News @ M-Media
Blog
  • အိန္ဒိယတွင် လူနည်းစုများအပေါ် တိုက်ခိုက်မှု မြင့်တက်လာခြင်းအတွက် ကုလ သတိပေး
    အိန္ဒိယတွင် လူနည်းစုများအပေါ် တိုက်ခိုက်မှု မြင့်တက်လာခြင်းအတွက် ကုလ သတိပေး
    မတ် ၇၊ ၂၀၁၉
    M-Media
    – အိန္ဒိယနိုင်ငံအတွင်းမှာ ဇာတ်နိမ့် ဒါလစ်တွေအပါအ၀င် လူနည်းစုတွေအပေါ် ဖိနှိပ်မှု၊ အရှက်ရအောင်လုပ်မှု မြင့်တက်လာတဲ့အပေါ် ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက သတိပေးလိုက်ပြီး ဒီလို သွေးခွဲတဲ့ ပေါ်လစီတွေဟာ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “လူနည်းစုတွေ – အထူးသဖြင့် မွတ်စလင်တွေ၊ ဒါလစ်နဲ့ အဒီဝါစစ်တို့လို့ သမိုင်းနဲ့ချီပြီး ဖယ်ကျဉ်ခံထားရတဲ့သူတွေကို ပစ်မှတ်ထားမှု၊ အရှက်ရအောင်လုပ်ဆောင်မှု တွေ မြင့်တက်လာတယ်ဆိုတဲ့ သတင်းတွေ ကျွန်မတို့ ရရှိနေပါတယ်” လို့ မနေ့က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းတဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ လူ့အခွင့်အရေးအကြီးအကဲ မီချဲလ် ဘာချီလက်က ရေးသားထားပါတယ်။
    အိန္ဒိယက အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဘာချီလက်ရဲ့ မှတ်ချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။
    “လူ့အခွင့်အရေးအကြီးအကဲရဲ့ အစီရင်ခံစာကို ကျွန်တော် ပယ်ချပါတယ်။ ဒါဟာ အိန္ဒိယရဲ့ပုံရိပ်ကို ဖျက်ဆီးဖို့အတွက် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ ဖြစ်ပါတယ်။ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ မွတ်စလင်တွအတွက် အကောင်းဆုံးနိုင်ငံဖြစ်ပြီး ဟိန္ဒူတွေကလည်း သူတို့အတွက် အကောင်းဆုံး မိတ်ဆွေတွေပါပဲ”
    နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International ရဲ့ အိန္ဒိယရုံးခွဲက ၂၀၁၈ ခုနှစ်အတွင်း ဖယ်ကျဉ်ခံ လူ့အဖွဲ့အစည်းတွေအပေါ် လက်ရောက်ကျူးလွန်မှု၊ အဓမ္မကျင့်မှု၊ သတ်ဖြတ်မှုတွေအပါအ၀င် အမုန်းအခြေခံ ရာဇ၀တ်မှုတွေဟာ စိုးရိမ်စရာကောင်းအောင် မြင့်တက်လာတယ်လို့ အင်္ဂါနေ့က သတိပေးခဲ့ပါတယ်။
    မီဒီယာတွေမှာ ဖော်ပြခဲ့တာတွေကို စုစည်းမှုအရ ပြီးခဲ့တဲ့နှစ်အတွင်း အမုန်းအခြေခံ ရာဇ၀တ်မှုပေါင်း ၂၁၈ ခု ဖြစ်ပွားခဲ့ပြီး ဇာတ်နိမ့် ဒါလစ်တွေအပေါ် ကျူးလွန်မှု ၁၄၂ ခု၊ မွတ်စလင်တွေအပေါ် ကျူးလွန်မှု အခု ၅၀ ရှိတယ်လို့ Amnesty က ဆိုပါတယ်။
    Amnesty India ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ အေကာ ပတေးလ်က အိန္ဒိယဥပဒေအရ အမုန်းဆောင် ရာဇ၀တ်မှုတွေကို သီးခြား ရာဇတ်မှုအဖြစ် သတ်မှတ်ခြင်းမရှိတာကြောင့် အရေးယူခံရမှုကနေ ကင်းလွတ်နေတယ်လို့ ပြောကြားခဲ့ပြီး၊ နိုင်ငံရေးသမားတွေ အနေနဲ့ ဒီလို ရာဇ၀တ်မှုတွေကို ပိုမိုရှုတ်ချပေးဖို့၊ ရဲတပ်ဖွဲ့ကလည်း အမုန်းဆောင်ရာဇ၀တ်မှု ဖြစ်လာနိုင်တဲ့ ခွဲခြားလှုံ့ဆော်မှုတွေကို ဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
    Ref: Aljazeera
  • မြစ်ဆုံစီမံကိန်းကို လက်ခံရန် ကချင်ခေါင်းဆောင်များအား တရုတ် ဖိအားပေး
    မြစ်ဆုံစီမံကိန်းကို လက်ခံရန် ကချင်ခေါင်းဆောင်များအား တရုတ် ဖိအားပေး
    မတ် ၆၊ ၂၀၁၉
    M-Media
    KBC ဥက္ကဌ သိက္ခာတော်ရဆရာတော် Hkalam Samson
    – ရပ်တန့်နေတဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မှုကို ထောက်ခံဖို့ တရုတ်အာဏာပိုင်တွေက ကချင်ဘာသာရေးခေါင်းဆောင်တွေကို ဖိအားပေးခဲ့ပြီး၊ ကချင်လက်နက်ကိုင်အဖွဲ့အနေနဲ့ NCA စာချုပ်ကို လက်မှတ်ထိုးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
    ကချင်နှစ်ခြင်းအသင်းတော် KBC က ခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ ထိပ်တန်း တာဝန်ရှိသူ ၇ ဦးဟာ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ တွေ့ဆုံခဲ့ကြတာပါ။ တရုတ်အာဏာပိုင်တွေက သမ္မတ ရှီကျင့်ဖျင်ဟာ မြစ်ဆုံဆည် စီမံကိန်းကို တော်တော်လေး အားပေးထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။
    “မြစ်ဆုံစီမံကိန်းကို ကျွန်တော်တို့ လက်ခံမယ်ဆိုရင် ပိုကောင်းမယ်လို့ သူတို့က ပြောပါတယ်။ သေခံတွေအတွက် အကျိုးအမြတ်ရမယ်ပေါ့” လို့ KBC ဥက္ကဌ သိက္ခာတော်ရဆရာတော် Hkalam Samson က ပြောပါတယ်။
    ကန်ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်က ဆိုင်းငံ့ထားခဲ့ပါတယ်။ တရုတ်က ဒီစီမံကိန်းကို ပြန်လည်စတင်ဖို့ ကြိုးစားလာပြီး တရုတ်သံအမတ် ဟုန်လျန် ဒီဇင်ဘာလက ကချင်ပြည်နယ်ကို သွားရောက်ကာ
    စီမံကိန်းကို ကချင်ပြည်သူတွေ မကန့်ကွက်ဘူးလို့ ပြောခဲ့ပြီးတဲ့နောက်ပိုင်း တစ်ကျော့ပြန် ရိုက်ခတ်လာခဲ့ပါတယ်။
    ဟုန်က မြစ်ဆုံဆည်ဟာ တရုတ်နိုင်ငံရဲ့ Belt and Road Initiative (BRI) စီမံကိန်းအောက်မှာ ဆောင်ရွက်ဖို့ လိုအပ်တဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ယူနန်အာဏာပိုင်တွေက ကချင်လက်နက်ကိုင်အဖွဲ့ဟာ တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ်မှာ အမြန်ဆုံး လက်မှတ်ရေးထိုးဖို့ လိုအပ်ပြီး ဒါမှသာ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကောင်အထည်ဖော်တာ၊ စစ်ရှောင်တွေ နေရပ်ပြန်တာ လုပ်ဆောင်နိုင်မယ်လို့ KBC တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့က အပစ်ရပ်ရေးစာချုပ်ကို လက်မှတ်ထိုးလိုက်ရင် ပြည်နယ်အတွင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အာမခံချက်ရှိသွားမယ်လို့ သူတို့က ထင်နေတာ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှ အခွင့်အရေးကို ရရှိဖို့ပါ။ ကျွန်တော်တို့ ဖက်ဒရယ်လိုချင်တယ်။ အဲဒီလို ကွာဟချက် ကြီးကြီးမားမား ရှိနေပါတယ်။ BRI စီမံကိန်းဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်လိ့မ်မယ်။ တရုတ်နိုင်ငံကပဲ အကျိုးအမြတ်ခံစားရမယ်လို့
    မထင်သင့်ဘူးလို့ သူတို့က ပြောပါတယ်။ BRI ကို နားလည်မှုမလွဲဖို့ သူတို့က ကျွန်တော်တို့ကို တိုက်တွန်းပါတယ်” လို့ Hkalam Samson က ပြောပါတယ်။
    ကချင်ပြည်နယ်က ကချင်ဒီမိုကရေစီသစ်တပ်မတော် ထိန်းချုပ်ထားတဲ့ ဒေသတစ်ခုမှာ ကန်ဒေါ်လာ ၅ သန်း တန်ဖိုးရှိမယ့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တစ်ခု ဖန်တီးဖို့ မြန်မာနဲ့ တရုတ်တို့က အစီအစဉ် ရှိနေပြီး၊ မြစ်ကြီးနားမှာလည်း ကန်ဒေါ်လာ ၃ သန်းရှိမယ့် တရုတ်ကျောထောက်နောက်ခံပြု စက်မှုဇုန်တစ်ခု
    စတင် တည်ထောင်နေပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့က တွေ့ဆုံမှုအတွင်း ယူနန်အာဏာပိုင်တွေက သူတို့အနေနဲ့ ကချင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ နေရပ်ပြန်နိုင်ရေး ကူညီပေးမယ်လို့ KBC တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။
    “နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဟာ သမ္မတရှီရဲ့ ပေါ်လစီမှာ အရေးပါတယ်လို့ သူတို့က ပြောတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဟာ ပြည်တွင်းစစ်ကြောင့် နှောင့်နှေးကြန့်ကြာနေတယ်ပေါ့။ သိပ်မကြာခင်မှာ ဒါကို မဖြစ်ဖြစ်အောင် တွန်းလုပ်မယ်လို့ ကျွန်တော် ထင်ပါတယ်”
    Ref: Irrawaddy
    (ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းမှ သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)
  • ဆော်ဒီဘုရင်နှင့် အိမ်ရှေ့မင်းသားတို့အကြား တင်းမာမှုရှိနေဟု ဗြိတိန်သတင်းစာ ဖော်ပြ
    ဆော်ဒီဘုရင်နှင့် အိမ်ရှေ့မင်းသားတို့အကြား တင်းမာမှုရှိနေဟု ဗြိတိန်သတင်းစာ ဖော်ပြ
    မတ် ၆၊ ၂၀၁၉
    M-Media
    – ယီမင်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်မှု အပါအ၀င် ကိစ္စတော်တော်များများမှာ ဆော်ဒီဘုရင် ဆလ်မန်နဲ့ သားဖြစ်သူ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်တို့အကြား သဘောထားကွဲလွဲကာ တင်းမာမှုတွေ ရှိလာတယ်လို့ ဗြိတိန်သတင်းစာ Guardian က အမည်မဖော်လိုတဲ့ ရင်းမြစ်တွေကို ကိုးကားပြီး မနေ့မှာ ဖော်ပြလိုက်ပါတယ်။
    ဖေဖော်ဝါရီလအတွင်း ဘုရင်ကြီး အီဂျစ်ကို သွားတဲ့အချိန်မှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့တာဖြစ်ပြီး၊ မင်းသားက ဆန့်ကျင်ဖက်တွေ လုပ်လိမ့်မယ်လို့ အကြံပေးတွေက ဘုရင်ဆလ်မန်ကို သတိပေးခဲ့ကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ခုက Guardian ကို ပြောကြားခဲ့ပါတယ်။
    အီဂျစ်ခရီးစဉ်မှာ ဘုရင်ကြီးရဲ့ လုံခြုံရေးစီစဉ်မှုကို ခေါင်းခေါက်ရွေးထားတဲ့ လူ ၃၀ နဲ့ အစားထိုးခဲ့ပြီး အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ ဖြုတ်ချခဲ့တဲ့အတွက် ဘုရင်ဆလ်မန်ကို သစ္စာခံသူတွေက စိုးရိမ်ခဲ့ပါတယ်။ ဘုရင်ကြီး ဆော်ဒီကို ပြန်ရောက်တဲ့အခါ လာကြိုတဲ့ ခေါင်းဆောင်တွေထဲမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ပါဝင်ခြင်း ရှိပါဘူး။
    အလ်ဂျီးရီးယားနဲ့ ဆူဒန်တို့က ဆန္ဒပြသူတွေအပေါ် ဘုရင်ကြီးရဲ့ တင်းမာတဲ့သဘောထား၊ ယီမင်စစ်ပွဲက သုံ့ပန်းတွေအပေါ် ဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး သားအဖနှစ်ယောက် သဘောကွဲကြတယ်လို့ ရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။
    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပြည်တွင်းမှာ တော်ဝင်မိသားစုက ပြိုင်ဘက်တွေကို ရှင်းလင်းတာ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်တာတွေ လုပ်ဆောင်ခဲ့ပြီး၊ တင်းမာတဲ့ နိုင်ငံခြားရေးပေါ်လစီကြောင့်လည်း ဝေဖန်မှုတွေကို ခံနေရပါတယ်။
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အစ္စတန်ဘူလ်က ဆော်ဒီ ကောင်စစ်ဝန်ရုံးမှာ ဂျာနယ်လစ် ကာရှိုဂျီ အသတ်ခံရမှုဟာလည်း ဘင် ဆလ်မန်ရဲ့ လက်ချက် ဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပါတယ်။ ဒါပေမယ့် မင်းသားဟာ ထရမ့်အစိုးရနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးတွေ ရှိနေပါတယ်။
    Ref: Aljazeera
  • ဒုံးကျည်စမ်းသပ်ရာနေရာကို မြောက်ကိုရီးယား ပြန်လည်ပြင်ဆင်၊ အမေရိကန်က ထပ်မံသတိပေး
    ဒုံးကျည်စမ်းသပ်ရာနေရာကို မြောက်ကိုရီးယား ပြန်လည်ပြင်ဆင်၊ အမေရိကန်က ထပ်မံသတိပေး
    မတ် ၆၊ ၂၀၁၉
    M-Media
    – ပြီးခဲ့တဲ့နှစ် ထရမ့်နဲ့ ဆွေးနွေးပွဲမှာ ဖျက်သိမ်းပေးမယ်လို့ ကတိပြုခဲ့တဲ့ ဒုံးကျည်စမ်းသပ်ရာနေရာကို မြောက်ကိုရီးယားက ပြန်လည်ပြုပြင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး အမေရိကန်ကလည်း လက်နက်အစီအစဉ်ကို လုံးဝ ဖျက်သိမ်းဖို့အတွက် ထပ်မံ သတိပေးလိုက်ပါတယ်။
    တောင်ကိုရီးယား သတင်းဌာန Yonhap News Agency နဲ့ အမေရိကန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ ၂ ခုက မြောက်ကိုရီးယားဟာ Tongchang-ri မြို့က Sohae Satellite Launching Station ဒုံးကျည်စမ်းသပ်ရာနေရာမှာ လှုပ်ရှားဆောင်ရွက်မှုတွေ ရှိနေတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့ပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။ ပြီးခဲ့တဲ့နှစ်ဇွန်လ ပထမအကြိမ်တွေ့ဆုံမှုမှာ ကင်က Sohae Satellite Launching Station ကို ဖြိုဖျက်ပေးမယ်လို့ ကတိပေးခဲ့တာပါ။
    အခြား တတ်သိပညာရှင်များအဖွဲ့ဖြစ်တဲ့ Center for Strategic and International Studies က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း မြောက်ကိုရီးယားဟာ ဒီနေရာကို အလျင်အမြန် ပြန်လည်ပြင်ဆင်နေတယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
    ထရမ့်အကြံပေးက သတိပေး
    သမ္မတထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘောလ်တန်က မြောက်ကိုရီးယား အနေနဲ့ နျူလက်နက်အစီအစဉ်နဲ့ ဆက်စပ်ပတ်သက်တဲ့ လုပ်ငန်းတွေကို စွန့်လွှတ်ဖို့ အမှန်တကယ် လုပ်ဆောင်မှု ရှိမ၊ မရှိကို ဟနွိုင်းထိပ်သီးအစည်းအဝေးနောက်ပိုင်း အမေရိကန်က စောင့်ကြည့်သွားမယ်လို့ အင်္ဂါနေ့က Fox Business Network သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
    “သူတို့က စွန့်လွှတ်ဖို့ ဆန္ဒမရှိဘူးဆိုရင် သမ္မထရမ့်ကတော့ သိပ်ရှင်းပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးတာကို သူတို့ ရမှာမဟုတ်သလို၊ ဒီပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်မှုကိုလည်း ထပ်မံကြုံတွေ့ရမှာ ဖြစ်ပါတယ်”
    မြောက်ကိုရီးယားအစိုးနဲ့ လုပ်ငန်းလုပ်ဆောင်တဲ့ ဘဏ်တွေကို ပိတ်ဆို့အရေးယူရေး ရည်ရွယ်တဲ့ ဥပဒေမူကြမ်းတစ်ခုကို ပြန်လည်ဆွေးနွေးအတည်ပြုရေးအတွက် အမေရိကန် အထက်လွှတ်တော် အမတ် ၂ ဦးက ကြိုးစားနေပါတယ်။
    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွမ်ပီယိုက လာမယ့် သီတင်းပတ်တွေအတွင်း အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကို ကိုယ်စားလှယ်အဖွဲ့တစ်ခု စေလွှတ်ဖို့ရှိတယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
    Ref: CNA
  • မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် အမုန်းတရားပြန့်နေပြီး လွတ်လပ်မှုဘောင်ကျဉ်းလာဟု ကုလ အထူးကိုယ်စားလှယ်ပြော
    မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးတွင် အမုန်းတရားပြန့်နေပြီး လွတ်လပ်မှုဘောင်ကျဉ်းလာဟု ကုလ အထူးကိုယ်စားလှယ်ပြော
    မတ် ၆၊ ၂၀၁၉
    M-Media
    မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်းဟီးလီ
    – မြန်မာနိုင်ငံမှာ လူမျိုးရေးအမုန်းတရားတွေဟာ နယ်ပယ်တိုင်းမှာ စိုးရိမ်စရာကောင်းလောက်အောင် ပြန့်နှံ့နေပြီး၊ လွတ်လပ်မှုဘောင်လည်း ကျဉ်းလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်းဟီလီက ပြောကြားလိုက်ပါတယ်။
    “နယ်ပယ်တိုင်းမှာ အမုန်းတရားတွေ ပြန့်နှံ့နေတာ၊ အထူးသဖြင့် အစိုးရ အကြီးတန်း တာဝန်ရှိသူတွေကိုယ်တိုင် အမုန်းစကားပြောနေတာက စိုးရိမ်စရာပါ” လို့  မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ လီက ပြောကြားခဲ့ပါတယ်။
    နိုဝင်ဘာလက မြိုင်ကြီးငူဆရာတော်ရဲ့ အန္တိမဈာပန အခမ်းအနားမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ‘အစွန်းရောက်ဘာသာကြီးတစ်ခု’ လို့ သုံးနှုန်းမှုကို ယန်ဟီးလီက ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။
    အစိုးရ မူလတန်းကျေင်း သင်ရိုးတွေမှာ ခွဲခြားဆက်ဆံတဲ့၊ သွေးထိုးလှုံ့ဆော်ပေးတဲ့ သင်ခန်းစာတွေ ပါဝင်မှုကိုလည်း လီက ထောက်ပြ ဝေဖန်ခဲ့ပါတယ်။
    “ဥပမာအားဖြင့် စတုတ္ထတန်းမှာ ‘၀ံသာနုစိတ်ဓာတ်’ ဆိုတဲ့ သင်ခန်းစာပါတယ်။ အမျိုးသားရေး စိတ်ဓာတ်ကို ဆိုလိုတာပါ။ သင်ခန်းစာမှာ ‘သွေးနှောတာကို ငါတို့မုန်း လူမျိုးအညွန့်တုံး’ ဆိုတာကို ထည့်ထားတယ်။ ကလေးတွေကို ဒီလိုသင်ပေးတာဟာ လူမျိုးကြီးဝါဒနဲ့ လူ့အဖွဲ့အစည်းအတွင်း သဟဇာတပြိုကွဲအောင် လှုံ့ဆော်ပေးနေတာမျိုးပါ”
    စစ်တပ်နဲ့ ဆက်နွယ်နေတဲ့အဖွဲ့တွေ၊ အစိုးရအဖွဲ့ဝင်တွေဟာ Facebook ကနေတစ်ဆင့် အမုန်းစကားတွေ၊ သတင်းအချက်အလက်အမှားတွေကို ဖြန့်ဖြူးနေတယ်လို့ ယန်ဟီးလီက ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးကို ပိုမိုကာကွယ်ပေးဖို့လည်း Facebook ကို တိုက်တွန်းခဲ့ပါတယ်။
    ယန်ဟီးလီကို မြန်မာနိုင်ငံက ပြည်ဝင်ခွင့်မပေးတော့ဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကလည်း လီရဲ့ လာရောက်မှုဟာ အပြုသဘောမဆောင်ကြောင်း၊ သူမ အရင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေဟာ “ကျိုးကြောင်းမညီညွတ်ဘဲ ဘက်လိုက်မှု ရှိနေကြောင်း” ပြီးခဲ့တဲ့ဒီဇင်ဘာလက ပြောကြားခဲ့ပါတယ်။
    ယန်ဟီးလီက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပိုမိုတိုးတက်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီဖို့ မနေ့က အစီရင်ခံစာမှာ တိုက်တွန်းခဲ့ပါတယ်။
    “မြန်မာနိုင်ငံက ပြည်သူတွေဟာ ညှင်းပမ်းမှုတွေ၊ နိုင်ငံတကာက လစ်လှူရှုမှုတွေ ဒါမှမဟုတ် အရေးယူမှု နှောင့်နှေး ကြန့်ကြာတာတွေကို ဆယ်စုနှစ်ချီ ကြံ့ကြံ့ခံခဲ့ရပါတယ်”
    မနေ့က ထုတ်ပြန်တဲ့ ယန်ဟီးလီရဲ့ အစီရင်ခံစာကို မတ်လ ၁၁ ရက်နေ့ ကုလ လူ့အခွင့်အရေးဆိုင်ရာ ကောင်စီမှာ တင်ပြမှာဖြစ်ပြီး မြန်မာအစိုးရကတော့ ဒီအစီရင်ခံစာအတွက် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
    ဘေးကင်းဇုန်က ဘေးမကင်းနိုင်
    မြန်မာနိုင်ငံကနေ ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် နေရပ်ပြန်နိုင်ရေး ရခိုင်ပြည်နယ်မှာ ‘ဘေးကင်းဇုန်’ တစ်ခု ဖန်တီးပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြုထားပြီး ယန်ဟီးလီကတော့ ရိုဟင်ဂျာတွေ ‘သူတို့ သဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ အန္တရာယ်ကင်းကင်း ပြန်နိုင်ဖို့ အခြေအနေမျိုး’ မရှိဘူးလို့ ဆိုပါတယ်။
    ‘ဘေးကင်းဇုန်’ ဟာ ရိုဟင်ဂျာတွေရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို ပိုမိုကျဉ်းမြောင်းစေမှာဖြစ်သလို၊ အခြားလူ့အဖွဲ့အစည်းတွေနဲ့ သီးခြားခွဲထားရာ ရောက်ကာ ရိုဟင်ဂျာတွေ ပိုမိုထိခိုက်ခံစားရလိမ့်မယ်လို့လည်း သူမက ထောက်ပြခဲ့ပါတယ်။
    မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေအတွက် စိုးရိမ်တယ်လို့လည်း ယန်းဟီးလီရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
    ဒီမိုကရေစီဘောင်ကျဉ်း
    မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုကြောင့် ဖမ်းဆီး အကျဉ်းကျခံရသူတွေ ပိုမိုများပြားလာတယ်လို့လည်း ယန်းဟီးလီက ထောက်ပြခဲ့ပါတယ်။
    နိုင်ငံရေးဆောင်ရွက်မှုကြောင့် ၃၃ ဦး ထောင်ချခံထားရကာ၊ ၃၁၁ ဦးက တရားရင်ဆိုင်နေရပြီး ဒီလိုအခြေအနေမျိုးဟာ ‘ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုမှာ လုံးဝ လက်သင့်မခံနိုင်စရာ ကိစ္စ’ ဖြစ်တယ်လို့လည်း သူမက ဝေဖန်ခဲ့ပါတယ်။
    “အစိုးရကို ဝေဖန်ထောက်ပြတဲ့ ပြောဆိုမှုဘောင်ကို ကျဉ်းလိုက်တာဟာ အာဏာအလွဲသုံးစားမှုကို မထိန်းကျောင်းနိုင်တာမျိုး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ထိခိုက်တာမျိုး ဖြစ်လာနိုင်ပါတယ်”
    ပိတ်ဆို့မှုများကို ထောက်ခံ
    မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းမှာ စစ်တပ်က ကြိုးကိုင်ထားတဲ့ လုပ်ငန်းစုတွေဖြစ်တဲ့ ‘ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်’၊ ‘မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း’ တို့အပေါ် ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်ရေး စဉ်စားသင့်တယ်လို့ လီက အကြံပြုခဲ့ပါတယ်။
    ၂၀၁၁ ခုနှစ်ကနေစပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိလာတဲ့ အဲဒီလုပ်ငန်းစုနှစ်ခုဟာ စစ်တပ်ကို ‘စာရင်းပျောက်ငွေ’ ထောက်ပံ့နေကြောင်း၊ သဘာဝသယံဇာတ ကုန်ခန်းအောင် လုပ်ဆောင်နေကြောင်း ယန်ဟီးလီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံက သဘာဝသယံဇာတလုပ်ငန်းဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ဖူးပါတယ်။
    “သယံဇာတ တူးဖော်မှုကရတဲ့ အကျိုး၊ အမြတ် စာရင်းအင်းမရှိမှု၊ စစ်တပ်ပိုင် လုပ်ငန်းတွေ၊ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းတွေက စီးပွားရေးအကျိုးစီးပွားတွေဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို ဟန့်တားနေပြီး၊ ကြီးမားတဲ့ရာဇ၀တ်မှုကို အထိန်းအကွပ်မရှိ ကျူးလွန်နေတဲ့ အဖွဲ့အစည်းတစ်ခုအပေါ် ဒီလုပ်ငန်းတွေက သြဇာလွှမ်းမိုးနေပါတယ်” လို့ ယန်းဟီးလီက ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera