News @ M-Media

Blog

  • ထိုင်းဘုရင်အမတော် ၀န်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းမှု ပယ်ချခံရ

    ထိုင်းဘုရင်အမတော် ၀န်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းမှု ပယ်ချခံရ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉
    M-Media

    မင်းသမီး အူဘိုလ်ရတ္တနာ ရာဇကံယာ သီရိဝဒ်ဟာနာဟာ

    – မတ်လရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်လောက်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဘုရင့်အမတော်ရဲ့ အမည်စာရင်းတင်သွင်းမှုကို ထိုင်းရွေးကောက်ပွဲကော်မရှင်က မနေ့မှာ ပယ်ချလိုက်ပါတယ်။

    လက်ရှိ ထိုင်းဘုရင် ၀ိဇိယလောင်ကွန်ရဲ့ အမတော်ဖြစ်တဲ့ သက်တော် ၆၇ နှစ်အရွယ် မင်းသမီး အူဘိုလ်ရတ္တနာ ရာဇကံယာ သီရိဝဒ်ဟာနာဟာ Thai Raksa Chart ပါတီကို ကိုယ်စားပြုပြီး ၀န်ကြီးချုပ်နေရာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြီးခဲ့တဲ့တစ်ပတ်မှာ အမည်စာရင်းတင်သွင်းခဲ့တာပါ။ Thai Raksa Chart ပါတီဟာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ မဟာမိတ်တွေ ပူးပေါင်းထူထောင်ထားတဲ့ပါတီ ဖြစ်ပါတယ်။

    ထိုင်းနိုင်ငံရေးစနစ်အရ တော်ဝင်အသိုင်းအ၀ိုင်းကလူတွေဟာ နိုင်ငံရေးမှာ ပါဝင်လို့မရဘဲ မင်းသမီး အမည်စာရင်းတင်သွင်းပြီး နာရီပိုင်းအကြာမှာပဲ ထိုင်းဘုရင်က ကြေငြာချက်တစ်စောင်ထုတ်ပြန်ကာ ဒီကိစ္စကို သဘောမတူကြောင်း ပြောကြားခဲ့ပါတယ်။

    မနေ့က ထိုင်းရွေးကောက်ပွဲကော်မရှင်ကနေ ထုတ်ပြန်တဲ့ ၀န်ကြီးချုပ်လောင်းစာရင်းမှာ မင်းသမီး အူဘိုလ်ရတ္တနာရဲ့အမည် ပါဝင်လာခြင်း မရှိပါဘူး။

    တော်ဝင်အသိုင်းအ၀ိုင်းဟာ နိုင်ငံရေးရဲ့ အထက်မှာရှိပြီး၊ နိုင်ငံရေးမှာ ကြားနေရမှာဖြစ်တာကြောင့် မင်းသမီးရဲ့ အမည်စာရင်းတင်သွင်းမှုကို ပယ်ချခဲ့တာဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာလည်း ၀န်ကြီးချုပ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

    မင်းသမီးကို ၀န်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခဲ့တဲ့ Thai Raksa Chart ပါတီကို ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေ ရှိပေမယ့် ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ မနေ့ကထုတ်ပြန်မှုမှာ ဒီကိစ္စအကြောင်း ထည့်သွင်းပြောဆိုခြင်း မရှိပါဘူး။

    အူဘိုလ်ရတ္တနာဟာ အမေရိကန်နိုင်ငံသားတစ်ယောက်ကို လက်ထပ်ခဲ့တာကြောင့် ထီးမွေနန်းမွေနဲ့ တော်ဝင်အမှတ်သညာကို စွန့်လွှတ်ခဲ့ရသူ ဖြစ်ပါတယ်။ အိမ်ထောင်ကွဲပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့ပြီး ပြည်သူတွေကတော့ သူမကို တော်ဝင်မင်းသမီးတစ်ဦးအဖြစ် ဆက်ဆံကြပါတယ်။

    Ref: CNA

  • ပဋိပက္ခတွင် အရပ်သားများကို စာနာရန် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ကုလ တိုက်တွန်း

    ပဋိပက္ခတွင် အရပ်သားများကို စာနာရန် အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ကုလ တိုက်တွန်း

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉
    M-Media

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    – ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မကျူးလွန်ဖို့ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ကုလအထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပြီး အရပ်သားတွေအတွက် လူသားချင်း စာနာနာထောက်ထားမှု အကူအညီတွေ ခွင့်ပြုပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    ကုလ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခဆိုင်ရာရုံး အထူးကိုယ်စားလှယ် ပရာမီလာ ပက်တန်ဟာ ပြီးခဲ့တဲ့တစ်ပတ်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ ပြီးခဲ့တဲ့နှစ်က လွှတ်တော်မှာ တင်သွင်းထားတဲ့ အများသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေကို မြန်မြန်ဆန်ဆန် တည်ပြုဖို့ တိုက်တွန်းခဲ့ပါတယ်။

    “ပဋိပက္ခနဲ့ ဆက်စပ်နေတဲ့ လိင်အကြမ်းဖက်မှု တားဆီးရေး ပတ်သက်သူအားလုံးက အားထုတ်ကြိုးပမ်းကြဖို့ အရေးကြီးပါတယ်။ ပဋိပက္ခမှာ အရပ်သား၊ တိုက်ခိုက်ရေးသမားဆိုပြီး ခွဲခြားဖို့၊ အရပ်သားတွေ လုံခြုံဘေးကင်းပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိရေး ခွင့်ပြုပေးဖို့ ပါဝင်ပတ်သက်သူအားလုံးကို ထပ်မံ တိုက်တွန်းလိုပါတယ်” လို့ မနေ့ကထုတ်ပြန်တဲ့ ကြောငြာချက်မှာ ပရာမီလာက ပြောကြားခဲ့ပါတယ်။

    မြန်မာအစိုးရနဲ့ ကုလ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခဆိုင်ရာရုံးတို့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာမှာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက်ပါ အချက်အလက်တွေအတိုင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တိုက်ဖျက်ရေး ဘယ်လောက်အထိ ဆောင်ရွက်ထားလဲဆိုတာကို မြန်မာတာဝန်ရှိသူတွေက ပရာမီလာကို ရှင်းလင်းအသိပေးခဲ့ပါတယ်။

    “၀န်ကြီးတွေနဲ့ အစည်းအဝေးဟာ အပြုသဘောဆောင်ပြီး လက်ရှိ မူဝါဒနဲ့ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို တွေ့ရတော့ အားတက်မိပါတယ်။ အဲဒီဆောင်ရွက်ချက်တွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ညီဖို့၊ ပဋိပက္ခနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ထိထိရောက်ရောက် သေသေချာချာဖြေရှင်းဖို့အတွက် ကျွန်မရဲ့ရုံးနဲ့ ကုလတို့က ကူညီမယ်လို့ ပြောကြားခဲ့ပါတယ်”

    လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရသူတွေကို စောင့်ရှောက်ရေး ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေ၊ လူမှုဖူလှုံရေး၊ ကျန်းမာရေး၊ တရားရေးဆိုင်ရာကိစ္စတွေအတွက် ကျူးလွန်ခံရသူတွေကို လွှဲပြောင်းရေးလုပ်ငန်းတွေကို ပိုမိုကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ဖို့လည်း ပရာမီလာပက်တန်က တိုက်တွန်းခဲ့ပါတယ်။

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းကို အစိုးရက ၂၀၁၃ ခုနှစ်ကစပြီး သုံးသပ်နေပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလရောက်မှ လွှတ်တော်ကို တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: mmtimes

  • အစ္စလာမ့်မစ်တော်လှန်ရေး နှစ် ၄၀ မြောက်အခမ်းအနားကို အီရန်ကျင်းပ

    အစ္စလာမ့်မစ်တော်လှန်ရေး နှစ် ၄၀ မြောက်အခမ်းအနားကို အီရန်ကျင်းပ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉
    M-Media

    ချီတက်ပွဲအခမ်းအနားတွင် တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ရူဟွလ္လာ ခိုမေနီ၏ ပန်းချီကားကို အီရန်ပြည်သူတစ်ဦးက ကိုင်ဆောင်ထားစဉ်

    – အမေရိကန်ကျောထောက်နောက်ခံပြု အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချပြီး အစ္စလာမ့်မစ်တော်လှန်ရေး အောင်မြင်ခဲ့တဲ့ နှစ် ၄၀ မြောက် အထိမ်းအမှတ်အဖြစ် သိန်းနဲ့ချီတဲ့ အီရန်ပြည်သူတွေဟာ မနေ့က နိုင်ငံတစ်ဝှမ်းမှာ အခမ်းအနားတွေ၊ ချီတက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

    တီဟီရန်က လွတ်လပ်ရေးရင်ပြင်က သမ္မတ ဟာဆန်ရူဟာနီရဲ့ မိန့်ခွန်းမှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေက အီရန်အစ္စလာမ့်သမ္မတနိုင်ငံကို ပြိုကွဲစေမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အီရန်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ ဒီကနေ့ ပြည်သူတွေ အောင်ပွဲခံနေကြတာဟာ ရန်သူတွေရဲ့ ယုတ်မာတဲ့အကြံအစည်တွေ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။ ကျွန်တော်တို့ရဲ့ ဒုံးလက်နက်ထုတ်လုပ်မှုအတွက် ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းနေမှာမဟုတ်သလို၊ စစ်အင်အားကိုလည်း ဆက်လက်တည်ဆောက်သွားမှာ ဖြစ်ပါတယ်”

    ဘာသာရေးခေါင်းဆောင် အယာတိုလာ ရူဟွလ္လာ ခိုမေနီဦးဆောင်ခဲ့တဲ့ အစ္စလာမ့်မစ်တော်လှန်ရေးဟာ ၁၉၇၉ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး အမေရိကန်ကျောထောက်နောက်ခံပြု အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒီလိုဖြုတ်ချမှုဟာ နှစ်ပေါင်း ၂၅၀၀ လောက် တည်တံ့ခဲ့တဲ့ ပါရှန်အင်ပါယာ အဆုံးသတ်သွားတာလည်း ဖြစ်ပါတယ်။

    ရူဟာနီက ဒီတော်လှန်ရေးဟာ ‘လူတစ်စုကောင်းစားရေးဝါဒ၊ ကိုလိုနီဝါဒနဲ့ သူတစ်ပါးအပေါ် မှီခိုနေရမှုတွေကနေ’ တိုင်းပြည်ကို ကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တိုင်းပြည်ဟာ အစ္စလာမ့်မစ် ပြည်သူ့နိုင်ငံစနစ်နဲ့ လွတ်လပ်တဲ့ အစိုးရတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်”

    အီရန်မှာ နှစ်စဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ရောက်တိုင်း အစ္စလာမ့်မစ်တော်လှန်ရေး အောင်မြင်မှု အခမ်းအနားတွေကို ကျင်းပလေ့ရှိပါတယ်။

    အမေရိကန်ရဲ့ တစ်ကျော့ပြန်ပိတ်ဆို့မှုတွေကြောင့် အီရန်ဟာ လက်ရှိမှာ စီးပွားရေးနဲ့ နိုင်ငံရေးဖိအားဒဏ်တွေကို ခံနေရပါတယ်။ ၂၀၁၅ ခုနှစ်က အမေရိကန်အပါအ၀င် အင်အားကြီးနိုင်ငံတွေနဲ့ နျူသဘောတူညီချက်တစ်ခု ရရှိခဲ့ပေမယ့် စာချုပ်ပါ စည်းကမ်းတွေကို မလိုက်နာဘူးလို့ဆိုတာ အမေရိကန်က ပြီးခဲ့တဲ့နှစ်မှာ စာချုပ်ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    အီရန်ကဆောင်ရွက်နေတဲ့ ဒုံးကျည်ထုတ်လုပ်မှု စီမံကိန်းကို အမေရိကန်က အဓိကပစ်မှတ်ထားကာ ကန့်ကွက်နေတာဖြစ်ပြီး အီရန်က ဒီစီမံကိန်းဟာ နျူသဘောတူညီချက်ကို ချိုးဖောက်မှုမရှိဘူးလို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • နမ္မတူမြစ်ပေါ်ရှိ ဆည်စီမံကိန်းများကို ဒေသခံပြည်သူများ ကန့်ကွက်

    နမ္မတူမြစ်ပေါ်ရှိ ဆည်စီမံကိန်းများကို ဒေသခံပြည်သူများ ကန့်ကွက်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉
    M-Media

    နမ္မတူဆည်ပေါ်တွင် ဆောက်လုပ်ရန် ဆည်များ (Photo Credit – ဧရာဝတီ)

    – နမ္မတူမြစ်လို့ခေါ်တဲ့ မြစ်ငယ်မြစ်ပေါ်မှာ တည်ဆောက်ဖို့ လျာထားတဲ့ ဆည်စီမံကိန်းတွေကို ဒေသခံတွေက ကန့်ကွက်ပြီး ပြင်သစ်ကုမ္ပဏီ Engie ဟာ စီမံကိန်းကနေ နှုတ်ထွက်သွားသလို အခြားသော နိုင်ငံခြားကုမ္ပဏီအနေနဲ့လည်း နှုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁၁ ရက်နေ့ Action for Shan State Rivers အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဆည်တွေကြောင့် ပတ်ဝန်းကျင်ကဒေသတွေ ရေကြီးမှာကို ပြည်သူတွေက စိုးရိမ်နေကြပြီး အထက်ရဲရွာစီမံကိန်းကနေ Engie ကုမ္ပဏီ နှုတ်ထွက်သွားတာဟာ ဒေသခံတွေအတွက် ‘ကြီးကျယ်တဲ့အောင်ပွဲ’ လို့ ဖော်ပြထားပါတယ်။

    နမ္မတူမြစ်ပေါ်မှာ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၁၂၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မယ့် ဆည် ၄ ခု တည်ဆောက်ဖို့ ၂၀၁၀ ပြည့်နှစ် အစောပိုင်းမှာ မြန်မာအစိုးရက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆည်တွေဟာ ကျောက်ဆည်က ဒီးဒုတ်ဆည်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲနဲ့ နမ္မတူမြို့နယ်တွေမှာ တည်ရှိမယ့် အလယ်ရဲရွာဆည်၊ အထက်ရဲရွာဆည်နဲ့ နမ္မတူဆည်တို့ ဖြစ်ပါတယ်။

    ရှမ်းပြည်နယ်က စီမံကိန်းတွေကို ပြီးခဲ့တဲ့နှစ်မှာ စတင်ခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေ နှုတ်ထွက်ပေးဖို့အတွက် အောက်တိုဘာလမှာ ဒေသခံတွေက တောင်းဆိုခဲ့ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ နော်ဝေတို့ အပါအ၀င် ရန်ကုန်က နိုင်ငံခြားသံရုံး တော်တော်များများကို ရှမ်းပြည်သူတွေက မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပြီး နမ္မတူမြစ်ပေါ်က ဆည် ၄ ခု စီမံကိန်းမှာ ပါဝင်ခြင်းမပြုကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    ‘ဘားမားကမ်ပိန်းယူကေ’ က ထုတ်ပြန်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီများစာရင်းမှာ ပါဝင်နေတဲ့ ပြင်သစ်ကုမ္ပဏီ Engie ဟာ နောက်ပိုင်းမှာ စီမံကိန်းကနေ နှုတ်ထွက်သွားပြီး ဂုဏ်သိက္ခာ ထိခိုက်နိုင်တဲ့အတွက် စာရင်းကနေ ပယ်ဖျက်ပေးဖို့ ဘားမားကမ်ပိန်းကို တောင်းဆိုထားပါတယ်။

    Action for Shan State Rivers အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Sai Thum Ai က သူတို့ဟာ သမ္မတ ဦးဝင်းမြင့်ထံ စာပို့ထားပြီး အစိုးရအနေနဲ့ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို နားထောင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ရွာသားတွေက ဆည်တွေမဆော်ဖို့ ပြောထားပြီးဖြစ်ပေမယ့် အစိုးရဖက်က ပေါင်းလောင်းဆည် တည်ဆောက်တုန်းက ပေးခဲ့တဲ့ နစ်နာကြေးထက် မလျော့စေရဘဲ ရွှေ့ပြောင်းနေရာချထားပေးမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သူက ဆိုပါတယ်။

    “အဲဒီတုန်းက ပေါင်းလောင်းဆည်နားက ရွာသားတွေဟာ မြေတစ်ဧကို ၁၀ သိန်းနှုန်းရခဲ့တယ်။ အခု သူတို့ဘ၀ကို ကြည့်ပါအုံး။ ဒီကလူတွေက ဒီအခြေအနေတွေကို လေ့လာသုံးသပ်ပြီးပါပြီ။ ကျွန်တော်တို့ ဒီလောက် မအပါဘူး”

    မကြာခင်က သွားရောက်ခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရေအားလျှပ်စစ် စီမံကိန်းတွေကနေ ပြည်သူတွေက ဓာတ်အားလိုချင်တယ်ဆိုရင် လုပ်ဆောင်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒါပေမယ့် နမ္မတူမြစ်ပေါ်မှာ တည်ဆောက်မယ့် ဆည်စီမံကိန်းတွေကို ဒေခံတွေက ကန့်ကွက်နေကြပြီး သီပေါမြို့အနီးမှာ ဆောက်လုပ်မယ့် ဆည်တစ်ခုကိုလည်း သီပေါဒေသခံတွေက ကန့်ကွက်ထားပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုပါသည်)

  • နေပြည်တော်လွှတ်တော်အနီး ဒရုန်းလွှတ်မှုအတွက် ပြင်သစ်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

    နေပြည်တော်လွှတ်တော်အနီး ဒရုန်းလွှတ်မှုအတွက် ပြင်သစ်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံရ

    ဖေဖော်ဝါရီ ၁၁၊ ၂၀၁၉
    M-Media

    နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦး

    – နေပြည်တော်ကလွှတ်တော်အဆောက်အဦးအနီးမှာ ဒရုန်းလွှတ်တင်မှုအတွက် ပြင်သစ်နိုင်ငံသားတစ်ယောက် ဖမ်းဆီးခံထားရတယ်လို့ ပြင်သစ်သံရုံးက ဒီကနေ့မှာ အတည်ပြု ပြောကြားလိုက်ပါတယ်။

    ပြည်တွင်းမီဒီယာတွေက ဖမ်းဆီးခံရတဲ့ ပြင်သစ်နိုင်ငံသားရဲ့ ရုပ်ပုံ၊ နိုင်ငံကူးလက်မှတ် အချက်အလက်တွေနဲ့ ဒရုန်းပုံတွေကို ဖော်ပြခဲ့ပါတယ်။

    “မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးဟာ လွှတ်တော်မှာ ဒရုန်းလွှတ်တဲ့အတွက် ဖေဖော်ဝါရီ ၇ ရက်နေ့ ကြာသာပတေးနေ့နှောင်းပိုင်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်” လို့ ပြင်သစ်သံရုံးက ထုတ်ပြန်ခဲ့ပြီး လက်ရှိ နေပြည်တော်မှာ ထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။

    ဖမ်းဆီးခံထားရသူရဲ့ မိသားစုထံ ဒီကိစ္စကို အကြောင်းကြားထားပြီး လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေတယ်လို့လည်း သံရုံးက ပြောပါတယ်။

    မြန်မာနိုင်ငံရဲ့ ဥပဒေမှာ လွှတ်တော်အနီးတစ်ဝိုက်မှာ ဒရုန်းလွှတ်တင်မှုကို တားမြစ်ပိတ်ပင်ထားပြီး၊ ပြင်သစ်အမျိုးသားဟာ ဘာ့ကြောင့် ဒရုန်းလွှတ်တင်ရတယ်ဆိုတာကို တိတိကျကျ မသိရသေးပါဘူး။

    ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ တူရကီရုပ်သံ TRT အတွက် သတင်းရယူပေးတဲ့ စင်ကာပူသတင်းထောက် Lau Hon Meng၊ မလေးရှားသတင်းထောက်
    Mok Choy Lin၊ မြန်မာနိုင်ငံက စကားပြန် ဦးအောင်နိုင်စိုးနဲ့ ယာဉ်မောင်း ဦးလှတင်တို့ဟာ လွှတ်တော်အနီး ဒရုန်းလွှတ်တင်မှုအတွက် ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

    သူတို့အဖွဲ့ဟာ ဒဏ်ငွေဆောင်မယ်ဆိုရင် ပြဿနာပြေလည်မယ်လို့ ယူဆတဲ့အတွက် လွှတ်တော်မှာ ဒရုန်းလွှတ်ကြောင်း ၀န်ခံခဲ့ပေမယ့် နောက်ပိုင်းမှာ လေကြောင်းဥပဒေနဲ့ ထောင်ချခံခဲ့ရပါတယ်။

    Ref: CNA