News @ M-Media
Blog
  • အကြမ်းဖက်ခံ မွတ်စလင်များအတွက် နယူးဇီလန်ပြည်သူများက လုထုဆုတောင်းပွဲ ကျင်းပ
    အကြမ်းဖက်ခံ မွတ်စလင်များအတွက် နယူးဇီလန်ပြည်သူများက လုထုဆုတောင်းပွဲ ကျင်းပ
    မတ် ၂၄၊ ၂၀၁၈
    M-Media
    လူထုဆုတောင်းပွဲသို့ တက်ရောက်လာသူတစ်ဦး
    – မတ်လ ၁၅ ရက်နေ့က ခရိုက်ချက်မြို့ ဗလီနှစ်လုံး အကြမ်းဖက်မှုမှာ သေဆုံးသွားခဲ့ကြသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေကို ဂုဏ်ပြုပြီး၊ လူမျိုးရေးအစွန်းရောက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ နယူးဇီလန်နိုင်ငံသားတွေက ဒီကနေ့မှာ ချီတက်ဆုတောင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
    ခရိုက်ချက်မြို့လယ်ကောင်က အလ်-နူရ်ဗလီနဲ့ မြို့ပြင်က လင်ဝုဒ်ဗလီတို့မှာ သောကြာနေ့ ၀တ်ပြုဆုတောင်းနေတဲ့အချိန် သြစတေးလျနိုင်ငံသား လူဖြူအစွန်းရောက်တစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၅၀ သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က ဒီတိုက်ခိုက်မှုကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
    ဒီကနေ့ အလ်-နူရ်ဗလီအနီး ပန်းခြံမှာပြုလုပ်တဲ့ လူထုဆုတောင်းပွဲ အခမ်းအနားကို နယူးဇီလန်ပြည်သူ ၁၅၀၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
    လင်ဝုဒ်ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ် အေလာဘီ လတစ်ဖ် ဇီရူလာက အခမ်းအနားကို ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်ကာ ဖွင့်လှစ်ခဲ့ပြီး အကြမ်းဖက်မှုအတွင်း သေဆုံးသူတွေထဲမှာ အသက်ငယ်ဆုံးဖြစ်တဲ့ ၃ နှစ်အရွယ် မူကာ့ဒ် အီဘရာဟင်အမည်ကနေစတင်ကာ သေဆုံးသွားသူအားလုံးရဲ့ အမည်တွေကို ဖတ်ကြားခဲ့ပါတယ်။
    “ဒီလူတွေဟာ ဒုက္ခသည်တွေ၊ ပြောင်းရွှေ့အခြေချသူတွေအဖြစ် ဒီကို ရောက်လာကြတယ်။ ခင်ဗျားတို့ရဲ့ ၀ိဉာဉ်တွေ အေအိုရာကီ တောင်ပေါ်မှာ စံမြန်းပြီး ကျွန်တော်တို့ကို ကြည့်ရှုကာ ငြိမ်းချမ်းမှုနဲ့ ချစ်ခြစ်မေတ္တာကို ပေးသနားပါ” လို့ နယူးဇီလန်နိုင်ငံရဲ့ ဌာနေလူမျိုးစုဖြစ်တဲ့ ‘မောင်ရီ’ လူမျိုးတစ်ဦးက သူတို့မျိုးနွယ်စု အထွဋ်အမြတ်ထားရာ တောင်ကို တိုင်တည်ကာ ဆုတောင်းပေးခဲ့ပါတယ်။
    လူထုဆုတောင်းပွဲကို တက်ရောက်လာကြတဲ့ မွတ်စလင်မဟုတ်သူ အမျိုးသမီးတွေဟာ ပုဝါတွေဆောင်းကာ အစ္စလာမ်ဘာသာဝင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့ကြပါတယ်။
    နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က သေဆုံးသွားသူတွေအတွက် နိုင်ငံတော်အဆင့်အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို မတ်လ ၂၉ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။
    “နယူးဇီလန်ပြည်သူတွေဟာ မေတ္တာတရားကြီးမားတယ်၊ စည်းလုံးတယ်၊ မတူကွဲပြားမှုကို လက်ခံတယ်၊ ဒီတန်ဖိုးတွေကို ကာကွယ်သွားမယ်ဆိုတာကို ဒီအောက်မေ့ဖွယ်အခမ်းအနားက ဖော်ကျူးနေမှာပါ”
    ဒီကနေ့မနက်ပိုင်းက အောက်ကလန်မြို့ မြို့လယ်ကောင်းမှာ လူပေါင်း တစ်ထောင်ကျော် ချီတက်ကာ လူမျိုးရေးအစွန်းရောက်မှုကို ဆန့်ကျင်ကြောင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
    Ref: Reuters, Aljazeera
  • ခရိုက်ချက်အကြမ်းဖက်မှု တစ်ပတ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
    ခရိုက်ချက်အကြမ်းဖက်မှု တစ်ပတ်ပြည့် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ
    မတ် ၂၂၊ ၂၀၁၉
    M-Media
    နယူးဇီလန်နိုင်ငံရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးရှေ့တွင် လွမ်းသူ့ပန်းစည်းများ တွေ့ရစဉ်
    – ခရိုက်ချက်က ဗလီဝတ်ကျောင်းတော်နှစ်လုံး အကြမ်းဖက်တိုက်ခိုက်ခံရမှု တစ်ပတ်တိတိ ပြည့်မြောက်တဲ့ ဒီနေ့မှာတော့ အခင်းဖြစ်ပွားရာ အလ်-နူရီ ဗလီဝတ်ကျောင်းတော်ရဲ့ရှေ့ ပန်းခြံမှာ သောကြာနေ့ဝတ်ပြုမှုနဲ့အတူ အောက်မေ့ဖွယ် အခမ်အနားတစ်ခု ပြုလုပ်ခဲ့ပြီး လူသောင်းချီ တက်ရောက်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က ခရိုက်ချက်မြို့လယ်ကောင် အလ်-နူရီဗလီဝတ်ကျောင်းတော်နဲ့ မြို့ပြင်က လင်ဝုဒ် ဗလီဝတ်ကျောင်းတော်တို့ကို လူဖြူအစွန်းရောက်တစ်ဦးက သေနတ်နဲ့ ၀င်ရောက် အကြမ်းဖက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၅၀ သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
    သေဆုံးသွားသူတွေထဲက သားအဖနှစ်ဦးရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ကျန် ၂၀ ကျော်ရဲ့ ရုပ်အလောင်းတွေကိုတော့ နေ့လည်ပိုင်းမှာ မြေမြှုပ် သဂြီုဟ်ခဲ့ပါတယ်။
    ဒီကနေ့ကျင်းပတဲ့ အောက်မေ့ဖွယ်အခမ်းအနားကို နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်နဲ့ အစိုးရအရာရှိတွေ၊ မွတ်စလင်ခေါင်းဆောင်တွေ၊ နိုင်ငံတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်မဟုတ်သူ ၂ သောင်းကျော်လောက် တက်ရောက်ခဲ့ပါတယ်။ လုံခြုံရေးတာဝန်ယူတဲ့ ရဲမေတွေအပါအ၀င် အခမ်းအနားကို တက်ရောက်လာတဲ့ အမျိုးသမီး တော်တော်များများဟာ ပုဝါတွေဆောင်းကာ အစ္စလာမ်ဘာသာဝင်တွေနဲ့ တစ်သားတည်းရှိကြောင်း ပြသခဲ့ပါတယ်။
    သောကြာနေ့ ၀တ်ပြုဖို့ နှိုးဆော်သံ (အာဇန်) ကို နိုင်ငံပိုင်မီဒီယာတွေက တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး ၀တ်ပြုဖို့ နှိုးဆော်ပြီးတဲ့နောက် တစ်နိုင်ငံလုံးက ၂ မိနစ်တာ ငြိမ်သက်ကာ အကြမ်းဖက်ခံရသူတွေကို ဂုဏ်ပြုခဲ့ပါတယ်။
    ငါတို့ဟာ တစ်သွေးတည်း
    တိုက်ခိုက်မှု ဖြစ်ပြီးပြီးချင်းမှာပဲ ဒီလုပ်ရပ်ကို အကြမ်းဖက်လုပ်ရပ်အဖြစ် ကြေငြာခဲ့တဲ့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က ဒီကနေ့ပြလုပ်တဲ့ အောက်မေ့ဖွယ်
    အခမ်းအနားမှာ မိမိတို့ဟာ တစ်သွေးတည်းတစ်သားတည်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “ယုံကြည်သူတွေဟာ ခန္ဓာကိုယ်တစ်ခုပမာဖြစ်တယ်။ အစိတ်အပိုင်းတစ်ခု ထိခိုက်ရင် ခန္ဓာကိုယ်တစ်ခုလုံးက ဒီနာကျင်မှုကိုခံစားရတယ်လို့ တမန်တော် မုဟမ္မဒ်သခင်က မိန့်ကြားခဲ့တာရှိပါတယ်။ နယူးဇီလန်ဟာ ရှင်တို့အားလုံးနဲ့အတူ နာကျင်ခံစားရပါတယ်။ ကျွန်မတို့အားလုံးဟာ တစ်သွေး တစ်သားတည်းပါ”
    ပြိုလဲမည်မဟုတ်
    အကြမ်းဖက်မှုကနေ အသက်ရှင်လွတ်မြောက်ခဲ့တဲ့ အလ်-နူရ် ဗလီဝတ်ကျောင်းတော် ရှေ့ဆောင်အီမာမ် ဂမာလ် ဖူဒါက ကမ္ဘာ့ ပြည်သူလူထုရဲ့ မေတ္တာစိတ်တွေကို ချီးကျူးခဲ့ပါတယ်။
    “ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က ဒီဗလီမှာ အမုန်းတရား၊ အကြမ်းဖက်သမားရဲ့မျက်လုံးက အမုန်းမီးတွေကို ကျွန်တော် မြင်တွေ့ခဲ့ရတယ်။ အဲဒီအမုန်းမီးကြောင့် အပြစ်မဲ့ လူ ၅၀ အသက်စွန့်ခဲ့ရပြီး ၄၀ ကျော်ဒဏ်ရာရခဲ့ကာ ကမ္ဘာတစ်ဝှမ်းလုံးက သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ နှလုံးသားတွေလည်း ကွဲကြေခဲ့ရပါတယ်။ ဒီကနေ့ ဒီနေရာမှာပဲ ထောင်ပေါင်းများစွာသော နယူးဇီလန်နိုင်ငံသားတွေရဲ့ မျက်လုံးထဲက မေတ္တာ၊ ဂရုဏာတွေကို ကျွန်တော် မြင်နေရပါပြီ။ ကျွန်တော်တို့နဲ့
    လူချင်းမနီးပေမယ့်၊ နှလုံးသားချင်းနီးနေကြတဲ့ ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော လူသားတွေရဲ့ စိတ်နှလုံးမှာ မေတ္တာစိတ်တွေ ယိုဖိတ်နေတာကိုလည်း ကျွန်တော် မြင်နေရပါတယ်”
    အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေနဲ့ နယူးဇီလန်ကို သွေးခွဲဖို့ ကြိုးစားခဲ့ပေမယ့် နယူးဇီလန်ဟာ မပြိုကွဲခဲ့ဘဲ ပိုမိုစည်းလုံးညီညွတ်ကာ ဒါကို ကမ္ဘာကြီးက အတုယူရမယ်လို့လည်း ဂမာလ် ဖူဒါက တရားဒေသနာမှာ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
    “နှလုံးသားတွေ ကွဲကြေခဲ့ရပေမယ့် ကျွန်တော်တို့ ပြိုလဲသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆက်လက်ရှင်သန်နေမယ်။ စည်းလုံးနေမယ်။ ဘယ်သူကမှ ကျွန်တော်တို့ကို သွေးခွဲလို့ မရပါဘူး။ တစ်ယောက်ကိုတစ်ယောက် မေတ္တာထားမယ်။ ဖေးမကူညီ သွားပါမယ်”
    နိုင်ငံတစ်ဝှမ်းက ပြည်သူအားလုံးပါဝင်တဲ့ ဒီကနေ့ အောက်မေ့ဖွယ်အခမ်းအနားဟာ လူသားဝါဒပဋိဉာဏ်ကို ကိုင်စွဲထားတယ်ဆိုတာ ပြသတာဖြစ်တယ်လို့ ရှေ့ဆောင်အီမာမ်ကဆိုပြီး နယူးဇီလန်ပြည်သူတွေ၊ အစိုးရ၊ ရဲတပ်ဖွဲ့၊ ပတ်ဝန်းကျင်က ပြည်သူတွေအပါအ၀င် ကူညီဖေးမသူအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “လူသားအချင်းအချင်းရဲ့ကျေးဇူးကို မသိတတ်သမျှကာလပတ်လုံး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလည်း နားလည် သိတတ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ရဲ့ တမန်တော် မုဟမ္မဒ်သခင်က သွန်သင်ထားပါတယ်။ နယူးဇီလန် ပြည်သူအားလုံးကို ကျေးဇူးတင်တယ်။ ခင်းဗျားတို့ရဲ့မျက်ရည်၊ ခင်ဗျားတို့ရဲ့ Haka အက၊ ခင်ဗျားတို့ရဲ့ လွမ်းသူ့ပန်းစည်းတွေ၊ မေတ္တာ၊ ဂရုဏာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ၀န်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ၀န်ကြီးချုပ်ရဲ့ ဦးဆောင်မှုဟာ ကမ္ဘာ့ခေါင်းဆောင်တွေအတွက် စံနမူနာ ယူစရာပါ။ ကျွန်တော်တို့ရဲ့ မိသားစုတွေကို ဖေးမပေးတဲ့အတွက်၊ ပုဝါဆောင်းပြီး ကျွန်တော်တို့ကို ဂုဏ်ပြုတဲ့အတွက်၊ ဂရုဏာမျက်ရည်တွေ၊ ဂရုဏာစကားတွေအတွက်၊ ကျွန်တော်တို့နဲ့ တစ်သားတည်းရှိတဲ့အတွက် ၀န်ကြီးချုပ်ကို ကျေဇူး အထူးတင်ရှိပါတယ်”
    အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ သြစတေးလျနိုင်ငံသား လူဖြူအစွန်းရောက် ဘရန်တန် တားရန့်ကို နယူးဇီလန်က လူသတ်မှုနဲ့ စွဲချက်တင်ထားပါတယ်။ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက် နယူးဇီလန်အစိုးရဟာ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို တင်းကြပ်ခဲ့ပြီး ချေမှုန်းရေးရိုင်ဖယ်တွေနဲ့ ဆီးမီးအော်တိုသေနတ်တွေကို ရောင်းချခွင့် ပိတ်ပင်ခဲ့ပါတယ်။
    Ref: Reuters, CNN
  • အင်္ဂလန်ရှိ ဗလီဝတ်ကျောင်းတော် ၅ လုံး ဖျက်ဆီးခံရ
    အင်္ဂလန်ရှိ ဗလီဝတ်ကျောင်းတော် ၅ လုံး ဖျက်ဆီးခံရ
    မတ် ၂၁၊ ၂၀၁၉
    M-Media
    ဖျက်ဆီးခံရသည့် ဗလီဝတ်ကျောင်းတော်တစ်လုံး
    – အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့က ဗလီဝတ်ကျောင်းတော် ၅ လုံး ဒီကနေ့မနက်မှာ တိုက်ခိုက်ခံခဲ့ရပြီး ယူကေ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
    မြို့မြောက်ပိုင်း ဗလီတစ်လုံးကို လူတစ်ယောက်က ဆယ်ပေါင်တူနဲ့ လာရောက်ဖျက်ဆီးနေတယ်လို့ ဒီကနေ့မနက်ပိုင်း ၂ နာရီခွဲလောက်မှာ သတင်းရရှိခဲ့ပြီး၊ နောက်ပိုင်းမှာ ဗလီဝတ်ကျောင်းတော် ၅ လုံးအထိ ဖျက်ဆီးခံရတယ်ဆိုတာကို တွေ့ခဲ့ရကြောင်း ၀က်စ်မစ်ဒ်လန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
    ဒီတိုက်ခိုက်မှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေမယ်လို့ ရဲတပ်ဖွဲ့က ယူဆနေပြီး လုပ်ဆောင်ရတဲ့အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ယူကေ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနကလည်း ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေပါတယ်။ တိုက်ခိုက်မှုကြောင့် ဗလီဝတ်ကျောင်းတော်တွေရဲ့ ပြတင်းပေါက်တွေ၊ တံခါးတွေ ပျက်ဆီးခဲ့ပါတယ်။
    ယူကေ ပြည်ထဲရေးဝန်ကြီး ဆာဂျစ် ဂျာဗစ်က ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။
    “တော်တော်လေးကို စိတ်ပျက်စရာပါပဲ။ ရှင်းရှင်းလင်းလင်းပြောချင်တာက အမုန်းဆောင်တဲ့ သဘောထားမျိုးအတွက် ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ နေရာမရှိသလို၊ ဘယ်တော့မှလည်း ဒါကို လက်ခံမှာ မဟုတ်ပါဘူး” လို့ ၀န်ကြီးက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော်နှစ်လုံးကို သြစတေးလျနိုင်ငံသား လူဖြူအစွန်းရောက်တစ်ဦးက အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ပတ်အကြာ ယူကေမှာ ဒီတိုက်ခိုက်မှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    “ခရိုက်ချက်က ဖြစ်ရပ်ဆိုးနောက်ပိုင်း ၀က်စ်မစ်ဒ်လန်းက တာဝန်ရှိသူတွေ၊ ၀န်ထမ်းတွေဟာ ဒေသတွင်းမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ အနီးကပ် ဆက်သွယ်ဆောင်ရွက်ကာ ဗလီတွေ၊ ဘုရားကျောင်းတွေ၊ ၀တ်ပြုရာနေရာတွေ ပံ့ပိုးကူညီပေးနေပါတယ်”
    Ref: CNN
  • အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုအတွက် OIC က အရေးပေါ်အစည်းအဝေးခေါ် ဆွေးနွေးမည်
    အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုအတွက် OIC က အရေးပေါ်အစည်းအဝေးခေါ် ဆွေးနွေးမည်
    မတ် ၂၁၊ ၂၀၁၉
    M-Media
    နယူးဇီလန် အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ဆန္ဒထုတ်ဖော်နေသည့် တူရကီနိုင်ငံသားများ
    – ကမ္ဘာတစ်ဝှမ်း မြင့်တက်လာတဲ့ အစ္စလာမ်ကြောက်ရောဂါအခြေပြု အကြမ်းဖက်တိုကခိုက်မှုတွေကို ကာကွယ်တားဆီးရေး အရေးပေါ်အစည်းအဝေးခေါ်ကာ ဆွေးနွေးဖို့အတွက် အစ္စလာမ့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကို တူရကီနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
    ဒီကနေ့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစည်းအဝေးကို မနက်ဖြန် အစ္စတန်ဘူလ်မြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဥက္ကဌအဖြစ် တာဝန်ယူမယ်လို့ ဖော်ပြထားပါတယ်။
    “အစ္စလာမ်ကြောက်ရောဂါ၊ လူမျိုးရေးခွဲခြားမှု၊ နိုင်ငံခြားသားကြောက် ရောဂါတွေကို အခြေခံတဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာ အထူးသဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့က နယူးဇီလန်က ဗလီတွေမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးခေါ် ဆွေးနွေးဖို့အတွက် OIC ဥက္ကဌဖြစ်တဲ့ တူရကီက ဆော်သြလိုက်ပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။
    အရေးပေါ်အစည်းအဝေးမှာ OIC အဖွဲ့ဝင်နိုင်ငံတွေအပြင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ဥရောပ လုံခြုံရေးအဖွဲ့ OSCE က ကိုယ်စားလှယ်တွေ တက်ရောက်ဖို့လည်း ဖိတ်ကြားထားပါတယ်။
    ယူကေ လေဘာပါတီဟာ အစ္စလာမ်ကြောက်ရောဂါနဲ့ပတ်သက်လို့ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုကို မနေ့မှာ ထုတ်ပြန်ခဲ့ပြီး ဒါဟာ အစ္စလာမ်ကြောက်ရောဂါရဲ့ အကြောင်း၊ အကျိုးတွေကို နားလည်စေဖို့၊ မွတ်စလင်လူ့အဖွဲ့အစည်းတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
    အစ္စလာမ်ကြောက်ရောဂါကို လေဘာပါတီရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။
    “အစ္စလာမ်ကြောက်ရောဂါ၏ ဇစ်မြစ်သည် လူမျိုးရေးခွဲခြားမှုဝါဒ၌တည်ပြီး အစ္စလာမ်ဘာသာဝင်ဖြစ်သူ သို့မဟုတ် အစ္စလာမ်ဘာသာဝင်ဟု ယူဆရသူများအပေါ် ပစ်မှတ်ထားသည့် လူမျိုးရေးခွဲခြားမှုတစ်မျိုးဖြစ်သည်”
    ပြီးခဲ့တဲ့သောကြာနေ့ နယူးဇီလန်နိုင်ငံ ခရိုက်ချက်မြို့က ဗလီဝတ်ကျောင်းတော် ၂ လုံးမှာ လူဖြူအစွန်းရောက် သေနတ်သမားတစ်ဦးက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ တူရကီနိုင်ငံသား ၃ ဦး ပါဝင်ပါတယ်။
    Ref: Aljazeera
  • ကမ္ဘာတစ်ဝှမ်း အစွန်းရောက်အမျိုးသားရေးဝါဒကို တိုက်ဖျက်ရန် နယူးဇီလန်ဝန်ကြီးချုပ် ဆော်သြ
    ကမ္ဘာတစ်ဝှမ်း အစွန်းရောက်အမျိုးသားရေးဝါဒကို တိုက်ဖျက်ရန် နယူးဇီလန်ဝန်ကြီးချုပ် ဆော်သြ
    မတ် ၂၁၊ ၂၀၁၉
    M-Media
    အမေရိကန်ရှိ လူဖြူအစွန်းရောက်ဝါဒီတစ်ချို့
    – ကမ္ဘာတစ်ဝှမ်း မြင့်တက်လာတဲ့ အမျိုးသားရေးအစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က တိုတွန်းလိုက်ပြီး နယူးဇီလန်မှာ ဒီဝါဒမျိုး ရှိနေတယ်ဆိုတာကိုလည်း ၀န်ခံခဲ့ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က ခရိုက်ချက်မြို့မှာရှိတဲ့ ဗလီနှစ်လုံးကို သြစတေးလျနိုင်ငံသား လူဖြူအစွန်းရောက်ဝါဒီ ဘရန်တန် တားရန့်က သေနတ်နဲ့ ၀င်ရောက် အကြမ်းဖက်ပစ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၅၀ သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
    ဒီအကြမ်းဖက်မှုဖြစ်ပွားပြီး ပထမဆုံးအကြိမ်အဖြစ် BBC သတင်းဌာနနဲ့ အင်တာဗျူးမျာ ၀န်ကြီးချုပ် ဂျာစင်ဒါ အာရ်ဒန်က လူဖြူအမျိုးသားရေးဝါဒကို ရှုတ်ချခဲ့ပြီး၊ ပြောင်းရွှေ့အခြေချမှုကြောင့် လူမျိုးရေးခွဲခြားမှု ဖြစ်လာတယ်ဆိုတဲ့ အယူအဆကိုလည်း ပယ်ချခဲ့ပါတယ်။
    “အခုလုပ်သွားတဲ့သူက သြစတေးလျနိုင်ငံသားဖြစ်ပါတယ်။ ဒါပေမယ့် နယူးဇီလန်မှာ ဒီလိုဝါဒမျိုး မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ ရှိတယ်ဆိုပြန်ရင်လည်း နယူးဇီလန်နိုင်ငံသားအများစုကို စော်ကားသလို ဖြစ်သွားမှာပါ”
    အမျိုးသားရေးအစွန်းရောက်ဝါဒ ဘယ်နေရာမှာပဲရှိရှိ ဒါကိုအမြစ်ဖြတ်ဖို့၊ ဒီလိုဝါဒမျိုး ပေါက်ဖွားနိုင်တဲ့ ရေခံမြေခံမျိုး မဖန်တီးပေးဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့လည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “တစ်ကမ္ဘာလုံးကို ကျွန်မ တိုက်တွန်းချင်ပါတယ်။ နယူးဇီလန်မှာ ဒီလိုအကြမ်းဖက်မှုမျိုး ဖြစ်လာတာဟာ တစ်ခြားတစ်နေရာမှာ မွေးဖွားကြီးပြင်းကာ ဒီအယူအဆကို ရရှိခဲ့သူကြောင့် ဖြစ်ပါတယ်။ ဘေးအန္တရာယ်ကင်းပြီး၊ သည်းခံခွင့်လွှတ်နိုင်တဲ့၊ အားလုံးပါဝင်နိုင်တဲ့ ကမ္ဘာကြီးကို လိုချင်တယ်ဆိုရင် ဒီကိစ္စကို ကိုယ်နဲ့မဆိုင်သလို နေလို့မရပါဘူး”
    ကမ္ဘာတစ်ဝှမ်းက ပြောင်းရွှေ့အခြေချသူတွေကို နယူးဇီလန်က စံချိန်တင် လက်ခံထားမှုနဲ့ပတ်သက်လို့လည်း ဂျာစင်ဒါက ကာကွယ်ခဲ့ပြီး၊ ဒီလိုလက်ခံတာကြောင့် အမျိုးသားရေးအစွန်းရောက်ဝါဒ မြင့်တက်လာတယ်ဆိုတဲ့ ပြောကြားမှုကိုလည်း ပယ်ချခဲ့ပါတယ်။
    အော်တိုသေနတ်များကို ပိတ်ပင်
    ခရိုက်ချက် ဗလီနှစ်လုံး အကြမ်းဖက်ခံရမှုအပြီး နယူးဇီလန်က သေနတ်ကိုင်ဆောင်မှု ဥပဒေကို တင်းကြပ်ဖို့ ဆော်သြမှုတွေ ရှိခဲ့ပြီး ဂျာစင်ဒါက ချေမှုန်းရေးရိုင်ဖယ်နဲ့ ဆီးမီးအော်တို သေနတ်တွေကို ရောင်းချခွင့် ပိတ်ပင်လိုက်တယ်လို့ ဒီကနေ့မှာ ကြေငြာခဲ့ပါတယ်။
    “ဒါဟာ ကျွန်မတို့လုပ်ဆောင်နေတဲ့ လုပ်ငန်းရဲ့ အစပိုင်းပဲ ရှိပါသေးတယ်။ အမျိုးသားအကျိုးစီးပွားလည်းဖြစ်သလို၊ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်လည်း ဖြစ်ပါတယ်။ ကျွန်မတို့တိုင်းပြည်မှာ ဒီလိုအကြမ်းဖက်မှုမျိုး နောက်ထပ်မဖြစ်အောင် တားဆီးဖို့ပါ”
    ချေမှုန်းရေးရိုင်ဖယ်နဲ့ ဆီးမီးအော်တိုသေနတ်တွေ ပိတ်ပင်မှု ဥပဒေဟာ ဧပြီလ ၁၁ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဒီလက်နက်တွေ အရင်က ၀ယ်ဆောင်ထားသူတွေအနေနဲ့ လက်နက်အစားထိုး လဲလှယ်နိုင်မယ့် အစီအစဉ်ကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
    Ref: Aljazeera, BBC