News @ M-Media
Blog
  • ဟိမ၀န္တာရေခဲပြင်၏ ၃ ပုံ ၁ ပုံ ပျော်ကျမှုကြောင့် အာရှတိုက်ရှိ မြစ်ကြီးများ ထိခိုက်ဖွယ်ရှိနေ
    ဟိမ၀န္တာရေခဲပြင်၏ ၃ ပုံ ၁ ပုံ ပျော်ကျမှုကြောင့် အာရှတိုက်ရှိ မြစ်ကြီးများ ထိခိုက်ဖွယ်ရှိနေ
    ဖေဖော်ဝါရီ ၅၊ ၂၀၁၉
    M-Media
    – ကမ္ဘာကြီးရဲ့အပူချိန် မြင့်တက်လာတာကြောင့် ဟိမ၀န္တာနဲ့ ဟိန္ဒူကက်ရှ်ဒေသတွေက ရေခဲပြင် ၃ ပုံ ၁ ပုံဟာ အခုရာစုနှစ်အတွင်း အရည်ပျော်ဖို့ရှိနေပြီး အာရှဒေသက အဓိကမြစ်ကြီးတွေရဲ့ စီးဆင်းမှုကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက မနေ့မှာ သတိပေးလိုက်ပါတယ်။
    Hindu Kush Himalaya (HKH) ဒေသဟာ ကမ္ဘာအမြင့်ဆုံး ဧ၀ရတ်တောင်နဲ့ ဒုတိယအမြင့်ဆုံး K2 တောင်တို့ တည်ရှိရာ ဒေသလည်း ဖြစ်ပါတယ်။
    တောင်တန်းတွေကို လေ့လာစောင့်ကြည့်နေတဲ့ International Centre for Integrated Mountain Development အဖွဲ့ရဲ့ မနေ့က အစီရင်ခံစာမှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် HKH ဒေသ ရေခဲပြင်ကြီးတွ အခုရာစုနှစ်အတွင်း အရည်ပျော်ပြီး နိုင်ငံ ၈ နိုင်ငံကို ထိခိုက်နိုင်ကာ အရင်က မဖြစ်ခဲ့ဖူးတဲ့ ရာသီဥတုပြဿနာလို့ ဖော်ပြထားပါတယ်။
    အစီရင်ခံစာကို သိပ္ပံပညာရှင် ၂၁၀ က လေ့လာပြီး ပူးပေါင်းရေးသားထားတာဖြစ်ပါတယ်။
    ၂၀၁၅ ခုနှစ်က လက်မှတ်ထိုးခဲ့တဲ့ ‘ပဲရစ် ရာသီဥတု သဘောတူညီချက်’ အတိုင်း ကမ္ဘာ့နိုင်ငံတွေက ဆောင်ရွက်မယ်ဆိုရင်တောင် ၂၁၀၀ ခုနှစ်အရောက်မှာ HKH ဒေသက ရေခဲပြင်ရဲ့ ၃ ပုံတစ်ပုံကျော်လောက် အရည်ပျော်သွားနိုင်ပြီး၊ သဘောတူညီချက်အတိုင်း မဆောင်ရွက်ရင် ၃ ပုံ ၂ ပုံလောက် ပျောက်ကွယ်သွားနိုင်တယ်လို့ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။
    အာဖဂန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံတွေအထိ ကျယ်ပြန့်တဲ့ HKH ဒေသက ရေခဲပြင်တွေဟာ ၁၉၇၀ ပြည့်နှစ်တွေကတည်းက ပါးလာတာဖြစ်ပါတယ်။
    ဒီရေခဲပြင် အရည်ပျော်သွားရင် အာရှကပြည်သူတွေ အဓိက မှီခိုနေရတဲ့ ယန်ဇီမြစ်၊ မဲခေါင်မြစ်၊ အိန္ဒုမြစ်နဲ့ ဂင်္ဂါမြစ်တွေရဲ့ စီးဆင်းမှု၊ မြစ်တွေပေါ်မှာ တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို ထိခိုက်မှာဖြစ်ပြီး ကမ်းပါး တိုက်စားမှုတွေ မြေပြိုမှုတွေလည်း ပိုမိုဖြစ်ပွားမယ်လို့ အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။
    ရေခဲပြင်အရည်ပျော်မှုကြောင့် HKH ဒေသတွေမှာ နေထိုင်တဲ့ လူ သန်း ၂၅၀ အပြင် မြစ်ကြီးတွေတစ်လျှောက် နေထိုင်ကြတဲ့ လူ ၁.၆၅ ဘီလီယံလောက် အတိဒုက္ခရောက်ဖွယ် ရှိနေပါတယ်။ ရေခဲပြင်ပျော်ကျမှု နောက်ဆက်တွဲအဖြစ် ပင်လယ်ရေမျက်နှာပြင်ကလည်း ၁.၅ မီတာလောက်အထိ မြင့်တက်လာနိုင်ပြီး ကျွန်းတွေမှာ နေထိုင်ကြသူတွေဟာ ထိခိုက်မှု ပိုများနိုင်တယ်လို ပညာရှင်တွေက သတိပေးခဲ့ပါတယ်။
    Ref : Reuters
  • ဓမ္မတာကာလအတွင်း သီးသန့်နေသည့် နီပေါအမျိုးသမီးတစ်ဦး သေဆုံး
    ဓမ္မတာကာလအတွင်း သီးသန့်နေသည့် နီပေါအမျိုးသမီးတစ်ဦး သေဆုံး
    ဖေဖော်ဝါရီ ၅၊ ၂၀၁၉
    M-Media
    ဓမ္မတာကာလ သီးသန့်တဲတွင် နေထိုင်နေသည့် အမျိုးသမီးတစ်ဦး
    – နီပေါနိုင်ငံမှာ ဓမ္မတာလာနေတဲ့အမျိုးသမီးတစ်ဦး သီးသန့်တဲမှာ သွားနေရာကနေ သေဆုံးမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတွေအပေါ် ဒီလိုခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေး ပိုမိုလုပ်ဆောင်ဖို့ တာဝန်ရှိသူတွေက တိုက်တွန်းခဲ့ကြပါတယ်။
    ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့တဲ့ ဟိန္ဒူထုံးတမ်းဓလေ့မှာ ဓမ္မတာလာနေတဲ့အချိန်နဲ့ မီးဖွားပြီးတဲ့အချိန်တွေမှာ အမျိုးသမီးတွေဟာ ထိတွေ့ကိုင်တွယ်ဖို့ မသင့်ဘူးလို့ သတ်မှတ်ထားပြီး လူသူနဲ့ဝေးရာ သီးခြားနေရာတွေမှာ သွားရောက်နေထိုင်ရပါတယ်။ Chhaupadi လို့ခေါ်တဲ့ ဒီဓလေ့ကို နီပေါနိုင်ငံက နေရာတော်တော်များများမှာ လက်ခံ ကျင့်သုံးကြပါတယ်။
    နိုင်ငံအနောက်ပိုင်း ဆူဒါပက်ချင်မ်ပြည်နယ် ဒိုတီခရိုင်က အသက် ၂၁ နှစ်အရွယ် ပါရ်ဘသီ ဘိုဂါတီဟာ သူမရဲ့ ဓမ္မတာကလအတွင်း သီးသန့်နေထိုင်နေတဲ့အချိန်
    မနေ့က မီးလှုံဖို့ မီးမွှေးရာကနေ မီးခိုးမွှန်ပြီး သေဆုံးသွားခဲ့ပါတယ်။
    ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ လာလာ ဘဟာဒူးရ် ဒါမီက ပါရ်ဘသီဟာ ဓမ္မတာတဲမှာ နေထိုင်ဖို့ စီစဉ်ပေမယ့် လူများနေတာကြောင့် သူ့အိမ်နဲ့ မလှမ်းမကမ်းက လူမနေတဲ့ အိမ်တစ်လုံးမှာ သွားနေရင်း ဒီလို သေဆုံးသွားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Chhaupadi ဓလေ့ထုံးတမ်းကို ၂၀၁၅ ခုနှစ်ကတည်းက နီပေါနိုင်ငံမှာ ပိတ်ပင်ခဲ့တာပါ။ ဒီဓလေ့ကို ကျင့်သုံးမယ်ဆိုရင် ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ဒဏ်ငွေ ရူပီး ၃ ထောင် (ကန်ဒေါ်လာ ၃၀) ပေးဆောင်ရမယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ဥပဒေ ပြဌာန်းခဲ့ပါတယ်။
    ဒါပေမယ့် နိုင်ငံအနောက်ပိုင်းမှာ ဒီဓလေ့ကို အခုအချိန်အထိ ကျင့်သုံးနေကြပြီး ပြီးခဲ့တဲ့ ၃ ပတ်အရင်က အနီးအနား ဘာဂျူရာခရိုင်မှာ အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့ သားနှစ်ဦးတို့ သီးသန့်တဲမှာ နေထိုင်နေစဉ် မီးလှုံရာကနေ မီးခိုးမွှန် သေဆုံးခဲ့ပါတယ်။
    ဒီသေဆုံးမှုကြောင့် ရွာမှာရှိတဲ့ ဓမ္မတာကာလ သီးသန့်တဲတွေကို ဖြိုဖျက်မှု ဖြစ်ခဲ့ပြီး အာဏာပိုင်တွေကလည်း သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
    ဒီဓလေ့ကို တားမြစ်တဲ့ဥပဒေ ပြဌာန်းရာမှာ ပါဝင်ခဲ့တဲ့ လွှတ်တော်အမတ် ဂန်ဂါ ချောင်ဒရီက ဥပဒေ အမှန်တကယ် သက်ရောက်ဖို့အတွက် ပိုမိုလုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera
  • ဘာသာရေးခေါင်းဆောင်များ ညီညွတ်ရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း၊ ဘုရားကျောင်းသစ်နှင့် ဗလီသစ်ကို အုတ်မြစ်ချ
    ဘာသာရေးခေါင်းဆောင်များ ညီညွတ်ရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း၊ ဘုရားကျောင်းသစ်နှင့် ဗလီသစ်ကို အုတ်မြစ်ချ
    ဖေဖော်ဝါရီ ၅၊ ၂၀၁၉
    M-Media
    ပုပ်ရဟန်းမင်းကြီးနှင့် ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်တို့ နှုတ်ဆက်စဉ်
    – ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေအားလုံး ညီညွတ်ကြဖို့နဲ့ ဘာသာတရားအမည်တပ်ကာ အကြမ်းဖက်မှုတွေ မလုပ်ကြဖို့ ယူအေအီးနိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပြီး ထိပ်တန်း အစ္စလာမ်ဘာသာရေး ခေါင်းဆောင်နဲ့အတူ ငြိမ်းချမ်းရေးကြငြာချက်တစ်စောင်ကိုလည်း ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။
    ခရစ်ယာန် ကက်သလစ်အသင်းတော်ရဲ့ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံကို ၃ ရက်ကြာ အလည်အပတ် ရောက်ရှိနေတာဖြစ်ပြီး အစ္စလာမ်သာသနာ စတင်ပေါ်ပေါက်ရာ အာရေဗျကျွန်းဆွယ်ကို ပထမဆုံးရောက်ရှိတဲ့ ကက်သလစ် ပုပ်ရဟန်းမင်းကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    မနေ့က အဘူဒါဘီမြို့ ဘုရင့်နန်းတော်မှာ ကျင်းပတဲ့ ဘာသာပေါင်းစုံညီလာခံမှာ ပုပ်ရဟန်းမင်းကြီးက စစ်ပွဲတွေ၊ အကြမ်းဖက်မှုကို ဘာသာတရား ခေါင်းစဉ်တပ်တာတွေကို ရှုတ်ချခဲ့ပါတယ်။
    “စစ်ပွဲတွေက စိတ်မကောင်းစရာကလွဲပြီး ဘာမှဖြစ်မလာသလို၊ လက်နက်တွေကလည်း သေဆုံးခြင်းကိုသာ ယူဆောင်လာတာပါ။ အကြမ်းဖက်မှုပုံစံအားလုံးကို နှောင့်နှေးမှုမရှိဘဲ ရှုတ်ချဖို့ လိုအပ်ပါတယ်။ ဘယ်လိုအကြမ်းဖက်မှုကိုမှ ဘာသာတရားနဲ့ တန်းညှိလို့ မရပါဘူး”
    International Conference for Human Fraternity (နိုင်ငံတကာ ညီရင်းအစ်ကိုဝါဒ ညီလာခံ) အမည်နဲ့ ကျင်းပတဲ့ အဲဒီ ဘာသာပေါင်းစုံတွေ့ဆုံပွဲကို အစ္စလာမ်ကမ္ဘာက နာမည်ကျော် ဓမ္မတက္ကသိုလ် ‘အလ်-အဇ်ဟာရ်’ ရဲ့ ရှေ့ဆောင်အီမာမ် ဒေါက်တာ ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်၊ ယူအေအီး ဘုရင်နဲ့ အိမ်ရှေ့မင်းသား၊ အစိုးရတာဝန်ရှိသူတွေ၊ ဘာသာပေါင်း ၂၂ ခုက ဘာသာရေးခေါင်းဆောင်တွေ စုစုပေါင်း လူ ၇၀၀ လောက် တက်ရောက်ခဲ့ပါတယ်။
    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အရှေ့အလယ်ပိုင်းဒေသအတွင်း ဘာသာရေးလွတ်လပ်ခွင့် ပိုမိုပေးအပ်ဖို့ တောင်းဆိုခဲ့သလို၊ ယီမင်၊ အီရတ်နဲ့ ဆီးရီးယားတို့က စစ်ပွဲတွေကို ရပ်တန့်ဖို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    လက်နက်နဲ့ အင်အားတည်ဆောက်တာ၊ နယ်ခြားတွေမှာ စစ်ပြင်နေတာတွေနဲ့ နယ်ခြားတံတိုင်းတွေ တည်ဆောက်နေတာကို တွန်းလှန်ရေး ဘာသာတရားတွေအားလုံး ညီညွတ်ဖို့ ပုပ်ရဟန်းမင်းက တိုက်တွန်းခဲ့ပါတယ်။
    “ကျွန်တော်တို့မှာ တခြားနည်းလမ်း မရှိပါဘူး။ ကျွန်တော်အားလုံး ပူးတွဲပြီး အနာဂတ်ကို မတည်ဆောက်ဘူးဆိုရင် အနာဂတ်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး”
    ဘာသာတရားက စစ်ပွဲအကြောင်းခံ မဖြစ်စေရ
    ကမ္ဘာ့ကိုးကွယ်မှုအများဆုံး ဘာသာတရားတွေရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ဒေါက်တာ ရှိခ် အဟ်မဒ် အလ်-တိုင်ယစ်ဘ်တို့ဟာ ပူးတွဲကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် တိုက်တွန်းခဲ့ပါတယ်။
    “မုန်းတီးမှု၊ ရန်လိုမှု၊ အစွန်းရောက်ဝါဒတွေဖြစ်လာအောင်၊ အကြမ်းဖက်မှုတွေ၊ သွေထွက်သံယိုမှုတွေ ဖြစ်လာအောင် ဘာသာတရားနဲ့ လှုံ့ဆော်တာမျိုး ဘယ်တော့မှ မဖြစ်စေဖို့ ကျွန်တော်တို့ အခိုင်အမာ ကြေငြာလိုပါတယ်” လို့ ၁၆ မျက်နှာပါတဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    ဖရန်စစ်နဲ့ အလ်-တိုင်ယစ်ဘ်တို့ဟာ ယူအေအီးမြို့တော် အဘူဒါဘီမှာ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းသစ် ဘေးချင်းယှဉ် တည်ဆောက်မယ့် စီမံကိန်းကိုလည်း အုတ်မြစ်ချပေးခဲ့ပါတယ်။
    အလ်-တိုင်ယစ်ဘ်က ခရစ်ယာန်လူ့အဖွဲ့အစည်းတွေကို လက်တွဲခေါ်ကြဖို့အတွက် အရှေ့အလယ်ပိုင်း ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။
    “ဒေသတွင်းမှာရှိတဲ့ ခရစ်ယာန် ညီအစ်ကိုမောင်နှမတွေကို လက်ခံအသိအမှတ်ပြုကြပါ။ သူတို့တွေဟာ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ နိုင်ငံသားတွေဖြစ်တယ်။ လူနည်းစုမဟုတ်ပါဘူး။ အခွင့်အရေးအပြည့်၊ တာဝန်အပြည့်ရှိတဲ့ နိုင်ငံသားတွေ ဖြစ်ပါတယ်”
    တနင်္ဂနွေနေ့က ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဖေဖော်ဝါရီ ၅ ရက်နေ့ ဒူဘိုင်းက စိန့်မေရီ ကက်သလစ်ဘုရားကျောင်းမှာ ခရစ်ယာန်ဘာသာဝင်တွေနဲ့အတူ ၀တ်ပြုဆုတောင်းဖို့ရှိနေပြီး အရှေ့အလယ်ပိုင်းဒေသမှာ အကြီးမားဆုံး ၀တ်ပြုဆုတောင်းပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။
    Ref: Aljazeera, Khaleej Times
  • ၀က်သားလျှော့စားပြီး ကမ္ဘာကြီးကိုထိန်းသိမ်းရန် တရုတ်လူမျိုးများကို ပညာရှင်များ တိုက်တွန်း
    ဖေဖော်ဝါရီ ၄၊ ၂၀၁၉
    M-Media
    – ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ တရုတ်လူမျိုးတွေအနေနဲ့ ၀က်သားလျှော့စားပြီး ကမ္ဘာကြီးကို ကာကွယ်ဖို့ သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပြီး ‘၀က်နှစ်’ နှစ်သစ်ကူးကာလနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဒီသတိပေးမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ၀က်သားစားသုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဝက်သားစားသုံးမှုရဲ့ တစ်ဝက်လောက် ရှိနေပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုရဲ့ အဓိကအကြောင်းအရင်းက ကာဘွန်ထုတ်လွှတ်မှု မြင့်တက်လာတာဖြစ်ပြီး အသားထုတ်လုပ်မှုလုပ်ငန်းဟာ ကမ္ဘာ့ကာဘွန်ထုတ်လုပ်မှုမှာ ၁၄.၅ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
    တရုတ်နိုင်ငံဟာ ကမ္ဘာ့ ကာဘွန်ထုတ်လုပ်မှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
    “တရုတ်လူမျိုးတွေ ၀က်သားကို အခုထက် တစ်ဝက်လောက် လျှော့စားမယ်ဆိုရင် လာမယ့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံဟာ ကာဘွန်ထုတ်လွှတ်မှုကို ၁၀ ရာခိုင်နှုန်းလောက် လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ‘၀က်နှစ်’ ကို ဂုဏ်ပြုတဲ့အနေနဲ့ ၀က်သားကို လျှော့စားကြပါ” လို့ အမေရိကန်အခြေစိုက် WildAid အဖွဲ့က တရုတ်နိုင်ငံဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ဒါရိုက်တာ ယန်လင်က ပြောကြားခဲ့ပါတယ်။
    တရုတ်လူမျိုးတွေရဲ့ ပြက္ခဒိန်မှာ လ ၁၂ လကို တိရစ္ဆာန်တစ်ကောင်စီနဲ့ အမှတ်သညာပြုထားပြီး အင်္ဂါနေ့မှာ စတင်ကျရောက်မယ့် နှစ်သစ်က ၀က်နှစ်ဖြစ်ပါတယ်။ တရုတ်ရိုးရာယဉ်ကျေးမှုအရ ၀က်နှစ်မှာ ၀က်သားကိုရှောင်မယ်ဆိုရင် ပိုပြီး ကံကောင်းတယ်လို့ ယူဆထားပါတယ်။
    တရုတ်နိုင်ငံက ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Weibo မှာ တိရစ္ဆာန်အခွင့်အရေးအဖွဲ့ PETA က ၀က်သားလျှော့စားရေး လှုပ်ရှားမှုကို ဆောင်ရွက်နေပါတယ်။
    “အသားထုတ်လုပ်မှုကထွက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ဟာ ကမ္ဘာပေါ်က သယ်ယူပို့ဆောင်ရေးလုပ်ငန်းအားလုံးပေါင်းကထွက်တဲ့ ပမာဏထက်ကို ပိုပါတယ်” လို့ PETA က အာရှဆိုင်ရာ ဆော်သြရေးမှူး ဂျေဆန် ဘိတ်ကာက ပြောကြားခဲ့ပါတယ်။
    ၂၀၁၆ ခုနှစ်မှာ တရုတ်အစိုးရက အစားအသောက်အကြံပြုချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ပြည်သူတွေကို အသားလျှော့စားဖို့ တိုက်တွန်းထားပါတယ်။
    ဒါပေမယ့် တရုတ်နိုင်ငံမှာ ၀က်သားစားသုံးမှုဟာ ကြွယ်ဝမှု အဆင့်အတန်းတွေနဲ့ပါ သက်ဆိုင်နေတာကြောင့် အချိန်တိုတိုအတွင်း စားသုံးမှုလျှော့ချဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
    Ref: Reuters
  • ပြည်တွင်းဖြစ် တာဝေး ခရုဇ်ဒုံးကျည်သစ်ကို အီရန်ထုတ်ပြ
    ပြည်တွင်းဖြစ် တာဝေး ခရုဇ်ဒုံးကျည်သစ်ကို အီရန်ထုတ်ပြ
    ဖေဖော်ဝါရီ ၄၊ ၂၀၁၉
    M-Media
    – ကီလိုမီတာ ၁၃၅၀ အကွာအဝေးအထိ ရောက်ရှိနိုင်မယ့် ခရုဇ်ဒုံးကျည်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မနေ့ကပြုလုပ်တဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနားမှာ အီရန်က ကြေငြာလိုက်ပါတယ်။
    ဒုံးကျည်ကို Hoveizeh လို့ အမည်ပေးထားပြီး ၂၀၁၅ ခုနှစ်က ထုတ်ပြခဲ့ Soumar ခရုဇ်ဒုံးကျည်အုပ်စုက ဖြစ်ပါတယ်။ ကာကွယ်ရေးအောင်မြင်မှု နှစ် ၄၀ အထိမ်းအမှတ်အဖြစ် မနေ့က မြို့တော်တီဟီရန်မှာပြုလုပ်တဲ့ လက်နက်ပြပွဲ အခမ်းအနားမှာ ဒီဒုံးကျည်ကို ထုတ်ပြခဲ့တာပါ။
    အီရန်ကာကွယ်ရေးဝန်ကြီး အမီရ် ဟာတာမီက Hoveizeh ဒုံးကျည်ဟာ ကီလိုမီတာ ၁၂၀၀ မှာရှိတဲ့ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    “အနိမ့်ပိုင်းကနေ ပျံသန်းနိုင်မယ့် ဒီဒုံးကျည်ဟာ သိပ်မကြာခင်အချိန်အတွင်းမှာ အဆင်သင့်သုံးနိုင်တဲ့အဆင့်ကို ရောက်မှာဖြစ်ပါတယ်”
    Hoveizeh ကို အီရန်နိုင်ငံကာကွယ်ရေးရဲ့ အားထားရမယ့် လက်နက်တစ်ခုအဖြစ် ဟာတာမီက သမုတ်ခဲ့ပါတယ်။
    အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ လေကြောင်းတပ်ဖွဲ့အကြီးအကဲ အမီရာလီ ဟာဂျီဇာဒါဟ်က အီရန်ဟာ ဒုံးကျည်တွေအတွက် ဂျက်အင်ဂျင်ဖန်တီးမှုမှာ အစပိုင်းက ပြဿနာတွေရှိခဲ့ပေမယ့် ကျော်လွှားနိုင်ခဲ့ပြီး အခုအချိန်မှာတော့ တာနီး၊ တာလတ်၊ တာဝေးပစ် ဒုံးကျည်အားလုံးကို ထုတ်လုပ်နိုင်ပြီလို့ လက်နက်ပြပွဲမှာ ပြောကြားခဲ့ပါတယ်။
    ၂၀၁၅ ခုနှစ် အင်အားကြီးနိုင်ငံတွေနဲ့ နျူအရေး သဘောတူညီချက် ရရှိခဲ့ပြီးတဲ့နောက်ပိုင်း အီရန်ဟာ သူတို့ရဲ့ ဒုံးကျည်အစီအစဉ်ကို ပိုမိုချဲ့ထွင်လာခဲ့ပါတယ်။
    Ref: Aljazeera