News @ M-Media

Blog

  • အာဏာရှင် ပြုတ်ကျသော်လည်း အသစ်တက်သည့် စစ်အစိုးရကို ဆူဒန်ပြည်သူများ ဆက်လက်ဆန့်ကျင်

    အာဏာရှင် ပြုတ်ကျသော်လည်း အသစ်တက်သည့် စစ်အစိုးရကို ဆူဒန်ပြည်သူများ ဆက်လက်ဆန့်ကျင်

    ဧပြီ ၁၂၊ ၂၀၁၉
    M-Media

    စစ်ကောင်စီကို ဦးဆောင်မည့် ဗိုလ်ချုပ်အောက်ဖ်

    – အာဏာရှင် အိုမာရ် အလ်-ဘရှီးရ်ကို ဖြုတ်ချခဲ့ပြီး စစ်ကောင်စီက ၂ နှစ်တာ အသွင်ကူးပြောင်းရေးကာလကို တာဝန်ယူသွားမယ်လို့ ဆူဒန်စစ်ခေါင်းဆောင်က မနေ့မှာ ကြေငြာလိုက်ပေမယ့် ဆူဒန်ပြည်သူတွေကတော့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

    သမ္မတအဖြစ် နှစ်ပေါင်း ၃၀ လောက် အာဏာကို ချုပ်ကိုင်ထားခဲ့တဲ့ အသက် ၇၅ နှစ်အရွယ် ဘရှီးရ်ပြုတ်ကျရေးအတွက် ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလောက်ကတည်းက ဆန္ဒပြမှုတွေ စတင်ခဲ့တာပါ။

    မနေ့မှာတော့ ဘရှီးရ်ကို စစ်တပ်က ဖြုတ်ချလိုက်ပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်းမှာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် အဟ်မဒ် အ၀ဒ် အစ်ဗနေ့ အောက်ဖ်က ရုပ်သံမိန့်ခွန်းမှာ အတည်ပြုခဲ့ပါတယ်။ အောက်ဖ်က တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်းလိုက်ပြီး၊ ညမထွက်ရအမိန့် တစ်လ ထုတ်ပြန်လိုက်ကြောင်း၊ ၂ နှစ်တာ အသွင်ကူးပြောင်းရေး ကာလအတွင်း တိုင်းပြည်ကို စစ်ကောင်စီက တာဝန်ယူ အုပ်ချုပ်သွားမှာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဘရှီးရ်ကိုတော့ စစ်တပ်က နေအိမ်အကျယ်ချုပ် ချထားပါတယ်။ ဗိုလ်ချုပ်အောက်ဖ်က မနေ့မှာ စစ်ကောင်စီရဲ့ အကြီးအကဲအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

    အာဏာရှင် ဘရှီးရ် ပြုတ်ကျသွားပြီဆိုတဲ့သတင်း ထွက်လာပြီးတဲ့နောက် လမ်းပေါ်ထွက် အောင်ပွဲခံခဲ့ကြတဲ့ ပြည်သူတွေက အောက်ဖ်ဦးဆောင်တဲ့ စစ်အုပ်ချုပ်ရေးစနစ်ကို လက်မခံဘဲ ထပ်မံ ဆန့်ကျင်ကာ အရပ်သားတွေဦးဆောင်တဲ့ အစိုးရတစ်ရပ် ဖြစ်လာရေး ဆက်လက်တောင်းဆိုနေပါတယ်။

    ဆန္ဒပြမှုကို ဦးဆောင်ခဲ့တဲ့ ဆူဒန် ပရော်ဖက်ရှင်နယ်များအသင်း SPA က စစ်ကောင်စီရဲ့ ကာဖျူးအမိန့်ကို ဆန့်ကျင်ကာ မြို့တော် ခါတွန်က ကာကွယ်ဝန်ကြီးဌာနအဆောက်အဦးရှေ့မှာ ထိုင်သပိတ် ဆက်လက်လုပ်ဆောင်ကြဖို့ မနေ့က Twitter စာမျက်နှာမှာ ဆော်သြခဲ့ပါတယ်။

    “တော်လှန်ရေးကို ဆက်လက်စောင့်ထိန်းကြပါ။ ကာဖျူးကို လိုက်နာတာဟာ မျက်နှာဖုံးလဲအစိုးရကို အသိအမှတ်ပြုသလို ဖြစ်သွားမှာပါ”

    ပြည်သူတွေဟာ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အဦးရှေ့မှာ ဆိုင်းတွေ၊ ဗုံတွေနဲ့ ဆက်လက်ဆန္ဒပြနေကြပြီး ပြည်သူကို အခြေပြုတဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် အမြန်ဆုံးပေါ်ပေါက်လာရေး တောင်းဆိုနေကြပါတယ်။

    ဘရှီးရ်ဟာ ၁၉၈၉ ခုနှစ် အာဏာသိမ်းပွဲကနေ အာဏာရလာတာဖြစ်ပြီး စစ်ကောင်စီအကြီးအကဲအဖြစ် ဆောင်ရွက်မယ့် အောက်ဖ်ကိုလည်း လွန်ခဲ့တဲ့ ၆ ပတ်က သူကိုယ်တိုင် စစ်တပ်အကြီးအကဲနေရာကို ပေးခဲ့တာ ဖြစ်ပါတယ်။

    အောက်ဖ်ဟာ အရင်က စစ်ဦးစီးအရာရှိချုပ်၊ စစ်ဖက်ထောက်လှမ်းရေးနဲ့ လုံခြုံရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဆူဒန်နိုင်ငံအနောက်ပိုင်း ဒါဖာရ်ဒေသမှာ ၂၀၀၃ ခုနှစ်ကနေ စတင်ခဲ့တဲ့ ပဋိပက္ခအတွင်း လူပေါင်း ၃ သိန်းကျော် သေဆုံးမှုမှာ ဘရှီးရ်ကို စစ်ရာဇ၀တ်မှုကျူးလွန်သူအဖြစ် နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က သတ်မှတ်ခဲ့ပါတယ်။

    အဲဒီကိစ္စမှာ ပါဝင်မှုအတွက် အောက်ဖ်ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး အခြား ဆူဒန်တာဝန်ရှိသူ ၂ ဦးနဲ့အတူ ပိုင်ဆိုင်မှု သိမ်းဆည်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အောက်ဖ်ဟာ ၂၀၁၀ ခုနှစ်မှာ စစ်တပ်ကနေ အနားယူခဲ့ပြီး အီဂျစ်နဲ့ အိုမန်တို့မှာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဆူဒန်အစိုးရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ ဘရှီးရ်က သူ့ကို ပြန်ခေါ်ကာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ဆူဒန်အာဏာရှင် အိုမာရ် အလ်ဘရှီးရ် ရာထူးမှ ဖြုတ်ချခံရသည်ဟု သတင်းထွက်

    ဆူဒန်အာဏာရှင် အိုမာရ် အလ်ဘရှီးရ် ရာထူးမှ ဖြုတ်ချခံရသည်ဟု သတင်းထွက်

    ဧပြီ ၁၁၊ ၂၀၁၉
    M-Media

    ဆူဒန်အာဏာရှင် အိုမာရ် အလ်ဘရှီးရ်

    – ဆူဒန်နိုင်ငံကို နှစ်ပေါင်း ၃၀ လောက် အုပ်စိုးခဲ့တဲ့ အာဏာရှင် အိုမာရ်-အလ်ဘရှီးရ်ကို စစ်တပ်က ရာထူးကနေ ဖြုတ်ချလိုက်ပြီဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဆူဒန်ပြည်သူတွေကတော့ လမ်းပေါ်ကိုထွက်ကာ အောင်ပွဲခံမှုတွေ ပြုလုပ်နေပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ပေါင်မုန့်တွေ ဈေးတက်တာကို မကျေနပ်တာကနေစပြီး ဆူဒန်ပြည်သူတွေဟာ အာဏာရှင်ဘရှီးရ် ပြုတ်ကျရေးအတွက် အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ ဘရှီးရ်နေထိုင်ရာ သမ္မတနန်းတော်အရှေ့မှာ ထိုင်သပိတ်ပြုလုပ်မှုနဲ့အတူ ပြီးခဲ့တဲ့ ၅ ရက်မှာတော့ ဆန္ဒပြမှု အရှိန်ပိုမြင့်လာခဲ့ပြီး စစ်တပ်ကကြားဝင်တဲ့အထိ ဖြစ်ခဲ့တာပါ။

    ဒီကိစ္စနဲ့ပတ်သက်လို့ ဆူဒန်စစ်တပ်က ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ဖို့ ရှိနေပြီး တင့်ကားတစ်ချို့လည်း မြို့တာ် ခါသွန်ကို သွားရောက်မှုတွေ ရှိနေကြောင်း၊ မြို့တော်ရဲ့ လမ်းတွေပေါ်မှာ လုံခြုံရေး ထူထပ်စွာ ချထားကြောင်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။

    ဘရှီးရ်ကို ဖြုတ်ချလိုက်ပြီလို့ သတင်းထွက်လာပြီးနောက်ပိုင်း ဆူဒန်ပြည်သူတွေဟာ လမ်းပေါ်ထွက် အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရကို ဆက်ခံမယ့်သူဟာ စစ်အစိုးရမဖြစ်ရဘူးလို့ ဆန္ဒပြမှုကို ဦးဆောင်သူတွေက ပြောကြားမှုတွေ ရှိနေပါတယ်။

    ဆူဒန်ထောက်လှမ်းရေးက သူတို့ဟာ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်လိုက်ပြီလို့ ဒီကနေ့မနက်ပိုင်းက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

    အာဏာရှင် အိုမာရ် အလ်ဘရှီးရ် ပြုတ်ကျရေး ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအ၀င် စုစုပေါင်း ၄၉ ဦးသေဆုံးခဲ့တယ်လို့ ဆူဒန်အစိုးရ တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

    Ref: Aljazeera

  • WikiLeaks တည်ထောင်သူ ဂျူလီယန် အာဆန့်ဂ်ျကို ဗြိတိန် ဖမ်းဆီး

    WikiLeaks တည်ထောင်သူ ဂျူလီယန် အာဆန့်ဂ်ျကို ဗြိတိန် ဖမ်းဆီး

    ဧပြီ ၁၁၊ ၂၀၁၉
    M-Media

    – အာဖဂန်နစ္စတန်နဲ့ အီရတ်ကျူးကျော်စစ်က အချက်အလက်တွေအပါအ၀င် အမေရိကန်အစိုးရရဲ့ လျှို့ဝှက်ချက် တော်တော်များများကို ဖော်ထုတ်ခဲ့တဲ့ WikiLeaks ကို တည်ထောင်သူ ဂျူလီယန် အာဆန့်ဂ်ျကို လန်ဒန်ရဲတပ်ဖွဲ့က ဒီကနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

    အာဆန့်ဂ်ျဟာ ၂၀၁၂ ခုနှစ်ကတည်းကစလို့ လန်ဒန်မြို့က အီကွေဒေါသံရုံးမှာ ခိုလှုံခွင့်တောင်းကာ နေထိုင်နေတာဖြစ်ပြီး အီကွေဒေါအစိုးရက သူ့ရဲ့ ခိုလှုံခွင့်ကို ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် ဒီလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အီကွေဒေါသံရုံးက လန်ဒန်ရဲတပ်ဖွဲ့ကို ဒီကနေ့မှာ ၀င်ရောက်ခွင့် ပေးခဲ့ပြီး တပ်ဖွဲ့ဝင်တွေက အာဆန့်ဂ်ျကို ဆွဲထုတ်ကာ ရဲကားပေါ် တင်ဆောင်သွားပါတယ်။

    အီကွေဒေါသမ္မတ လီနင် မိုရီနိုက အာဆန့်ဂ်ျရဲ့ ရိုင်းစိုင်း၊ ရန်လိုတဲ့လုပ်ရပ်တွေ၊ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ နေ့စဉ် စည်းမျဉ်းစည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်မှု စတာတွေကြောင့် ခိုလှုံခွင့်ကို ရုပ်သိမ်းလိုက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သံတမန်ဆိုင်ရာ ခိုလှုံခွင့်ရပ်ဆိုင်းတာဟာ အီကွေဒေါရဲ့ လုပ်ပိုင်ခွင့်ဖြစ်ပြီး မိမိတို့အနေနဲ့ နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

    ဆွီဒင်က မုဒိမ်းမှုနဲ့ဖမ်းဆီးဖို့ ဆောင်ရွက်တဲ့အတွက် အာဆန့်ဂ်ျဟာ ၂၀၁၂ ခုနှစ်မှာ လန်ဒန်ကို ထွက်ပြေးလာကာ အီကွေဒေါသံရုံးမှာ ခိုလှုံခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုကို ဆွီဒင်က ပိတ်လိုက်ပေမယ့် ဗြိတိန်အာဏာပိုင်တွေက အာဆန့်ဂ်ျရဲ့ ထွက်ပြေးမှုဟာ အာမခံနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ရာရောက်တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗြိတိန်ဟာ အာဆန့်ဂ်ျကို အမေရိကန်ထံ လွှဲပြောင်းပေးဖွယ် ရှိနေပါတယ်။

    Ref: Aljazeera

  • သီလရှင်တစ်ပါးကို အကြိမ်ကြိမ်အဓမ္မကျင့်သည့် ကက်သလစ်ဘုန်းကြီးကို အိန္ဒိယက တရားစွဲ

    သီလရှင်တစ်ပါးကို အကြိမ်ကြိမ်အဓမ္မကျင့်သည့် ကက်သလစ်ဘုန်းကြီးကို အိန္ဒိယက တရားစွဲ

    ဧပြီ ၁၀၊ ၂၀၁၉
    M-Media

    မူလက်ကာလ်ကိစ္စအတွက် ပြည်သူများ ဆန္ဒပြမှု

    – သီလရှင်တစ်ပါးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်တယ်လို့ သတင်းတွေထွက်နေတဲ့ ခရစ်ယာန်ကက်သလစ် ဂိုဏ်းအုပ် ဘုန်းတော်ကြီး တစ်ပါးကို အိန္ဒိယအာဏာပိုင်တွေက တရားစွဲဆိုလိုက်ပါတယ်။

    ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖရန်ကို မူလက်ကာလ်ဟာ နိုင်ငံ အနောက်တောင်ပိုင်း ကီရာလာပြည်နယ်က ဘုရားကျောင်းရဲ့ ဧည့်ဆောင်မှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း သီလရှင်တစ်ပါးကို ၁၃ ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က မူလက်ကာလ်ကို တရားစွဲဖို့အတွက် ကာဒီနယ်တစ်ပါး၊ ဂိုဏ်အုပ်ဘုန်းကြီး ၃ ပါး၊ ဘုန်းကြီး ၁၁ ပါးနဲ့ သီလရှင် ၂၅ ပါး အပါအ၀င် မျက်မြင်သက်သေ ၈၈ ဦးထံက ထွက်ချက်တွေ ယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆေးစစ်ချက်အရလည်း အဲဒီသီလရှင်ဟာ အဓမ္မပြုကျင့်ခံရတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

    ဒီကျူးလွန်မှုကို ရဲတွေက ဖုံးကွယ်ပေးထားတယ်လို့ဆိုကာ ပြည်သူလူထုက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ မူလက်ကာလ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တစ်လအကြာမှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

    မူလက်ကာလ်ဟာ နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က ဂျာလန်ဟာက ဂိုဏ်းအုပ်ဘုန်းကြီးဖြစ်ပြီး သာသနာနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေအတွက် ကီရာလာပြည်နယ်ကို မကြခဏ သွားရတယ်လို့ သူ့သာသနာ့နယ်ရဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    အိန္ဒိယာမှာ ခရစ်ယာန်ဘာသာဝင်ဟာ လူနည်းစုဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၂.၃ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကီရာလာပြည်နယ်က ခရစ်ယာန်ဘာသာဝင် အများစုရှိရာဒေသ ဖြစ်ပါတယ်။

    Ref: CNN

  • စင်ကာပူ၌ ယခုနှစ်အတွင်း မိုးပျံတက္ကဆီ စတင်စမ်းသပ် အသုံးပြုမည်

    စင်ကာပူ၌ ယခုနှစ်အတွင်း မိုးပျံတက္ကဆီ စတင်စမ်းသပ် အသုံးပြုမည်

    ဧပြီ ၁၀၊ ၂၀၁၉
    M-Media

    အသုံးပြုမည့်ယာဉ် (Photo Credit – CNA)

    – ပထမဆုံး မိုးပျံတက္ကှဆီကို အခုနှစ်အတွင်း စမ်းသပ်ပြေးဆွဲသွားမယ်လို့ စင်ကာပူ အရပ်ဖက် လေကြောင်းအာဏာပိုင်အဖွဲ့ CAAS က မနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ဂျာမနီကုမ္ပဏီ Volocopter နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အဲဒီ စမ်းသပ်မှုကို နိုင်ငံတောင်ပိုင်းမှာ ပြုလုပ်မှာဖြစ်တယ်လို့ CAAS ဒုတိယညွှန်ကြားရေးမှူး တန်ချွန်ဝေက ပြောကြားခဲ့ပါတယ်။

    “ပထမဆုံးအဆင့်အနေနဲ့ စမ်းသပ်မှုလောက်ပဲ ဖြစ်မှာပါ။ ရေပေါ်မှာလည်း ဖြတ်ပျံဖို့ရှိပြီး အဲဒီလို ပျံတဲ့နေရာမှာ အများပြည်သူအတွက် အန္တရာယ်မဖြစ်စေဖို့ ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတွေကို Volocopter နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်”

    Volocopter စီအီးအို ဖလော်ရီရန် ရောက်တာက စမ်းသပ်မှုကို အခုနှစ် ဒုတိယနှစ်ဝက်အစမှာ ပြုလုပ်မယ်လို့ ပြောပါတယ်။ အသုံးပြုမယ့်ယာဉ်တွေ၊ စက်ပြင်အဖွဲ့ကိုတွေကို စင်ကာပူ ပို့ဆောင်တာ၊ ယာဉ်တွေထားဖို့နေရာ စီမံတာတွေဟာ အချိန်ယူရမှာ ဖြစ်တာကြောင့် အများပြည်သူ အမှန်တကယ်အသုံးပြုနိုင်ဖို့အတွက် နောက်ထပ် လအနည်းငယ်လောက် စောင့်ရဖို့ ရှိနေပါတယ်။

    Volocopter မိုးပျံတက္ကဆီဟာ လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း သာမန် ကားငှားစီးတဲ့ စားရိတ်လောက်အထိ သက်သာသွားမယ်လို့ မျှော်လင့်ကြောင်း ရောက်တာက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    အဲဒီယာဉ်ကို ဖိုက်ဘာအသားနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အလေးချိန် ၄၅၀ ကီလိုဂရမ်ရှိပါတယ်။ ဒေါင်လိုက်ပျံတက်တာ၊ ဆင်းသက်တာ လုပ်နိုင်မှာဖြစ်သလို ခရီးသည် ၂ ယောက်တင်ဆောင်ကာ ကီလိုမီတာ ၃၀ အကွာအဝေးအထိ ပျံသန်းနိုင်မှာပါ။ Volocopter ဟာ ရဟတ်ယာဉ်နဲ့ ဆင်တူပေမယ့် ဒရုန်းနည်းပညာကို အခြေခံထားပါတယ်။ လေယာဉ်မှူးနဲ့ မောင်းနိုင်သလို အဝေးထိန်းစနစ်နဲ့လည်း မောင်းနှင်နိုင်ပါတယ်။

    ရောက်တာက စင်ကာပူမှာ Volocopter ယာဉ်တွေကို ခရီးသည်ပို့ဆောင်ရေးအတွက်သာ မကဘဲ အခြားကိစ္စတွေအတွက် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: CNA