News @ M-Media

Blog

  • ၂၀၃၃ တွင် အင်္ဂါဂြိုဟ်ကို လူသားခြေချနိုင်ရန် နာဆာ စီစဉ်

    ၂၀၃၃ တွင် အင်္ဂါဂြိုဟ်ကို လူသားခြေချနိုင်ရန် နာဆာ စီစဉ်

    ဧပြီ ၇၊ ၂၀၁၉
    M-Media

    – ၂၀၃၃ ခုနှစ်ရောက်ရင် အင်္ဂါဂြိုဟ်ကို အာကာသယာဉ်မှူးတွေ ခြေချနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ နာဆာက ပြောကြားလိုက်ပါတယ်။

    နာဆာဟာ လကမ္ဘ္ဘာကို ၂၀၂၄ ခုနှစ်မှာ နောက်ထပ်တစ်ကြိမ် လူလွှတ်နိုင်ဖို့ စီစဉ်ထားပြီး ဒီခရီးစဉ်ဟာ အင်္ဂါဂြိုဟ်ကို သွားရောက်နိုင်ရေး ရှေ့ပြေးအစီအစဉ်လည်း ဖြစ်ပါတယ်။

    “(၂၀၂၄ မှာ) လကမ္ဘာကို လူလွှတ်မယ့်အစီအစဉ်ကို အရှိန်မြှင့်ဆောင်ရွက်ခြင်းအားဖြင့် အင်္ဂါဂြိုဟ်ကို လူလွှတ်မယ့် အစီအစဉ်ကိုလည်း အရှိန်မြှင့်နိုင်မှာပါ။ အခြားကမ္ဘာတစ်ခုမှာ ဘယ်လို နေထိုင်လုပ်ကိုင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သင်ယူဖို့ လိုအပ်ပါတယ်။ အဲဒီလို လုပ်နိုင်စွမ်းတွေ နည်းပညာတွေကို စမ်းသပ်ဖို့အတွက် လကမ္ဘာဟာ အကောင်းဆုံး နေရာတစ်ခုပါ။ သိပ်မကြာခင်မှာ ဒီရည်မှန်းချက် အောင်မြင်ပြီး အင်္ဂါဂြိုဟ်ကို သွားနိုင်မှာပါ” လို့ နာဆာအကြီးအကဲ ဂျင်မ်
    ဘရီဒန်စတိုင်းက ပြီးခဲ့တဲ့တစ်ပတ် လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    ၂၀၂၄ ခုနှစ်မှာ လမ္ဘာကိုသွားတဲ့လူတွေဟာ ၂၀၂၈ ခုနှစ်မှာ ကမ္ဘာကို ပြန်လာနိုင်ဖို့ နာဆာက စီစဉ်ထားပါတယ်။ ဒါပေမယ့် အဲဒီခရီးစဉ်မှာ အသုံးပြုဖို့ ဘိုးအင်းက တည်ဆောက်နေတဲ့ SLS ဒုံးပျံလွှတ်တင်မှုစနစ်ဟာ မပြီးစီးသေးဘဲ ကြန့်ကြာမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

    နာဆာဟာ SLS စနစ်အတွက် ကန်ဒေါ်လာ ၁၁.၉ ဘီလီယံ သုံးစွဲထားပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ အဆင်သင့်ဖြစ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ဖြစ်မလာခဲ့ဘဲ ၂၀၂၄ ခုနှစ်မှာ လပေါ်ကိုသွားမယ့်ကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Space Policy Directive 1 လို့ခေါ်တဲ့ အမိန့်တစ်ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်ဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လပေါ်ကို လူစေလွှတ်ဖို့နဲ့ အခြားဂြိုဟ်တွကို ခြေဆန့်ရာမှာ လကို ခရီးတစ်ထောက်စခန်းအဖြစ် အသုံးပြုနိုင်အောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

    ဘရီဒန်စတိုင်းက အခြားဂြိုဟ်တွေမှာ သက်ရှိတွေရှာဖွေရေးဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာဂြိုဟ်နဲ့ အင်္ဂါဂြိုဟ်ဟာ ၂၆ လမှာတစ်ကြိမ် နေရဲ့တစ်ဖက် တူညီတဲ့အခြမ်းကို ရောက်ရှိကြပြီး အဲဒီကာလက အင်္ဂါဂြိုဟ်ကိုသွားရောက်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ နာဆာရဲ့ ပြောရေးဆိုခွင့်ရှိသူ ချာရိုင် ၀ါနာရ်က ပြောပါတယ်။ ကမ္ဘာကနေ မိုင်ပေါင်း ၃၃ သန်း ဝေးတဲ့ အင်္ဂါဂြိုဟ်ခရီးစဉ်ဟာ သွားတဲ့အချိန်ကာလအပေါ် မူတည်ပြီး ၆ လကနေ ၉ လအထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

    နာဆာဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း အင်္ဂါဂြိုဟ်ကို လူမပါတဲ့ စက်ရုပ်ယာဉ်ငယ်ပေါင်း ၈ ခု စေလွှတ်လေ့လာခဲ့ပြီး အင်္ဂါဂြိုဟ်ကို ယာဉ်တွေစေလွှတ်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

    Ref: CNN

  • အစ္စရေးဖက်က စိုးရိမ်မှုမရှိအောင် အာရပ်များက လုပ်ပေးရမည်ဟု အိုမန်ပြော

    အစ္စရေးဖက်က စိုးရိမ်မှုမရှိအောင် အာရပ်များက လုပ်ပေးရမည်ဟု အိုမန်ပြော

    ဧပြီ ၇၊ ၂၀၁၉
    M-Media

    ပြီးခဲ့သည့်နှစ်က အစ္စရေးဝန်ကြီးချုပ်နှင့် အိုမန်ဘုရင်တို့ တွေ့ဆုံမှု

    – အစ္စရေးဟာ သူ့ရဲ့အနာဂတ်အတွက် ကြောက်ရွံ့မှုမရှိအောင် အာရပ်နိုင်ငံတွေက လုပ်ပေးဖို့ လိုအပ်တယ်လို့ အိုမန် နိုင်ငံခြားရေးဆိုင်ရာ တာဝန်ရှိသူ ယူစွဖ် ဘင် အေလာဝီ ဘင် အဘ်ဒူလာက ပြောကြားလိုက်ပြီး ဂျော်ဒန်ကတော့ ဒီပြောကြားချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

    “အနောက်နိုင်ငံတွေက အစ္စရေးကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးတွေမှာ ကျောထောက်နောက်ခံ ပြုပေးထားတဲ့အတွက် အစ္စရေးဟာ အာဏာပါဝါအားလုံးကို ကိုင်ထားနိုင်တယ်။ ဒါပေမယ့် ပတ်ပတ်လည် သန်း ၄၀၀ သော အာရပ်တွေကြားထဲမှာ နေရတာကြောင့် အနာဂတ်အတွက် ကြောက်ရွံ့မှုတွေ ရှိနေပါတယ်” လို့ စနေနေ့ ဂျော်ဒန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ‘ကမ္ဘာ့စီးပွားရေးဖိုရမ်’ က ပထ၀ီနိုင်ငံရေး ဆွေးနွေးပွဲမှာ အေလာဝီက ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲ့ ဒီကြောက်ရွံ့မှုတွေ လျော့ပါးအောင် အာရပ်နိုင်ငံတွေက လုပ်ဆောင်ဖို့လိုအပ်ပြီး၊ အစ္စရေးနဲ့ သဘောတူညီမှုရအောင်လည်း လုပ်ဆောင်ရလိမ့်မယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆွေးနွေးပွဲကို ဦးဆောင်သူက ဆယ်စုနှစ်ပေါင်းများစွာ ကြာနေတဲ့ အစ္စရေး- ပါလက်စတိုင်း ပြဿနာ ပြေလည်ဖို့ဆိုရင် အစ္စရေးနိုင်ငံကို တည်ရှိခွင့်ကို အသိအမှတ်ပြုပေးရမှာလားလို့ မေးမြန်းရာမှာတော့ အေလာဝီက အဲဒီလို အသိအမှတ်ပြုပေးစရာ မလိုကြောင်း၊ အနာဂတ်မှာ အာရပ်နိုင်ငံတွေဖက်က ခြိမ်းခြောက်မှု မရှိဘူးလို့ အစ္စရေးက ယုံကြည်လာအောင် လုပ်ဆောင်ပေးရေးဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

    ကျူးကျော်မှုက ပြဿနာ

    အစ္စရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ထားတဲ့ တစ်ခုတည်းသော အာရပ်နိုင်ငံ ဂျော်ဒန်က နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီက အေလာဝီရဲ့ ပြောကြားမှုကို ပယ်ချခဲ့ပြီး အစ္စရေး-ပါလက်စတိုင်း ကိစ္စမှာ အာရပ်တွေရဲ့မြေကို မတရားကျူကျော်ထားတာက အဓိကပြဿနာဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    “အာရပ်ကမ္ဘာက အစ္စရေးရဲ့ တည်ရှိမှုကို အသိအမှတ်ပြုပြီးသားဗျ။ ပါလက်စတိုင်းတွေကိုယ်တိုင်တောင် အစ္စရေးကို အသိမှတ်ပြုထားပြီးသား။ ဒါက ပြဿနာမဟုတ်ဘူး။ တကယ့်ပြဿနာက နယ်မြေ ကျူးကျော်သိမ်းပိုက်မှုပါ။ ဒီကျူးကျော်မှု အဆုံးသတ်မလား၊ မသတ်ဘူးလားဆိုတာကို ရှင်းရမှာပါ”

    ၁၉၆၇ ခုနှစ်စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေကနေ အစ္စရေးက ထွက်ခွာပေးပြီး ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုကို ခွင့်ပြုမှ ဒီပြဿနာ ပြေလည်မယ်လို့ ဆာဖာဒီက ဆိုပါတယ်။

    “အစ္စရေးက သူတို့ စိတ်သက်တောင့်သက်သာမဖြစ်ဘူးလို့ ပြောလာရင် ဒါဟာ ကျွန်တော်တို့ကိစ္စမဟုတ်ဘူး။ အစ္စရေးဖက်က မဟုတ်တာလုပ်နေတာက ပြဿနာပါ။ (ဂါဇာမှာ) ပါလက်စတိုင်းတွေကို နေလို့မရအောင် လုပ်နေတာကလည်း ပိုမိုမှားယွင်းတဲ့ လုပ်ရပ်ပါ”

    ပြီးခဲ့တဲ့လတွေအတွင်း အစ္စရေးဟာ ပင်လယ်ကွေ့နိုင်ငံတွေကို စည်းရုံးခဲ့ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဖေဖော်ဝါရီလက ပိုလန်နိုင်ငံ ၀ါဆောမှာပြုလုပ်တဲ့ နိုင်ငံတကာ အခမ်းအနားတစ်ခုမှာ အေလာဝီနဲ့ တွေ့ဆုံခဲ့ပြီး အဲဒီအခမ်းအနားကို ဆော်ဒီ၊ ဘာရိန်းနဲ့ ယူအေအီးတို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းကလည်း နေတန်ယာဟုဟာ အိုမန်နိုင်ငံကို ရုတ်တရက်သွားရောက်ကာ မြို့တော် မူစကတ်မှာ ဘုရင် ဆူလ်တန် ကာဘွတ်စ်နဲ့ တွေ့ ဆုံခဲ့ပါတယ်။

    Ref: Aljazeera

  • ပါကစ္စတန်တိုက်လေယာဉ်ကို ပစ်ချခဲ့သည်ဟု အိန္ဒိယ၏ပြောဆိုမှု မဟုတ်မှန်ကြောင်း အမေရိကန်ပြော

    ပါကစ္စတန်တိုက်လေယာဉ်ကို ပစ်ချခဲ့သည်ဟု အိန္ဒိယ၏ပြောဆိုမှု မဟုတ်မှန်ကြောင်း အမေရိကန်ပြော

    ဧပြီ ၆၊ ၂၀၁၉
    M-Media

    ပါကစ္စတန်က ပစ်ချခဲ့သည့် အိန္ဒိယ တိုက်လေယာဉ် အစိတ်အပိုင်း

    – ဖေဖော်ဝါရီလအတွင်းက ကက်ရှ်မီးယားဒေသ တင်းမာမှုမှာ ပါကစ္စတန်ရဲ့ F-16 တိုက်လေယာဉ်ကို ပစ်ချခဲ့တယ်ဆိုတဲ့ အိန္ဒိယရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ဘူးလို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး Foreign Policy မဂ္ဂဇင်းက ဖော်ပြပါတယ်။

    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့က ကားဗုံးခွဲရာကနေ အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံတင်းမာမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့စစ် ၄၀ ကျော်သေဆုံးခဲ့တဲ့ အဲဒီဗုံးခွဲမှုမှာ ပါကစ္စတန်ပါဝင်တယ်လို့ အိန္ဒိယက စွပ်စွဲကာ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဖက်ခြမ်းကို တိုက်လေယာဉ်တွေနဲ့ ဗုံးသွားကြဲခဲ့တာပါ။

    အဲဒီနောက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားကာ ပါကစ္စတန်က အိန္ဒိယရဲ့ MiG-21 တိုက်လေယာဉ်နှစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အိန္ဒိယကတော့ သူတို့ရဲ့ လေယာဉ်တစ်စီးသာ ဆုံးရှုံးခဲ့ပြီး ပါကစ္စတန်က အမေရိကန်လုပ် F16 တိုက်လေယာဉ်တစ်စီးကို ပစ်ချခဲ့တယ်လို့ ပြောပါတယ်။ ပါကစ္စတန်ကတော့ သူတို့ဖက်က လေယာဉ်ဆုံးရှုံးမှု မရှိဘူးလို့ တစ်စိုက်မတ်မတ် ငြင်းဆိုပြီး F16 လေယာဉ်ကို မသုံးခဲ့ဘဲ တရုတ်နဲ့ ဖက်စပ်ထုတ်ထားတဲ့ JF-17 တိုက်လေယာဉ်တွေကိုသာ အသုံးပြုခဲ့တယ်လို့ ထုတ်ပြန် ပြောကြားထားပါတယ်။

    ဒီကိစ္စအတွက် အမေရိကန်က စုံစမ်းစစ်ဆေးခဲ့ရာမှာ ပါကစ္စတန်ကိုရောင်းထားတဲ့ F16 တိုက်လေယာဉ် တစ်စီးမှ လျော့နည်းခြင်း မရှိဘူးဆိုတာကို တွေ့ရတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက Foreign Policy မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

    “အမှန်တရားဆိုတာ တစ်ချိန် ပေါ်ထွက်လာမှာပါ။ မဟုတ်မမှန် ပြောဆိုခဲ့တာနဲ့ တကယ်တမ်းဆုံးရှုံးတာ သူတို့ဖက်ကဖြစ်တယ်ဆိုတာ အိန္ဒိက ဖွင့်ပြောချိန် တန်ပါပြီ” လို့ ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ အာဆစ်ဖ် ဂဖူးရ်က Twitter စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

    Foreign Policy ရဲ့ ဖော်ပြချက်နဲ့ပတ်သက်ပြီး အိန္ဒိယဖက်က တုန့်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

    Ref: Times

  • အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်မည်

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်မည်

     

    ဧပြီ ၆၊ ၂၀၁၉
    M-Media

    IRGC တပ်ဖွဲ့ဝင်များ

    – အီရန်နိုင်ငံရဲ့ ထိပ်တန်းတပ်ဖွဲ့ဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ် IRGC ကို အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတွေကို ကိုးကားပြီး Wall Street Journal က ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။

    ထရမ့်အစိုးရဟာ အစောဆုံးအနေနဲ့ တနင်္လာနေ့မှာ ဒီဆုံးဖြတ်ချက်ကို ကြေငြာဖို့ ရှိနေပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုရဲ့ စစ်တပ်ကို အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တာဟာ ပထမဆုံး ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ အိမ်ဖြူတော်နဲ့ အမေရိကန်အစိုးရတို့ကို မေးမြန်းခဲ့ပေမယ့် မှတ်ချက်ပေးဖို့ ငြင်းဆိုတယ်လို့ Wall Street Journal က ဖော်ပြပါတယ်။ ကုလဆိုင်ရာ အီရန်သံအမတ်ကလည်း ဒီကိစ္စကို မှတ်ချက်မပေးလိုဘူးလို့ ပြောကြားခဲ့ပါတယ်။

    IRGC ကို အကြမ်းဖက်အဖွဲ့ဖြစ် သတ်မှတ်မယ်ဆိုတဲ့သတင်းဟာ နှစ်တော်တော်ကြာကတည်းက ထွက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တပ်ဖွဲ့က ဒါဇင်နဲ့ချီတဲ့ တာဝန်ရှိသူတွေ၊ တပ်ဖွဲ့နဲ့ ဆက်နွယ်သူ တော်တော်များများကို အမေရိကန်က နာမည်ပျက်စာရင်း သွင်းထားတာပါ။ နောက်ဆုံးအမည်ပျက်စာရင်းသွင်းဟာ ပြီးခဲ့တဲ့လမှာဖြစ်ပြီး IRGC ကို ဘဏ္ဍာငွေ ဒေါ်လာ ဘီလီယံချီ ထောက်ပံ့ပေးတယ်လို့ စွပ်စွဲခံရတဲ့ လူတွေ၊ ကုမ္ပဏီတွေကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

    IRGC လက်အောက်မှာရှိပြီး နိုင်ငံရပ်ခြား စစ်ဆင်ရေးတွေကို တာဝန်ယူထားတဲ့ Quds Force ကို အကြမ်းဖက်ဝါဒ အားပေးတဲ့အဖွဲ့အဖြစ် အမေရိကန်က ၂၀၀၇ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းမယ်ဆိုရင် ဆိုးရွားတဲ့ တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ အီရန်အာဏာပိုင်တွေက သတိပေးဖူးပါတယ်။

    IRGC ရဲ့တပ်မှူး မိုဟာမက် အလီ ဂျာဖာရီက သူတို့တပ်ဖွဲ့ကို ဒီလိုသတ်မှတ်မယ်ဆိုရင် အမေရိကန်စစ်တပ်ကိုလည်း IS အကြမ်းဖက်အဖွဲ့လို အဖွဲ့အမျိုးအဖြစ် သတ်မှတ်သွားမယ်လို့ ၂၀၁၇ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။

    ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ်တော်လှန်ရေးပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ IRGC ဟာ အီရန်နိုင်ငံက အင်အားအကောင်းဆုံး တပ်ဖွဲ့ဖြစ်ပြီး စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေအထိ လွှမ်းမိုးမှုတွေ ရှိနေပါတယ်။ နိုင်ငံရဲ့ ဒုံးလက်နက်နဲ့ နျူစီမံကိန်းတွေကို IRGC က ကိုင်တွယ်ဆောင်ရွက်တာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • နှစ် ၃၀ အတွင်း ပထမဆုံး ဆော်ဒီကောင်စစ်ဝန်ရုံး အီရတ်တွင် ဖွင့်လှစ်

    နှစ် ၃၀ အတွင်း ပထမဆုံး ဆော်ဒီကောင်စစ်ဝန်ရုံး အီရတ်တွင် ဖွင့်လှစ်

    ဧပြီ ၅၊ ၂၀၁၉
    M-Media

    ကောင်စစ်ဝန်ရုံးဖွင့်ပွဲမြင်ကွင်း

    – နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံအကြိမ်အဖြစ် ဆော်ဒီအာရေဗျဟာ အီရတ်နိုင်ငံမှာ ကောင်စစ်ဝန်ရုံးတစ်ခုကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကန်ဒေါ်လာ ၁ ဘီလီယံဖိုး အကူအညီပေးသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

    ကောင်စစ်ဝန်ရုံးကို ဘဂ္ဂဒတ်မြို့က လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ ‘အစိမ်းရောင်ဇုံ’ မှာ မနေ့က ဖွင့်လှစ်ခဲ့ပြီး ဆော်ဒီ ကုန်သွယ်ရေးဝန်ကြီး မာဂျစ် ဘင် အဘ်ဒူလာ အလ်-ကာဆာဘီနဲ့ အီရတ် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အလ်-ဟာကင်တို့ တက်ရောက်ခဲ့ပါတယ်။

    အလ်-ကာဆာဘီက ကောင်စစ်ဝန်ရုံး ပြန်လည်ဖွင့်လှစ်နိုင်ခြင်းဟာ နိုင်ငံဆက်ဆံရေးမှာ ကဏ္ဍသစ်တစ်ရပ် စတင်နိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အီရတ်နိုင်ငံက ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် ကန်ဒေါ်လာ ၁ ဘီလီယံ ချေးငွေထုတ်ပေးမှာဖြစ်ပြီး ပို့ကုန်တိုးတက်ရေး ကန်ဒေါ်လာ သန်း ၅၀၀ထောက်ပံ့ကာ ဘဂ္ဂဒတ်မြို့ ဆင်ခြေဖုံးမှာ လူတစ်သိန်း ကြည့်ရှုနိုင်တဲ့ အားကစားကွင်းတစ်ခု ဆောက်လုပ်ပေးသွားမယ်လို့ ကာဆာဘီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဏာရှင် ဆက်ဒမ်ဟူစိန်လက်ထက် ၁၉၉၀ မှာ အီရတ်က ကူဝိတ်ကို ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက် ဆော်ဒီနဲ့ အီရတ်တို့ သံတမန်အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သံအဆက်အသွယ် ပြန်လည်ထူထောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ အဲဒီတုန်းက ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ်-ဂျူဘီရ်ဟာ အီရတ်နိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်ခဲ့ပါတယ်။

    ကာဆာဘီက အီရတ်မြို့ကြီးတွေမှာ နောက်ထပ် ကောင်စစ်ဝန်ရုံး ၃ ခု ဖွင့်လှစ်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရတ်ကိုရောက်နေတဲ့ ဆော်ဒီကိုယ်စားလှယ်အဖွဲ့ဟာ အီရတ်သမ္မတ အဒဲလ် အဘ်ဒူလ် မဟ်ဒီ၊ အစိုးရအကြီးတန်းတာဝန်ရှိသူတွေ၊ အီရတ်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အီရတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် ရှာဟ်ဖ်က အခုလို ဆော်ဒီကောင်စစ်ဝန်ရုံး ဖွင့်လှစ်လိုက်တဲ့အတွက် ဘုရားဖူးခရီးသွားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အဆင်ပြေမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ကိုလည်း ကုန်သွယ်ရေးအတွက် ပြန်လည်ဖွင့်လှစ်ဖို့ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera