News @ M-Media

Blog

  • နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် ရောင်းချမှု ရပ်ဆိုင်းမည်ဟု တူရကီကို အမေရိကန်အသိပေး

    နောက်ဆုံးပေါ် F-35 တိုက်လေယာဉ် ရောင်းချမှု ရပ်ဆိုင်းမည်ဟု တူရကီကို အမေရိကန်အသိပေး

    ဇွန် ၈၊ ၂၀၁၉
    M-Media

    -ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူမယ့်ကိစ္စကို ရှေ့ဆက်တိုးမယ်ဆိုရင် F-35 တိုက်လေယာဉ်တွေ ရောင်းချမယ့်အစီအစဉ်ကို ပယ်ဖျက်သွားမယ်လို့ အမေရိကန် ခေတ္တ ကာကွယ်ရေးဝန်ကြိး ပက်ထရစ် ရှာနာဟန်က တူရကီကို အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။

    F-35 ရောင်းချရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် တူရကီတိုက်လေယာဉ်မှူးတွေကို အမေရိကန်က လေ့ကျင့်သင်ကြားပေးနေပါတယ်။ ရှာနာဟန်ရဲ့ စာမှာ လေ့ကျင့်ပေးတဲ့ အဒီအစဉ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ရပ်ဆိုင်းမှာဖြစ်ပြီး တူရကီလေယာဉ်မှူးတွေအားလုံး အဲဒီနေ့ နောက်ဆုံးထာကာ တိုင်းပြည်က ထွက်ခွာရမယ်လို့လည်း ဖော်ပြထားပါတယ်။

    နှစ်ကုန်ပိုင်းမှာ F-35 တိုက်လေယာဉ်မောင်း လေ့ကျင့်ရေးအတွက် တူရကီကျောင်းသား ၃၄ ဦး အမေရိကန်ကို လာရောက်မယ့်အစီအစဉ်လည်း ပျက်ပြယ်မှာ ဖြစ်ပါတယ်။

    ရုရှားထံကနေ S-400 ဒုံးခွင်းစနစ် ၀ယ်ယူမယ့်အစီအစဉ်ဟာ နေတိုးအဖွဲ့မှာ တူရကီရဲ့ ပါဝင်မှု၊ တူရကီရဲ့ စီးပွားရေးတို့ကို ထိခိုက် ပျက်ဆီးစေမှာဖြစ်ပြီး ရုရှားအပေါ် အလွန်အမင်း မှီခိုရမှုလည်း ဖြစ်သွားစေနိုင်တယ်လို့ ရှာနာဟန်ရဲ့ စာထဲမှာ သတိပေးခဲ့ပါတယ်။

    S-400 ဒုံးခွင်းစနစ် ၀ယ်ယူမယ့်ကိစ္စအတွက် မေရိကန်နဲ့ တူရကီတို့ဟာ ပြီးခဲ့တဲ့လ အနည်းငယ်ကတည်းက တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်က တူရကီအနေနဲ့ ဒီဒုံးခွင်းစနစ်ကို ၀ယ်မယ်ဆိုရင် သူတို့ထံကနေ F-35 တိုက်လေယာဉ်ကို ရရှိမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

    ရုရှားက ဒုံးခွင်းစနစ်ကို တူရကီထံ မကြာခင်မှာ ပို့ဆောင်သွားမှာဖြစ်ပြီး အားလုံး အစီအစဉ်အတိုင်း အဖြစ်နေတယ်လို့လည်း မနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera

  • လူနာ ၈၀ ကျော်ကို ဆေးထိုးသတ်ခဲ့သည့် ဂျာမနီသူနာပြု ထောင်တစ်သက်ကျ

    လူနာ ၈၀ ကျော်ကို ဆေးထိုးသတ်ခဲ့သည့် ဂျာမနီသူနာပြု ထောင်တစ်သက်ကျ

    ဇွန် ၇၊ ၂၀၁၉
    M-Media

    -လူနာ ၈၅ ဦးကို သတ်ဖြတ်မှုအတွက် အသက် ၄၂ နှစ်အရွယ် အမျိုးသား သူနာပြုတစ်ဦးကို ဂျာမနီတရားရုံးက မနေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပြီး ဒါဟာ ကမ္ဘ္ဘာစစ်နောက်ပိုင်း ဂျာမနီသမိုင်းမှာ အဆိုးဝါးဆုံး အစဉ်လိုက် သတ်ဖြတ်မှုလည်း ဖြစ်ပါတယ်။

    နီးလ်စ် ဟိုဂဲလ်လို့ခေါ်တဲ့ အဲဒီအမျိုးသားဟာ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း လူနာတွေကို ဆေးထိုးသတ်ဖြတ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ဒီလုပ်ရပ်ကို အခြားသူနာပြုတစ်ဦးက တွေ့ရှိရာကနေ အမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ဟိုဂဲလ်ဟာ သူ စိတ်ကူးပေါက်ရာ လူနာတွေကို သတ်ဖြတ်ခဲ့ကာ သေဆုံးသူတွေဟာ အသက် ၃၄ နှစ်ကနေ ၉၆ နှစ်အတွင်း ရှိပါတယ်။

    ဒီအမှုအတွက် အလောင်းပြန်ဖော်မှု၊ အလောင်းရင်ခွဲစစ်ဆေးမှု စုစုပေါင်း အကြိမ် ၁၃၀ ကျော်လောက် ဆောင်ရွက်ခဲ့ရပါတယ်။ ဟိုဂဲလ်ဟာ လူသတ်မှု ၆ ခုအတွက် အရင်က ထောင်ဒဏ် တစ်သက်ကျခံခဲ့ရပြီး ထောင်ထဲမှာ ဆယ်စုနှစ်တစ်ခုလောက် နေထိုင်နေရသူပါ။

    ရဲတပ်ဖွဲ့ကတော့ ဟိုဂဲလ် သတ်ခဲ့တဲ့ လူနာအရေအတွက်ဟာ ၂၀၀ ကျော်ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ရင်ခွဲမစစ်ဆေးဘဲ ရုပ်အလောင်းတွေကို မီးသင်္ဂြီုဟ်တာ၊ ဟိုဂဲလ်ကိုယ်တိုင်က သူသတ်ဖြတ်ခဲ့သူတွေကို မမှတ်မိတာတွေကြောင့် အသတ်ခံခဲ့ရတဲ့ အရေအတွက်အတိအကျကို သိရှိခြင်း မရှိပါဘူး။

    ဟိုဂဲလ်ဟာ သူ့အပြစ်အတွက် ၀န်ခံခဲ့ပြီး၊ ကျန်ရစ်သူ မိသားစုတွေကိုလည်း တောင်းပန်ခဲ့ပါတယ်။

    ၂၀၀၅ ခုနှစ်က လူနာတစ်ဦးကို ဆေးထိုးသတ်ဖို့ ကြိုးစားနေစဉ် ဟိုဂဲလ်ကို ဖမ်းမိခဲ့တာဖြစ်ပြီး လူသတ်ဖို့ကြိုးစားမှုနဲ့ ၂၀၀၈ ခုနှစ်မှာ တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။ ဒုတိယမြောက် တရားစွဲဆိုမှုကို ၂၀၁၄-၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပြီး လူသတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှုတွေနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ်။

    မနေ့က အမိန့်ချမှတ်ခဲ့တဲ့ အမှုကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ စတင် ကြားနာခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ခွေးကိုက်လူနာများကို ရန်ကုန်ဆေးရုံကြီးတွင် ၂၄ နာရီ  အခမဲ့ ကုသပေးနေ

    ခွေးကိုက်လူနာများကို ရန်ကုန်ဆေးရုံကြီးတွင် ၂၄ နာရီ အခမဲ့ ကုသပေးနေ

    ဇွန် ၆၊ ၂၀၁၉
    M-Media

    ရန်ကုန်ဆေးရုံကြီးရှိ ခွေးကိုက်လူနာ ကုသရေးဌာန မြင်ကွင်း (Photo Credit – mmtimes)

    -ခွေးကိုက်ခံရတဲ့လူနာတွေကို ရန်ကုန်ဆေးရုံကြီးမှာ ၂၄ နာရီ အခမဲ့ ကုသမှု ပေးနေတယ်လို့ ဆေးရုံက တာဝန်ရှိသူသူ ဒေါက်တာ ဒေါ်ခင်သိင်္ဂီမြင့်က ပြောကြားလိုက်ပါတယ်။

    “ခွေးကိုက်လူနာ ကုသရေးဌာနက ၀န်ထမ်းတွေကို ကျွန်မတို့ သေသေချာချာ လေ့ကျင့်ပေးထားပြီး မေလ ၂၉ ရက်နေ့က စတင်ကာ ၂၄ နာရီပတ်လုံး ကုသမှု ပေးနေပါတယ်။ ဆေးရုံမှာ လာရောက်ကုသတဲ့ ခွေးကိုက်ခံလူနာအရေအတွက်ဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာပါတယ်” လို့ သူမက ဆိုပါတယ်။

    ရန်ကုန်ဆေးရုံကြီးမှာ နေ့စဉ် ခွေးကိုက်ခံရသူ ၁၀၀ လောက် လာရောက် ကုသကြတယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ ခွေးကိုက်လူနာတွေအတွက် ခွေးရူးရောဂါ ကာကွယ်ဆေးကို တစ်လအတွင်း ၃ ကြိမ် ခွဲထိုးပေးပြီး ဒါဟာ ကမ္ဘ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

    ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ရန်ကုန်ဆေးရုံကြီးမှာ ခွေးကိုက်လူနာ ၃၇၇၄ ဦး လာရောက် ပြသခဲ့ပြီး အကိုက်ခံရသူ အများစုဟာ ဒလမြို့နယ်က ဖြစ်ပါတယ်။ အဲဒီအချိန်ကာလအတွင်း ခွေးရူးရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ ၉ ဦးရှိတယ်လို့ ဆေးရုံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း ခွေးကိုက်လူနာ ၁၀၈၇၂ ဦး ရန်ကုန်ဆေးရုံကြီးမှာ လာရောက်ကုသမှု ခံယူခဲ့ပြီး ၂၅ ဦး သေဆုံးခဲ့ပါတယ်။

    “အိမ်နားက လမ်းဘေးခွေးတစ်ကောင် ကိုက်တာကို ကျွန်မ ခံခဲ့ရပါတယ်။ ခွေးကိုက်လူနာကုသရေးဌာနရဲ့ ၀န်ဆောင်မှုဟာ တော်တော်ကောင်းပါတယ်။ ခွေးရူးရောဂါ ကာကွယ်ဆေးကိုလည်း အခမဲ့ ထိုးပေးပါတယ်” လို့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က ခွေးကိုက်ခံလူနာ ဒေါ်စန်းအေးက ပြောကြားခဲ့ပါတယ်။

    ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကဟာ ရန်ကုန်မြို့ မြောက်ဥက္ကလာပ ဆေးရုံ၊ အင်းစိန်ဆေးရုံ၊ သင်္ဃန်းကျွန်း စံပြဆေးရုံတွေမှာလည်း ခွေးကိုက်လူနာ ကုသရေးဌာနခွဲတွေ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • အမေရိကန်၏ အဓိကမဟာမိတ် ဆော်ဒီက တရုတ်ထံမှ ဒုံးကျည်နည်းပညာ ၀ယ်ယူဟု သတင်းထွက်

    အမေရိကန်၏ အဓိကမဟာမိတ် ဆော်ဒီက တရုတ်ထံမှ ဒုံးကျည်နည်းပညာ ၀ယ်ယူဟု သတင်းထွက်

    ဇွန် ၆၊ ၂၀၁၉
    M-Media

    -ဆော်ဒီအာရေဗျနိုင်ငံဟာ တရုတ်ထံကနေ နည်းပညာဝယ်ယူပြီး သူတို့ရဲ့ ဒုံးကျည်စီမံကိန်းကို သိသိသာသာ တိုးတက်လာအောင် ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် ထိပ်တန်းမီဒီယာတစ်ခုဖြစ်တဲ့ CNN သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ ထောက်လှမ်းရေးရင်းမြစ်တွေကနေ ဒီသတင်းကို ရခဲ့ပေမယ့် လွှတ်တော်က အဓိကကျတဲ့ အမတ်တွေကို အသိပေးခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

    ဆော်ဒီကို လက်နက်ရောင်းချမှုကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်နဲ့ ထရမ့်အစိုးရတို့အကြား တင်းမာမှုတွေ မြင့်တက်လာနေတဲ့အချိန်မှာ ဒီသတင်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီ၊ ယူအေအီးနဲ့ ဂျော်ဒန်တို့ကို လက်နက်ရောင်းချမှု မလုပ်ဖို့အတွက် အမေရိကန် လွှတ်တော်အမတ်တစ်ချို့က ကန့်ကွက်ခဲ့ကြပေမယ့် ထရမ့်က အရေးပေါ်အခြေအနေကြေငြာကာ ဒီကန့်ကွက်မှုကို ပယ်ချခဲ့ပြီး ကန်ဒေါ်လာ ၈ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်တွေ ဆော်ဒီကို ရောင်းချဖို့ ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

    သမ္မတဟောင်း အိုဘားမားလက်ထက် အမေရိကန်အစိုးရမှာ နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဂျက်ဖ် စတေစီက တရုတ်ထံကနေ ဆော်ဒီက ဒုံးကျည်နည်းပညာ ၀ယ်ယူခဲ့တယ်ဆိုတဲ့သတင်းဟာ အလွန်စိုးရိမ်စရာကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ တရုတ်နဲ့ ဆော်ဒီအာရေဗျတို့ဟာ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံတွေဖြစ်ပြီး လက်နက်ရောင်းချမှုအပါအ၀င် နယ်ပယ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။ ဆော်ဒီကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    ၁၉၈၇ ခုနှစ် ချုပ်ဆိုခဲ့တဲ့ ဒုံးကျည်နည်းပညာထိန်းချုပ်ရေးစာချုပ် Missile Technology Control Regime မှာ ဆော်ဒီအနေနဲ့ အမေရိကန်အပါအ၀င် အခြားနိုင်ငံတွေထံကနေ ဒုံးကျည်တွေ ၀ယ်ယူမှုကို တားမြစ်ထားပါတယ်။ အဲဒီစာချုပ်မှာ နိုင်ငံပေါင်း ၃၅ နိုင်ငံလောက် လက်မှတ်ရေးထိုးခဲ့ပေမယ့် တရုတ်မပါဝင်ပါဘူး။

    ဆော်ဒီဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေကတည်းက တရုတ်ထံကနေ ဒုံးကျည်တွေ ၀ယ်ယူခဲ့တယ်လို့ Nuclear Threat Initiative ဆိုတဲ့ အဖွဲ့တစ်ခုက ထုတ်ပြန်ထားပါတယ်။ Washington Post သတင်းဌာနရဲ့ ဇန်နဝါရီလက ထုတ်ပြန်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ဆော်ဒီဟာ မြို့တော်ရီယာ့ဒ်ရဲ့ အနောက်ဖက် အလ်ဒါဝဒ်မီဒေသမှာ ဒုံးကျည်စက်ရုံလို့ ယူဆရတဲ့ အဆောက်အဦးတစ်ခုကို တွေ့ခဲ့ရပါတယ်။

    Ref: Aljazeera

  • နိုင်ငံ၏ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစီမံကိန်းသစ်ကို စင်ကာပူ ထုတ်ဖော်ကြေငြာ

    နိုင်ငံ၏ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစီမံကိန်းသစ်ကို စင်ကာပူ ထုတ်ဖော်ကြေငြာ

    ဇွန် ၆၊ ၂၀၁၉
    M-Media

    -နိုင်ငံရဲ့ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစနစ်တစ်ခုကို ဖော်ဆောင်သွားမယ်လို့ စင်ကာပူက မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

    ဓာတ်အား ၅၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မယ့် အဲဒီစနစ်ကို Tengeh Reservoir ရေစုကန်မှာ ၂၀၂၁ ခုနှစ်နောက်ဆုံးထား တပ်ဆင်မှာဖြစ်ပါတယ်။ စင်ကာပူ သဘာပတ်ဝန်းကျင်နှင့် ရေအရင်းအမြစ် ၀န်ကြီးဌာန PUB ဒီစီမံကိန်းကြောင့် တစ်နှစ်ကို ကာဘွန်ဒိုင်အောက်ဆိုက် တန်ပေါင်း ၂၈၀၀၀ ထုတ်လွှတ်မှုကို လျှော့ချနိုင်မှာဖြစ်ပြီး ဒီပမာဏဟာ စင်ကာပူက ကားပေါင်း ၆၀၀၀ လောက်ကနေထွက်ရှိတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ပမာဏနဲ့ ညီမျှတယ်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဒီစီမံကိန်းဟာ စင်ကာပူရဲ့ အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ် ဓာတ်အားပေးစနစ်တစ်ခု ဖြစ်လာမှာဖြစ်ပြီး ကမ္ဘ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး ရေပေါ် ဓာတ်အားပေး စနစ်တွေမှာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ PUB ဟာ ဒီဓာတ်အားပေးစနစ်ကို ၂၀၁၆ ခုနှစ်က စတင်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

    PUB ၀န်ကြီး မာဆာဂွတ်စ် ဇူလ်ကီဖီက စီမံကိန်းကို တည်ဆောက်၊ အကောင်အထည်ဖော်ဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီတင်ဒါကို မကြာခင် ခေါ်ယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီ နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစနစ်ကနေ ထွက်ရှိလာတဲ့ ဓာတ်အားတွေကို PUB ရဲ့ ရေပေးဝေရေးလုပ်ငန်းတွေမှာ သုံးစွဲမှာဖြစ်ပြီး လက်ရှိ အသုံးပြုနေတဲ့ စွမ်းအင်ရဲ့ ၇ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

    စင်ကာပူဟာ နိုင်ငံရဲ့ အခြားရေစုကန်တွေမှာလည်း နေစွမ်းအင်သုံး ရေပေါ်ဓာတ်အားပေးစနစ်တွေကို တိုးချဲ့တပ်ဆင်သွားဖို့ ရှိနေပါတယ်။

    Ref: CNA