News @ M-Media

Blog

  • တစ်ပတ်ကြာမည့် အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန် စတင်

    တစ်ပတ်ကြာမည့် အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန် စတင်

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၉
    M-Media

    အီရန် တိုက်သင်္ဘောတစ်စီးမှ ဒုံးကျည်ပစ်လွှတ်မှု

    – အီရန်ရေတပ်ဟာ အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို မနေ့က စတင်လိုက်ပြီး အဆင့်မြင့်လက်နက်တွေ ပစ်ခတ် စမ်းသပ်မှုလည်း ပါဝင်မှာဖြစ်တယ်လို့ ရေတပ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    ဟော်မုဇ်ရေလက်ကြား တောင်ပိုင်းနဲ့ အိုမန်ပင်လယ်တို့မှာ ပြုလုပ်မယ့် လေ့ကျင့်မှုဟာ တစ်ပတ်တာ ကြာမြင့်မှာဖြစ်ပြီး ရေငုပ်သင်္ဘောကနေ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုလည်း ပထမဆုံးအကြိမ် ပါဝင်လာမှာ ဖြစ်ပါတယ်။

    အီရန်ဟာ အခုလအစောပိုင်းမှာ နောက်ဆုံးပေါ်နည်းပညာသုံး ပြည်းတွင်းဖြစ် ရေငုပ်သင်္ဘော Fateh ကို ထုတ်ပြခဲ့ပါတယ်။ ဒီသင်္ဘောဟာ တော်ပီဒိုတွေ၊ တိကျတဲ့ ပစ်ခတ်မှုစနစ်တွေ တပ်ဆင်ထားပြီး ရေအောက်မှာ ငါးပတ်အထိ ငုပ်နိုင်ကာ ခရုဇ်ဒုံးကျည်တွေပါ ပစ်လွှတ်နိုင်တယ်လို့ ဆိုပါတယ်။

    အီရန်ရေတပ်ဗိုလ်ချုပ် ဟိုစိန် ခန်ဇာဒီက လေ့ကျင့်မှုအတွင်း စစ်သင်္ဘောတွေကနေ ဒုံးကျည်အမျိုးအစားအစုံ ပစ်လွှတ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပထမဆုံးအကြိမ်အဖြစ် ဒီလိုလက်နက်တွေကို သေသေချာချာ စမ်းသပ်သွားမှာပါ။ ရန်သူတွေ ရေထဲမှာ မလုံခြုံတော့အောင် တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ”

    Velayat 97 လို့ အမည်ပေးထားတဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပြင်ပက ခြိမ်ခြောက်မှုတွေကို တုန့်ပြန်မှု၊ ရေတပ်ပစ္စည်းတွေကို စမ်းသပ်သုံးစွဲမှု၊ တိုက်ပွဲပုံလေ့ကျင့်မှု၊ ကမ်းတပ်တိုက်ပွဲလေ့ကျင့်မှု စတာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    အီရန်ဟာ ဇန်န၀ါရီလက ကက်စပီယံပင်လယ်မှာ ရုရှားနဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သလို၊ ကြည်းတပ်နဲ့ လေတပ် စစ်ရေးလေ့ကျင့်မှုကိုလည်း သီးခြား ပြုလုပ်ခဲ့ပါတယ်။

    Ref: Aljazeera

  • ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ နေရပ်ပြန်

    ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်များ နေရပ်ပြန်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
    M-Media

    တာ့ခ်ခရိုင် မယ်လဒုက္ခသည်စခန်းမှ ကရင်ဒုက္ခသည်များ

    – ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေဟာ နေရပ်ပြနေကြပြီး သူတို့ရဲ့ မူရင်းနေရာတွေက လုံခြုံရေးအခြေအနေ တိုးတက်လာတာကြောင့် ဖြစ်တယ်လို့ UNHCR ရဲ့ မြန်မာနိုင်ငံရုံးက ပြောရေးဆိုခွင့်ရှိသူ အေအိုဖီ မက်ဒေါ်နယ်က ပြောပါတယ်။

    “ပထမဆုံးပြန်တဲ့အသုတ်က မနေ့မှာ နယ်စပ်ဖြတ်ဝင်သွားတယ်။ နောက်လူတွေလည်း ရက်အနည်းငယ်အတွင်း ပြန်မယ်လို့ မျှော်လင့်ထားပါတယ်”

    အခုလို နေရပ်ပြန်တဲ့ လုပ်ငန်းကို ထိုင်း-မြန်မာအစိုးရတွေက ဦးဆောင်ပြီး UNHCR က ကူညီပံ့ပိုးပေးတဲ့ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ရေး တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

    UNHCR နဲ့ မိတ်ဖက်အဖွဲ့တွေဟာ နေရပ်ပြန်သူတွေကို အကြံဉာဏ်ပေးတာ၊ သတင်းအချက်အလက်ပေးတာတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်။

    “သူတို့အတွက် ပို့ဆောင်ရေးနဲ့ ကနဦးထောက်ပံ့ကူညီရေးတွေ လုပ်ဆောင်ပေးပါတယ်။ လက်ရှိအခြေအနေဟာ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်နိုင်ဖို့ သင့်လျော်တဲ့အချိန်ဖြစ်တယ်ဆိုတာမျိုးကို UNHCR က သုံးသပ်တာ မဟုတ်ပေမယ့် အခြေအနေတွေ တိုးတက်လာအောင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ၊ လိုအပ်တဲ့ ၀န်ဆောင်မှုမျိုးတွေ ရရှိရေးအတွက်လည်း
    လူ့အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ ပေးနေပါတယ်”

    ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်အရေအတွက်ဟာ ၉၇၀၀၀ ကျော် ရှိနေပြီး အများစုဟာ ကရင်နဲ့ ကရင်နီတိုင်းရင်းသားတွေ ဖြစ်ပါတယ်။

    မက်ဒေါ်နယ်ကတော့ နေရပ်ပြန်ရေးမှာ အခက်အခဲတွေ မရှိစေဖို့၊ မြန်မာအစိုးရရဲ့ တရားဝင်အသိအမှတ်ပြုမှု ရရှိစေဖို့၊ ပြန်လည်အခြေချရေးကိစ္စမှာ UNHCR နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ဆက်လက်စောင့်ကြည့်သွားဖို့ ကိစ္စတွေကို လုပ်ဆောင်ပေးကာ ဒုက္ခသည်တွေ နေရပ်ပြန်ချင်လာအောင် ကူညီပေးနေတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    နေရပ်ပြန်ဝင်လာသူတွေဟာ ကြိုဆိုရေးစခန်းတွေမှာ လူဝင်မှုကြီးကြပရေး စစ်ဆေးမှု၊ ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူကာ နောက်ပိုင်းမှာ သူတို့ နေထိုင်တဲ့နေရာတွေကို သွားရောက်ကြမှာ ဖြစ်ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

  • ကက်သလစ်ဘုန်းကြီးများ လိင်စော်ကားမှု ပပျောက်ရေး ဗာတီကန်တွင် ထိပ်သီးအစည်းအဝေး ကျင်းပမည်

    ကက်သလစ်ဘုန်းကြီးများ လိင်စော်ကားမှု ပပျောက်ရေး ဗာတီကန်တွင် ထိပ်သီးအစည်းအဝေး ကျင်းပမည်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
    M-Media

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

    – ကမ္ဘာတစ်ဝှမ်းမှာ ခရစ်ယာန် ကက်သလစ်ဘုန်းကြီးတွေက ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ကိစ္စကို ဖြေရှင်းဖို့အတွက် ဗာတီကန်မှာ ထိပ်သီးအစည်းအဝေးတစ်ခုကို ကျင်းပဖို့ရှိပါတယ်။

    ကြာသာပတေးနေ့ကနေ တနင်္ဂနွေနေ့အထိ ကြာမြင့်မယ့် အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီး ၁၉၀ လောက်ကို ဖိတ်ခေါ်ထားပါတယ်။ ကလေးငယ်တွေ လိင်စော်ကားခံရမှု ကိစ္စအတွက် ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေကို ဖိတ်ခေါ်ပြီး ပြုလုပ်မယ့် ဒီအစည်းအဝေးဟာ ခရစ်ယာန် ကက်သလစ်သာသနာသမိုင်းမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။

    ကက်သလစ်ဘုန်းကြီးအချို့က ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ကက်သလစ်ခေါင်းဆောင်ပိုင်းက ဒါတွေကို ဖုံးကွယ်ပေးထားမှု အကြောင်းတွေကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အစိုးရအာဏာပိုင်တွေနဲ့ ဂျာနယ်လစ်တွေက ဖော်ထုတ်ခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်ဟာ ဒီကိစ္စတွေ လူသိရှင်ကြား ပေါ်ထွက်လာမှု အများဆုံးနှစ်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အပါအ၀င် ကက်သလစ်အသင်းတော် ခေါင်းဆောင်ပိုင်းလည်း ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

    ၄ ရက် ကြာမြင့်မယ့် အစည်းအဝေးရဲ့ ရည်ရွယ်ချက်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုကိစ္စကို ဂိုဏ်းအုပ်ဘုန်းကြီးတွေက တားဆီး ကိုင်တွယ်နိုင်ရေး နည်းလမ်းရှာဖို့ ဖြစ်တယ်လို့ ဗာတီကန်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဒီပြဿနာတွေကို ကိုင်တွယ်နိုင်ဖို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီးတွေကို အသိပညာပေးရေး၊ အသင်းတော်အတွင်း ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရေး စတာတွေကို ဆွေးနွေးမှာဖြစ်ပြီး ကက်သလစ်အသင်းတော် စည်းမျဉ်း ဥပဒေတွေကိုတော့ ပြုပြင်ပြောင်းလဲဖို့ မရှိဘူးလို့ ဆိုပါတယ်။

    အစည်းအဝေးဟာ သိပ်အရေးပါမှာ မဟုတ်ဘူးလို့ ပြောကြားမှုတွေ ရှိနေပေမယ့် ကြိုဆိုသူတွေလည်း ရှိနေပါတယ်။

    “ကျူးလွန်ခံရပြီး ၂၅ နှစ်လောက် ငြိမ်နေရတဲ့ ကျွန်တော့်လို လူမျိုးတွေအတွက် ဒါဟာ မယုံနိုင်စရာ အောင်မြင်မှုပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းကဆိုရင် ဒါမျိုးက စဉ်းစားလို့တောင် မရပါဘူး” လို့ Ending Clergy Abuse (ECA) Global အဖွဲ့ကို တည်ထောင်ထားသူ ပီတာ အိုင်စလီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် မီးလောင်၊ လူ ၆၀ ကျော် သေဆုံး

    ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် မီးလောင်၊ လူ ၆၀ ကျော် သေဆုံး

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
    M-Media

    – ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာရဲ့ မြို့ဟောင်းဖက်ခြမ်းမှာ မနေ့ညပိုင်းကစလို့ မီးအကြီးအကျယ်လောင်မှု ဖြစ်ပွားခဲ့ပြီး လူ သေဆုံးမှုတွေလည်း တော်တော်များများ ရှိနေပါတယ်။

    ချောက်ဘဇားရပ်ကွက်က ဓာတုပစ္စည်းတွေ သိုလှောင်ထားတဲ့ ၄ ထပ်တိုက်မှာ မနေ့ည ၁၀ နာရီလောက်က စတင်လောင်ကျွမ်းတာဖြစ်ပြီး အနည်းဆုံး ၆၉ ဦး သေဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ်မီးသတ်က ထုတ်ပြန်ထားပါတယ်။ မီးကို ကြာသာပတေးနေ့ မနက်ပိုင်းအထိ ငြှိမ်းသက်နေရဆဲ ဖြစ်ပါတယ်။

    မီးသတ်တပ်ဖွဲ့အကြီးအကဲ အလီ အဟ်မဒ်က မီးဟာ ဂက်စ်အိုးပေါက်ရာကနေ ဓာတ်တုပစ္စည်းတွေကို ကူးစက်လောင်ကျွမ်းသွားတာ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူက ၅၀ လောက်ရှိပြီး စိုးရိမ်ရတဲ့သူတွေ ရှိတာကြောင့် သေဆုံးသူ ထပ်မံ မြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်က အဆောက်အဦးတွေ တော်တော်များများဟာ လူနေရုံသာမက စီးပွားရေးအတွက်ပါ အသုံးပြုတာကြောင့် ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေနဲ့ ညီညွတ်ခြင်း မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

    ၂၀၁၀ ခုနှစ်ကလည်း ဒါကာမြို့က အဆောက်အအုံဟောင်းတစ်ခု မီးလောင်မှုကြောင့် လူ ၁၂၀ ကျော် သေဆုံးခဲ့ပြီး မြို့ရဲ့အဆိုးဝါးဆုံး ဖြစ်ရပ်ဆိုးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဥရောပတွင် ဒုံးကျည်များချမှုအတွက် အမေရိကန်ကို ရုရှား သတိပေး

    ဥရောပတွင် ဒုံးကျည်များချမှုအတွက် အမေရိကန်ကို ရုရှား သတိပေး

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉
    M-Media

    – အမေရိကန်က ဥရောပမှာ ဒုံးကျည်အသစ်တွေ ချထားမှုအတွက် ရုရှားက သတိပေးလိုက်ပြီး မိမိတို့ကလည်း လက်နက်အသစ်တွေနဲ့ ဥရောပမြို့ကြီးတွေကို လက်တုန့်ပြန်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

    မနေ့က နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ပူတင်က အမေရိကန်ဟာ ဒုံးကျည်တွေ လွတ်လွတ်လပ်လပ် ထုတ်လုပ်နိုင်ဖို့အတွက် ရုရှားနဲ့ချုပ်ထားတဲ့ ဒုံးကျည်ထိန်းချုပ်ရေးစာချုပ် 1987 Intermediate-Range Nuclear Forces ကနေ နှုတ်ထွက်တာဖြစ်ပြီး ရုရှားကို အပြစ်တင်ဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

    အမေရိကန် ဒီစာချုပ်က နှုတ်ထွက်မှုဟာ အင်အားကြီးနိုင်ငံတွေအကြား လက်နက်ပြိုင်ဆိုင်မှုတစ်ခု စတင်လိုက်တာမျိုး ဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

    အမေရိကန်က ဥရောပမှာ ဒုံးကျည်အသစ်တွေ ချထားမှုဟာ ‘ဆိုးရွားတဲ့ခြိမ်းခြောက်မှု’ ဖြစ်တယ်လို့လည်း ပူတင်က ပြောပါတယ်။

    “ဘွင်းဘွင်းရှင်းရှင်းပြောရရင် ကျွန်တော်တို့ကို ခြိမ်းခြောက်နေတဲ့ ဒုံးကျည်စနစ်တွေတည်ရှိရာ အချက်အချာနေရာတွေကို ပစ်ခတ်နိုင်မယ့် ဒုံးကျည်တွေကို ရုရှားက ချထားရတော့မယ့်အနေအထား ဖြစ်လာပါလိမ့်မယ်။ ဒီဒုံးကျည်တွေရဲ့ ရောက်ရှိချိန်နဲ့ ပြင်းအားဟာ ရုရှားအပေါ် ခြိမ်းခြောက်မှုတွေနဲ့အညီ ဖြစ်မှာပါ”

    ရုရှားဟာ ဘယ်လိုလက်နက်သစ်မျိုး ချထားမလဲဆိုတာကို ပူတင်က အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ရုရှားက လက်နက်သစ် တော်တော်များများကို ထုတ်ပြခဲ့ပြီး အသံထက်မြန်တဲ့ တိုက်လေယာဉ်တွေကို အခုနှစ်အတွင်း တပ်ဖြန့်ထားမယ်လို့ ဆိုပါတယ်။

    Sarmat လို့ခေါ်တဲ့ တိုက်ချင်းပစ်ဒုံးကျည်အသစ်း၊ နျူစွမ်းအင်သုံး Burevestnik ခရုဇ်ဒုံးကျည်တွေကိုလည်း ရုရှားက စမ်းသပ်နေပြီး နျူစွမ်းအင်သုံး ရေငုပ်ဒရုန်း
    Poseidon က အခုနှစ်နှောင်းပိုင်းမှာ တပ်တော်ဝင်ဖို့ ရှိနေပါတယ်။

    အသံထက် ၉ ဆမြန်ပြီး ကီလိုမီတာ ၁၀၀၀ အထိ ရောက်ရှိနိုင်မယ့် Zircon ဒုံးကျည်ကို ရုရှားရေတပ်မှာ မကြာခင် အသုံးပြုဖို့ ရှိနေတယ်လို့လည်း ပူတင်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Aljazeera