News @ M-Media

Blog

  • ကမ္ဘာ့အပူချိန် ဆက်လက်မြင့်တက်ကာ ဘေးအန္တရာယ် ပိုကြုံနိုင်သည်ဟု ကုလ သတိပေး

    ကမ္ဘာ့အပူချိန် ဆက်လက်မြင့်တက်ကာ ဘေးအန္တရာယ် ပိုကြုံနိုင်သည်ဟု ကုလ သတိပေး

    ဖေဖော်ဝါရီ ၇၊ ၂၀၁၉
    M-Media

    – ကမ္ဘာ့ရာသီဥတုကို စောင့်ကြည့်လေ့လာခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ ပြီးခဲ့တဲ့ ၄ နှစ်ဟာ ရာသီဥတုအပူဆုံးနှစ်တွေ ဖြစ်ခဲ့ပြီး ရှေ့ဆက် အပူချိန်မြင့်မားမှု၊ ရာသီဥတု ဖောက်ပြန်မှုတွေနဲ့ ကြုံတွေ့ရမယ်လို့ ကုလ ကမ္ဘာ့ဇလဗေဒအဖွဲ့ WMO ရဲ့ မနေ့ကကြေငြာချက်မှာ သတိပေးလိုက်ပါတယ်။

    အလ်နီညိုဒဏ်ကို ကြီးကြီးမားမား ခံစားခဲ့ရတဲ့ ၂၀၁၆ ခုနှစ်ဟာ သမိုင်းတစ်လျှောက် အပူချိန်အမြင့်ဆုံးနှစ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အကုန်မှာ ကမ္ဘာကြီးရဲ့အပူချိန်ဟာ စက်မှုခေတ်မတိုင်ခင် ကာလကထက် ၁ ဒီဂရီဆဲလ်စီးယက်စ် မြင့်တက်ခဲ့တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    WMO ဟာ နိုဝင်ဘာလကလည်း ရာသီဥတုဆိုင်ရာ အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ခုနှစ်ဟာ စတုတ္ထမြောက် အပူဆုံးနှစ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၂ နှစ်မှာ နှစ် ၂၀ ဟာ သမိုင်းတစ်လျှောက် အပူဆုံးနှစ်တွေ ဖြစ်ပါတယ်။

    WMO အတွင်းရေးမှူး ပက်တာရီ တာအာလက်စ်က နှစ်တစ်နှစ်စီ အပူချိန်တွေထက် ရေရှည်ဖြစ်လာမယ့် အပူချိန်တွေက ပိုမိုအရေးကြီးပြီး၊ လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ကုန်းမြေနဲ့ ပင်လယ်သမုဒ္ဒရာတွေပေါ်က အပူချိန်တွေ မကြုံစဖူး မြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဘေးအန္တရာယ် ပိုကြုံလာနိုင်

    အပူချိန် ဆက်လက်မြင့်တက်လာမယ့်အတွက် ကမ္ဘာကြီးဟာ ဟာရီကိန်းမုန်တိုင်း၊ မိုးခေါင်ရေရှားမှု၊ ရေကြီးမှုဒဏ်တွေကို ပိုမိုကြုံတွေ့ရမယ်လို့ WMO က သတိပေးခဲ့ပါတယ်။

    “ရာသီဥတုပြောင်းလဲမှုကြောင့် ဆိုးဝါးတဲ့ ရာသီဥတုတွေကို မလွဲမသွေ ကြုံတွေ့ရမှာပါ။ ဒါဟာ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့ရမယ့် တကယ့် အမှန်တရားပါပဲ” လို့ တာအာလက်စ်က ပြောပါတယ်။

    ၂၀၁၈ ခုနှစ်ရဲ့ ရာသီဥတုဆိုးရွားမှုဒဏ်ကို ၂၀၁၉ ခုနှစ်မှာ ဆက်လက်ခံစားနေရတယ်လို့ WMO က ကြေငြာချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သြစတေးလျမှာ အခုနှစ်ဇန်န၀ါရီလအတွင်း အပူချိန် စံချိန်တင်မြင့်မားမှုကို ကြုံတွေခဲ့ရပြီး အမေရိကန်ရဲ့ အနောက်အလယ်ပိုင်း ဒေသတွေမှာလည်း အပူချိန် စံချိန်တင်ကျဆင်းမှု ဖြစ်ပွားခဲ့ပါတယ်။

    အမေရိကန် အာသာသအေဂျင်စီ နာဆာနဲ့ အမေရိကန် ပင်လယ်သမုဒ္ဒရာ စောင့်ကြည့်ရေးအဖွဲ့ NOAA တို့က ထုတ်ပြန်တဲ့ အစီရင်ခံစားတွေမှာလည်း ၂၀၁၈ ခုနှစ်ဟာ သမိုင်းတစ်လျှောက် စတုတ္ထမြောက် အပူချိန်အမြင့်ဆုံးနှစ်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အာတိတ်နဲ့ အန္တာတိကတွေမှာ ပင်လယ်ရေမျက်နှာပြင်ဟာ စံချိန်တင် ကျဆင်းခဲ့ကြောင်း၊ နိုင်ငံအတွင်း သဘာဝဘေး ၁၄ ခုကြောင့် အနည်းဆုံး ၂၄၇ ဦးသေဆုံးကာ ကန်ဒေါ်လာ ၉၁ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ NOAA ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: CNA

  • ဆီးရီးယားကို အစ္စရေးက ထပ်တိုက်လျှင် ထိထိရောက်ရောက် တုန့်ပြန်မည်ဟု အီရန်ပြော

    ဆီးရီးယားကို အစ္စရေးက ထပ်တိုက်လျှင် ထိထိရောက်ရောက် တုန့်ပြန်မည်ဟု အီရန်ပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၉
    M-Media

    ဖေဖော်ဝါရီ ၂ ရက်နေ့က တီဟီရန်တွင် ပြုလုပ်ခဲ့သည့် လက်နက်ပြပွဲ

    – အစ္စရေးအနေနဲ့ ဆီးရီးယားကို ကျူးကျော်တိုက်ခိုက်မှု ဆက်လုပ်နေမယ်ဆိုရင် ထိထိရောက်ရောက်တုန့်ပြန်သွားမယ်လို့ အီရန်က ပြောကြားလိုက်ပါတယ်။

    ၈ နှစ်တာ ကြာမြင့်လာပြီဖြစ်တဲ့ ဆီးရီးယားစစ်ပွဲမှာ အစ္စရေးက တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိပေမယ့် လေကြောင်းကနေ ကျူးကျော်တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ဆီးရီးယားအစိုးရပစ်မှတ်နဲ့ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးဟာ အီရန်ကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားတာ ဖြစ်ပါတယ်။

    ပြည်တွင်းစစ်တစ်လျှောက်လုံးမှာ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်ကို အီရန်က ကျောထောက်နောက်ခံပေးနေတာပါ။

    မနေ့က တီဟီရန်မှာ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်အတွင်း အီရန် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ ရှက်ခါနီက ဆီးရီးယားရဲ့ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါမျိုးတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကာကွယ်ရေးအတွက် စီစဉ်ထားတာတစ်ချို့ကို ထုတ်သုံးပြီး အစ္စရေးက ရာဇ၀တ်ကောင် လူလိမ်ခေါင်းဆောင်တွေကို မှတ်လောက်သားလောက်အောင် ပညာပေးသွားမှာ ဖြစ်ပါတယ်”

    လက်ဘနွန်နယ်စပ်မှာ အခြေစိုက်ထားတဲ့ ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို အီရန်က အဆင့်မြင့်လက်နက်တွေ ထောက်ပံ့နေတယ်လို့ အစ္စရေးက စွပ်စွဲထားပြီး ဆီးရီးယားက အီရန်ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြီးခဲ့တဲ့လမှာ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကချင်ခေါင်းဆောင်များ တွေ့ဆုံကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကချင်ခေါင်းဆောင်များ တွေ့ဆုံကာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေး

    ဖေဖော်ဝါရီ ၆၊ ၂၀၁၉
    M-Media

    ကချင်ခေါင်းဆောင်များနှင့်အတူ တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး (Photo Credit – ဧရာဝတီ)

    – မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကချင်ခေါင်းဆောင်တွေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံခဲ့ပြီး စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ရေး၊ ငြိမ်းချမ်းရေးနဲ့ မြစ်ဆုံဆည်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    စစ်တပ်ရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အဆောက်အဦးမှာ ပြုလုပ်ခဲ့တဲ့ အဲဒီဆွေးနွေးမှုကို ကချင်နှစ်ခြင်းအသင်းတော် (KBC) ကိုယ်စားလှယ်တွေ၊ ကချင်ကက်သလစ်လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးက ကချင်စစ်ရှောင်တွေ နေရပ်ပြန်ရေးကိစ္စ၊ ကချင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကိစ္စတွေကို လျင်လျင်မြန်မြန်နဲ့ တိုးတက်မှုရှိအောင် ဆောင်ရွက်ချင်ကြောင်း၊ မြစ်ဆုံကိစ္စဟာ ပြည်သူ့ဆန္ဒနဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်အပေါ်မှာ မူတည်နေကြောင်း ပြောကြားခဲ့ပါတယ်။

    KBC က ရေရှည်ငြိမ်းချမ်းရေးကို ရည်ရွယ်တဲ့ လုပ်ငန်းစဉ်မျိုးကို ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့၊ ဘာသာရေးအဖွဲ့၊ လူထုအခြေပြု အဖွဲ့တွေနဲ့ ပူးပေါင်းကာ နေရပ်ပြန်စစ်ရှောင်ပြည်သူတွေ လုံခြုံရေး ဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

    “(ဒီကိစ္စကို) ကျွန်တော်တို့နဲ့သာ မဆွေးနွေးဘူးဆိုရင် တစ်ခုခုမှားသွားတာနဲ့ ပြည်သူလူထုက နောက်ဆက်တွဲဆိုးကျိုးကို ခံစားရမှာ ဖြစ်ပါတယ်” လို့ KBC ဒုတိယဥက္ကဌ Tu Mai က ပြောကြားခဲ့ပါတယ်။

    KBC ဟာ လူသားချင်း စာနာမှုဆိုင်ရာအဖွဲ့ Kachin Humanitarian Concern Committee ကို ဖွဲ့စည်းကာ စစ်ရှောင်ပြည်သူတွေအတွက် ဆောင်ရွက်ပေးနေပါတယ်။ Tu Mai က စစ်တပ်အနေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပါအ၀င် အဖွဲ့အစည်းအားလုံးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေနွေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစိုးရစစ်တပ်ဟာ ကချင်စစ်ရှောင်ပြည်သူ ၁၀၀ ကျော်ကို ၀ိုင်းမော်မြို့နယ်က သူတို့ရဲ့နေအိမ်တွေမှာ မကြာသေးခင်ကပဲ နေရာ ချထားပေးခဲ့ပါတယ်။

    မြစ်ကြီးနား ကက်သလစ်သာသနာ့နယ်မြေရဲ့ လူမှူဖူလှုံရေးကိစ္စကို တာဝန်ယူဆောင်ရွက်နေတဲ့ ဖာသာ Noel Naw Lat က ကချင်ပြည်နယ်မှာ မြေမြှုပ်မိုင်းဖယ်ရှားရေး၊ စစ်ရှောင်စခန်းတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆောင်ရွက်ရေး ကူညီပေးသွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးက ကတိပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    မြစ်ဆုံကိစ္စကို ကချင်ပြည်သူလူထုတစ်ရပ်လုံးက ကန့်ကွက်ကြောင်း ရေးသားထားတဲ့ ပေးစာတစ်စောင်ကို ကချင်ဘာသာရေး ခေါင်းဆောင်တွေက ဗိုလ်ချုပ်မှူးကြီးထံ ပေးအပ်ခဲ့ပါတယ်။

    ဖာသာ Noel Naw Lat က မြစ်ဆုံစီမံကိန်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူ (ဗိုလ်ချုပ်မှူးကြီး) က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုဖို့ ခက်ခဲတယ်လို့ ပြောကြားခဲ့ပြီး တပ်မတော်ဖက်က တတ်နိုင်သလောက် လုပ်ဆောင်ပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ကို လွှတ်တော်က လုပ်ဆောင်ရမှာပါ”

    ကာကွယ်ရေးဦးစီးချုပ်က ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ တိုးတက်မှုကို မြင်ချင်ပြီး ကချင်လက်နက်ကိုင်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက်လုပ်ဆောင်သွားမယ်လို့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    ဗိုလ်ချုပ်မှူးကြီးရဲ့ ကချင်ပြည်နယ်ခရီးစဉ်ကို အင်္ဂါနေ့ညနေပိုင်းအထိ တပ်မတော်ဖက်က သတင်းမထုတ်ပြန်ပါဘူး။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှသတင်းကို ကောက်နှုတ်ပြန်ဆိုပါသည်)

  • နယ်သာလန်နိုင်ငံမှ အစ္စလာမ်ဆန့်ကျင်သည့် နိုင်ငံရေးသမား အစ္စလာမ်ဘာသာသို့ ကူးပြောင်း

    နယ်သာလန်နိုင်ငံမှ အစ္စလာမ်ဆန့်ကျင်သည့် နိုင်ငံရေးသမား အစ္စလာမ်ဘာသာသို့ ကူးပြောင်း

    ဖေဖော်ဝါရီ ၆၊ ၂၀၁၉
    M-Media

    အစ္စလာမ်ကိုလက်ခံခဲ့သည့် လက်ယာနိုင်ငံရေးသမား ဂျိုရမ် ဗန် ကလာဗီရန်

    – နယ်သာလန်နိုင်ငံက အစ္စလာမ်ဆန့်ကျင်ရေး လက်ယာနိုင်ငံရေးသမား ဂျိုရမ် ဗန် ကလာဗီရန်က သူ့အနေနဲ့ အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်ခဲ့တယ်လို့ တနင်္လာနေ့က မီဒီယာကို ပြောကြားလိုက်ပါတယ်။

    အသက် ၃၉ နှစ်အရွယ် ကလာဗီရန်ဟာ နာမည်ကျော် အစ္စလာမ်ဆန့်ကျင်ရေးသမား ဂါ့တ်ဝိုင်းလ်ဒါးရဲ့ လက်ယာပါတီ Freedom Party (PVV) က ပါတီဝင်တစ်ဦးဖြစ်ပြီး အရင်က အစ္စလာမ်ဘာသာကို လူလိမ်ဘာသာလို့ သမုတ်ခဲ့သူ ဖြစ်ပါတယ်။

    ဒက်ခ်ျရေဒီယိုတစ်ခုကို ပြောကြားရာမှာ ကလာဗီရန်က အစ္စလာမ်သာသနာနဲ့ ပိုမိုထိတွေ့လာတဲ့အခါ အရင်က အမြင်ဆိုးတွေ မှားယွင်းကြောင်း သိလာရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီလိုအထင်မှား အမြင်မှားတွေအတွက် အပြစ်ရှိတယ်လို့ ခံစားရလားလို့ မေးမြန်းရာမှာ ကလာဗီရန် ဒီအမြင်တွေဟာ လုံးဝ မှားယွင်းပြီး PVV ရဲ့ ပေါ်လစီဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

    “ဒီလိုအမှားတွေကို အစ္စလာမ်နဲ့ ဆက်နွယ်နေအောင် တစ်နည်းမဟုတ်တစ်နည်းနဲ့ လုပ်ဆောင်ခဲ့ကြတာပါ”

    ကလာဗီရန်ဟာ PVV ပါတီကနေ ၂၀၁၄ ခုနှစ်က နှုတ်ထွက်ခဲ့ပါတယ်။

    နယ်သာလန်နိုင်ငံမှာ အစ္စလာမ်ဆန့်ကျင်ရေး လက်ယာနိုင်ငံရေးသမားတွေ အစ္စလာမ်ဘာသာကို ပြောင်းလဲသက်ဝင်တာဟာ ကလာဗီရန်က ပထမဆုံး မဟုတ်ပါဘူး။ နာမည်ကြီး အစ္စလာမ်ဆန့်ကျင်ရေးသမား အာနော့ဒ် ဗန် ဒေါန်ဟာ ၂၀၁၂ ခုနှစ်က အစ္စလာမ်ကို လက်ခံခဲ့ပါတယ်။

    ကလာဗီရန်ရဲ့ ဆုံးဖြတ်ချက်အတွက် ဗန်ဒေါန်က ဆိုရှယ်မီဒီယာကနေ ဂုဏ်ပြုခဲ့ပြီး ‘PVV ဟာ အစ္စလာမ်သာသနာ ပေါက်ဖွားရာ နေရာတစ်ခု ဖြစ်လာမယ်ဆိုတာ’ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    နယ်သာလန်နိုင်ငံမှာ ခန့်မှန်းခြေ အစ္စလာမ်ဘာသာဝင် ၁ သန်းလောက်ရှိနေပြီး နိုင်ငံလူဦးရေရဲ့ ၅.၈ ရာခိုင်နှုန်းဖြစ်ပါတယ်။

    အစ္စလာမ်ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်မှုဟာ ဥရောပက အခြားနိုင်ငံတွေမှာလည်း ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ဂျာမနီနိုင်ငံက အစ္စလာမ်ဆန့်ကျင်ရေး လက်ယာပါတီ AfD ရဲ့ ထိပ်တန်းခေါင်းဆောင် အာသာ ၀ဂ်နာဟာ ပါတီကနေ နှုတ်ထွက်ခဲ့ပြီး အစ္စလာမ်ဘာသာဝင် ဖြစ်လာခဲ့ပါတယ်။

    Ref: Moroco World

  • သွေးနဲ့ အမုန်းတွေကို မိတ်ကပ်ဖို့ နေတဲ့ UAE (သူအမြင်)

    သွေးနဲ့ အမုန်းတွေကို မိတ်ကပ်ဖို့ နေတဲ့ UAE (သူအမြင်)

    ဖေဖော်ဝါရီ ၆ ၊ ၂၀၁၉
    မြင်သစ်

    UAE က 2019 ကို Year of Toleranceတဲ့။ 2018 နှစ်ကုန်ပိုင်းက ကမ္ဘာမှာ အစ္စလာမ်နဲ့ ငြိမ်းချမ်းရေးရဲ့ ပုံရိပ်ဖြစ်တဲ့ အစ္စလာမ့်ပညာရှင် ရှိခ်ဘင်ဘယားနဲ့ ရှိခ်ဟမ်ဇာယူစွဖ်တို့ ကို ခေါ် ဦးဆောင်စေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေး ဖိုရမ်ကြီး လုပ်လေရဲ့။

    ဒီရက်ပိုင်းလည်း နိုင်ငံရဲ့ အကြီးဆုံး ဗုဒ္ဓ့ တရားကျောင်းဖွင့်ပွဲနဲ့ ပုပ်ရဟန်းမင်းကြီးကို ဖိတ်ကြား အလည်လာတဲ့ သတင်းနဲ့ သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူထားလေရဲ့။

    UAE ဘာတွေလုပ်နေလဲဆိုတော့…ဆော်ဒီနဲ့ပေါင်းပြီး ယီမင်ကို စစ်တိုက်နေတာ မျက်မှောက်ခေတ်ရဲ့ အဆိုးဆုံး ကာလဝမ်းရောဂါကပ်ဘေးဆိုက်စေပြီးပြီ၊ အခုလည်း လူသန်းဆယ်ချီ ထိခိုက်သေကြေစေနေတဲ့ အဆိုးဝါးဆုံးအငတ်ဘေးကျ စေနေပြီ။ မပြီးသေး အရှေ့အလယ်ပိုင်းမှာ ဇီယွန်တွေတရားဝင်ဖြစ်အောင် နိုင်ငံရေးလှုံ့ ဆော်ပေး ညှိနှိုင်းပေး (ဂျူးနဲ့ ဇီယွန်တွေနဲ့ မတူပါ၊ ဇီယွန်တွေဟာ အစွန်းရောက်ပြီး ပါလက်စတိုင်းတွေကို နိုင်ငံရေး လူမျိုးရေး ဘာသာရေး ဖိနှိပ်စော်ကားသူတွေပါ)။

    တခါ အာရပ်နွေဦးလူထုတော်လှန်ရေးကို တန်ပြန်ဖို့နဲ့ တော်လှန်ရေးရဲ့ အောင်ပွဲတစ်ခုဖြစ်တဲ့ အီဂျစ်ရဲ့ ပထမဆုံး ဒီမိုအစိုးရကို ဖြုတ်ချ အာဏာသိမ်းစေဖို့ ဒေါ်လာဘီလျံချီ စပွန်စာရှင်ပါ။ အဲ့တော့ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ အီဂျစ်ပြည်သူတွေ စစ်အာဏာရှင်သစ် ဆီဆီကို ရခဲ့တာပေါ့။

    GCC မဟာမိတ်နိုင်ငံဖြစ်တဲ့ ကာတာကိုလည်း သူတို့ထက်သာလာတာကို မနာလိုဖြစ်ပြီး ဆော်ဒီနဲ့ပေါင်း လုပ်ကြံပိတ်ဆို့ဒုက္ခပေးခဲ့ပါတယ်။ သူတို့ပိတ်ဆို့မှုကို မထောက်ခံတဲ့ နိုင်ငံတွေကိုလည်း ရံပုံငွေ ထောက်ပံ့ကူညီမှု ရပ်စဲတာမျိုးတွေ လုပ်ခဲ့ပါတယ်။

    လတ်တလော အာရုဖလားပွဲမှာ UAE အာဏာပိုင်နဲ့ ပရိသတ်ရဲ့ အမုန်းဟာ ရုပ်ပျက်ဆင်းပျက်ပါပဲ။ ကာတာအသင်းကို ဒုက္ခပေးတာမှာ ကာတာပရိသတ်ကို ပြည်ဝင်ခွင့်မပေး၊ ပွဲလက်မှတ်လက်ကျန်တွေကို UAEအစိုးရက အကုန်ဝယ်၊ ပရိသတ်က ရိုင်းစိုင်း၊ ရှုံးတော့ ရှုံးမဲမဲ၊ ကာတာကစားသမားတွေကို ကိုယ်ထိလက်ရောက်လုပ်။

    မပြီးသေးပါ… နိုင်ငံတကာက ဆိုမာလီယာရဲ့ နယ်မြေအဖြစ်သာ သိမှတ်ပြုတဲ့ ဆိုမာလီlandခွဲထွက်သူပုန်နယ်မြေမှာ UAEရဲ့ စစ်အခြေစိုက်စခန်းကို ကန့်ကွက်မှုတွေကြားက 2018 နှစ်လယ်မှာ ဖွင့်ခဲ့ပါတယ်။

    ကဒါဖီအလွန် ပြိုကွဲပျက်စီးနေတဲ့ လစ်ဗျားနိုင်ငံ တည်ဆောက်ရေးမှာ ရှေ့တစ်မျိုး နောက်တစ်မျိုးနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာသိမှတ်ပြု အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လစ်ဗျားအရှေ့ခြမ်းက စစ်ခေါင်းဆောင်ကို ထောက်ပံ့ပြီး ပြည်တွင်းစစ်ပွဲသက်ဆိုးရှည်နေစေပါတယ်။

    UAE ရဲ့ 2019 ပါ…Year of Tolerance ပါ။ စစ်ပွဲတွေ ရန်လိုမှုတွေ မုန်းတီးမှုတွေ အနိုင်ကျင့်မှုတွေကို Tolerance ဖြစ်တယ်လို့ပဲ ဖွင့်ဆိုရမှာပါ။ UAEရဲ့ 2019 Year of Tolerance ဟာ မျက်မှာပြောင်တိုက် အညံ့စား နိုင်ငံရေးဟာသတစ်ပုဒ်ပါပဲ။

    ဒီနေ့ခေတ်ကိုက လူပြိန်းကြိုက် အပေါစား မိတ်ကပ်ဖို့ နိုင်ငံရေးနဲ့ ညစ်ပတ်တဲ့ ကစားပွဲတွေ ခေတ်ထနေတယ်ပဲ သြချရတော့မှာပါ။

    Photo from internet