News @ M-Media
Blog
  • အီသီယိုးပီးယားတွင် ပျက်ကျသည့် လေယာဉ်အမျိုးအစားကို တရုတ်က ပျံသန်းခွင့်ပိတ်
    အီသီယိုးပီးယားတွင် ပျက်ကျသည့် လေယာဉ်အမျိုးအစားကို တရုတ်က ပျံသန်းခွင့်ပိတ်
    မတ် ၁၁၊ ၂၀၁၉
    M-Media
    Boeing 737 MAX 8 လေယာဉ်တစ်စီး
    – မနေ့က အီသီယိုးပီးယားနိုင်ငံမှာ ပျက်ကျခဲ့တဲ့ Boeing 737 MAX 8 အမျိုးအစား လေယာဉ်တွေကို ပျံသန်းခြင်းမပြုဖို့ တရုတ်နိုင်ငံက ပြည်တွင်းလေကြောင်းလိုင်းတွေကို အမိန့်ထုတ်လိုက်ပါတယ်။
    Ethiopian လေကြောင်းလိုင်းက ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦး လိုက်ပါသွားတဲ့ လေယာဉ်ဟာ ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ကနေ ပျံတက်ပြီး သိပ်မကြာခင်မှာ ပျက်ကျသွားခဲ့တာဖြစ်ပြီး လိုက်ပါသူအားလုံး သေဆုံးခဲ့ပါတယ်။ လေယာဉ်ဟာ Boeing 737 MAX 8 လေယာဉ်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air က ပျက်ကျသွားတဲ့ လေယာဉ်နဲ့ အမျိုးအစား တူညီပါတယ်။
    တရုတ် အရပ်ဖက်လေကြောင်းဌာနက ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဒီအဖြစ်အပျက်နှစ်ခုက တူညီမှုတွေကို ထောက်ပြခဲ့ပြီး ပြည်တွင်းလေကြောင်လိုင်းတွေအနေနဲ့ မတ်လ ၁၁ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ နောက်ဆုံးထားကာ လေယာဉ်တွေကို မြေပြင်ဆင်းသက် ရပ်နားထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
    “ပျက်ကျမှုနှစ်ခုစလုံးမှာ ဘိုးအင်းက အသက်ချက်ချွတ်ပေးပို့ထားတဲ့ Boeing 737-8 လေယာဉ်တွေ ဖြစ်နေတာ၊ စတင်ပျံသန်းစဉ်မှာ ပျက်ကျတာတွေကြောင့် အဖြစ်အပျက်တွေက တူညီမှုတစ်ချို့ ရှိနေပါတယ်”
    ဒီလို တားမြစ်ရတာဟာ ဘေးအန္တရာယ်ကျရောက်မှုအပေါ် လုံးဝ သည်းမခံတဲ့ ပေါ်လစီကြောင့်ဖြစ်ပြီး၊ အန္တရာယ်ကင်းရှင်းရေး ထိထိရောက်ရောက် ဆောက်ရွက်ထားတယ်လို့ သတင်းထုတ်ပြန်တဲ့အထိ အခုအမိန့်က အတည်ဖြစ်တယ်လို့လည်း ကြောငြာချက်က ဆိုပါတယ်။
    တရုတ် အရပ်ဖက်လေကြောင်းဌာနဟာ အမေရိကန် ဗဟိုအရပ်ဖက်လေကြောင်းဌာန၊ ဘိုအင်းကုမ္ပဏီတို့နဲ့ ဆက်သွယ်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။
    တရုတ်နိုင်ငံဟာ ဘိုးအင်းကုမ္ပဏီအတွက် အဓိက ဈေးကွက်တစ်ခုဖြစ်ပြီး Boeing 737 MAX 8 ရောင်းချမှုရဲ့ ၅ ပုံ ၁ ပုံဟာ တရုတ်ကိုသွားတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ ကုမ္ပဏီများဆိုင်ရာဌာနက နိုင်ငံအတွင်း အသုံးပြုနေတဲ့ Boeing 737 MAX 8 လေယာဉ် ၉၆ စင်းရှိတယ်လို့ Weibo မှာ ဖော်ပြထားပါတယ်။
    Ref: Aljazeera
  • အီသီယိုးပီးယား ခရီးသည်တင်လေယာဉ်ပျက်ကျမှု အသက်ရှင်သူမရှိ
    အီသီယိုးပီးယား ခရီးသည်တင်လေယာဉ်ပျက်ကျမှု အသက်ရှင်သူမရှိ
    မတ် ၁၀၊ ၂၀၁၉
    M-Media
    Ethiopian လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး
    – ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ကနေ အီသီယိုးပီးယားနိုင်ငံ အက်ဒစ် အဘာဘာကိုပျံသန်းတဲ့ လေယာဉ် ဒီကနေ့မနက်ပိုင်းက ပျက်ကျမှုမှာ အသက်ရှင်သူ တစ်ဦးမှမရှိဘူးလို့ လေယာဉ်ကိုပိုင်ဆိုင်တဲ့ Ethiopian လေကြောင်းလိုင်းက ကြေငြာလိုက်ပါတယ်။
    ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၇ ဦး လိုက်ပါသွားတဲ့ လေယာဉ်အမှတ် ET 302 ဟာ အက်ဒစ် အဘာဘာရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့ ဘီရှိုဖ်တူမြို့နားမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ နိုင်ရိုဘီကနေ ပျံတက်အပြီး ၆ မိနစ်အကြာမှာပဲ အဆက်အသွယ် ပြတ်တောက်ခဲ့တာပါ။
    လေကြောင်းလိုင်းက သေဆုံးသွားသူတွေထဲမှာ ကင်ညာနိုင်ငံသား ၃၂ ဦး၊ ကနေဒါနိုင်ငံသား ၁၈ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၉ ဦး၊ တရုတ်နိုင်ငံသား ၈ ဦး၊
    အမေရိကန်နိုင်ငံသား ၈ ဦး၊ ဗြိတိန်နိုင်ငံသား ၇ ဦးတို့ ပါဝင်ပြီး ၄ ဦးက ကုလနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
    အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အဟ်မဒ်နဲ့ ကင်ညာသမ္မတ အူရူ ကန်ယက်တာတို့ကတော့ သေဆုံးသူတွေနဲ့ ကျစ်ရစ်သူ မိသားစုတွေအတွက် ၀မ်းနည်းကြောင်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့ကြပါတယ်။
    Ethiopian လေကြောင်းလိုင်းက အခုပျက်ကျသွားတဲ့ Boeing 737 လေယာဉ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အင်ဒိုနီးရှားလေကြောင်းလိုင်း Lion Air ကနေ ပျက်ကျသွားတဲ့ လေယာဉ်အမျိုးအစားနဲ့ တူညီပါတယ်။
    လေယာဉ်ကုမ္ပဏီ ဘိုးအင်းက အခုအဖြစ်အပျက်အတွက် အလွန်အမင်း ၀မ်းနည်းရပြီး ဘာ့ကြောင့် လေယာဉ်ပျက်ကျရလဲဆိုတာကို ဖော်ထုတ်ဖို့အတွက် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
    အီသီယိုးပီးယားနိုင်ငံမှာ ခရီးသည်တင်လေယာဉ် နောက်ဆုံး မတော်တဆဖြစ်မှုဟာ ၂၀၁၀ ခုနှစ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတုန်းက Boeing 737-800 လေယာဉ်လက်ဘနွန်နိုင်ငံကနေ ပျံသန်းပြီး သိပ်မကြာခင်မှာ ပေါက်ကွဲသွားတဲ့အတွက် ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၈၃ ဦး သေဆုံးခဲ့ပါတယ်။
    Ref: Aljazeera
  • ဗင်နီဇွဲလားတစ်နိုင်ငံလုံး ၂ ရက်ဆက်မီးပြတ်နေ၍ ကျောင်းများ၊ လုပ်ငန်းများ ပိတ်ထားရ
    ဗင်နီဇွဲလားတစ်နိုင်ငံလုံး ၂ ရက်ဆက်မီးပြတ်နေ၍ ကျောင်းများ၊ လုပ်ငန်းများ ပိတ်ထားရ
    မတ် ၈၊ ၂၀၁၉
    M-Media
    – ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ဗင်နီဇွဲလားမှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဟာ ၂ ရက်တိုင်လာခဲ့ပြီး ကျောင်းတွေ အလုပ်တွေ အားလုံး ပိတ်ထားရပါတယ်။
    နိုင်ငံရဲ့ အကြီးဆုံး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှာ စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့် မတ်လ ၇ ရက်နေ့ နေ့လည်ပိုင်းကတည်းက ဓာတ်အား ပြတ်တောက်သွားတာ ဖြစ်ပါတယ်။ အစိုးရကတော့ မီးပြတ်တာဟာ အယူအဆမတူသူတွေရဲ့ အဖျက်အမှောက်လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဗင်နီဇွဲလားနိုင်ငံ ဒေသတော်တော်များများမှာ လျှပ်စစ်ဓာတ်အား မကြာခဏ ပြတ်တောက်လေ့ရှိပေမယ့် အာဏာရ ဆိုရှယ်လစ်အစိုးရ လက်ထက်မှာ တစ်နိုင်ငံလုံး တစ်ရက်ထက်ပိုပြီး မီးမပြတ်ဖူးပါဘူး။ လက်ရှိမှာ နိုင်ငံတောင်ပိုင်း ပေါ်တိုအော်ဒက်ဇ် တစ်မြို့တည်းသာ ဓာတ်အား ရရှိတယ်လို့ ဆိုပါတယ်။
    မီးမလာတာကြောင့် ကျောင်းတွေ၊ အလုပ်တွေ ပိတ်ထားရသလို၊ ဓာတ်အားနဲ့သွားတဲ့ ရထားလည်း ပိတ်ထားရပါတယ်။
    ရာထူးကနေ ဆင်းပေးဖို့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုကို ခံနေရတဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက နိုင်ငံရဲ့ ဓာတ်အားပြဿနာဟာ အမေရိကန်ကျော်ထောက်နောက်ခံပြုတဲ့ အဖျက်အမှောက်လုပ်ငန်းကြောင့် ဖြစ်တယ်လို့ တစ်စိုက်မတ်မတ် စွပ်စွဲပြောဆိုထားပါတယ်။
    အစိုးရဝေဖန်ရေးသမားတွေက ဆိုရှယ်လစ်ခေါင်းဆောင် ဟူဂိုချားဗက်ဇ်က ၂၀၀၇ ခုနှစ်မှာ လုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းပြီးကတည်းက စွမ်းအင်ကဏ္ဍမှာ စိမံခန့်ခွဲမှု အမှားတွေ လုပ်ဆောင်ခဲ့ပြီး၊ ဓာတ်အားရရှိရေးအတွက် ဒေါ်လာဘီလီယံချီ အသုံးပြုခဲ့ပေမယ့် ခြစားမှုတွေကြောင့် ကုန်သွားခဲ့တယ်လို့ ဆိုပါတယ်။
    Ref: Reuters
  • မိမိတို့မြေတွင် အစွန်းရောက်အုပ်စုများ အခြေစိုက်ခွင့်မပေးဟု ပါကစ္စတန်ပြော
    မိမိတို့မြေတွင် အစွန်းရောက်အုပ်စုများ အခြေစိုက်ခွင့်မပေးဟု ပါကစ္စတန်ပြော
    မတ် ၈၊ ၂၀၁၉
    M-Media
    – မိမိတို့မြေပေါ်မှာ လက်နက်ကိုင်အဖွဲ့တွေ အခြေစိုက်ပြီး နိုင်ငံရပ်ခြားမှာ တိုက်ခိုက်မှု ပြုလုပ်တာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ပြောကြားလိုက်ပါတယ်။
    ဖေဖော်ဝါရီလအစောပိုင်း အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ အသေခံကားဗုံးခွဲမှု တစ်ခုကြောင့် အိန္ဒိယပြည်သူ့စစ် ၄၂ ဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ပါကစ္စတန်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်အဖွဲ့ JeM က ဆောင်ရွက်တာဖြစ်ပြီး အိန္ဒိယက ပါကစ္စတန်လည်း ဒီကိစ္စမှာ ပါဝင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
    တိုက်ခိုက်မှုပြီးတဲ့နောက် အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး လေယာဉ်တွေကို အပြန်အလှန်ပစ်ချမှုတွေ၊ ကက်ရှ်မီးယားဒေသမှာ လလက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
    နိုင်ငံတကာဖိအားတွေ မြင့်တက်လာတာကြောင့် အခုသီတင်းပတ်အတွင်း ပါကစ္စတန်ဟာ လက်နက်ကိုင်အဖွဲ့တွေကို ချေမှုန်းမှု ပိုမို လုပ်ဆောင်လာပါတယ်။
    “နိုင်ငံပြင်ပ အကြမ်းဖက်ဝါဒအတွက် ပါကစ္စတန်မြေကို အသုံးပြုတာကို ကျွန်တော်တို့အစိုးရက ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တိုင်းပြည်မှာ ဘယ်လို စစ်သွေးကြွအုပ်စုကိုမှ လည်ပတ်ခွင့်ပေးမှာ မဟုတ်ပါဘူး” လို့ ပါကစ္စတန်တောင်ပိုင်းက ပြည်သူ့ချီတက်ပွဲ အခမ်းအနားတစ်ခုမှာ ၀န်ကြီးချုပ် အင်မရန်းခန်းက ပြောကြားခဲ့ပါတယ်။
    မနေ့က ပါကစ္စတန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ သူတို့အနေနဲ့ ပိတ်ပင်ထားတဲ့ အစွန်းရောက်အုပ်စုတွေနဲ့ အဆက်အသွယ်ရှိတဲ့ အမျိုးသားရေးကျောင်း ၁၈၂ ကျောင်းကို ထိန်းချုပ်လိုက်ပြီး လူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
    ပြည်ထဲရေးဝန်ကြီးက ဒီလို ဆောင်ရွက်မှုဟာ အရင်ကတည်းကရှိခဲ့တဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်တာဖြစ်ပြီး အိန္ဒိက ဝေဖန်တဲ့အတွက်ကြောင့် ချက်ခြင်း ထလုပ်တာမျိုး မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • တရုတ်အလုပ်သမားများ အလုံးအရင်းနှင့် ၀င်ခွင့်ပြုမှုအတွက် ဖိလစ်ပိုင်ကို မဟာသီ သတိပေး
    တရုတ်အလုပ်သမားများ အလုံးအရင်းနှင့် ၀င်ခွင့်ပြုမှုအတွက် ဖိလစ်ပိုင်ကို မဟာသီ သတိပေး
    မတ် ၈၊ ၂၀၁၉
    M-Media
    ဖိလစ်ပိုင်နိုင်ငံကို ရောက်ရှိလာသည့် မဟာသီယာ မိုဟာမက်
    – တရုတ်နိုင်ငံက လုပ်သား တော်တော်များများကို ဖိလစ်ပိုင်က ခေါ်သွင်းမှုအတွက် မလေးရှားဝန်ကြီးချုပ် မဟာသီက သတိပေးလိုက်ပြီး ဒါဟာ နိုင်ငံရေးညီမျှမှုကို ထိခိုက်နိုင်တယ်လို့ မနေ့မှာ ပြောကြားလိုက်ပါတယ်။
    အသက် ၉၃ နှစ်အရွယ် မဟာသီဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမှာ တစ်ကျော့ပြန် ၀န်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း ဖိလစ်ပိုင်ကို ပထမဆုံးအကြိမ် ရောက်ရှိနေတာ ဖြစ်ပါတယ်။
    ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးဟာ ၂၀၁၆ ခုနှစ် အာဏာရပြီးနောက်ပိုင်း တရုတ်အစိုးရနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိလာပြီး တရုတ်အလုပ်သမား အနည်းဆုံး ၂ သိန်းလောက်ကို တိုင်းပြည်ထဲ ခေါ်သွင်းထားပါတယ်။ အဲဒီအလုပ်သမား အများစုဟာ တရုတ်ပြည်က တရုတ်နိုင်ငံသားတွေ ကစားတဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေမှာ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
    “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုတာမှာ နိုင်ငံခြားသားတွေ တိုင်းပြည်အတွင်း အမြောက်အများ လာရောက် နေထိုင်တာမျိုး မပါဝင်ပါဘူး။ ဒါမျိုးဟာ နိုင်ငံရေးဟန်ချက်ကို အနှောက်အယှက် ဖြစ်လာနိုင်ပါတယ်။ နိုင်ငံခြားသားအမြောက်များ တိုင်းပြည်အတွင်းမှာ လာနေမယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအပေါ် လွှမ်းမိုးလာမယ်ဆိုရင် ဒါဟာ အကောင်းဖြစ်လာမလား၊ အဆိုးဖြစ်လာမလားဆိုတာနဲ့ သူတို့အပေါ် ကန့်သတ်မှု လုပ်ရမလား ဆိုတာတွေကို ပြန်စဉ်းစားရပါမယ်” လို့ မဟာသီက ABS-CBN သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်း ဖိလစ်ပိုင်လွှတ်တော်ရဲ့ ဆွေးနွေးမှုမှာ အမတ်တွေက နိုင်ငံအတွင်း တရုတ်အလုပ်သမား ၂ သိန်းလောက် ရှိနေပြီး နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင် ဘဏ္ဍာရေးဝန်ကြီး ကားလို့စ် ဒိုမီဂက်ဇ်က အွန်လိုင်း လောင်းကစားလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေအပေါ် အခွန်စည်းကြပ်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုကိစ္စမှာ တရုတ်နဲ့ တင်းမာမှု ရှိနေပေမယ့် ဒူတာတေးက တရုတ်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ရရှိအောင် ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့လက ပြောကြားမှုတစ်ခုမှာ ဒူတာတေးက တရုတ်ဟာ ဖိလစ်ပိုင်နိုင်ငံသား သိန်းချီကို လက်ခံထားတာကြောင့် ဖိလစ်ပိုင်ကလည်း တရုတ်နိုင်ငံသားတွေ နေထိုင်ခွင့် ပြုရမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
    မဟာသီက နာဂျစ်လက်ထက် တရုတ်နဲ့ ရရှိခဲ့တဲ့ သဘောတူညီချက်တွေဟာ မမျှတဘူးလို့လည်း အရင်က ဝေဖန်ဖူးပါတယ်။ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုကိစ္စမှာ ရေကြောင်းသွားလာမှုက ပိုမိုအရေးကြီးတယ်လို့ မဟာသီက ဖိလစ်ပိုင်ခရီးစဉ်မှာ မှတ်ချက်ပေးခဲ့ပါတယ်။
    Ref: CNA