News @ M-Media

Blog

  • ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းတွင် တစ်နှစ်အတွင်း သတ်ဖြတ်ခံရသူ ၅၀၀ နီးပါးရှိခဲ့

    ပါလက်စတိုင်းပိုင်နက် အနောက်ဖက်ကမ်းတွင် တစ်နှစ်အတွင်း သတ်ဖြတ်ခံရသူ ၅၀၀ နီးပါးရှိခဲ့

    ဇန်န၀ါရီ ၁၅၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ၂၀၂၃ ခုနှစ်အတွင်း လအလိုက် အနောက်ဖက်ကမ်းတွင် အစ္စရေးက သတ်ဖြတ်ခဲ့သည့် ပါလက်စတိုင်းအရေအတွက်စာရင်း)

    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသမှာ ၂၀၂၃ ခုနှစ်အတွင်း သတ်ဖြတ်ခံရသူ အရေအတွက်ဟာ ၄၈၇ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ 

    သတ်ဖြတ်မှုတွေကို အစ္စရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်းပိုင်နက်အတွင်း ခိုး၀င်နေထိုင်နေတဲ့ တရားမ၀င် ဂျူးတွေက ကျူးလွန်တာဖြစ်ပါတယ်။ 

    ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲစတင်တဲ့ အောက်တိုဘာ ၇ ရက်နေ့ နောက်ပိုင်း အနောက်ဖက်ကမ်းမှာလည်း ပါလက်စတိုင်းတွေအပေါ် သတ်ဖြတ်မှုတွေ ပိုမိုမြင့်တက်လာပါတယ်။ 

    ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း အနောက်ဖက်ကမ်းမှာ ပျမ်းမျှ တစ်လကို ပါလက်စတိုင်း ၁၉၂ ဦး အသတ်ခံခဲ့ရပြီး အောက်တိုဘာ၊ နို၀င်ဘာနဲ့ ဒီဇင်ဘာလတွေမှာတော့ အသတ်ခံရသူ အရေအတွက်ဟာ တစ်လကို ၂၆၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ 

    အနောက်ဖက်ကမ်းမှာ အစ္စရေးက ဓားစားခံအဖြစ် ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းအရေအတွက် ထောင်နဲ့ချီ ရှိနေပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းတွေရဲ့ လွတ်မြောက်ရေးမှာ တစ်ထောင့်တစ်နေရာက ပါ၀င်နိုင်ခဲ့ပါပြီ

    ပါလက်စတိုင်းတွေရဲ့ လွတ်မြောက်ရေးမှာ တစ်ထောင့်တစ်နေရာက ပါ၀င်နိုင်ခဲ့ပါပြီ

    ဇန်န၀ါရီ ၁၄၊ ၂၀၂၄

    M-Media 

    (ဓာတ်ပုံ – ICJ တွင်တွေ့ရသည့် တောင်အာဖရိက ရှေ့နေအဖွဲ့)

    -လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ အစ္စရေးကို ICJ မှာ တရားစွဲဆိုနိုင်ခဲ့တာဟာ အလွန်အရေးပါတဲ့ အလှည့်အပြောင်းတစ်ခုလို့ တောင်အာဖရိက ရှေ့နေအဖွဲ့က ပြောကြားလိုက်ပါတယ်။ 

    နယ်သာလန်မှာ ကြာသာပတေးနေ့နဲ့ သောကြောနေ့ ကြားနာမှုအပြီး တောင်အာဖရိကကို ပြန်ရောက်လာတဲ့ ရှေ့နေအဖွဲ့ကို ပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။ 

    ပါလက်စတိုင်းတွေအပေါ် အစ္စရေးရဲ့ ကျူးလွန်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ ယူဆတဲ့အတွက် တောင်အာဖရိကဟာ ICJ ကို တင်ပြ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ 

    တောင်အာဖရိက ကိုယ်စားပြု ရှေ့နေအဖွဲ့ အဖွဲ့၀င် Tembeka Ngcukaitobi က သူတိုရဲ့တိုင်ကြားမှုဟာ အရေးပါတဲ့ အလှည့်အပြောင်း ဖြစ်ခဲ့ပြီး အစ္စရေးရဲ့ လုပ်ရပ်တွေကို ဥပဒေရှုထောင့်ကနေ ကမ္ဘာကြီးထံ ချပြနိုင်ခဲ့တယ်လို့ လေဆိပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    ပါလက်စတိုင်းပြည်သူတွေရဲ့ လွတ်မြောက်ရေးကြိုးပမ်းမှု ဆက်လက်ရှိနေအုံးမယ်လို့လည်းသူက မှတ်ချက်ပြုပါတယ်။ 

    “ပါလက်စတိုင်းပြည်သူတွေ ရဲရဲရင့်ရင့် ကြိုးပမ်းလျှောက်လှမ်းနေတဲ့ လွတ်မြောက်ရေးခရီးရှည်မှာ တစ်ထောင့်တစ်နေရာကနေ ပါ၀င်ကူညီနိုင်ခဲ့တဲ့အတွက် တောင်အာဖရိက ရှေ့နေအဖွဲ့က ဂုဏ်ယူမိပါတယ်”

    Ref: Aljazeera

  • ရက် ၁၀၀ အတွင်း ဂါဇာတွင် ပါလက်စတိုင်း ၂၃၇၀၀ ကျော်ကို အစ္စရေးက သတ်ဖြတ်ထား

    ရက် ၁၀၀ အတွင်း ဂါဇာတွင် ပါလက်စတိုင်း ၂၃၇၀၀ ကျော်ကို အစ္စရေးက သတ်ဖြတ်ထား

    ဇန်န၀ါရီ ၁၄၊ ၂၀၂၄

    M-Media 


    -အောက်တိုဘာ ၇ ရက်နေ့ကတည်းက ဂါဇာမှာ စတင်ခဲ့တဲ့ အစ္စရေးရဲ့ လူသတ်ပွဲကြောင့် သေဆုံးသူ ပါလက်စတိုင်းအရေအတွက်ဟာ အနည်ဆုံး ၂၃၇၀၀ ရှိလာပြီ ဖြစ်ပါတယ်။

    ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို လက်တုန့်ပြန်တယ်လို့ ပြောပေမယ့် ပါလက်စတိုင်းပြည်သူတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပါတယ်။ 

    အသတ်ခံရသူတွေထဲမှာ ကလေးငယ် အနည်းဆုံး ၉၆၀၀၊ အမျိုးသမီး အနည်းဆုံး ၆၇၅၀ ပါ၀င်ပါတယ်။ ဂါဇာမှာ လူဦးရေ ၂ ဒဿမ ၂ သန်းရှိပြီး ပျမ်းမျှ ၁၀၀ မှာ ၁ ဦး အသတ်ခံနေရတာဖြစ်ပါတယ်။ 

    ဂါဇာကမ်းမြှောင်တစ်ခုလုံးက အဆောက်အဦးတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကိုလည်း အစ္စရေးက ဖျက်ဆီးထားပါတယ်။ 

    ဒဏ်ရာရသူ အရေအတွက်က ၆ သောင်းကျော်ရှိနေပြီး ကလေးငယ် ၈၆၆၃ ဦး၊ အမျိုးသမီး ၆၃၂၇ ဦး ပါ၀င်ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးရဲ့ လူသတ်ပွဲကြောင့် ခြေထောက်တစ်ဖက်၊ ဒါမှမဟုတ် ၂ ဖက်စလုံး ဆုံးရှုံးတဲ့ ကလေးငယ်ပေါင်း တစ်ထောင်ကျော် ရှိပါတယ်။ 

    အကူအညီပေးရေးအဖွဲ့တွေကို အစ္စရေးက ကန့်သတ်ထားတာကြောင့် ဂါဇာမှာ အစာရေစာ၊ လောင်စာနဲ့ ဆေး၀ါးပစ္စည်းတွေ ပြတ်တောက်နေပြီး ၂ ဒဿမ ၂ သန်းသော ပါလက်စတိုင်းပြည်သူတွေဟာ စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ကြုံတွေ့နေရပါတယ်။ 

    ဂါဇာပြည်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးဖြစ်တဲ့ ၁ ဒဿမ ၉ သန်းလောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။ 

    Ref : Aljazeera 

  • မြန်မာစစ်တပ်နှင့် အဆင့်တူလာပြီဖြစ်တဲ့ အစ္စရေး

    မြန်မာစစ်တပ်နှင့် အဆင့်တူလာပြီဖြစ်တဲ့ အစ္စရေး

    ဇန်န၀ါရီ ၁၃၊ ၂၀၂၃

    M-Media 


    -ပါလက်စတိုင်းတွေကို လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အစ္စရေးဟာ နိုင်ငံတကာခုံသမာဓိရုံး (ICJ) မှာ ကြာသာပတေးနေ့က စတင်စစ်ဆေးခံခဲ့ရပါတယ်။ 

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ကို လက်တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာမှာ အစ္စရေးက ပါလက်စတိုင်းတွေကို သတ်ဖြတ်နေတာဟာ ရက်ပေါင်း ၁၀၀ ရှိလာပြီဖြစ်ပြီး အသတ်ခံရသူ ၂၃၀၀၀ ကျော်ပြီ ဖြစ်ပါတယ်။ 

    ဂါဇာကမ်းမြှောင်က လူနေအိမ်၊ ဒုက္ခသည်စခန်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ အခြေခံအဆောက်အဦးတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း အစ္စရေးက တိုက်ခိုက်ဖျက်ဆီးထားပါတယ်။ 

    ဂါဇာမှာ လူဦးရေ ၂ သန်းကျော်ရှိပြီး ၁ ဒဿ ၉ သန်းဟာ အစ္စရေးလက်ချက်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရကာ ဂါဇာတောင်ပိုင်းမှာ လာရောက်ခိုလှုံနေရပါတယ်။ လက်ရှိ အစ္စရေးဟာ ဂါဇာတောင်ပိုင်းကို အဓိကထားပြီး တိုက်ခိုက်သတ်ဖြတ်နေပါတယ်။ 

    အစ္စရေးရဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်တယ်လို့ တောင်အာဖရိကနိုင်ငံက သတ်မှတ်ပြီး ဒါကို စစ်ဆေးဖို့ ICJ ကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ 

    ဂါဇာက အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုဟာ ၁၉၄၈ ခုနှစ် ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ပြီး လေကြောင်းကနေ ဗုံးကြဲမှု၊ မြေပြင်တပ်တွေ၀င်ရောက်မှု စတာတွေကို ရပ်တန့်ရေး အရေးပေါ်အစီမံ ဆောင်ရွက်မိန့် ထုတ်ပေးဖို့ တောင်အာဖရိက ရှေ့နေအဖွဲ့က တောင်းဆိုခဲ့ပါတယ်။ 

    အစ္စရေးရှေ့နေအဖွဲ့ကတော့ တောင်အာဖရိကရဲ့ စွပ်စွဲမှုကို ပယ်ချခဲ့ပြီး ဂါဇာက အစ္စရေးရဲ့ စစ်ဆင်ရေးကို ပုံဖျက်ပြောဆိုတာလို့ ပြန်လည်ချေပခဲ့ပါတယ်။ 

    ICJ တရားသူကြီးတွေက ဆုံးဖြတ်ချက်ကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ပြောကြားခဲ့ပြီး ရက်အတိအကျ မသိရပါဘူး။ 

    ဂါဇာမှာ အစ္စရေးက လူသတ်ပွဲလုပ်နေသလို ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း အစ္စရေးတပ်တွေနဲ့ တရားမ၀င်အခြေချဂျူးတွေက ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေ ယခင်ကထက် ပိုမိုပြုလုပ်လာပြီး အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အသတ်ခံရသူအရေအတွက် ၄၀၀ နီးပါး ရှိလာပြီဖြစ်ပါတယ်။ 

    Ref: Aljazeera

  • ယီမင်တွင် အမေရိကန်နှင့်အဖွဲ့က တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်

    ယီမင်တွင် အမေရိကန်နှင့်အဖွဲ့က တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်

    ဇန်န၀ါရီ ၁၂၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ယီမင်ကို တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် အမေရိကန်တိုက်လေယာဥ်တစ်စီး) 

    -အမေရိကန်နဲ့ ယူကေတို့ဟာ ယီမင်မှာ ဒုတိယနေ့အဖြစ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ 

    ယီမင်ကို အုပ်စိုးနေတဲ့ ဟူသီအဖွဲ့က ပင်လယ်နီမှာ အစ္စရေးကုန်တင်သင်္ဘောတွေအပေါ် နှောက်ယှက်မှုကို တုန့်ပြန်တာလို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ 

    တိုက်လေယာဥ်တွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ကြာသာပတေးနေ့က စတင်ခဲ့တာဖြစ်ပြီး သောကြာနေ့မှာ ဒုတိယအကြိမ်အဖြစ် နေရာအများအပြားကို ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ 

    ဒီတိုက်ခိုက်မှုတွေကြောင့် လူတွေ သေဆုံးမှုရှိတယ်လို့ ဟူသီအဖွဲ့က ထုတ်ပြန်ထားပြီး လက်တုန့်ပြန်မှုတွေ လုပ်ဆောင်မယ်လို့လည်း ကြေငြာထားပါတယ်။ 

    ဂါဇာက အစ္စရေးရဲ့လူသတ်ပွဲ မရပ်မချင်း အစ္စရေးကုန်တင်သင်္ဘောတွေကို တိုက်ခိုက်သွားမယ်လို့ ဟူသီအဖွဲ့က ကြေငြာထားတာပါ။ 

    အမေရိကန်ကတော့ ဂါဇာပြဿနာ ဒေသတွင်းမှာ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်တယ်လို့ အစောပိုင်းက ပြောကြားထားပေမယ့်လည်း ယီမင်ကို ကျူးကျော်တိုက်ခိုက်မှုတွေ ဦးဆောင်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera