News @ M-Media

Blog

  • အီရတ်-ဂျော်ဒန် နယ်စပ်ပြန်ဖွင့်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်

    အီရတ်-ဂျော်ဒန် နယ်စပ်ပြန်ဖွင့်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၉
    M-Media

    – မတည်ငြိမ်မှုတွေကြောင့် နှစ်ချီပိတ်ထားရတဲ့ အီရတ်-ဂျော်ဒန် နယ်စပ်ကို စနေနေ့က ပြန်လည်ဖွင့်ပေးခဲ့ပြီး နှစ်နိုင်ငံ ပူးတွဲစက်မှုဇုန်တစ်ခုကိုလည်း တစ်ပါတည်း ဖွင့်လှစ်ခဲ့ပါတယ်။

    နယ်စပ်မှာရှိတဲ့ စက်မှုဇုန်ဖွင့်ပွဲအခမ်းအနားနဲ့ နှစ်နိုင်ငံ အစည်းဝေးကို အီရတ်ဝန်ကြီးချုပ် အဒဲလ် အဘ်ဒူလ်-မဟ်ဒီနဲ့ ဂျော်ဒန်ဝန်ကြီးချုပ် အိုမာရ် ရက်ဇက် နှစ်နိုင်ငံ အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ မှောင်ခိုသမားတွေ လက်ထဲကနေ သိမ်းဆည်းရမိထားတဲ့ အီရတ်ရှေးဟောင်းအမွေအနှစ် ၁၃၀၀ လောက်ကို ဂျော်ဒန်အာဏာပိုင်တွေက အီရတ်အစိုးရကို လွှဲပြောင်းပေးခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့က ဂျော်ဒန်နဲ့ကပ်နေတဲ့ အီရတ်နယ်မြေတွေကို သိမ်းယူခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံနယ်စပ်ကို နှစ်အတော်ကြာ ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

    IS ကို ချေမှုန်းပြီးတဲ့နောက် အီရတ်နဲ့ ဂျော်ဒန်တို့ဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ဖို့ ကြိုးပမ်းလာကြပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ရေနံရောင်းဝယ်ရေး သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။

    ပင်လယ်နက်ဝင်ပေါက်ကနေ တင်သွင်းမယ့် အီရတ်ကုန်ပစ္စည်းတွေကို ဂျော်ဒန်က အထူးအခွန်နှုန်း သတ်မှတ်ပေးမှာဖြစ်သလို နောက်ထပ် ၂ နှစ်အတွင်း ဂျော်ဒန်ဟာ အီရတ်ကို လျှပ်စစ်ဓာတ်အား ရောင်းချဖို့လည်း ရှိနေပါတယ်။

    အီရတ်နိုင်ငံဟာ အိုပက်နိုင်ငံတွေထဲမှာ ရေနံထုတ်လုပ်မှု ဒုတိယမြောက်အများဆုံး တိုင်းပြည်ဖြစ်ပြီး နိုင်ငံရဲ့ဝင်ငွေ ၉၅ ရာခိုင်နှုန်းကို ရေနံကနေ ရရှိတာပါ။ ၀န်ကြီးချုပ် အဘ်ဒူလ် မဟ်ဒီက သူတို့အစိုးရဟာ စီးပွားရေး ရေနံအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Arabnews

  • ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ယူအေအီးနိုင်ငံသို့ ၃ ရက်တာခရီး ယနေ့ စတင်

    ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ယူအေအီးနိုင်ငံသို့ ၃ ရက်တာခရီး ယနေ့ စတင်

    ဖေဖော်ဝါရီ ၃၊ ၂၀၁၉
    M-Media

    ဒူဘိုင်းမြို့ရှိ ပုပ်ရဟန်းမင်းပုံရှေ့တွင် ဓာတ်ပုံရိုက်နေသော ခရစ်ယာန်ဘာသာဝင်များ

    – ခရစ်ယာန် ရိုမန်ကက်သလစ်အသင်းတော်ရဲ့ အကြီးအကဲဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကနေ့မှာ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ကို လာရောက်လည်ပတ်ဖို့ရှိနေပြီး ဒေသတွင်း ဘာသာရေးသည်းခံနိုင်မှု ပိုမိုအားကောင်းစေမယ့် ပြယုဂ်တစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။

    ယူအေအီးဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကစလို့ ဗာတီကန်နဲ့ သံတမန်အဆက်အသွယ် ပြုလုပ်ခဲ့ကာ ဒီကနေ့ လာရောက်မှုဟာ အစ္စလာမ်သာသနာ စတင်ပေါ်ထွန်းရာ အာရေဗျကျွန်းဆွယ်ကို ပုပ်ရဟန်းမင်း ပထမဆုံးလာရောက်မှုလည်း ဖြစ်ပါတယ်။

    ဒီလိုလာရောက်မှုဟာ ယူအေအီးနိုင်ငံရဲ့ ဘာသာရေးသည်းခံနိုင်မှုကို ဖော်ညွှန်းနေတာဖြစ်သလို အရှေ့အလယ်ပိုင်းဒေသမှာ ဒီယဉ်ကျေးမှု ပိုမိုထွန်းကားဖို့အတွက် ခရစ်ယာန်ဘာသာဝင်တွေက မျှော်လင့်နေကြပါတယ်။

    “သဘောထားတင်းမာတဲ့အမြင်ရှိသူတွေ ခေတ်သစ်ကမ္ဘာကြီးမှာ သူလည်းသူ့ဟာသူနေ၊ ကိုယ်လည်း ကိုယ့်ဟာကိုနေဆိုတဲ့ အမြင်မျိုးပြောင်းလဲဖို့ ဒီလည်ပတ်မှုက သတင်းစကားပါးလိုက်တာပါ” လို့ ယူအေအီးမှာ ၁၇ နှစ်ကြာ နေထိုင်နေတဲ့ အီရတ်နိုင်ငံသား ခရစ်ယာန်ဘာသာဝင် ရာအဒ် ဂျာဘူရီ အလ် ရှိခ်က ပြောကြားခဲ့ပါတယ်။

    အလ်ရှိခ်ရဲ့ ဘိုးဘွားတွေဟာ အီရတ်နိုင်ငံ အမာရာနဲ့ ဘာဆာရာဒေသတွေမှာ ခရစ်ယာန်သာသနာပြုလုပ်ငန်းတွေ လုပ်ဆောင်ကာ ဘုရားကျောင်းတွေ ဆောက်လုပ်လှူဒါန်းခဲ့သူတွေ ဖြစ်ပါတယ်။

    ယူအေအီးနိုင်ငံကို တည်ထောင်သူ ရှိခ် ဇာယစ် ဘင် ဆူလ်တန် အလ် နဟ်ယန်ဟာ ၁၉၈၀ ပြည့်နှစ်တွေမှာ အဲဒီတုန်းက ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ၂၀၀၇ ခုနှစ် မေလ ၃၁ ရက်နေ့ရောက်မှ တရားဝင် ဆက်ဆံရေး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် စစ်တမ်းကောက်ယူမှုအရ ယူအေအီးနိုင်ငံမှာ လူဦးရေ ၉ သန်းကျော်ရှိပြီး အဲဒီအထဲက ၁၃ ရာခိုင်နှုန်းလောက်ဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပါတယ်။ အရှေ့တိုင်းအော်သိုဒေါ့စ်၊ ကက်သလစ်၊ ပရိုတက်စတင့်တို့အပါအ၀င် ခရစ်ယာန်အသင်းတော် တော်တော်များများကို ယူအေအီးအစိုးရက အသိအမှတ်ပြုထားပါတယ်။

    ပုပ်ရဟန်မင်းကြီးဖရန်စစ်ဟာ ယူအေအီးနိုင်ငံမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ နေထိုင်သွားမှာဖြစ်ပြီး ဒူဘိုင်းက စိန့်မေရီ ကက်သလစ်ဘုရားကျောင်းမှာ ခရစ်ယာန်ဘာသာဝင်တွေနဲ့တွေ့ဆုံကာ ၀တ်ပြုဆုတောင်းမှာ ဖြစ်ပါတယ်။

    ယူအေအီးနိုင်ငံမှာ ဖိလစ်ပိုင်နဲ့ အိန္ဒိယအပါအ၀င် အာရှက ခရစ်ယာန်ဘာသာဝင်တော်တော်များများ ရှိနေပြီး သူတို့ကလည်း ပုပ်ရဟန်းမင်းကြီးရဲ့ လည်ပတ်မှုအတွက် စိတ်လှုပ်ရှားနေကြပါတယ်။

    “ဂိုအာမြို့မှာ မွေးဖွားကြီးပြင်းလာတာကြောင့် ကျွန်မဘ၀မှာ ဘာသာတရားဆိုတာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘုရားရှိခိုးချိန် လွတ်သွားရင် မပြည့်စုံဘူးလို့ ကျွန်မ ခံစားရတယ်” လို့ ၂၀၁၄ ခုနှစ်က အိန္ဒိယကနေ ယူအေအီးကို ရွှေ့ပြောင်းလာတဲ့ ဒေစီ ဒါကိုစတာက ပြောကြားခဲ့ပါတယ်။

    ယူအေအီးနိုင်ငံမှာ ခရစ်ယာန်ဘာသာကို ကျင့်သုံးဖို့အတွက် အခွင့်အလမ်းအများကြီးရှိပြီး ဘုရားကျောင်းတွေမှာလည်း နေ့စဉ် ဘုရားရှိခိုးတဲ့အစီအစဉ် ရှိနေတယ်လို့ ဒေစီက ဆိုပါတယ်။

    ယူအေအီးဟာ ၂၀၁၉ ခုနှစ်ကို ‘ခန္တီတရားနှစ်’ လို့ သတ်မှတ်ထားပါတယ်။ အစ္စလာမ်ဘာသာကို လူအများကိုးကွယ်တဲ့ ဂုဏ်ထူးဝိသေနှင့် ပြည့်စုံသော ဘာသာတရားတစ်ခုအဖြစ် ယူအေအီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ထားပြီး နိုင်ငံတစ်ဝှမ်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကိုလည်း အာမခံပေးထားပါတယ်။

    ယူအေအီးအစိုးရဟာ ခရစ်ယာန် ဘုရားကျောင်းတည်ဆောက်ဖို့၊ ဟိန္ဒူဘုရားကျောင်းတည်ဆောက်ဖို့ မြေလှူဒါန်းတာ၊ ငွေကြေးထောက်ပံ့တာတွေလည်း ရှိပါတယ်။

    အခုသီတင်းပတ်အစောပိုင်းကလည်း ဒူဘိုင်းမှာ နိုင်ငံရဲ့ ပထမဆုံး ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

    Ref: Arab News

  • ရုရှားနှင့် ချုပ်ဆိုထားသည့် နျူသဘောတူညီချက်တစ်ခုမှ အမေရိကန် နှုတ်ထွက်မည်

    ရုရှားနှင့် ချုပ်ဆိုထားသည့် နျူသဘောတူညီချက်တစ်ခုမှ အမေရိကန် နှုတ်ထွက်မည်

    ဖေဖော်ဝါရီ ၂၊ ၂၀၁၉
    M-Media

    – ရုရှားနဲ့ ချုပ်ဆိုထားတဲ့ နျူလက်နက်မပြန့်ပွားရေးစာချုပ်ကို ရပ်ဆိုင်းလိုက်ပြီး ၆ လအတွင်း စာချုပ်ကနေ နှုတ်ထွက်သွားမယ်လို့ အမေရိကန်က ကြေငြာလိုက်ပါတယ်။

    ၁၉၈၇ ခုနှစ်က အမေရိကန်သမ္မတ ရော်နယ်ရေဂင်နဲ့ ဆိုဗီယက်ခေါင်းဆောင် မီခေးလ် ဂိုဘာရှက်ဘ်တို့ လက်မှတ်ရေးထိုင်းခဲ့တဲ့ Intermediate-Range Nuclear Forces (INF) Treaty ဟာ တာလတ်ပစ် နျူဒုံးကျည် မပြန့်ပွားရေး ရည်ရွယ်တဲ့ စာချုပ် ဖြစ်ပါတယ်။

    အမေရိကန်က ရုရှားဟာ စာချုပ်ပါ ကတိက၀တ်ကို အချိန်အတော်ကြာကတည်းက ချိုးဖောက်နေပြီး တားမြစ်ထားတဲ့ ဒုံးကျည်တွေကို လျှို့ဝှက်ထုတ်လုပ်ကာ မိမိတို့မဟာမိတ်နိုင်ငံတွေကို ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက မိမိတို့ INF စာချုပ်ကနေ ၆ လအတွင်း နှုတ်ထွက်မယ့်အကြောင်း ရုရှားကို တရားဝင် အသိပေးသွားမယ်လို့ မနေ့က ပြောကြားခဲ့ပြီး ရုရှားအနေနဲ့ စာချုပ်ကို ဆက်လက်ချိုးဖောက်မယ်ဆိုရင် စာချုပ်ဖျက်သိမ်းမယ်လို့ ဆိုပါတယ်။

    ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက အမေရိကန်ရဲ့ အခုလိုဆောင်ရွက်မှုဟာ ရုရှားအပြစ်ကြောင့်မဟုတ်ဘဲ နိုင်ငံတကာ ကတိက၀တ်တွေကနေ နှုတ်ထွက်လိုတာကြောင့် ဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

    INF ကနေ အမေရိကန် နှုတ်ထွက်တော့မယ်ဆိုတဲ့သတင်းဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ပြန့်ခဲ့တာ ဖြစ်ပါတယ်။

    စာချုပ်မှာ ကီလိုမီတာ ၅၀၀ ကနေ ၅၅၀၀ အထိ ရောက်နိုင်တဲ့ မြေပြင်ပစ် ခရုဇ်ဒုံးကျည်တွေကို ပိတ်ပင်ထားပါတယ်။ ဒီဒုံးကျည်တွေဟာ ပစ်မှတ်ကို မိနစ်အနည်းငယ်အတွင်း ရောက်ရှိနိုင်တဲ့အတွက် နိုင်ငံရေးသမားတွေကို စဉ်းစားချိန်နည်းပြီး လျင်လျင်မြန်မြန် တုန့်ပြန်မယ်ဆိုရင် နျူစစ်ပွဲအန္တရာယ် မြင့်တက်လာနိုင်တာကြောင့် ဒီလို တားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

    အမေရိကန်က တရုတ်ဟာ ဒီစာချုပ်ထဲမပါတာကြောင့် တားမြစ်ထားတဲ့ ဒုံးကျည်တွေကို အမြောက်အများထုတ်လုပ်ပြီး အာရှမှာ စစ်ရေးအားသာမှု ကြီးကြီးမားမားရနေတဲ့အတွက် စိုးရိမ်တယ်လို့လည်း အရင်က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • Apple ၏ မောင်းသူမဲ့ကား လျှို့ဝှက်ချက်များ ခိုးယူမှုဖြင့် တရုတ်အင်ဂျင်နီယာ တရားစွဲခံရ

    Apple ၏ မောင်းသူမဲ့ကား လျှို့ဝှက်ချက်များ ခိုးယူမှုဖြင့် တရုတ်အင်ဂျင်နီယာ တရားစွဲခံရ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၉
    M-Media

    – Apple ကုမ္ပဏီရဲ့ မောင်းသူမဲ့ကား စီမံကိန်းက အချက်အလက်တွေ ခိုးယူတယ်လို့ စွပ်စွဲကာ တရုတ်အင်ဂျင်နီယာတစ်ယောက်ကို အမေရိကန်က တရားစွဲဆိုလိုက်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရဖွယ် ရှိနေပါတယ်။

    ဖမ်းဆီးခံရသူဟာ လျှပ်စစ်အင်ဂျင်နီယာ ချန်ဂျီကျုံးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇွန်လမှာ Apple ရဲ့ မောင်းသူမဲ့ကား Hardware ဒီဇိုင်းအဖွဲ့မှာ အလုပ်ဝင်ခဲ့သူ ဖြစ်ပါတယ်။

    ချန်ဟာ စီမံကိန်းဆောင်ရွက်ရာ အဆောက်အဦးထဲကို ၀င်ရောက်ခွင့်ရတဲ့ ၀န်ထမ်း ၁၂၀၀ ထဲက တစ်ဦးဖြစ်ပြီး အချက်အလက်တွေကို မိမိတို့ရဲ့ မိသားစုဝင်တွေကိုတောင် အသိပေးခြင်းမပြုဖို့ လေ့ကျင်သင်ကြားပေးခံထားရသူလည်း ဖြစ်ပါတယ်။

    ဇန်န၀ါရီလအတွင်း တရုတ်ပြည်ကိုပြန်ဖို့ လေယာဉ်ပေါ်မတက်ခင် တစ်ရက်အလိုမှာ ဖမ်းဆီးခံခဲ့ရကာ ကုန်သွယ်ရေးလျှို့ဝှက်ချက် ခိုးယူမှုစွဲချက်နဲ့ တရားစွဲ ခံခဲ့ရပါတယ်။

    ရုံးတွင်း စုံစမ်းစစ်ဆေးမှုအရ ချန်ဟာ စီမံကိန်းနဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကို လျှို့ဝှက်ရိုက်ကူးခဲ့သလို၊ လုပ်ငန်းသုံးကွန်ပျူတာမှာရှိတဲ့ အချက်အလက်တွေကို ကိုယ်ပိုင်ကွန်ပျူတာထဲ ကူးထည့်ခဲ့တယ်လို့ ကယ်လီဖိုးနီးယားတရားရုံးကိုတင်တဲ့ အမှုတွဲမှာ ဖော်ပြထားပါတယ်။

    ချန်ယူခဲ့တဲ့ အချက်အလက်တွေထဲမှာ ပုံကြမ်းတွေ၊ အသုံးပြုနည်းတွေနဲ့ ဒီဇိုင်းတွေအပါအ၀င် ဖိုင်ပေါင်း ၂ ထောင်ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။ ချန်ကတော့ သူ ဒီလိုကူးထည့်ခဲ့တာဟာ အာမခံပေါ်လစီအရဖြစ်တယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း Apple မှာအလုပ်လုပ်ခဲ့တဲ့ တရုတ်အင်ဂျင်နီယာတစ်ယောက်ကို မောင်းသူမဲ့ကား နည်းပညာစီမံကိန်းက လျှို့ဝှက်အချက်အလက်တွေခိုးယူမှုနဲ့ အမေရိကန်က တရားစွဲဆိုခဲ့ပါတယ်။ အဲဒီအင်ဂျင်နီယာဟာ Apple ကနေ အလုပ်ထွက်ပြီး တရုတ် နည်းပညာ ကုမ္ပဏီသစ်တစ်ခုနဲ့ သွားရောက်ပူးပေါင်းဖို့ စီစဉ်နေစဉ် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

    Ref: CNA

  • အမေရိကန်တွင် အအေးလွန်ကဲမှုဖြစ်၊ အနည်းဆုံး ၁၆ ဦးသေဆုံး

    အမေရိကန်တွင် အအေးလွန်ကဲမှုဖြစ်၊ အနည်းဆုံး ၁၆ ဦးသေဆုံး

    ဖေဖော်ဝါရီ ၁၊ ၂၀၁၉
    M-Media

    – အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်းမှာ ရာသီဥတု အလွန်အမင်းအေးခဲမှုနဲ့ ကြုံတွေ့နေရပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာပါတယ်။

    ပြီးခဲ့တဲ့ ရက်အနည်းက စတင်ခဲ့တဲ့ အအေးလွန်မှုဒဏ်ကို မင်နီဆိုတာ၊ အီလီနွိုက်၊ အိုင်အိုဝါ နယူးယောက်နဲ့ ပင်ဆဲလ်ဗားနီးယားတို့ အပါအ၀င် ပြည်နယ် ၁၁ ခုက ခံစားနေရတာဖြစ်ပြီး ကြာသာပတေးနေ့က အေးခဲမှုဟာ အမြင့်ဆုံးအထိ ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အခုသီတင်းပတ်အကုန်မှာ အအေးလျော့မယ်လို့
    ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

    ရာသီဥတုနဲ့ ဆိုးရွားမှုနဲ့ဆက်စပ်ပြီး သေဆုံးသူအရေအတွက်ဟာ ၁၆ ဦးအထိ မြင့်တက်လာခဲ့ကာ ၈ ဦးက အိုင်အိုဝါပြည်နယ်မှာ သေဆုံးတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက နှင်းမုန်တိုင်းနဲ့ ကားမတော်တဆဖြစ်မှုတွေကြောင့် သေဆုံးရတာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အပူအချိန်ဟာ ရေခဲအမှတ်အောက်အထိ ကျဆင်းနေတာကြောင့် ပြည်နယ်တစ်ချို့မှာ အစိုးရရုံးတွေ၊ ကျောင်းတွေနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ ပိတ်ထားရသလို ရထားသွားနိုင်ဖို့အတွက် ရထားလမ်းတွေမှာ မီးဖိုပေးထားရပါတယ်။ လေယာဉ်ခရီးစဉ် တော်တော်များများကိုလည်း ဖျက်သိမ်းခဲ့ရပြီး လမ်းတွေ၊ အဆောက်အဦးတွေလည်း နှင်းတွေနဲ့ ဖုံးလွှမ်းနေပါတယ်။

    အအေးလွန်ကဲမှုကြောင့် တစ်ချို့ပြည်နယ်တွေမှာ အရေးပေါ်အခြေအနေ ကြေငြာထားရသလို ပြည်သူတွေအတွက် သတိပေးချက်တွေကိုလည်း အာဏာပိုင်တွေက အဆက်မပြတ် ထုတ်ပြန်နေပါတယ်။

    ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် လာမယ့်နှစ်တွေမှာလည်း ဒီလိုအခြေအနေမျိုးတွေ ထပ်မံကြုံတွေ့ရဖွယ် ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    Ref: CNN