News @ M-Media

Blog

  • သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်နေပြီဟု မြောက်ကိုရီးယားပြော

    သမိုင်းအချိုးအကွေ့တစ်ခုကို ရောက်နေပြီဟု မြောက်ကိုရီးယားပြော

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
    M-Media

    ခေါင်းဆောင်နှစ်ဦး စင်ကာပူတွင် တွေ့ဆုံမှု

    – မိမိတို့တိုင်းပြည်ဟာ ‘အရေးပါတဲ့ သမိုင်းအချိုးအကွေ့တစ်ခုကို’ ရောက်ရှိနေပြီလို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဒီကနေ့မှာ ရေးသားဖော်ပြခဲ့ပြီး ခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဗီယက်နမ်မှာ တွေ့ဆုံမယ့်ကိစ္စကို ရည်ညွှန်းတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

    ခေါင်းဆောင်နှစ်ဦးဟာ ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်တွေမှာ ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းမှာ တွေ့ဆုံဖို့ ရှိနေပြီး တစ်နှစ်အတွင်း ၂ ကြိမ်မြောက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာပါ။

    လာမယ့်တစ်ပတ် တွေ့ဆုံမှုအတွင်း အမေရိကန်က ပိတ်ဆို့မှုတွေ လျှော့ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုး လုပ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

    “အရေးပါတဲ့ ဒီလိုအချိန်မှာ ရည်ရွယ်ချက် ကြီးကြီးမားမားထားပြီး ကျွန်တော်တို့ရဲ့ ဖိနပ်ကြိုးတွေကိုချည်ကာ မြန်မြန်ပြေးရမယ့်အချိန် ရောက်ပါပြီ။ ကျွန်တော်တို့တိုင်းပြည်ဟာ အရေးပါတဲ့ သမိုင်းဝင်အလှည့်အပြောင်းတစ်ခုကို ရင်ဆိုင်နေရပါပြီ” လို့ နိုင်ငံပိုင် Rodong Sinmun သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားဟာ ကင်ဂျုံအွန်လက်ထက်မှာ ကြီးမားတဲ့ စီးပွားရေး မောင်းနှင်အားတစ်ခု ဖြစ်လာမယ်လို့ အခုလအစောပိုင်းက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Rodong Sinmun သတင်းစာက မြောက်ကိုရီးယား ပြည်သူတွေအနေနဲ့ စီးပွားရေးတိုးတက်ဖို့အတွက် ကြိုးပမ်းအားထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    ကိုရီးယားကျွန်းဆွယ်ရဲ့ ကြွယ်ဝတဲ့ သဘာဝ သယံဇာတ ရင်းမြစ်တွေဟာ မြောက်ကိုရီးယားဖက်မှာ အများစုရှိပြီး အရင်က တောင်ကိုရီးယားထက် ကြွယ်ဝပေမယ့် စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ တစ်ချိန်က ကျောထောက်နောက်ခံပြုထားတဲ့ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားတာတွေကြောင့် အဆင်းရဲဆုံးနိုင်ငံအဖြစ်ကို ရောက်ရှိသွားခဲ့ပါတယ်။

    Ref: CNA

  • စပိုင်လုပ်သည်ဟု သတင်းထွက်နေသည့် Huawei ကို ကြောက်စရာမလိုကြောင်း ဗြိတိန် သုံးသပ်

    စပိုင်လုပ်သည်ဟု သတင်းထွက်နေသည့် Huawei ကို ကြောက်စရာမလိုကြောင်း ဗြိတိန် သုံးသပ်

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
    M-Media

    The Huawei logo is pictured outside their research facility in Ottawa, Ontario, Canada, February 14, 2019. REUTERS/Chris Wattie

    – 5G ကွန်ယက် စီမံကိန်းမှာ ဟွာဝေးကုမ္ပဏီက ပစ္စည်းတွေကို အသုံးပြုမှုကနေ ဖြစ်လာနိုင်မယ့် လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေကို လျှော့ချနိုင်တယ်လို့ ဗြိတိန်အစိုးရက သုံးသပ်ခဲ့ကြောင်း Financial Times သတင်းစာက မနေ့မှာ ဖော်ပြလိုက်ပါတယ်။

    တရုတ် ဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ ဟွာဝေးနဲ့ ZTE တို့ဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲပြောကြားခဲ့ပြီးတဲ့နောက် ဗြိတိန် အမျိုးသား ဆိုက်ဘာ လုံခြုံရေးစင်တာ NCSC က ဟွာဝေးပစ္စည်း အသုံးပြုမယ့် ကိစ္စအတွက် သုံးသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ဥရောပနိုင်ငံတွေအနေနဲ့ ဗြိတိသျှအစိုးရရဲ့ အကြံပြုချက်တွေကို လိုက်နာသမျှ ကာလပတ်လုံး ဆက်သွယ်ရေးကုမ္ပဏီတွေ တရုတ်ပစ္စည်းအသုံးပြုတဲ့အပေါ် အလွန်အမင်းစိုးရိမ်စရာမလိုဘဲ ဗြိတိန်အနေနဲ့ ဖြစ်လာနိုင်တဲ့ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေကို လျှော့ချနိုင်တယ်လို့ NCSC က သုံးသပ်ခဲ့ကြောင်း ဒီကိစ္စနဲ့ နီးစပ်တဲ့ ရင်းမြစ်တစ်ခုက Financial Times ကို ပြောကြားခဲ့ပါတယ်။

    တရုတ်အစိုးရအတွက် သူလျှိလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဟွာဝေးက ငြင်းဆိုထားပါတယ်။

    ဗြိတိန်ထောက်လှမ်းရေးအကြီးအကဲက 5G ကွန်ယက်တည်ဆောက်ရေး စီမံကိန်းမှ ကုမ္ပဏီတစ်ခုတည်းကို မှီခိုရတာမျိုးမဖြစ်အောင် မိမိတို့ ဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် ဟွာဝေးကုမ္ပဏီကိစ္စမှာ အလွန်အမင်း စိုးရိမ်ရမယ့်အနေအထားမျိုး မရှိဘူးလို့ အခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    ဟွာဝေးတည်ထောင်သူရဲ့ သမီးဖြစ်ပြီး ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအကြီးအကဲလည်းဖြစ်တဲ့ မန်ဝမ်ကျိုးကို ကနေဒါက ဒီဇင်ဘာမှာ ဖမ်းဆီးခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုကို ချိုးဖောက်ကာ အီရန်နဲ့ ဆက်သွယ်ခဲ့တဲ့အတွက် ဇန်န၀ါရီမှာ အမေရိကန်က တရားစွဲဆိုခဲ့ပါတယ်။ မန်ဝမ်ကျိုးကို ကနေဒါက အမေရိကန်ထံ လွှဲပြောင်းပေးဖို့ ရှိနေပါတယ်။

    NCSC က ဟွာဝေးရဲ့ နည်းပညာနဲ့ လုံခြုံရေးလုပ်ဆောင်နိုင်စွမ်းတွေနဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း အစောပိုင်းက ပြောကြားထားပေမယ့် Financial Times ရဲ့ မနေ့က ဖော်ပြချက်အတွက် တုန့်ပြန်တာမျိုး မရှိသေးပါဘူး။

    Ref: Reuters

  • မန်ယူအသင်းကို အိမ်ရှေ့မင်းသား ၀ယ်မည်ဆိုသည့်သတင်းအား ဆော်ဒီ ငြင်းဆို

    မန်ယူအသင်းကို အိမ်ရှေ့မင်းသား ၀ယ်မည်ဆိုသည့်သတင်းအား ဆော်ဒီ ငြင်းဆို

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
    M-Media

    – အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၀ယ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေကို ဆော်ဒီအစိုးရက ငြင်းဆိုလိုက်ပြီး စပွန်ဆာပေးဖို့ကိစ္စကိုသာ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

    ဗြိတိန်သတင်းစာတစ်စောင်ဖြစ်တဲ့ The Sun က ဘင် ဆလ်မန်ဟာ မန်ယူကို ကန်ဒေါ်လာ ၄ ဘီလီယံနဲ့ ၀ယ်ယူတော့မယ်လို့ ပြီးခဲ့တဲ့တစ်ပတ်နှောင်းပိုင်းမှာ
    ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဆော်ဒီပြန်ကြားရေးဝန်ကြီး တာရ်ကီ အလ်-ရှာဘာနာက ဒီသတင်းကို ငြင်းဆိုခဲ့ပါတယ်။

    “အိမ်ရှေ့စံကိုယ်တော်လေး မိုဟာမက် ဘင် ဆလ်မန်က မန်ယူကိုဝယ်ဖို့ ဆန္ဒရှိနေတယ်ဆိုတဲ့ သတင်းတွေဟာ လုံးဝ မှားယွင်းပါတယ်” လို့ ၀န်ကြီးက Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မန်ယူအသင်းဟာ ဆော်ဒီအစိုးရ ရန်ပုံငွေအဖွဲ့နဲ့ တွေ့ဆုံခဲ့ကာ စပွန်ဆာကိစ္စ ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက် မရသေးဘူးလို့လည်း အလ်-ရှာဘာနာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ မန်ယူဖက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မထုတ်ပြန်သေးပါဘူး။

    မန်ယူအသင်းကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဂလေဇာမိသားစုက ၂၀၀၃ ခုနှစ် အမေရိကန်ဒေါ်လာ သန်း ၇၉၀ နဲ့ ၀ယ်ယူခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ်အသင်းဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

    ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းကို ယူအေအီးတော်ဝင်မိသားစုက ၀ယ်ယူကာ ကမ္ဘာ့အကောင်းဆုံးကလပ်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တာကြောင့် အသားတင်ကြွယ်ဝမှု ကန်ဒေါ်လာ ဘီလီယံ ၈၅၀ ရှိနေတဲ့ ဆော်ဒီတော်ဝင်မိသားစုကလည်း ဒီလိုဆောင်ရွက်ဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ထွက်နေတာပါ။

    ဆော်ဒီဟာ စီးပွားရေး ရေနံအပေါ် အလွန်အမင်းမှီခိုနေရမှုကို လျှောချဖို့အတွက် ၂၀၃၀ စီမံကိန်းကို ချမှတ်ကာ အခြား စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဆော်ဒီအိမ်ရှေ့မင်းသား ပါကစ္စတန်သို့ရောက်ရှိ၊ စီးပွားရေးစာချုပ်များ ချုပ်ဆို

    ဆော်ဒီအိမ်ရှေ့မင်းသား ပါကစ္စတန်သို့ရောက်ရှိ၊ စီးပွားရေးစာချုပ်များ ချုပ်ဆို

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉
    M-Media

    – ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ မနေ့က ပါကစ္စတန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး ကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော်ဖိုး ရှိတဲ့ စီးပွားရေးသဘောတူညီချက်ကိုတွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    နူရ်ခန်းလေတပ်စခန်းကိုရောက်ရှိလာတဲ့ ဘင် ဆလ်မန်မကို ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ကြိုဆိုခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ အစ္စလာမ်မာဘတ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ရေနံ၊ စွမ်းအင်၊ တွင်းထွက်ထုတ်လုပ်ငန်း၊ အားကစားနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီခဲ့ကြပါတယ်။

    “ပါကစ္စတန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ဆက်ဆံရေးဟာ အရင်တုန်းက မရှိခဲ့ဘူးတဲ့အဆင့်ထက်ပိုတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုတွေလုပ်မယ့် အခုဆက်ဆံရေးဟာ နှစ်ဖက်စလုံးအတွက် အကျိုးအမြတ် ရရှိမှာ ဖြစ်ပါတယ်” လို့ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက ဂုဏ်ပြုညစာစားပွဲမှာ ပြောကြားခဲ့ပါတယ်။

    မင်းသား မိုဟာမက် ဘင် ဆလ်မန်ကလည်း အနာဂတ်မှာ ပါကစ္စတန်ဟာ အလွန်အရေးပါတဲ့ တိုင်းပြည်တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပြီး မိမိတို့ဟာ အဲဒီတိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    နှစ်နိုင်ငံ ကန်ဒေါ်လာ ဘီလီယံ ၂၀ တန်တဲ့ စီးပွားရေးသဘောတူညီချက်တွေထဲမှာ ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဂွါဒါမြို့မှာ ရေနံချက်စက်ရုံ၊ ရေနံထွက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေး၊ ဓာတ်ငွေ့အရည်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးတွေ ပါဝင်တယ်လို့ ပါကစ္စတန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘုတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ဟာ ပါကစ္စတန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ကွာမာရ် ဂျာဗဒ် ဘဂ်ျဝါ၊ သမ္မတ အာရစ်ဖ် အလ်ဗီတို့နဲ့ ဒီကနေ့မှာ တွေ့ဆုံပြီးတဲ့နောက် အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။

    ညစစားပွဲမှာ ပါကစ္စတန်ဝန်ကြီးချုပ် အင်မရန်းခန်းက မက္ကာကို ဟဂ်ျဘုရားဖူးသွားတဲ့ ပါကစ္စတန်နိုင်ငံသားတွေအတွက် ဆော်ဒီကိုရောက်မှ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်တာထက် ပါကစ္စတန်မှာပဲ တစ်ခါတည်း ဆောင်ရွက်ပေးဖို့၊ ဆော်ဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ ပါကစ္စတန်နိုင်ငံသား ၂.၅ သန်းအရေး၊ ဆော်ဒီထောင်တွေထဲမှာ ရောက်နေတဲ့ ပါကစ္စတန်နိုင်ငံသား ၃၀၀၀ ကိစ္စတွေကို ဂရုတစ်စိုက် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    ဘင် ဆလ်မန်မက ဒီတောင်းဆိုမှုတွေကို စဉ်စားပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် ပါကစ္စတန်အစိုးရက ထုတ်ပြန်တဲ့ကြေငြာချက်မှာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွာရေးနဲ့ လူမှုရေးဆိုင်ရာ သဘောတူညီချက်တွေ အကောင်အထည်ဖော်မှုကို စောင့်ကြည့်ဖို့အတွက် ‘အထူး ညှိနှိုင်းဆွေးနွေးရေးကောင်စီ’ ဖွဲ့စည်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • အီလက်ထရောနစ် စောင့်ကြည့်စနစ်သစ်တစ်ခုကို မန်းမြို့တော်စည်ပင် အသုံးပြုမည်

    အီလက်ထရောနစ် စောင့်ကြည့်စနစ်သစ်တစ်ခုကို မန်းမြို့တော်စည်ပင် အသုံးပြုမည်

    ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉
    M-Media

    Photo Credit – mmtimes

    – မြို့တွင်းက အမှိုက်သိမ်းစနစ် သတ်မှတ်ထားမှုအတိုင်း လည်ပတ်မှု ရှိ၊ မရှိကို စောင့်ကြည့်နိုင်မယ့် အီလက်ထရောနစ် စနစ်တစ်ခုကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အမှိုက်ကား ၂၅၀ ကျော်မှာ တပ်ဆင်အသုံးပြုနေတယ်လို့ သိရပါတယ်။

    အမှိုက်ကားတွေမှာ IoT ဆင်းကတ်တွေ တပ်ဆင်ကာ ခြေရာခံသွားမှာဖြစ်ပြီး ဒီစနစ်က ကားတွေကို ပိုမိုလွယ်ကူစွာ စီမံခန့်ခွဲနိုင်မယ်လို့ ကော်မတီအဖွဲ့ဝင် ဦးကျော်စံမြင့်က ပြောပါတယ်။

    “ဒီစနစ်ကို အမှိုက်ကား ၂၅၀ ကျော်မှာ တပ်ဆင်ထားပြီး စောင့်ကြည့်ဖို့ လိုအပ်တဲ့ကိရိယာကိုလည်း တပ်ဆင်သွားမှာ ဖြစ်ပါတယ်”

    အမှိုက်ကားတွေဟာ သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်း သွားရောက်ခြင်း ရှိ၊ မရှိ အချိန်မီ အမှိုက်သိမ်းခြင်း ရှိ၊ မရှိ စတာတွေကို ဒီစနစ်ကနေ အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်မှာဖြစ်သလို ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာမယ်ဆိုရင် သတိပေးချက် ရရှိမှာ ဖြစ်ပါတယ်။

    မန္တလေးမြို့ အမှိုက်သိမ်းစနစ်ဟာ ပြဿနာတွေရှိနေပြီး အမှိုက်ကားတွေမှတပ်ဆင်ထားတဲ့ ဂျီပီအက်စ်တွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ပလပ်ဖြုတ်ထားတာ၊ ဆင်းကဒ် ပျက်ဆီးသွားတာတွေမျိုးတွေ ရှိပါတယ်။

    အခုအသုံးပြုမယ့် စနစ်သစ်မှာ အလွဲသုံးစားလုပ်မှုတွေ လျော့နည်းသွားမယ်လို့ မျှော်လင့်ထားပြီး အမှိုက်ကားတွေပြင် အခြား မော်တော်ယာဉ် ၃၀၀ လောက်မှာ တပ်ဆင်သွားမယ်လို့ မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်။)