News @ M-Media

Blog

  • အမေရိကန် ဆုကြေးထုတ်ထားသည့် ဟမ်ဇာ ဘင်လာဒင်ကို ဆော်ဒီက နိုင်ငံသားရုပ်သိမ်း

    အမေရိကန် ဆုကြေးထုတ်ထားသည့် ဟမ်ဇာ ဘင်လာဒင်ကို ဆော်ဒီက နိုင်ငံသားရုပ်သိမ်း

    ဖေဖော်ဝါရီ ၂၊ ၂၀၁၉
    M-Media

    – အိုစမာဘင်လာဒင်ရဲ့ သားဖြစ်ပြီး အမေရိကန်က အလ်ကိုင်းဒါးခေါင်းဆောင်အဖြစ် သတ်မှတ်ကာ ဆုကြေးငွေထုတ်ထားတဲ့ ဟမ်ဇာ ဘင်လာဒင်ကို နိုင်ငံသားအဖြစ် ရုပ်သိမ်းကြောင်း ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန် ကြေငြာလိုက်ပါတယ်။

    အသက် ၃၀ အရွယ် ဟမ်ဇာဟာ လက်ရှိမှာ အလ်ကိုင်းဒါးခေါင်းဆောင်အဖြစ် ဆောင်ရွက်နေပြီး သူရှိမယ့်နေရာ၊ ဒါမှမဟုတ် သူ့ကို ဖမ်းဆီးနိုင်မယ့် သတင်းကို ပေးမယ်ဆိုရင် ဒေါ်လာ ၁ သန်း ချီးမြှင့်မယ်လို့ အမေရိကန်အစိုးရက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    စက်တင်ဘာ ၁၁ တိုက်ခိုက်မှုမဖြစ်ခင် ဟမ်ဇာဟာ အိုစမာဘင်လာဒင်နဲ့အတူ အာဖဂန်မှာ ရှိနေပြီး အမေရိကန်က ၀င်ရောက်ကျူးကျော်တဲ့အခါ ပါကစ္စတန်ကို ဖခင်နဲ့အတူ ရောက်ရှိသွားခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် အိုစမာဘင်လဒင် သေဆုံးသွားပြီးနောက် အလ်ကိုင်းဒါးအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ အေမန် အလ်-ဇာဝါဟီရီ ၂၀၁၅ ခုနှစ်မှာက ထုတ်ပြန်တဲ့ အသံဖိုင်မှာ ဟမ်ဇာကို စကားပြောခိုင်းပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ ဟမ်ဇာဟာ အဲဒီဖိုင်ထဲမှာ အနောက်နိုင်ငံတွေက မြို့ကြီးတွေကို တိုက်ခိုက်ဖို့၊ သူ့ဖခင်ကို သတ်ခဲ့တဲ့ အမေရိကန်ကို လက်တုန့်ပြန်ဖို့ တိုက်တွန်းခဲ့တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

    နိုင်ငံရပ်ခြားမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ ဟမ်ဇာက ခြိမ်းခြောက်ခဲ့သလို၊ ဆော်ဒီအာရေဗျ အစိုးရကို ဆန့်ကျင်ဖို့အတွက် ဆော်ဒီလူမျိုးစုတွေ ယီမင် အလ်ကိုင်းဒါးအဖွဲ့နဲ့ ပူးပေါင်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ၂၀၁၁ ခုနှစ် အိုစမာဘင်လာဒင် သေဆုံးချိန်က ဟမ်ဇာဟာ အီရန်မှာ နေအိမ်အကျယ်ချုပ် ကျနေပြီး၊ အိုစမာရဲ့ အကြံပေးတွေက ဟမ်ဇာကို သူ့အဖေနဲ့ ပြန်ဆုံအောင် ကြိုးစားခဲ့ဖူးပါတယ်။

    နိုဝင်ဘာလကထုတ်ပြန်တဲ့ နန်းတော်ရဲ့အမိန့်အရ ဟမ်ဇာကို နိုင်ငံသားရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ ဆော်ဒီပြည်ထဲရေးရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Reuters

  • ထိပ်သီးအစည်းအဝေးကိစ္စ အမေရိကန်၏ ထုတ်ပြန်ချက်ကို မြောက်ကိုရီးယား ပယ်ချ

    ထိပ်သီးအစည်းအဝေးကိစ္စ အမေရိကန်၏ ထုတ်ပြန်ချက်ကို မြောက်ကိုရီးယား ပယ်ချ

    မတ် ၁၊ ၂၀၁၉
    M-Media

    – ဟနွိုင်းက ထိပ်သီးအစည်းအဝေးမှာ သဘောတူညီချက် မရခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ထုတ်ပြန်ချက်တွေဟာ မှားယွင်းတယ်လို့ မြောက်ကိုရီးယားက တုန့်ပြန်ပြောကြားလိုက်ပါတယ်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဗီယက်နမ်မြို့တော်မှာ ၂ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးပွဲအပြီးမှာ သဘောတူညီချက်တစ်ခုကို ခေါင်းဆောင်နှစ်ဦးက လက်မှတ်ရေးထိုး ထုတ်ပြန်ဖို့ စီစဉ်ထားပေမယ့် ပျက်ပြယ်သွားခဲ့ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကင်ဟာ ပိတ်ဆို့မှုတွေအားလုံး ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် သဘောတူညီမှု မရခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

    ထရမ့်ရဲ့ ဒီမှတ်ချက်ကို မြောက်ကိုရီးယားဖက်က ငြင်းဆန်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုဟာ မနေ့ကည သန်းခေါင်ယံမှာ သတင်းထောက်တွေကို ခေါ်ကာ အမေရိကန်ရဲ့ ပြောဆိုမှုတွေ မဟုတ်ဘူးလို့ ရှင်းလင်းခဲ့ပါတယ်။

    ပြည်သူတွေရဲ့ စီးပွားရေးနဲ့ ဘ၀တွေကို ထိခိုက်နေတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ်ဆိုရင် ယွန်ဗြောင်းက နျူထုတ်လုပ်တဲ့ စက်ရုံတွေအာလုံးကို ဖျက်ပေးမယ်လို့ မြောက်ကိုရီးယားဖက်က ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း ရီက ပြောကြားခဲ့ပါတယ်။ ဒီရပ်တည်ချက်ကို ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

    အပြုသဘောဆောင်

    လွန်ခဲ့တဲ့ ၂ နှစ်က ထရမ့်ကို ‘စိတ်ပေါ့သွပ်သူ’ လို့ ကင်ပွန်းတပ်ခဲ့တဲ့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန Korean Central News Agency က ထိပ်သီးအစည်းအဝေးဟာ အပြုသဘောဆောင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေးကိစ္စ၊ အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေး တိုးတက်ဖို့ ကိစ္စတွေကို အပြုသဘောဆောင်ကာ ရှေ့ဆက်ဆွေးနွေးဖို့အတွက် ကင်နဲ့ ထရမ့်တို့ သဘောတူခဲ့တယ်လို့ သတင်းဌာနက ပြောပါတယ်။

    ထရမ့်ကတော့ ဒီကိစ္စကို မြန်မြန်ဆန်ဆန်လုပ်ဖို့ထက် မှန်မှန်ကန်ကန်လုပ်ဖို့သာ ဆန္ဒရှိပြီး ကင်ဂျုံအွန်နဲ့ နွေးထွေးတဲ့ဆက်ဆံရေးရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ကင်နဲ့ နောက်ထပ်တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ ထရမ့်က ပြောပေမယ့် အသေးစိတ်ကို မရှင်းပြခဲ့ပါဘူး။

    ထရမ့်နဲ့ ကင်တို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ဆုံကာ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ဆွေးနွေးခဲ့ပေမယ့် ထိရောက်တဲ့ ဆောင်ရွက်မှုမျိုး မတွေ့ခဲ့ရပါဘူး။ အခုတစ်ပတ် ဒုတိယအကြိမ် တွေ့ဆုံမှုအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ပေမယ့် ထင်သလို မဖြစ်ခဲ့ပါဘူး။

    Ref: CNA

  • ဖမ်းဆီးထားသည့် အိန္ဒိယတိုက်လေယာဉ်မှူးကို ငြိမ်းချမ်းရေးပြယုဂ်အဖြစ် လွှတ်ပေးမည်ဟု ပါကစ္စတန်ပြော

    ဖမ်းဆီးထားသည့် အိန္ဒိယတိုက်လေယာဉ်မှူးကို ငြိမ်းချမ်းရေးပြယုဂ်အဖြစ် လွှတ်ပေးမည်ဟု ပါကစ္စတန်ပြော

    မတ် ၁၊ ၂၀၁၉
    M-Media

    – ယခုတစ်ပတ် အိန္ဒိယ တိုက်လေယာဉ်တွေကို ပစ်ချမှုအတွင်း ဖမ်းဆီးနိုင်ခဲ့တဲ့ လေယာဉ်မှူးတစ်ဦးကို ငြိမ်းချမ်းရေး ပြယုဂ်အနေနဲ့ သောကြာနေ့မှာ လွှတ်ပေးမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကက်ရှ်မီးယားမှာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းက အိန္ဒိယတိုက်လေယာဉ် ၂ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ပါကစ္စတန်က ထုတ်ပြန်ခဲ့ပြီး ပါကစ္စတန်ဘက်ခြမ်းကို ပျက်ကျခဲ့တဲ့ လေယာဉ်က လေယာဉ်မှူး အဘ်ဟီနန်ဒန် ဗာသာမန်ကို အသက်ရှင်လျက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    မနေ့က လွှတ်တော်အစည်းအဝေးမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက လေယာဉ်မှူးကို သောကြာနေ့မှာ လွှတ်ပေးမယ်လို့ ပြောကြားခဲ့ပြီး၊ ဗုဒ္ဓဟူးနေ့ညက အိန္ဒိယ၀န်ကြီးချုပ် မိုဒီကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘူးလို့လည်း ဆိုပါတယ်။

    “ကျွန်တော်တို့မှာ အိန္ဒိယ လေယာဉ်မှူးတစ်ဦး ရှိနေတယ်။ ငြိမ်းချမ်းရေး ပြယုဂ်အနေနဲ့ သူ့ကို မနက်ဖြန်မှာ လွှတ်ပေးပါမယ်။ မနေ့က နရန်ဒရာမိုဒီကို ကျွန်တော် ဖုန်းခေါ်ခဲ့ပါတယ်။ နောက်ထပ် တင်းမာမှုတွေ ထပ်မဖြစ်ချင်တော့ဘူးဆိုတာ ရှင်းအောင် ပြောပြချင်တာပါ”

    အိန္ဒိယလေတပ် ဒုတိယဗိုလ်ချုပ် အာရ်ဂျီကေ ကပူးရ်က ပါကစ္စတန်ရဲ့ ဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပေမယ့် ပါကစ္စတန်ဟာ နိုင်ငံတကာ သတ်မှတ်ချက်၊ စစ်သုံ့ပန်းစည်းမျဉ်းတွေကို လိုက်နာတာသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့လူကို ပြန်ရမှာဖြစ်တဲ့အတွက် တော်တော်လေး ပျော်ရွှင်မိပါတယ်။ ဒီလို ပြန်လွှတ်ပေးတာဟာ ဂျီနီဗာ သဘောတူညီချက်နဲ့ ကိုက်ညီတဲ့ လုပ်ဆောင်ချက်မျိုးဖြစ်တယ်လို့ ကျွန်တော်တို့ မြင်ပါတယ်”

    အခုလအစောပိုင်းက အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ ပါကစ္စတန်အခြေစိုက် သူပုန်အဖွဲ့ JeM က အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်အကြား တင်းမာမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    အိန္ဒိယ ပြည်သူ့စစ် ၄၂ ဦး သေဆုံးခဲ့တဲ့ အဲဒီဖြစ်ရပ်မှာ ပါကစ္စတန်လက်ချက်မကင်းဘူးလို့ အိန္ဒိယက စွပ်စွဲခဲ့တာပါ။ အိန္ဒိယက သူတို့တိုက်လေယာဉ်တွေဟာ ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဘက်ခြမ်းကို ၀င်ရောက်ပြီး စစ်သွေးကြွတွေကို ဗုံးကြဲခဲ့တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။ နောက်တစ်နေ့မှာပဲ ပါကစ္စတန်က အိန္ဒိယတိုက်လေယာဉ်တွေကို ပစ်ချခဲ့ပါတယ်။

    Ref: Aljazeera

  • တောင်ကိုရီးယားနှင့်ပေါင်း၍ ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းသိုလှောင်ရုံတစ်ခု ယူအေအီး ဆောက်လုပ်မည်

    တောင်ကိုရီးယားနှင့်ပေါင်း၍ ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းသိုလှောင်ရုံတစ်ခု ယူအေအီး ဆောက်လုပ်မည်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉
    M-Media

    ယူအေအီး အိမ်ရှေ့မင်းသားနှင့် တောင်ကိုရီးယားသမ္မတို့ တွေ့ဆုံမှု

    – ကမ္ဘာ့အကြီးဆုံး ရေနံစိမ်း သိုလှောင်ရုံတစ်ခုကို ဖူဂျိုင်ရာဒေသမှာ ဆောက်လုပ်ဖို့အတွက် ယူအေအီးက တောင်ကိုရီးယားနဲ့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

    ကာကွယ်ရေးဦးစီးချုပ်တာဝန် ရယူထားတဲ့ ယူအေအီး အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇေယဒ် အလ် နဟ်ယန်ဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်က သမ္မတအိမ်တော်မှာ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ ဒီကနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    ဆွေးနွေးပွဲမှာ ယူအေအီးနိုင်ငံပိုင် ရေနံကုမ္ပဏီ ADNOC နဲ့ တောင်ကိုရီးယား အင်ဂျင်နီယာနဲ့ ဆောက်လုပ်ရေးလုပ်ငန်း SKEC တို့ဟာ ရေနံစိမ်း စည်ပေါင်း ၁၄ သန်း သိမ်းဆည်းနိုင်မယ့် မြေအောက် သိုလှောင်ရုံပေါင်း ၃ ခု ဆောက်လုပ်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ကန်ဒေါ်လာ ၁.၂၁ ဘီလီယံ တန်ဖိုးရှိမယ့် ဒီစီမံကိန်းဟာ ကမ္ဘာ့အကြီးဆုံး ရေနံသိုလှောင်ရုံ ဖြစ်လာမှာဖြစ်သလို ယူအေအီးကို ရေနံစိမ်း အဓိကထောက်ပံ့တဲ့ နိုင်ငံတစ်ခုအဖြစ် မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

    ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဖြစ်ပြီး ADNOC ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာ အလ် ဂျဘားရ်က ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် ဒီ ရေနံသိုလှောင်ရုံဟာ ယူအေအီးရဲ့ စွမ်းအင်လုံခြုံရေးကို အားကောင်းစေမှာဖြစ်သလို၊ ဖူဂျိုင်ရာပြည်နယ်ရဲ့ ကုန်သွယ်ရေး ရည်မှန်းချက်တွေလည်း ပြည့်ဝလာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ရေနံစိမ်းသိုလှောင်ရုံ ဆောက်လုပ်မှုကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ရေနံစိမ်းလွှတ်မယ့် ပိုက်လိုင်း အပါအ၀င် စီမံကိန်း ပထမအဆင့် ပြီးစီးပွားပြီ ဖြစ်ပါတယ်။ စီမံကိန်းတစ်ခုလုံးကို ၂၀၂၂ ခုနှစ်မှာ ပြီးစီးဖို့ ရည်မှန်းထားပြီး ရေနံစိမ်းအမျိုးအစား ၃ မျိုးကို သိုလှောင်ထားနိုင်မှာဖြစ်ပါတယ်။

    ယူအေအီး နိုင်ငံပိုင် ရေနံလုပ်ငန်း ADNOC ဟာ ရေနံထုတ်လုပ်မှုဆိုင်ရာ တိုးတက်ကောင်းမွန်စေဖို့အတွက် ဆမ်ဆောင်းကုမ္ပဏီ၊ ဂျပန်အစိုးရတို့နဲ့လည်း စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။

    Ref: Khaleej Times

  • နျူကင်းစင်ရေးဆောင်ရွက်ရန် အသင့်ရှိသည်ဟု ကင်ဂျုံအွန်ပြော

    နျူကင်းစင်ရေးဆောင်ရွက်ရန် အသင့်ရှိသည်ဟု ကင်ဂျုံအွန်ပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉
    M-Media

    – ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး သဘောတူဖို့ မရှိဘူးဆိုရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဗီယက်နမ်မှာ လာတွေ့မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ဒီကနေ့မှာ ပြောကြားလိုက်ပြီး နျူကင်းစင်ရေး ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

    မြို့တော် ဟနွိုင်းကို ရောက်ရှိနေတဲ့ ကင်ဂျုံအွန်နဲ့ ထရမ့်တို့ရဲ့ ၂ ရက်တာ ဆွေးနွေးမှုဟာ ဒီကနေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

    ‘နျူကင်းစင်ရေးဆောင်ရွက်ဖို့ အစီအစဉ်မရှိဘူးဆိုရင် ဗီယက်နမ်လာမှာ မဟုတ်ဘူး’ ဆိုတဲ့ စကားဟာ ကင်ဂျုံအွန်ထံက ကြားရသမျှအဖြေထဲမှာ အကောင်းဆုံးဖြစ်တယ်လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

    နျူကင်းရှင်းရေး ထိထိရောက်ရောက် ဆောင်ရွက်မလားလို့ မေးမြန်းရာမှာ ကင်ဂျုံအွန်က ‘ဒီကိစ္စကိုပဲ ဆွေးနွေးနေတာဖြစ်တယ်’ လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ မြို့တော် ပြုံးယမ်မှာ အမေရိကန်ဆက်သွယ်ရေး လာရောက်ဖွင့်လှစ်မယ်ဆိုရင်လည်း လက်ခံသွားဖို့ရှိတယ်လို့ ကင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဆက်ဆံရေးရုံးဟာ သံရုံးထက် တစ်ဆင့်နိမ့်ပေမယ့် အရင်က ရန်ဘက်ဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ပုံမှန်ဆက်ဆံရေး တည်ဆောက်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

    ထရမ့်ကလည်း ဆက်ဆံရေးရုံးဖွင့်မယ့် အယူအဆဟာ ကောင်းမွန်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ဆောင်ရွက်ဖို့ နည်းလမ်းနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား သဘောထား မတူညီမှုတွေ ရှိနေပါတယ်။ ထရမ့်ကတော့ ဒီကိစ္စကို အလျင်စလို လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

    တစ်ဦးချင်းတွေ့ဆုံမှု၊ အဖွဲ့လိုက်တွေ့ဆုံမှုတွေအပြီးမှာ ခေါင်းဆောင်နှစ်ဦးဟာ ကြေငြာချက်တစ်ခုကို လက်မှတ်ရေးထိုး ထုတ်ပြန်ဖို့ ရှိပါတယ်။ ဒီကနေ့ညနေ ဗီယက်နမ်ကမပြန်ခင် ထရမ့်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မှာ ဖြစ်ပါတယ်။

    Ref: CNA