News @ M-Media
Blog
  • ပုဂံတွင် ကဇာတ်ရုံတစ်ခုဖွင့်ရန် တရုတ်က စိတ်ဝင်စားနေ
    ပုဂံတွင် ကဇာတ်ရုံတစ်ခုဖွင့်ရန် တရုတ်က စိတ်ဝင်စားနေ
    ဧပြီ ၅၊ ၂၀၁၉
    M-Media
    Photo – mmtimes
    – မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံရှေးဟောင်းအမွေအနှစ်ဒေသမှာ တရုတ်ကုမ္ပဏီတစ်ခုက ဇာတ်ရုံဆောက်လုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ ပုဂံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ပြောပါတယ်။
    ယူနန်ပြည်နယ် Yunnan Culture Industry Investment Holding ကုမ္ပဏီက တာဝန်ရှိသူတွေဟာ မတ်လနှောင်းပိုင်းမှာ ပုဂံကို လာရောက်ခဲ့ပြီး ဇာတ်ရုံတစ်ခု တည်ဆောက်ဖွင့်လှစ်ဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ဟာ တိုင်းရင်းသားတွေ အပါအ၀င် ဒေသတွင်းက အနုပညာရှင်တွေနဲ့ ပူးပေါင်းကာ ပုဂံက ယဉ်ကျေးမှုနဲ့ သမိုင်းအမွေအနှစ်ကို အားကောင်းစေဖို့ ဖြစ်တယ်လို့ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။
    “ကနဦး လေ့လာသုံးသပ်ဖို့အတွက် သူတို့ ရောက်လာကြတာပါ။ ကျွန်တော်တို့ရဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ယဉ်ကျေးမှုဆိုင်ရာ သမိုင်းအမွေအနှစ်တွေနဲ့ ပတ်သက်ပြီး သူတို့ကို ရှင်းပြခဲ့ပါတယ်။ ပုဂံမှာ နေ့ဘက်လျှောက်ကြည့်ပြီးရင်၊ ညဘက်မှာ ဘာမှ လုပ်စရာမရှိဘူး။ ဒါ့ကြောင့် ခရီးသွားရှုထောင့်ကကြည့်ရင် ဒီလိုဇာတ်ရုံမျိုး လိုအပ်ပါတယ်”
    တရုတ်အစိုးရက စီမံလုပ်ကိုင်တဲ့ Yunnan Culture Industry Investment Holding လုပ်ငန်းဟာ တရုတ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ အကြီးမားဆုံး ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ကမ္ဘာဒီးယားနိုင်ငံက ရှေးဟောင်း အန်းကားဝပ်ဘုရားကျောင်းမှာလည်း ဇာတ်ရုံတစ်ခုနဲ့ အခြား ဖျော်ဖြေရေးအစီအစဉ်တွေကို လုပ်ဆောင်နေပြီး ၉ နှစ်အတွင်း နိုင်ငံ ၅၀ က လူပေါင်း ၂ သန်းလောက်ကို ၀န်ဆောင်မှုပေးနိုင်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ပြောကြားခဲ့ပါတယ်။
    Yunnan Culture Industry Investment Holding က တာဝန်ရှိသူတွေဟာ သူတို့ရဲ့ လည်ပတ်မှုအတွင်း ပုဂံက ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် နည်းလမ်းတွေ၊ မြန်မာ့ခရီးသွားလုပ်ငန်း ဥပဒေစည်းမျဉ်းစည်းကမ်းတွေအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။
    ဦးစီးဌာနက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဒေသတွင်းပြည်သူတွေ ပူးပေါင်းပါဝင်မှုနဲ့ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှု၊ ဧည့်ဝတ်ပြုမှုတွေ လုပ်ဆောင်ပေးနိုင်ရင် ပုဂံဒေသရဲ့ ခရီးသွားကဏ္ဍဟာ သမိုင်းအမွေအနှစ်တွေကို မထိခိုက်ဘဲ ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
    Ref: mmtimes
    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်။)
  • လေယာဉ်နှစ်စီးပျက်ကျကာ အသက်ဆုံးရှုံးမှုများအတွက် Boeing ကုမ္ပဏီက တောင်းပန်
    လေယာဉ်နှစ်စီးပျက်ကျကာ အသက်ဆုံးရှုံးမှုများအတွက် Boeing ကုမ္ပဏီက တောင်းပန်
    ဧပြီ ၅၊ ၂၀၁၉
    M-Media
    737 MAX လေယာဉ်
    – ပြီးခဲ့တဲ့ ၆ လအတွင်း ဘိုးအင်း 737 MAX လေယာဉ်နှစ်စီး ပျက်ကျမှုဟာ အလိုအလျောက် ထိန်းချုပ်မှုစနစ် ချို့ယွင်းတာနဲ့ သက်ဆိုင်နေတယ်လို့ ဘိုးအင်းကုမ္ပဏီ စီအီးအို ဒန်းနစ် မူလင်ဘာ့ဂ်က ၀န်ခံခဲ့ပြီး အသက်တွေ ဆုံးရှုံးရတဲ့အတွက် တောင်းပန်တယ်လို့လည်း ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က 737MAX လေယာဉ်၊ ပြီးခဲ့တဲ့လက Ethiopian Airlines က 737 MAX လေယာဉ်တို့ဟာ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျခဲ့ပြီး စုစုပေါင်း လူ ၃၅၀ ကျော် သေဆုံးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးသူတွေက ဒီပျက်ကျမှု နှစ်ခုစလုံးမှာ တူညီမှုတွေ ရှိနေတယ်လို့ သုံးသပ်ပါတယ်။
    “ဒီ မတော်တဆမှုနှစ်ခုမှာ ဖြစ်ပျက်ခဲ့တာတွေရဲ့ အသေးစိတ်အချက်အလက်တွေကို အစိုးရတွေက ထုတ်ပြန်တော့မှာပါ။ လေယာဉ် နှစ်စီးစလုံးက MCAS စနစ်ဟာ လေယာဉ်ဦးပိုင်း ထောင်တက်မှုအချက်အလက်ကို မှားယွင်းတုန့်ပြန်လိုက်တာကြောင့် ဖြစ်ပုံရပါတယ်” လို့ ဘိုးအင်းစီအီးအိုက မနေ့လွှင့်တင်တဲ့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။
    MCAS စနစ်ဟာ လေယာဉ်ဦးပိုင်း ထောင်တက်မှုကို အလိုအလျောက် ထိန်းညှိပေးတဲ့စနစ် ဖြစ်ပါတယ်။ လေယာဉ်ဦးပိုင်း အလွန်အမင်း ထောင်နေရင် stall ဖြစ်ကာ ပျက်ကျနိုင်တာကြောင့် အမြှီးပိုင်းကို မြှင့်ပေးကာ ဟန်ချက် ထိန်းပေးတာပါ။ ဒါပေမယ့် မတော်တဆဖြစ်ခဲ့တဲ့ လေယာဉ်နှစ်စီးစလုံးဟာ လေယာဉ်နှုတ်သီးမှာ တပ်ဆင်ထားတဲ့ ဆင်ဆာအချက်အလက်ကို MCAS စနစ်က မှားယွင်း ဖတ်မိရာကနေ ဦးစိုက်ဆင်းကာ ပျက်ကျသွားတာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေ၊ ဒီကိစ္စနဲ့ နီးစပ်တဲ့သူတွေက ပြောကြားထားပါတယ်။
    Ethiopian Airlines က လေယာဉ် ပျက်ကျမှုမှာ လေယာဉ်မှူးတွေဟာ ဘိုးအင်းက ညွှန်ကြားထားတဲ့ နည်းလမ်းတွေကို ထပ်တလဲလဲ လုပ်ဆောင်ခဲ့ပေမယ့် လေယာဉ်ဦး ပြန်မမော့လာခဲ့ဘူးလို့ အီသီယိုးပီးယားအာဏာပိုင်တွေက မနေ့မှာ ပြောကြားခဲ့ပါတယ်။
    အီသီယိုးပီးယား အဖြစ်အပျက်ပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်း လေကြောင်းလိုင်းတွေဟာ 737 MAX လေယာဉ်တွေကို ပျံသန်းမှု ယာယီရပ်ဆိုင်းခဲ့ပါတယ်။ မူလင်ဘာ့ဂ်က ဒီလိုအဖြစ်အပျက်မျိုး နောက်ထပ် မဖြစ်စေဖို့အတွက် သူတို့ကုမ္ပဏီဟာ ဆော့ဖ်ဝဲအဆင့်မြှင့်တင်မှု ပြုလုပ်ကာ ဆန်းစစ်မှုတွေ လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီအဆင့်မြှင့်တင်မှုအတွက် ကမ္ဘာ့နိုင်ငံတွေက လေကြောင်းဌာနတွေရဲ့ အတည်ပြုချက် ရယူရမှာဖြစ်ပြီး နောက်ပိုင်းမှ 737 MAX လေယာဉ်တွေ
    ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။
    Ref : RT
  • တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် လူတစ်သိန်းနီးပါး အကူအညီလိုအပ်
    တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် လူတစ်သိန်းနီးပါး အကူအညီလိုအပ်
    ဧပြီ ၅၊ ၂၀၁၉
    M-Media
    Photo Credit – Frontier Myanmar
    – အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေကို အစိုးရက အကူအညီပေးရေးအဖွဲ့တွေ ၀င်ရောက်ခွင့်မပေးတဲ့အတွက် လူပေါင်း တစ်သိန်းနီးပါးလောက် လိုအပ်တဲ့အကူအညီတွေ မရရှိဘူးလို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေ စုပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မျာ ဖော်ပြထားပါတယ်။
    မြန်မာအစိုးရဟာ ဇန်န၀ါရီ ၁၀ ရက်နေ့ကစလို့ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ အကူအညီပေးရေးမလုပ်ဖို့ ကန့်သတ်ခဲ့ပြီး၊ အခု ကန့်သတ်ချက်အသစ်ကြောင့် မြောက်ဦးမြို့ရဲ့ ကျေးလက်ဒေသတွေကိုပါ ရိုက်ခတ်မှုရှိတယ်လို့ ဆိုပါတယ်။
    ဒီကြေငြာချက်ကို Action Contre la Faim၊ CARE၊ Oxfam နဲ့ Save the Children တို့ အပါအ၀င် အကူအညီပေးရေး အဖွဲ့အစည်း ၁၆ ခုက လက်မှတ်ရေးထိုး ထုတ်ပြန်တာ ဖြစ်ပါတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ရခိုင်ပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ အရင်ကတည်းက စိုးရိမ်နေရတဲ့ အခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့လည်း အကူအညီပေးရေး အဖွဲ့တွေကပြောပါတယ်။
    “တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေက လူ ၉၅၀၀၀ လောက်ဟာ အခြေခံလိုအပ်ချက်တွေ၊ အသက်ရှင်သန်ဖို့ လိုအပ်နေတာတွေ မရရှိကြပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ သန့်ရှင်းတဲ့ရေ ရရှိရေး စတာတွေဟာ တော်တော်ကို အခြေအနေ ဆိုးရွားနေပါတယ်”
    အသက်မွေးဝမ်းကြောင်း စီမံကိန်းတွေ၊ စိုက်ပျိုးရေး ထောက်ပံ့မှုနဲ့ အခြား ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ရပ်ဆိုင်းထားရတာကြောင့် စားနပ်ရိက္ခာ ဖူလှုံရေး၊ ရပ်ရွာ သာယာဝပြောရေးကို ထိခိုက်နေပြီး၊ လတ်တလော အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကူညီခွင့်ပြုထားပေမယ့် လိုအပ်ချက်တွေက ကြီးကြီးမားမား ရှိနေသေးတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    အကူအညီပေးရေးလုပ်ဆောင်သူတွေ အန္တရာယ်ကင်းဖို့ဟာ အစိုးရအတွက် ဦးစားပေးကိစ္စဖြစ်တယ်ဆိုတာကို နားလည်တယ်လို့ ဒီအဖွဲ့တွေက ပြောပါတယ်။
    “ရခိုင်ပြည်နယ်တစ်ဝှမ်း မတူညီတဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေကြောင့် မတူညီတဲ့ အကူအညီပေးရေး နည်းလမ်းတွေ လိုအပ်နေပေမယ့် တိုက်ခိုက်မှုတွေ၊ လတ်တလော မလုံခြုံမှုတွေ တိုက်ရိုက်ခံစားရမှုမရှိတဲ့ ဒေသတွေမှာ အကူအညီပေးခွင့် ရရမှာပါ။ မြို့နယ်တွေအားလုံးကို လုံခြုံရေးစိုးရိမ်ရမှုတစ်ခုတည်းနဲ့သာ ကြည့်မယ်ဆိုရင် လိုအပ်ချက်တွေရှိနေတဲ့ ပြည်သူတွေရဲ့ အခြေအနေဟာ ဆိုးရွားသွားမှာပါ” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    နောက်ဆုံးမှာတော့ ထိခိုက်ခံစားရတဲ့ လူ့အဖွဲ့အစည်းအားလုံးကို နိုင်ငံတကာ လူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လျင်လျင်မြန်မြန်နဲ့ အဟန့်အတားမရှိ အကူအညီပေးနိုင်ရေး ပြည်တွင်း၊ ပြည်ပ အကူအညီပေးရေး အဖွဲ့တွေကို ခွင့်ပြုပေးဖို့အတွက် အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
    Ref: Frontier Myanmar
    (Frontier Myanmar အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်။)
  • ၀ရမ်းပြေးလုပ်ငန်းရှင်၏ ဇိမ်ခံရွက်လှေကို မလေးရှားက ရောင်းချ၍ ပြည်သူ့ဘဏ္ဍာထဲထည့်မည်
    ဧပြီ ၄၊ ၂၀၁၉
    M-Media
    – နိုင်ငံပိုင် 1MDB လုပ်ငန်းက ပျောက်ဆုံးသွားတဲ့ ရန်ပုံငွေတွေနဲ့ ၀ယ်ယူထားတယ်လို့ သံသယရှိတဲ့ ဇိမ်ခံရွက်လှေကို မလေးရှားအစိုးရက ပြည်တွင်းကုမ္ပဏီတစ်ခုထံ ကန်ဒေါ်လာ ၁၂၆ သန်းနဲ့ ရောင်းချဖို့ စိစဉ်နေပါတယ်။
    Equanimity လို့ အမည်ပေးထားတဲ့ အဲဒီရွက်လှေမှာ ရေကူးကန်၊ ရဟတ်ယာဉ်ကွင်းနဲ့ ရုပ်ရှင်ရုံတွေ ပါဝင်ပြီး မလေးရှားစီးပွားရေးလုပ်ငန်းရှင် လိုတက်ဂျိုက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ သူဟာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ဦးဆောင်တဲ့ အစိုးရနဲ့ပေါင်းကာ 1MDB လုပ်ငန်းက ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး လက်ရှိမှာ ထွက်ပြေးနေပါတယ်။
    Equanimity ကို ကန်ဒေါ်လာ သန်း ၂၅၀ နဲ့ ၀ယ်ယူခဲ့တာဖြစ်ပြီး အဲဒီငွတွေဟာ 1MDB က ငွေတွေဖြစ်တယ်လို့ ပြောကြားမှုတွေ ရှိနေတာပါ။ မလေးရှားအစိုးရသစ်က ဒီရွက်လှေကို ပြီးခဲ့တဲ့နှစ်မှာ အင်ဒိုနီးရှားကနေ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
    မလေးရှားရှေ့နေချုပ် တော်မီ သောမတ်စ်က ကေမန်ကျွန်းမှာ မှတ်ပုံတင်ထားတဲ့ ဒီရွက်လှေကို Genting Malaysia စီးပွားရေးလုပ်ငန်းစုထံ ရောင်းချသွားတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။ Genting Malaysia လုပ်ငန်းဟာ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေနဲ့ နိုင်ငံရဲ့ ပထမဆုံး လိုင်စင်ရ ကာစီနိုလောင်းကစားလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။
    “ဇိမ်ခံရွက်လှေ Equanimity ကို ကန်ဒေါ်လာ ၁၂၆ သန်းနဲ့ Genting Malaysia လုပ်ငန်းကို ရောင်းချတော့မှာဖြစ်ကြောင်း ကြေငြာလိုပါတယ်” လို့ ရှေ့နေချုပ်က ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့ ၅ လ ရွက်လှေကို သိမ်းဆည်းပြီးကတည်းက ဒီရွက်လှေကိုဝယ်ယူဖို့ ကမ်းလှမ်းမှုတွေရှိခဲ့ပြီး Geting Malaysia ကပေးတဲ့ဈေးဟာ အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။
    Ref: Arab News
  • မွတ်စလင်သမိုင်းအမွေအနှစ်စင်တာသို့ ဗြိတိသျှအိမ်ရှေ့မင်းသား သွားရောက်လည်ပတ်
    မွတ်စလင်သမိုင်းအမွေအနှစ်စင်တာသို့ ဗြိတိသျှအိမ်ရှေ့မင်းသား သွားရောက်လည်ပတ်
    ဧပြီ ၄၊ ၂၀၁၉
    M-Media
    – ဗြိတိသျှမွတ်စလင် သမိုင်းအမွေအနှစ်စင်တာ British Muslim Heritage Centre ရဲ့ လုပ်ဆောင်ချက်တွေကို ဗြိတိသျှ အိမ်ရှေ့စံ ချားလ်စ်မင်းသားက ချီးကျူးခဲ့ပြီး အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းဟာ တိုင်းပြည်မှာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
    ယူကေ အနောက်မြောက်ပိုင်းက လူ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှု တစ်စိတ်တစ်ပိုင်းအဖြစ် ချားလ်စ်မင်းသားဟာ မန်ချက်စတာမြို့ Whalley Range ဒေသမှာရှိတဲ့ British Muslim Heritage Centre စင်တာကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
    စင်တာမှာ မွတ်စလင်ကျောင်းသားလူငယ်တွေက ဗြိတိသျှအလံကို ဝှေ့ယမ်းကာ ကြိုဆိုခဲ့ပြီး မင်းသားကလည်း စင်တာအတွင်းက ပြခန်းတွေကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ British Muslim Heritage Centre ဟာ ၁၀ နှစ်သက်တမ်း ရှိပြီ ဖြစ်ပါတယ်။
    ဗြိတိသျှမွတ်စလင် သမိုင်းအမွေအနှစ်စင်တာရဲ့ ဆောင်ရွက်ချက်တွေနဲ့ လူ့အဖွဲ့အစည်းတွေအကြား ပေါင်းကူးပေးတဲ့ လုပ်ဆောင်မှုတွေကို ချားလ်စ်မင်းသားက
    ချီးကျူးပြောဆိုခဲ့ပါတယ်။
    “ပြောရရင် ခင်ဗျားတို့ကို ချီးကျူးချင်တယ်။ ခင်ဗျားတို့ ဒီမှာလုပ်ထားတွေအားလုံးကို ကျွန်တော် လေးစားအားကျမိတယ်။ ဒီတိုင်းပြည်မှာ ခင်ဗျားတို့လူ့အဖွဲ့အစည်းဟာ ဘယ်လောက်အထိ ရေးပါလဲဆိုတာကိုလည်း သိလာရပါတယ်”
    စင်တာရဲ့ ပြခန်းဆိုင်ရာအကြီးအကဲ အက်ရှ်ရက်ဖ်အလီက ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မွတ်စလင်တွေအကြောင်း ပြသထားတဲ့ Stories of Sacrifice Exhibition ပြခန်းကို မင်းသားက အထူးစိတ်ဝင်စားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    မင်းသားရဲ့ အဘေးဖြစ်သူ ပဉ္စမမြောက် ဂျော့ဂ်ျဘုရင်ဟာ ဗြိတိသျှစစ်တပ်က မွတ်စလင်မြင်းတပ်ကို ဦးစီးစဉ် ခေါင်းပေါင်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း အက်ရှ်ရက်ဖ်အလီက ပြသခဲ့ရာမှာ ချားလ်စ်မင်းသားက အံ့သြခဲ့ပါတယ်။ မင်းသားဟာ ဒေသတွင်းက မွတ်စလင်ခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
    Ref: Asia Image