာပဲ လဆင်းယာဉ်ငယ်နဲ့ ထိန်းချုပ်ရေးစခန်းတို့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပါတယ်။ ဒီဆင်းသက်မှုကို အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီကိုယ်တိုင် ဘန်ဂလောရ်က ထိန်းချုပ်ရေးစခန်းမှာ သွားရောက်ကြည့်ရှုခဲ့တာပါ။

    အိန္ဒိယ အာကာသ သုတေသနအဖွဲ့ ISRO ဥက္ကဌ ကိုင်လာဆာဗာဒီဗို စီဗန်က စဉ်ထားတဲ့အတိုင်း ဖြစ်ခဲ့ပေမယ့် လမျက်နှာပြင်ပေါ် ၂.၁ ကီလိုမီတာအကွာ အရောက်မှာတော့ လဆင်းယာဉ်ငယ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတာပြီး ဘာဖြစ်တယ်ဆိုတာ စစ်ဆေးနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    Chandrayaan-2 အာကာသယာဉ်ကို အိန္ဒိယက ဇူလိုင်လ ၂၂ ရက်နေ့မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး အာကာသယာဉ်၊ လဆင်းယာဉ်နဲ့ လသွားယာဉ်၊ လွှတ်တင်တဲ့ ဒုံးပျံတွေ အားလုံးဟာ ပြည်တွင်းဖြစ် ဖြစ်ပါတယ်။

    ISRO က လပေါ်ဆင်းမယ့် ၁၅ မိနစ်တာကာလဟာ ကြောက်စရာကာလ ဖြစ်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ၀န်ကြီးချုပ်မိုဒီက လဆင်းယာဉ်ငယ်ဆင်းမယ့်အစီအစဉ် မအောင်မြင်ပေမယ့် လုပ်ဆောင်ခဲ့တာအားလုံးဟာ ကြီးကျယ်တဲ့ အောင်မြင်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယဟာ ၂၀၀၈ ခုနှစ်မှာ ပထမဆုံး လသွားခရီးစဉ်အဖြစ် Chandrayaan-1 အာကာသယာဉ်ကို လွှတ်တင်ခဲ့ပြီး ပတ်လမ်းကနေတစ်ဆင့် လပေါ်မှာ ရေအရင်းမြစ်တွေရှိကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အခု Chandrayaan-2 ခရီးစဉ်ဟာ ဒီရေအရင်းအမြစ်ကို လေ့လာဖို့ ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ်မှာ အာကာသကို ပထမဆုံး လူလွှတ်ဖို့ အိန္ဒိယက စီစဉ်ထားသလို၊ အင်္ဂါဂြိုဟ်ပေါ်ကို ယာဉ်ငယ်ဆင်းကာ လေ့လာဖို့လည်း ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်မှာ အိန္ဒိယဟာ အင်္ဂါဂြိုဟ်ပတ်လမ်းကို အာကာသယာဉ် ပို့ဆောင်နိုင်ခဲ့ပြီး ဒီလိုလုပ်နိုင်တဲ့ ကမ္ဘ္ဘာ့ စတုတ္ထမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    Ref: CNA

  • အမေဇုန်သစ်တော ထိန်းသိမ်းရေး သဘောတူညီချက်သစ်ကို အမေဇုန်နိုင်ငံများ လက်မှတ်ထိုး

    အမေဇုန်သစ်တော ထိန်းသိမ်းရေး သဘောတူညီချက်သစ်ကို အမေဇုန်နိုင်ငံများ လက်မှတ်ထိုး

    စက်တင်ဘာ ၇၊ ၂၀၁၉
    M-Media

    သဘောတူညီချက်လက်မှတ်ထိုးမှုကို ခေါင်းဆောင်များက ပြသနေစဉ်

    -ကမ္ဘ္ဘာ့ကြီးရဲ့ အဆုတ်လို့ တင်စားခြင်းခံရတဲ့ အမေဇုန်သစ်တောကြီးကို ထိန်းသိမ်းကာကွယ်ရေး အစီအမံတွေ လုပ်ဆောင်ဖို့အတွက် သစ်တောတည်ရှိရာ နိုင်ငံတွေ မနေ့က တွေ့ဆုံကာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

    အဲဒီ တွေ့ဆုံဆွေးနွေးမှုကို ကိုလံဘီယာသမ္မတ အီဗန် ဒူကေးက ဦးဆောင်တာဖြစ်ပြီး ကိုလံဘီယာရဲ့ အမေဇုန်သစ်တောတည်ရှိရာဒေသက လီတီစီယာမြို့မှာ ပြုလုပ်ခဲ့တာပါ။

    သဘောတူညီချက်ကို Leticia Amazon pact လို့ အမည်ပေးထားပြီး အမေဇုန်သစ်တော တည်ရှိရာ နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ရေး၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းတစ်ခု ဖော်ဆောင်ရေး၊ အမေဇုန်သစ်တော စောင့်ကြည့်မှု လုပ်ငန်းတွေကို တိုးမြှင့်ရေး၊ သစ်တောအတွင်း နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားများရဲ့ စွမ်းဆောင်ရည်နဲ့ ပူးပေါင်းပါဝင်မှု မြင့်မားလာအောင် ဆောင်ရွက်ရေး စတာတွေအပြင် အမေဇုန်သစ်တော ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် သဘောတူညီချက်မှာ အသေးစိတ်အချက်အလက်တွေ ပါဝင်ခြင်း မရှိပါဘူး။

    ဆွေးနွေးပွဲကို ပီရူး၊ အီကွေဒေါတို့က သမ္မတတွေ၊ ဆူရီနမ်က ဒုသမ္မတ၊ ဘရာဇီးလ်နိုင်ငံခြားရးဝန်ကြီး၊ ဂါယာနာ နိုင်ငံက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးတို့ တက်ရောက်ခဲ့ပြီး ကျန်းမာရေးကြောင့် ကိုလံဘီယာနိုင်ငံကို မလာနိုင်တဲ့ ဘရာဇီးလ်သမ္မတက ဗီဒီယိုကနေတစ်ဆင့် ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံကိုတော့ အစည်းအဝေးမှာ ဖိတ်ကြားခြင်းမရှိပါဘူး။

    ဘရာဇီလ်းအပါအ၀င် တောင်အမေရိက နိုင်ငံတစ်ချို့က အမေဇုန်သစ်တောမှာ တောမီးလောင်ကျွမ်းပြီး ကမ္ဘ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေ မြင့်တက်နေတဲ့အချိန် အခုလို သဘောတူညီချက်တစ်ခု ပေါ်ထွက်လာတာပါ။ အမေဇုန်သစ်တော ကာကွယ်ရေး ထိရောက်တဲ့ ပေါ်လစီတွေ မချနိုင်တာ၊ သစ်တောအတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုကို ခွင့်ပြုခဲ့တာတွေအတွက် ဘရာဇီးလ်သမ္မတ ဘိုလ်ဆိုနာရိုဟာ အကြီးအကျယ် ပြစ်တင်ခံနေရပါတယ်။

    မနေ့က သဘောတူညီချက်တွေကို မြေပြင်မှာ အမှန်တကယ် အကောင်အထည်ဖော်နိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သံသယရှိနေပါတယ်။

    Ref: Aljazeera

  • နိုင်ငံခြားဆက်သွယ်ရေးကွန်ယက်များအထိ ၀င်ရောက်ကာ တရုတ်က ဝီဂါများကို စောင့်ကြည့်နေ

    နိုင်ငံခြားဆက်သွယ်ရေးကွန်ယက်များအထိ ၀င်ရောက်ကာ တရုတ်က ဝီဂါများကို စောင့်ကြည့်နေ

    စက်တင်ဘာ ၇၊ ၂၀၁၉
    M-Media

    -တရုတ်အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ ဟက်ကာတွေဟာ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက တယ်လီဖုန်းကွန်ယက်တွေကို ၀င်ရောက်ပြီး ဝီဂါလူမျိုးတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတယ်လို့ ထောက်လှမ်းရေးရင်းမြစ် ၂ ခုနဲ့ လုံခြုံရေးအဖွဲ့ ၂ ခုတို့ရဲ့ ပြောကြားမှုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ဝီဂါလူမျိုးတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုအတွက် တရုတ်အစိုးရဟာ ကမ္ဘ္ဘာ့အသိုင်းအဝိုင်းရဲ့ ရှုတ်ချခြင်းကို ခံခဲ့ရပါတယ်။ ရှင်ကျန်းမှာ အကျဉ်းစခန်းတွေ တည်ဆောက်ကာ ဝီဂါ ၁ သန်းလောက်ကို ထိန်းသိမ်းထားတယ်လို့ နိုင်ငံတကာမီဒီယာတွေက ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

    ဆိုက်ဘာလုံခြုံရေး လေ့လာဆန်းစစ်သူတွေက တရုတ်ဟာ နိုင်ငံအတွင်းက ဝီဂါတွေကိုသာမကဘဲ နိုင်ငံအပြင်ရောက်နေတဲ့ ဝီဂါတွေကိုပါ စောင့်ကြည့်မှုတွေ လုပ်နေကြောင်း၊ ဒါဟာ သံတမန်တွေ၊ တစ်ခြားတိုင်းပြည်တွေက စစ်ဖက်တာဝန်ရှိသူတွေအပေါ် ပြုလုပ်တဲ့ ဆိုက်ဘာသူလျှိုလုပ်ငန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

    တရုတ်ဟက်ကာ အဖွဲ့တွေဟာ တူရကီ၊ ကာဇက်စတန်၊ အိန္ဒိယ၊ ထိုင်းနဲ့ မလေးရှားတို့အပါအ၀င် နိုင်ငံခြား တိုင်းပြည်တွေက ဆက်သွယ်ရေးကွန်ယက်တွေကို ၀င်ရောက်ခဲ့ကြတာပါ။ ဒီနိုင်ငံတွေဟာ များသောအားဖြင့် တရုတ်အစိုးရရဲ့ ညှင်းပမ်းမှုကြောင့် ထွက်ပြေးလာတဲ့ ဝီဂါတွေ တစ်ထောက်နားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

    ဆိုက်ဘာတိုက်ခိုက်မှုတွေရှိတယ်၊ ဝီဂါတွေအပေါ် မတော်မတရား ကျူးလွန်မှုတွေ ရှိတယ်ဆိုတဲ့
    သတင်းတွေကို တရုတ်အစိုးရက အကြိမ်ကြိမ်ငြင်းဆိုခဲ့ပြီး ဆက်သွယ်ရေးကွန်ယက်တွေကို ဖောက်ထွင်း ၀င်ရောက်တယ်ဆိုတာကိုတော့ သက်သေအထောက်အထားပြဖို့ တောင်းဆိုခဲ့ပါတယ်။

    တရုတ်ရဲ့ ဒီဆိုက်ဘာဖောက်ထွင်းမှု လုပ်ငန်းမှာ ဘယ်ဆက်သွယ်ရေးကုမ္ပဏီတွေ ပစ်မှတ်ထားခံရလဲဆိုတာ မဖော်ထုတ်နိုင်သေးကြောင်း၊ ထိုင်းအစိုးရ တာဝန်ရှိသူတွေဟာ ဒီကိစ္စအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး၊ မလေးရှား၊ ကာဇက်စတန်နဲ့ တူရကီနိုင်ငံတို့က အာဏာပိုင်တွေကိုလည်း ဆက်သွယ်လို့ မရသေးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဖော်ထုတ်

    အမေရိကန် ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီဖြစ်တဲ့ Volexity က ကမ္ဘ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဝီဂါလူမျိုးတွေရဲ့ ဖုန်းတွေ အီးမေးလ်တွေကို ဖောက်ထွင်းဝင်ရောက်ဖို့ တရုတ်အစိုးရရဲ့ ကြိုးစားမှု အသေးစိတ် အချက်အလက်တွေကို အခုတစ်ပတ်အတွင်း ထုတ်ပြန်ခဲ့ပါတယ်။

    Google က ပညာရှင်တွေကလည်း အမည်မသိအုပ်စုတွေက iPhone တွေကို ဖောက်ထွင်းဖို့ ကြိုးစားခဲ့ကြောင်း ပြောကြားခဲ့ပြီး ဒါဟာ ဝီဂါလူ့အဖွဲ့အစည်းကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့တာလို့ Forbes နဲ့ TechCrunch သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

    ဆက်သွယ်ရေးကုမ္ပဏီတွေဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ပိုင်ဆိုင်ထားတာကြောင့် ကမ္ဘ္ဘာတစ်ဝှမ်းက ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံစားနေရပါတယ်။

    ကယ်လီဖိုးနီးယားအခြေစိုက် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ FireEye က တရုတ် ဟက်ကာအဖွဲ့တွေဟာ အရှေ့တောင်အာရှ နိုင်ငံတွေမှာ malware တစ်မျိုးကို အသုံးပြုကာ ဖုန်းစာတိုပေးပို့မှုကို ထောက်လှမ်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    သူတို့ ပစ်မှတ်ထားသူတွေရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်း CDR ရရှိအောင်လည်း တရုတ်အစိုးရက
    ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့ အမေရိကန်-အစ္စရေး ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Amit Serper က အခုနှစ်အစောပိုင်းက ဖော်ပြခဲ့ဖူးပါတယ်။

    Ref: Reuters

  • နျူအရေးဆွေးနွေးရန် IAEA အကြီးအကဲ အီရန်သွားမည်

    နျူအရေးဆွေးနွေးရန် IAEA အကြီးအကဲ အီရန်သွားမည်

    စက်တင်ဘာ ၇၊ ၂၀၁၉
    M-Media

    -အီရန်ရဲ့ နျူအရေး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) အကြီးအကဲဟာ ဒီကနေ့မှာ အီရန်နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

    IAEA က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အထွေထွေဒါရိုက်တာ ကိုနဲလ် ဖီရူတာဟာ မြို့တော် တီဟီရန်ကို သွားရောက်ပြီး အီရန် အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း၊ ဒီသွားရောက်မှုဟာ IAEA နဲ့ အီရန်တို့အကြား ဆက်သွယ်ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    ၂၀၁၅ ခုနှစ်က အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ ရရှိထားတဲ့ နျူသဘောတူညီချက်မှာ အချက်အလက်တွေကို အီရန်က ဘယ်လောက်လိုက်နာမှုရှိလဲဆိုတာ လေ့လာသုံးသပ်မှုလည်း ဒီခရီးစဉ်မှာ လုပ်ဆောင်မှာပါ။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက အီရန်ဟာ နျူသုတေသနလုပ်ငန်းနဲ့ပတ်သက်တဲ့ စာချုပ်ပါ အချက်အလက်တွေကို လိုက်နာတော့မှာမဟုတ်ဘူးလို့ အခုတစ်ပတ်အတွင်း ကြေငြာခဲ့ပါတယ်။ အမေရိကန်က နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီး ပိတ်ဆို့မှုတွေ ထပ်မံ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် အီရန်ဟာ စာချုပ်ပါ အချက်အလက်တွေ လိုက်နာမှုကို တစ်ဖြည်းဖြည်း လျှော့ချနေတာ ဖြစ်ပါတယ်။

    ဇူလိုင်လအတွင်းက ယူရေနီယံသန့်စင်မှု၊ ပြည့်ဝယူရေနီယံပမာဏတို့နဲ့ပတ်သက်တဲ့ စာချုပ်ပါ အချက်အလက်တွေကို လိုက်နာမှာမဟုတ်ကြောင်း အီရန်က ကြေငြာခဲ့ပါတယ်။

    အမေရိကန်က အီရန်နဲ့ နျူသဘောတူညီချက်တစ်ခု ပြန်ရဖို့ ဆွေးနွေးချင်နေပြီး ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက ဆွေးနွေးညှိနှိုင်းလို့ရမယ့် အခြေအနေတစ်ခုအထိရောက်ဖို့ နီးစပ်လာနေပြီလို့၊ မနေ့က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • မဒီနာမှ တမန်တော်မြတ်ဗလီတိုးချဲ့မှု သမိုင်းဝင် မှတ်တမ်းများကို ဆော်ဒီရရှိ

    မဒီနာမှ တမန်တော်မြတ်ဗလီတိုးချဲ့မှု သမိုင်းဝင် မှတ်တမ်းများကို ဆော်ဒီရရှိ

    စက်တငဘာ ၇၊ ၂၀၁၉
    M-Media

    ဗလီတိုးချဲ့မှု မှတ်တမ်းများ

    -မဒီနာက “တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်” (မတ်စ်ဂျစ်ဒ် နဗဝီ) တိုးချဲ့မှုနဲ့ သက်ဆိုင်တဲ့ သမိုင်းဝင် မှတ်တမ်းတွေကို ဆော်ဒီ ယဉ်ကျေးမှုဝန်ကြီးဌာနက ရရှိခဲ့ပါတယ်။

    ဆော်ဒီအာရေဗျကို တည်ထောင်သူ ဘုရင် အဘ်ဒူလ် အဇစ်လက်ထက် ၁၉၅၀ ပြည့်နှစ်တွေက တမန်တော်မြတ်ဗလီဝတ်ကျောင်းတော် ပရဝုဏ်ကို တိုးချဲ့ခဲ့ပြီး ဒါဟာ ဆော်ဒီအာရေဗျနိုင်ငံ ပေါ်ပေါက်လာပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်တဲ့ တိုးချဲ့မှုဖြစ်ပါတယ်။

    ဗိသုကာဆိုင်ရာ ပုံကြမ်းတွေ၊ ဒီဇိုင်းတွေနဲ့ ဓာတ်ပုံတွေအပါအ၀င် ၀တ်ကျောင်းတော်တိုးချဲ့မှုနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းပေါင်း ၂၇၁ ခုကို ဆော်ဒီ ယဉ်ကျေးမှု ၀န်ကြီးဌာနက ရရှိခဲ့ပြီး King Fahd အမျိုးသား စာကြည့်တိုက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဒီအထောက်အထားတွေဟာ တမန်တော်မြတ်ဗလီရဲ့ သမိုင်းဝင်မှတ်တမ်းလည်း ဖြစ်ပါတယ်။

    တမန်တော်မြတ်ဗလီဝတ်ကျောင်းတော်ကို အေဒီ ၆၂၂ ခုနှစ် တမန်တော် မုဟမ္မဒ်သခင် မက္ကာကနေ မဒီနာကို ရွှေ့ပြောင်းတဲ့အချိန်မှာ တည်ဆောက်ခဲ့တာပါ။ တမန်တော်နဲ့ သူ့ရဲ့ သာဝကကြီးတွေရဲ့ လုပ်အား ပါဝင်ခဲ့တဲ့ အဲဒီဗလီဟာ မူလက စွန်ပလွံပင်၊ စွန်ပလွံခက်နဲ့ ရွံ့စေးတွေကို အသုံးပြုပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

    သက္ကရာဇ် ၇၀၇ ခုနှစ်မှာ ဗလီဝတ်ကျောင်းတော်ကို ပထမဆုံး ပြုပြင်မွမ်းမံခဲ့ပါတယ်။

    ကမ္ဘ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေကတော့ “မတ်စ်ဂျစ်ဒ် နဗဝီ” ဗလီကို မက္ကာက “မတ်စ်ဂျစ်ဒ် ဟရမ်” ဗလီ ပြီးရင်း ဒုတိယမြောက် အမြင့်မြတ်ဆုံးလို့ မှတ်ယူထားပါတယ်။

    Ref: Arab News