News @ M-Media

Blog

  • ပြည်သူမကြိုက်သည့်အတွက် ဆူဒန် စစ်အာဏာသိမ်းခေါင်းဆောင် ၂၄ နာရီအတွင်း နှုတ်ထွက်

    ပြည်သူမကြိုက်သည့်အတွက် ဆူဒန် စစ်အာဏာသိမ်းခေါင်းဆောင် ၂၄ နာရီအတွင်း နှုတ်ထွက်

    ဧပြီ ၁၃၊ ၂၀၁၉
    M-Media

    – ဆူဒန်အာဏာရှင် အိုမာရ် အလ်-ဘရှီးရ်ကို ဖြုတ်ချပြီး စစ်ကောင်စီ အကြီးအကဲအဖြစ် တက်လာတဲ့ စစ်ခေါင်းဆောင် အောင်ဝဒ် အစ်ဗနေ့ အောက်ဖ်ဟာ ၂၄ နာရီအတွင်းမှာပဲ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပြီး တိုင်းပြည်အကျိုးအတွက် ဒီလိုဆောင်ရွက်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆူဒန်ပြည်သူတွေဟာ ဘရှီးရှ်နှုတ်ထွက်ပေးရေး ၅ လနီးပါးကြာ ဆန္ဒပြခဲ့ပြီးတဲ့နောက်ပိုင်း ကြာသာပတေးနေ့မှာ အောက်ဖ်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းကာ ဘရှီးရ်ကို ဖမ်းဆီး အကျဉ်းချခဲ့ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရပ်ဆိုင်းကာ ၂ နှစ်တာ အသွင်ကူးပြောင်းရေး ကာလ သတ်မှတ်ပြီး တိုင်းပြည်ကို စစ်ကောင်စီက အုပ်ချုပ်သွားမယ်လို့ အောက်ဖ်က ရုပ်သံကနေ တိုင်းပြည်ကို ပြောကြားခဲ့ပါတယ်။

    ပြည်သူတွေက အောက်ဖ်ဦးဆောင်တဲ့ စစ်ကောင်စီကို ဆက်လက်ဆန္ဒပြနေကြတာကြောင့် ၂၄ နာရီမပြည့်ခင်မှာပဲ အောက်ဖ်ဟာ စစ်ကောင်စီ အကြီးအကဲအဖြစ်ကနေ နှုတ်ထွက်ကြောင်း ကြေငြာခဲ့ပါတယ်။

    “စစ်ကောင်စီ အကြီးအကဲဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ရာထူးကနေ နှုတ်ထွက်ကြောင်း ကြေငြာလိုပါတယ်။ ဒါဟာ တိုင်းပြည်ကို ထိခိုက်စေနိုင်တဲ့ ကိုယ်ကျိုးထက် တိုင်းပြည်ကောင်းကျိုးအတွက် ဆောင်ရွက်တာပါ။ ခင်ဗျားတို့အားလုံး ပူးပေါင်းဆောင်ရွက်ပြီး အဖြေတစ်ခုကို လျင်လျင်မြန်မြန်နဲ့ ရှာဖွေဖို့ အကြံပြုလိုပါတယ်”

    စစ်ကောင်စီ အကြီးအကဲနေရာအတွက် ဒုတိယဗိုလ်ချုပ်ကြီး အဘ်ဒဲလ် ဖာတာ ဘူရ်ဟန်ကို အောက်ဖ်က ခန့်အပ်ခဲ့ပြီး ဘူရ်ဟန်ဟာ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းကြောင်းနိုင်မယ်ဆိုတာ ယုံကြည်ကြောင်း၊ စစ်တပ်အတွင်း ညီညွတ်ရေးအတွက် အခုလို နှုတ်ထွက်ခဲ့တာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဘူရ်ဟန်ဟာ စစ်ဦးစီး အရာရှိချုပ်နဲ့ ကြည်းတပ် အကြီးအကဲအဖြစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဘရှီးရ်ရဲ့ တာဝန်ပေးခြင်းကို ခံခဲ့ရသူပါ။ ဒါပေမယ့် ဘရှီးရ်အစိုးရနဲ့ ဆူဒန်စစ်တပ်မှာ အစွန်းအထင်း အကင်းဆုံးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဆန္ဒပြပြည်သူတွေနဲ့ ဆက်ဆံရေး အဆင်ပြေဆုံးသူလည်း ဖြစ်ပါတယ်။

    နိုင်ငံအနောက်မြောက်ပိုင်း ဒါဖာရ်ဒေသမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှုအတွင်း ဘရှီးရ်၊ အောက်ဖ်တို့အပါအ၀င် ဆူဒန်အစိုးရနဲ့ စစ်တပ်က တာဝန်ရှိသူတွေဟာ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။

    Ref: Aljazeera

  • တရုတ်နှင့်လုပ်မည့် စီမံကိန်းတစ်ခုတွင် ရင်းဂစ် ၂ ဘီလီယံကျော်သက်သာအောင် မလေးရှားဆောင်ရွက်နိုင်

    တရုတ်နှင့်လုပ်မည့် စီမံကိန်းတစ်ခုတွင် ရင်းဂစ် ၂ ဘီလီယံကျော်သက်သာအောင် မလေးရှားဆောင်ရွက်နိုင်

    ဧပြီ ၁၂၊ ၂၀၁၉
    M-Media

    – အရှေ့ကမ်းရိုးတန်း ရထားလိုင်းစီမံကိန်း ECRL အတွက် တရုတ်နဲ့ မူလသဘောတူထားတဲ့ တန်ဖိုးထက် ၃၂ ရာခိုင်နှုန်းလောက် လျှော့ချကာ စာချုပ်ပြန်ချုပ်နိုင်ခဲ့တယ်လို့ မလေးရှားက ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုလုက်ပါတယ်။

    မလေးရှားရဲ့ Malaysia Rail Link Sdn Bhd ကုမ္ပဏီနဲ့ တရုတ်ရဲ့ China Communications Construction ကုမ္ပဏီတို့ဟာ လပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက် ECRL စီမံကိန်းကို မလေးရှားရင်းဂစ် ၄၄ ဘီလီယံနဲ့ ဆောင်ရွက်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

    စီမံကိန်းကို မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် လက်ထက်မှာ ရင်းဂစ် ၆၆ ဘီလီယံနဲ့ စာချုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်သစ် မဟာသီက တန်ဖိုးဟာ လိုအပ်တာထက် ပိုမို များပြားနေတယ်လို့ ပြောကြားကာ စာချုပ်ကို ယာယီဆိုင်းငံ့ခဲ့ပါတယ်။

    “ECRL စီမံကိန်း အဆင့် ၁နဲ့ ၂ ကို ရင်းဂစ် ၄၄ ဘီလီယံ အကုန်အကျခံ ဆောက်လုပ်သွားမယ်လို့ ကြေငြာလိုပါတယ်။ ဒါဟာ မူလတန်ဖိုး ၆၅.၅ ဘီလီယံကနေ ၂၁.၅ ဘီလီယံ သက်သာသွားတာ ဖြစ်ပါတယ်။ ဒီလို သက်သာသွားတာဟာ မလေးရှားအတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီး တိုင်းပြည်ရဲ့ ဘဏ္ဍာရေး ၀န်ထုတ်ဝန်ပိုးကိုလည်း လျှော့ကျစေမှာ ဖြစ်ပါတယ်” လို့ မလေးရှား ၀န်ကြီးချုပ်ရုံးက ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီစီမံကိန်းရဲ့ အသေးစိတ်အချက်အလက်တွေကို လာမယ့် တနင်္လာနေ့မှာ ၀န်ကြီးချုပ် မဟာသီကိုယ်တိုင် သတင်းစာရှင်းလင်းဖို့ ရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း တွန်ဒါအင် ဇိုင်နွတ်ဒင်က သက်သာသွားတဲ့ ငွေကြေးပမာဏဟာ နာမည်ကျော် Petronas Twin Towers နှစ်ခုလောက် ဆောက်လုပ်လို့ရတဲ့ ငွေကြေးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စုစုပေါင်း ၆၈၈ ကီလိုမီတာအရှည်ရှိမယ့် ဒီရထားလမ်စီမံကိန်း ပထမအဆင့်မှာ ကလန်းဗယ်လီကနေ ကွမ်တန်မြို့အထိ ဖောက်လုပ်မှာဖြစ်ပြီး ဒုတိယအဆင့်မှာတော့ ကွမ်တန်ကနေ ကွာလာ တရန်ဂါနူအထိ ဖောက်လုပ်မှာ ဖြစ်ပါတယ်။ တတိယအဆင့်မှာတော့ ကွာလာ တရန်ဂါနူကနေက ကိုတာဘရူးအထိ ဖောက်လုပ်မှာ ဖြစ်ပါတယ်။

    Ref: The Star

  • ဆီးရီးယားရှိ အီရတ်ဒုက္ခသည် ၃ သောင်းကျော် ပြည်တော်ပြန်မည်

    ဆီးရီးယားရှိ အီရတ်ဒုက္ခသည် ၃ သောင်းကျော် ပြည်တော်ပြန်မည်

    ဧပြီ ၁၂၊ ၂၀၁၉
    M-Media

    – စစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ အီရတ်ပြည် ၃ သောင်းကျော်လောက် ပြည်တော်ပြန်ဖို့ အီရတ်အစိုးရနဲ့ သဘောတူညီချက်ရပြီလို့ ဆီးရီးယားမှာရှိတဲ့ ကာ့ဒ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    အီရတ်နိုင်ငံမြောက်ပိုင်းက နိုက်နီဗာဟ်နဲ့ ဆာလာဟက်ဒင် ပြည်နယ်တွေမှာ IS အကြမ်းဖက်အဖွဲ့ ကြီးစိုးချိန် အီရတ်ပြည်သူတော်တော်များများဟာ ဆီးရီးယားဖက် ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

    ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက ကာ့ဒ်ဒေသကို အုပ်ချုပ်နေတဲ့ ကာ့ဒ်အစိုးရအဖွဲ့ တာဝန်ရှိသူ မဟ်မူးဒ်ကီရိုက အီရတ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေသကို လာရောက်ကြည့်ရှုကာ အီရတ်ပြည်သူ ၃၁၀၀၀ ပြည်တော်ပြန်ရေး သဘောတူညီခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လက်ရှိအချိန်မှာ လူ ၄ ထောင်လောက် စာရင်းပေးပြီးပါပြီ။ အီရတ်အစိုးရက နယ်စပ်ဖွင့်တဲ့အချိန်ကို စောင့်နေတာပါ”

    ဆီးရီးယားမှာမွေးပြီး အီရတ်နိုင်ငံက ထုတ်ပေးတဲ့ အထောက်အထား မရှိသူတွေအတွက် အဖြေတစ်ခုရှာဖို့ အီရတ်အစိုးရကို တောင်းဆိုထားတယ်လို့လည်း ကီရိုက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လက်ရှိ ပြည်တော်ပြန်မယ့်သူတွေထဲမှာ SDF ထံ လက်နက်ချတဲ့၊ ဒါမှမဟုတ် ထွက်ပြေးရင်း အဖမ်းခံရတဲ့ IS အကြမ်းဖက်သမားတွေ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် IS အဖွဲ့ဝင်တွေအပါအ၀င် အီရတ်နိုင်ငံသားအားလုံးကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် အီရတ်အစိုးရကို ပြောဆိုထားတယ်လို့ ကီရိုက ဆိုပါတယ်။

    အီရတ်အစိုးရ တာဝန်ရှိသူတစ်ဦးက ဆီးရီးယားမှာ ခိုလှုံနေတဲ့ သောင်းနဲ့ချီတဲ့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်သွားမယ်လို့ အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ပြန်တော်ပြန်လာတဲ့သူတွေကို နိုင်ငံအနောက်မြောက်ပိုင်း ဆင်ဂျာဒေသမှာ ယာယီနေရာပေးထားဖို့ အီရတ်အစိုးရက စီစဉ်ထားပါတယ်။

    အီရတ်ဟာ IS အကြမ်းဖက်အဖွဲ့ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပြီး၊ ဆီးရီးယားကတော့ ပြီးခဲ့တဲ့လမှာ အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့ပါတယ်။

    Ref: Arab News

  • လူသားဦးနှောက်မျိုးစိတ်ထည့်ထည့်ထားသည့် မျောက်များကို တရုတ်သိပ္ပံပညာရှင်များ ဖန်တီး

    လူသားဦးနှောက်မျိုးစိတ်ထည့်ထည့်ထားသည့် မျောက်များကို တရုတ်သိပ္ပံပညာရှင်များ ဖန်တီး

    ဧပြီ ၁၂၊ ၂၀၁၉
    M-Media

    – မျောက်တွေကို လူ့ဦးနှောက် ဗီဇမျိုးစိတ်တစ်ခု ထည့်သွင်းပေးရာမှာ မှတ်ဉာဏ်စွမ်းအားတွေ၊ တုန့်ပြန်မှုတွေ ပိုမိုတိုးတက်လာတယ်လို့ တရုတ်သိပ္ပံပညာရှင်တွေရဲ့ သုတေသနတစ်ခုမှာ တွေ့ရပါတယ်။

    လူသားတွေရဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုကို ဆန်းစစ်လေ့လာတဲ့ အဲဒီသုတေသနကို တရုတ်သိပ္ပံအကယ်ဒမီရဲ့ ကူမင်းသတ္တဗေဒအသင်းက ပညာရှင်တွေဟာ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်က သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။

    လူ့ဦးနှောက် ဖွံ့ဖြိုးရေးအတွက် အရေးပါတယ်လို့ ယူဆရတဲ့ MCPH1 ဗီဇကို Rhesus မျောက် ၁၁ ကောင်မှာ ထည့်သွင်းခဲ့ရာမှာ အဲဒီမျောက်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ လူသားတွေမှာလို ကြာရှည်တာကို တွေ့ခဲ့ရပါတယ်။ ဒီမျောက်တွေဟာ သာမန်မျောက်တွေနဲ့ယှဉ်ရင် ရေတိုမှတ်ဉာဏ်နဲ့ တုန့်ပြန်နိုင်စွမ်းတွေလည်း တိုးတက်လာပါတယ်။ ဒါပေမယ့် လူသားတွေလို ဦးနှောက်ကြီးထွားလာတာတော့ မရှိပါဘူး။

    တရုတ်နိုင်ငံက ဇီဝဆေးပညာ စမ်းသပ်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဒီစမ်းသပ်မှုနဲ့ပတ်သက်လို့ ကျင့်ဝတ်ဆိုင်ရာ ဝေဖန်ထောက်ပြမှုတွေ ရှိနေကာ၊ နာမည်ကျော် Planet of the Apes ရုပ်ရှင်ဇာတ်ကားအတိုင်း လိုက်လံလုပ်ဆောင်မှုသာဖြစ်တယ်လို့ ပြောကြားမှုလည်း ရှိနေပါတယ်။

    သုတေသနရလဒ်ကို ဘေဂျင်းအခြေစိုက် National Science Review ဂျာနယ်မှာ ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။

    “လူသားတွေ ထူးခြားထက်မြက်အောင် လုပ်ပေးတဲ့ တကယ့်အရာက ဘာလဲဆိုတဲ့ မေးခွန်းတွေကို ခြေခြေမြစ်မြစ် အဖြေပေးနိုင်ဖို့အတွက် မျိုးစပ်ထားတဲ့ လူမဟုတ်တဲ့ ပရိုင်းမိတ်တွေဟာ အလားအလာတစ်ခုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ တွေ့ရှိချက်တွက ဖော်ပြနေပါတယ်” လို့ ဂျာနယ်က ဆောင်းပါမှာ ရေးသားခဲ့ပါတယ်။

    သိပ္ပံပညာရှင်တွေက ကြွက်လိုသတ္တ၀ါတွေအစား လူသားရဲ့မျိုးရိုးဗီဇနဲ့ ပိုမိုနီးစပ်တဲ့ မျောက်တွေမှာ ဒီစမ်းသပ်မှုကို လုပ်ဆောင်ခြင်းက ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်မှုတွေကို လျှော့ကျစေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

    အခုနှစ်ဇန်န၀ါရီလမှာ တရုတ်သိပ္ပံပညာရှင်တွေဟာ အိပ်စက်ခြင်း မူမမှန်အောင် တမင်ဖန်တီးထားတဲ့ မျိုးရိုးဗီဇတစ်ခုကနေ ပုံတူမျောက် ၅ ကောင်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်စိတ်များပြားမှုတို့လို စိတ်ရောဂါတွေဖြစ်အောင် ဖန်တီးထားတဲ့ အဲဒီမျောက်တွေဟာ လူသားတွေ ခံစားရတဲ့ စိတ်ရောဂါတွေကို ကုသနိုင်ရေး စမ်းသပ်ဖို့ ဖြစ်တယ်လို့ တရုတ်သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်ကလည်း တရုတ်သိပ္ပံပညာရှင် ဟီဂျင်ကွေဟာ ကမ္ဘာ့သိပ္ပံလောကကို တုန်လှုပ်စေမယ့် စမ်းသပ်မှုတစ်ခုကို ထုတ်ပြခဲ့ပါတယ်။ ဒါကတာ့ HIV ပိုး ကူးစက်နိုင်မှုမရှိအောင် ဖန်တီးပြုပြင်ထားတဲ့ မျိုးရိုးဗီဇကနေ အမြွှာညီအစ်မနှစ်ဦး အောင်မြင်စွာ မွေးဖွားနိုင်တာပဲ ဖြစ်ပါတယ်။

    Ref: CNA

  • ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ကို ပထမဆုံးအကြိမ် သန့်ရှင်းရေးလုပ်မည်

    ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ကို ပထမဆုံးအကြိမ် သန့်ရှင်းရေးလုပ်မည်

    ဧပြီ ၁၂၊ ၂၀၁၉
    M-Media

    ဧ၀ရက်တောင်မြင်ကွင်း

    – ကမ္ဘာ့အမြင့်ဆုံ ဧ၀ရက်တောင်ပေါ်က အမှိုက်တွေကို ရှင်းလင်းဖို့နဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို တောင်အောက် ပြန်လည်ယူဆောင်လာဖို့အတွက်
    အဖွဲ့တစ်ခုကို စေလွှတ်သွားမယ်လို့ နီပေါအာဏာပိုင်တွေက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ တောင်တက်စီးပွားရေး နောက်ဆက်တွဲအဖြစ် ဧ၀ရက်တောင်ပေါ်မှာ အမှိုက်ပုံကြီးသဖွယ် ဖြစ်လာနေပါတယ်။ တောင်တက်လမ်းတစ်လျှောက်မှာ ရွက်ဖျင်တဲ အစနတွေ၊ စွန့်ပစ်ထားတဲ့ တောင်တက်ပစ္စည်းတွေ၊ အောက်ဆီဂျင် ဘူးအလွတ်တွေလို ပစ္စည်းတွေတင်မကဘဲ၊ လူ့အညစ်အကြေးတွေပါ ရှိနေတာ ဖြစ်ပါတယ်။

    တောင်တက်တဲ့အခါ အမှိုက်ခွန် ကန်ဒေါ်လာ ၄၀၀၀ ထားရှိပြီး၊ တောင်တက်သမားတစ်ယောက်ဟာ တောင်ပေါ်ကနေ ဆင်းလာတဲ့အချိန် အမှိုက် ၈ ကီလို ပြန်သယ်လာမှ ဒီငွေကို ပြန်ပေးတဲ့စနစ်ကို လွန်ခဲ့တဲ့ ၆ နှစ်ကနေစတင်ကာ နီပေါအစိုးရက ကျင့်သုံးခဲ့ပေမယ့် တောင်တက်သမား ထက်ဝက်လောက်သာ အမှိုက်တွေကို ပြန်သယ်လာကြပါတယ်။

    “ဧ၀ရက်တောင်အတွက် ကျွန်တော်တို့ ဂုဏ်ယူကြပေမယ့် သန့်ရှင်းရေး မလုပ်ဘူးလို့ စွပ်စွဲခံရပါတယ်။ အခုတော့ ဒီတောင်ကြီးကို အတူတကွ ရှင်းလင်းသွားမှာ ဖြစ်ပါတယ်” လို့ နီပေါ ခရီးသွားလာရေးဦးစီးဌာန အကြီးအကဲ ဒန်ဒူ ရာ့ဂ်ျ ဂီမီရီက ပြောကြားခဲ့ပါတယ်။

    ဧ၀ရက်တောင် သန့်ရှင်းရေးအဖွဲ့မှာ အစိုးရ အဖွဲ့အစည်းတွေ၊ တောင်တက်အဖွဲ့တွေ၊ စစ်တပ်နဲ့ ဒေသခံ အဖွဲ့အစည်းတွေလည်း ပါဝင်ကြမှာ ဖြစ်ပါတယ်။ ၁၄ ဦးပါဝင်မယ့် အဲဒီအဖွဲ့ကို ဧပြီလ ၂၅ ရက်နေ့မှာ တောင်ပေါ်ကို စေလွှတ်မှာဖြစ်ပြီး၊ ၁၅ ရက်တာကာလအတွင်း အမှိုက်ပေါင်း ၁၁ တန်လောက် ရှင်းလင်းနိုင်ဖို့ မျှော်မှန်းထားပါတယ်။

    တောင်တက်သမားတွေ၊ တောင်ပေါ်မှာ အလုပ်လုပ်နေသူတွေအနေနဲ့ အမှိုက်တွေကို ပြန်သယ်လာရင် မုန့်ဖိုးပေးမယ့်အစီအစဉ်ကိုလည်း နီပေါအစိုးရက ဆောင်ရွက်ထားပါတယ်။ အမှိုက်တွေထဲက ပြန်လည်အသုံးပြုလို့ရတဲ့ အရာတွေကိုတော့ မြို့တော် ခတ္တာမန်ဒူကို လေယာဉ်နဲ့ သယ်ဆောင်မှာ ဖြစ်ပါတယ်။

    ‘နီပေါတောင်တက်အသင်း’ က တာဝန်ရှိသူ ဆန်တာ ဘီရ် ရှာရ်ပါက အခု အမှိုက်ရှင်းမယ့်အစီအစဉ်ဟာ နီပေါအစိုးရက ပထမဆုံးအကြိမ် ဆောင်ရွက်တာဖြစ်ပြီး နှစ်စဉ် ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ နှစ်က အက်ဒ်မွန် ဟီလာရီနဲ့ တန်ဇင်နော်ဂေးတို့ ပထမဆုံးအကြိမ် ဧ၀ရက်တောင်ထိပ်ကို တက်ရောက်ခဲ့ပြီးနောက်ပိုင်း ယနေ့အချိန်အထိ လူပေါင်း ၄၀၀၀ ကျော်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ရဲ့ ထိပ်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က တောင်တက်သမား ၈၀၇ ဦး ဧ၀ရက်တောင်ထိပ် ရောက်ရှိခဲ့ပြီး တစ်နှစ်တာအတွင်း စံချိန်တင်ပမာဏ ဖြစ်ပါတယ်။

    ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဧ၀ရက်တောင်က နှင်းခဲတွေ အရည်ပျော်ကျလာခဲ့ပြီး နှင်းခဲတွေအောက်မှာ ရှိနေတဲ့ အမှိုက်တွေ၊ လူသေရုပ်အလောင်းတွေလည်း ပေါ်လာပါတယ်။ ဧ၀ရက်တောင်ရဲ့ တိဘက်ဖက်အခြမ်းက တောင်ခြေစခန်းကို တောင်တက်သမား မဟုတ်တဲ့သူတွေ မလာဖို့ တရုတ်က ပြီးခဲ့တဲ့နှစ်မှာ တားမြစ်ခဲ့ပြီး ဧ၀ရက်တောင် သန့်ရှင်းရေးအတွက် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    တောင်ပေါ်မှာ ညစ်ညမ်းလာတာကြောင့် အဲဒီကနေစီဆင်းတဲ့ ရေတွေမှာ ညစ်ညမ်းမှုတွေ ရှိလာမှာကို သဘာဝပတ်ဝန်းကျင်သမားတွေကစိုးရိမ်နေကြပါတယ်။

    Ref: CNA