News @ M-Media

Blog

  • အိန္ဒိယနိုင်ငံ အယွဒ္ဓယမြို့တွင် ဟိန္ဒူဘုရားကျောင်းသစ်ကြီး ဖွင့်လှစ်

    အိန္ဒိယနိုင်ငံ အယွဒ္ဓယမြို့တွင် ဟိန္ဒူဘုရားကျောင်းသစ်ကြီး ဖွင့်လှစ်

    ဇန်န၀ါရီ ၂၂၊ ၂၀၂၄

    M-Media 


    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အယွဒ္ဓယမြို့က ဘာဘရီဗလီနေရာမှာ တည်ဆောက်ထားတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုကို ၀န်ကြီးချုပ် နာရန်ဒရာမိုဒီက ဒီကနေ့မှာ ဖွင့်လှစ်ပေးလိုက်ပါတယ်။ 

    ရာမနတ်ဘုရားကို ရည်စူးကာ တည်ထားကိုးကွယ်တဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ 

    ဘုရားကျောင်း ဆောက်လုပ်တဲ့နေရာဟာ မဂိုဘုရင် ဘာဘာက ၁၆ ရာစုမှာ တည်ဆောက်ထားတဲ့ ဘာဘရီဗလီ၀တ်ကျောင်းတော် နေရာဖြစ်ပါတယ်။ 

    ၁၉၄၉ ခုနှစ်မှာ ဟိန္ဒူအဖွဲ့တစ်ခုက ရာမနတ်ဘုရား ဆင်းတုတွေကို ဘာဘရီဗလီ၀တ်ကျောင်းတော်ထဲ ၀င်ထားပြီး ဒီနေရာဟာ ရာမနတ်ဘုရား ဖွားမြင်ရာနေရာဖြစ်တယ်လို့ စတင်စွပ်စွဲခဲ့ပါတယ်။ 

    အဲဒီပြဿနာကြောင့် အာဏာပိုင်တွေက ဘာဘရီဗလီမှာ မွတ်စလင်တွေ ၀တ်ပြုခွင့်ကို စတင်ပိတ်ပင်ခဲ့ပါတယ်။ 

    ၁၉၉၀ ခုနှစ်မှာ လက်ရှိအာဏာရ BJP ပါတီက ဗလီနေရာမှာ ရာမဘုရားကျောင်းဆောက်ဖို့ စတင်လှုံ့ဆော်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ဟိန္ဒူလူအုပ်က ဘာဘရီဗလီကို ၀င်ရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ပါတယ်။

    နောက်ဆက်တွဲအဖြစ် နိုင်ငံတစ်၀ှမ်း ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းဖြစ်ပွားကာ လူပေါင်း ၂ ထောင်ကျော်လောက် သေဆုံးခဲ့ပါတယ်။ 

    ဘာဘရီဗလီနေရာအတွက် လူ့အဖွဲ့အစည်းနှစ်ခုက တရားရုံးမှာ တိုင်ကြားလျှောက်ထားခဲ့ကြပြီး ၂၀၁၉ ခုနှစ်မှာ ဟိန္ဒူလူ့အဖွဲ့အစည်းက တရားနိုင်ခဲ့ပါတယ်။ 

    ဘာဘရီဗလီကိုဖြိုကာ ရာမနတ်ဘုရားကျောင်းဆောက်ခွင့် တရားရုံးက ပေးခဲ့ပြီး မွတ်စလင်တွေ အစားထိုးဗလီ ပြန်လည်ဆောက်လုပ်နိုင်ရေး မြေနေရာပေးအပ်ဖို့လည်း ဆုံးဖြတ်ပေးခဲ့ပါတယ်။ 

    ဘာဘရီဗလီနေရာက ရာမနတ်ဘုရားကျောင်းကို ၂၀၂၀ ခုနှစ်မှာ အုတ်မြစ်ချခဲ့ပြီး၊ ဒီကနေ့မှာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

    အသစ်ပေါ်ထွက်လာတဲ့ ရာမဘုရားကျောင်းနဲ့အတူ အယွဒ္ဓယမြို့ဟာ ဟိန္ဒူ ဘာသာရေးဆိုင်ရာ အချက်အခြာနေရာတစ်ခု ဖြစ်လာမယ့် အနေအထား ရှိနေပါတယ်။ 

    Ref: Aljazeera 

  • မြန်မာနယ်စပ်ကို ထိန်းချုပ်တော့မယ့် အိန္ဒိယ

    မြန်မာနယ်စပ်ကို ထိန်းချုပ်တော့မယ့် အိန္ဒိယ

    ဇန်န၀ါရီ ၂၁၊ ၂၀၂၄

    M-Media 


    -မြန်မာဖက်က ၀င်လာတာတွေကို တားမြစ်ဖို့အတွက် နယ်စပ်ကို ခြံစည်းရိုးကာမယ်လို့ အိန္ဒိယက ပြောပါတယ်။ 

    အိန္ဒိယနဲ့ မြန်မာတို့ဟာ ကီလိုမီတာ ၁၂၀၀ ကျော်လောက် နယ်မြေခြင်း ထိစပ်နေကြတာပါ။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယဖက်ကို ထွက်ပြေးသူတွေ ပိုမိုများပြားလာတာပါ။  

    တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေရဲ့ အောက်တိုဘာလက စတင်တဲ့ ထိုးစစ်ကြောင့် ရာနဲ့ချီတဲ့ မြန်မာစစ်သားတွေပါ အိန္ဒိယဖက် ထွက်ပြေးခဲ့ရပါတယ်။ 

    နိုင်ငံမြောက်ပိုင်း အာသံပြည်နယ်က တာ၀န်ရှိသူတွေနဲ့ စနနေ့တွေ့ဆုံမှုအတွင်း အိန္ဒိယ ပြည်ထဲရေး၀န်ကြီး အေမစ်ရှားက မြန်မာနဲ့ ကပ်နေတဲ့နယ်စပ်ကို ခြံစည်းရိုး ကာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    “အိန္ဒိယမြန်မာ နယ်စပ်က ပွင့်နေတဲ့ နေရာအားလုံးကို ခြံစည်းရိုးခတ်ဖို့ အစိုးရက ဆုံးဖြတ်ထားပါတယ်”

    ဒီလုပ်ငန်း ဘယ်တော့စတင်မယ်၊ ဘယ်လောက်ကြာမယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ အေမစ်ရှားက ထည့်မပြောခဲ့ပါဘူး။ 

    နှစ်နိုင်ငံ လွတ်လပ်စွာကူးသန်းခွင့် သဘောတူညီချက်ကိုလည်း ရုပ်သိမ်းသွားမယ်လို့ ပြည်ထဲရေး၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref: The Star 

  • ဂါဇာမှ အစ္စရေး၏လူသတ်ပွဲ အသတ်ခံရသူ ၂၅၀၀၀ ကျော်ပြီ

    ဂါဇာမှ အစ္စရေး၏လူသတ်ပွဲ အသတ်ခံရသူ ၂၅၀၀၀ ကျော်ပြီ

    ဇန်န၀ါရီ ၂၁၊ ၂၀၂၄

    M-Media 


    -ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူ ၁၇၈ ဦးကို အစ္စရေးက သတ်ဖြတ်ခဲ့ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း ဂါဇာမှာ အစ္စရေးရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကို ခံရတဲ့ ပါလက်စတိုင်းအရေအတွက်ဟာ ၂၅၁၀၅ ဦး ရှိလာခဲ့ပြီဖြစ်ပါတယ်။ အနည်းဆုံး ၉၆၀၀ က ကလေးငယ်တွေပါ။ 

    ဒဏ်ရာရသူအရေအတွက်က ၆၂၆၈၁ ဦး ရှိနေပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် ပြိုကျသွားတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိပျောက်ဆုံးနေသူ ၈ ထောင်ကျော် ရှိနေပါတယ်။  

    ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်း လူဦးရေ  ၂ ဒဿမ ၃ သန်းရှိပြီး ၃ လကျော်အတွင်း အစ္စရေးရဲ့ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ၈၅ ရာခိုင်နှုန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ 

    ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရသူတွေက ၁ ဒဿမ ၇ သန်း ရှိနေပါတယ်။ 

    လူနေအိမ်ယာပေါင်း ၃ သိန်း ၆ သောင်းကျော်၊ ပညာရေးအဆောက်အဦး ၃၇၈ ခု၊ ဘာသာရေးအဆောက်အဦး ၂၂၁၊ မုန့်ဖို ၁၁ ဖို စတာတွေကို အစ္စရေးက ဖျက်ဆီးထားပါတယ်။ 

    ဂါဇာမှာ ဆေးရုံပေါင်း ၃၅ ရုံရှိရာမှာ ၁၉ ခုက လုံး၀ ဖျက်ဆီးခံလိုက်ရပြီး ကျန်တဲ့ ၁၆ ခုကလည်း တစ်စိတ်တစ်ပိုင်းသာ လည်ပတ်နိုင်ပါတော့တယ်။ လူနာတင်ယာဥ် ၁၂၂ စီးကိုလည်း အစ္စရေးက တိုက်ခိုက်ခဲ့ပါတယ်။ 

    ပါလက်စတိုင်းပိုင်နက် နောက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းမှာလည်း ၃ လအတွင်း အစ္စရေးက ၃၆၉ ဦးသတ်ဖြတ်ခဲ့ပြီး၊ ဒဏ်ရာရသူအရေအတွက်က ၄၀၀၀ ကျော် ရှိနေပါတယ်။ 

    Ref: Aljazeera 

  • ဂါဇာပြည်သူများကို အကူအညီပေးနိုင်ရေး အင်ဒိုနီးရှားက ဆေးရုံသင်္ဘော စေလွှတ်

    ဂါဇာပြည်သူများကို အကူအညီပေးနိုင်ရေး အင်ဒိုနီးရှားက ဆေးရုံသင်္ဘော စေလွှတ်

    ဇန်န၀ါရီ ၁၉၊ ၂၀၂၄


    M-Media 

    -အစ္စရေးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကို ၃ လကျော် ခံစားနေရတဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေအတွက် အင်ဒိုနီးရှားက ဆေးရုံသင်္ဘောတစ်စီးကို ကြာသာပတေးနေ့မှာ စေလွှတ်လိုက်ပါတယ်။ 

    အင်ဒိုနီးရှားဟာ ပါလက်စတိုင်းလွတ်မြောက်ရေး တစ်စိုက်မတ်မတ် ထောက်ခံလာတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အကူအညီတွေကိုလည်း မပြတ်တမ်း ပေးပို့နေတာ ဖြစ်ပါတယ်။ 

    နို၀င်ဘာလအတွင်းက ဂါဇာကို လေယာဥ်နှစ်စီးစာ အကူအညီတွေ ပေးပို့ခဲ့ပါတယ်။ 

    အခုတစ်ခေါက်မှာတော့ ဆေး၀ါးကုသရေး အခက်အခဲတွေ့နေတဲ့ ဂါဇာပြည်သူတွေအတွက် ဆေးရုံသင်္ဘော KRI Radjiman Wedyodiningrat-992 ကို စေလွှတ်ခဲ့တာပါ။ အီဂျစ်နိုင်ငံမှာ ဆိုက်ကပ်ပြီး ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးမှာဖြစ်ပါတယ်။ 

    “လူသားဆန်မှုနဲ့ နိုင်ငံတကာ ဥပဒေတွေကို ကျော်လွန်ပြီး မရပ်မနား ပြုလုပ်နေတဲ့ တိုက်ခိုက်မှုတွေကြောင့် အတိဒုက္ခရောက် ထိခိုက်ခံစားနေရတဲ့ ဂါဇာက ညီအစ်ကိုမောင်နှမတွေကို အကူအညီတွေ ပေးဖို့အတွက် ဒီကနေ့ မင်းတို့ ထွက်ခွာရမှာဖြစ်တယ်။ စစ်ပွဲမှာ ငါတို့ မပါ၀င်ပေမယ့် ပါလက်စတိုင်းက ငါတို့ရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ အတူရှိကြောင်း၊ စာနာကြောင်း ပြသဖို့ ငါတို့မှာ တာ၀န်ရှိပါတယ်”လို့ အင်ဒိုနီးရှား ကာကွယ်ရေး၀န်ကြီး ပရာဘို၀ို ဆူဘီယန်တိုက သင်္ဘောပေါ် လိုက်ပါသွားတဲ့သူတွေကို ပြောကြားခဲ့ပါတယ်။ 

    အင်ဒိုနီးရှား ဆေးရုံသင်္ဘောဟာ လုပ်ငန်းဆောင်ရွက်နိုင်ဖို့အတွက် အီဂျစ်အာဏာပိုင်တွေထံကနေ ခွင့်ပြုချက်တောင်းရမှာ ဖြစ်ပါတယ်။ 

    ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲဟာ ၃ လကျော်လာခဲ့ပြီဖြစ်ပြီး ပါလက်စတိုင်းပြည်သူ ၂၄၀၀၀ ကျော် အသတ်ခံထားရပါတယ်။ 

    လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဒုက္ခသည်စခန်း၊ ဘာသာရေးဆိုင်ရာနေရာတွေအပါအ၀င် ဂါဇာကမ်းမြှောင်က  အဆောက်အဦးတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း အစ္စရေးက ဖျက်ဆီးထားပါတယ်။ 

    အခုတစ်ခေါက် အင်ဒိုနီးရှားရဲ့ အကူအညီမှာ ကလေးငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ ပါ၀င်မှာဖြစ်ပါတယ်။ 

    ဒီခရီးစဥ် အသွားအပြန် ရက်ပေါင်း ၅၀ ကြာမြင့်မယ်လို့ အင်ဒိုနီးရှား ရေတပ်က ပြောပါတယ်။ 

    Ref: Arab News

  • ပါလက်စတိုင်းနိုင်ငံ တည်ရှိမှုကို ထပ်မံငြင်းဆိုလိုက်တဲ့ အစ္စရေး၀န်ကြီးချုပ်

    ပါလက်စတိုင်းနိုင်ငံ တည်ရှိမှုကို ထပ်မံငြင်းဆိုလိုက်တဲ့ အစ္စရေး၀န်ကြီးချုပ်

    ဇန်န၀ါရီ ၁၉၊ ၂၀၂၃

    M-Media 


    (ဓာတ်ပုံ – ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု အဆင့်ဆင့်)

    -ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေးကို လက်မခံဘူးလို့ အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ထပ်မံ ပြောဆိုလိုက်ပါတယ်။ 

    ဒုတိယကမ္ဘာစစ်က နာဇီရန်ကြောင့် အရှေ့ဥရောပကနေ ထွက်ပြေးလာတဲ့ ဂျူးတွေဟာ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းကာ ဒေသခံ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့တာပါ။ 

    အစ္စရေးရဲ့ မဟာမိတ်တွေဖြစ်တဲ့ အမေရိကန်နဲ့ ယူကေတို့ ကမကထပြုကာ သမိုင်း၀င်ပါလက်စတိုင်းဒေသရဲ့ ၆၅ ရာခိုင်နှုန်းကို ဂျူးတိုင်းပြည်၊ ၃၅ ရာခိုင်နှုန်းကို ပါလက်စတိုင်းနိုင်ငံအဖြစ် ကုလသမဂ္ဂကနေတစ်ဆင့် အဲဒီအချိန်က ခွဲ၀ေ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

    ဂျူးနိုင်ငံဖြစ်တဲ့ အစ္စရေးဟာ ၁၉၄၈ ခုနှစ်ကစလို့ ကုလက သတ်မှတ်ပေးထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေကို နည်းပေါင်းစုံနဲ့ ကျူးကျော်သိမ်းပိုက်ကာ ပါလက်စတိုင်းပြည်သူတွေကိုလည်း ဖိနှိပ်သတ်ဖြတ်ခဲ့ပါတယ်။ 

    ဂါဇာလူသတ်ပွဲစတင်ပြီး ၃ လကျော်အကြာမှာတော့ အစ္စရေးရဲ့ အဓိကမဟာမိတ် အမေရိကန်က ပါလက်စတိုင်းနိုင်ငံ ပေါ်ထွန်းလာရေးကိစ္စကို ထောက်ပြပြောဆိုလာပါတယ်။ နှစ်နိုင်ငံတည်ရှိရေးအဖြေကသာ အစ္စရေးအတွက် ပိုကောင်းမယ်လို့ အမေရိကန်က ဆိုပါတယ်။

    အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေးကို လက်မခံကြောင်း အမေရိကန်ကို တုန့်ပြန်ပြောကြားခဲ့တယ်လို့ ကြာသာပတေးနေ့ ရေဒီယိုအင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “အနာဂတ်အစီအစဥ်ကို ပြောရမယ်ဆိုရင် အစ္စရေးဟာ ဂျော်ဒန်မြစ်အနောက်ခြမ်းဒေသအားလုံးအပေါ် ထိန်းချုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါဟာ (ပါလက်စတိုင်း)အချုပ်အခြာအာဏာဆိုတာနဲ့ သွားပြီး ပွတ်တိုက်နေတယ်။ အဲဒီတော့ ဘာလုပ်ရမလဲ။ ဒါကို လက်မခံဘူးဆိုတာ မိတ်ဆွေနိုင်ငံတွေကို ၀န်ကြီးချုပ်က ပြောနိုင်ဖို့ လိုအပ်ပါတယ်”

    ကန်ကတုန့်ပြန် 

    —————–

    နေတန်ယာဟုရဲ့ ဒီမှတ်ချက်ကို အမေရိကန်ဖက်က ချက်ခြင်းဆိုသလို တုန့်ပြန်ပြောဆိုပါတယ်။ 

    လက်ရှိစစ်ပွဲပြီးသွားရင် ဂါဇာကို သိမ်းပိုက်ထားတာမျိုး ရှိလို့မရတော့ဘဲ၊ နှစ်နိုင်ငံတည်ရှိရေးအဖြေကိုသာ အမေရိကန်က တစ်စိုက်မတ်မတ် ထောက်ခံရပ်တည်တယ်လို့ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျွန်ကီရ်ဘီက ပြောပါတယ်။ 

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မက်သယူး မီလာကလည်း ဒေသတွင်းနိုင်ငံတွေက လုံခြုံရေး အာမခံချက်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့အတွက် ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေးကို အစ္စရေးက လက်ခံကာ ဒီအခွင့်အလမ်းကို ရယူဖို့လိုတယ်လို့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။ 

    “အစ္စရေးက ကာလရှည် ရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု၊ ဂါဇာပြန်လည်တည်ဆောက်ရေး၊ ဂါဇာမှာ အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေး၊ ဂါဇာလုံခြုံရေးတို့လို လတ်တလော ကြုံရနိုင်တဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ဆိုတာ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ပေးတာကလွဲပြီး တစ်ခြားနည်းလမ်း မရှိပါဘူး”

    Ref: Aljazeera