News @ M-Media

Blog

  • နျူကိစ္စ မြောက်ကိုရီးယား၏ ကတိက၀တ်ကို အမေရိကန်ထုတ်ပြော

    နျူကိစ္စ မြောက်ကိုရီးယား၏ ကတိက၀တ်ကို အမေရိကန်ထုတ်ပြော

    ဖေဖော်ဝါရီ ၁၊ ၂၀၁၉
    M-Media

    မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုမြင်ကွင်း

    – မြောက်ကိုရီးယားဟာ သူတို့ရဲ့ ယူရေနီယံသန့်စင်ရေး အဆောက်အဦးတွေအားလုံးကို ဖျက်ဆီးဖို့ သဘောတူထားပြီး မိမိတို့အနေနဲ့လည်း ကျူးကျော်တိုက်ခိုက်ဖို့ မရှိဘူးလို့ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတီဖင် ဘီဂွန်က ပြောကြားလိုက်ပါတယ်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက စင်ကာပူနိုင်ငံမှာ တွေ့ဆုံခဲ့ပြီး နျူအရေး ဆွေးနွေးခဲ့ကြကာ ထရမ့်က သိသာတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ အရင်က ပြောကြားဖူးပါတယ်။

    ထရမ့်နဲ့ ကင်ဂျုံအွန်တို့ဟာ အခုနှစ်အတွင်း ထပ်မံတွေ့ဆုံဖို့နေပြီး အချိန်နဲ့နေရာကို မကြာခင်ထုတ်ပြန်ဖို့ အမေရိကန် အာဏာပိုင်တွေက စီစဉ်ထားပါတယ်။

    မနေ့က စတန်းဖို့ဒ်တက္ကသိုလ်မိန့်ခွန်းမှာ ဘီဂွန်က မြောက်ကိုရီးယားဟာ ယူရေနီယံသန့်စင်ရေး နေရာတွေအားလုံးကို ဖျက်ဆီးပစ်မယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုတို့ကို ကတိပြုထားတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒါပေမယ့် ဒီလုပ်ငန်းကို အမေရိကန်က အရင်ဆုံး စောင့်ကြည့်သွားမှာဖြစ်သလို၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်မှု မရှိမခြင်း မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုကို ဖယ်ရှားပေးမှာမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

    “သမ္မတထရမ့်ဟာ စစ်ပွဲကို အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မြောက်ကိုရီးယားကို ကျွန်တော်တို့ ကျူးကျော် တိုက်ခိုက်မှာမဟုတ်သလို၊ အစိုးရကိုလည်း ဖြုတ်ချဖို့ကြိုးစားမှာ မဟုတ်ပါဘူး”

    ဘီဂွန်ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ မြောက်ကိုရီးယားကိုယ်စားလှယ်နဲ့ တောင်ကိုရီးယားမှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

    ဆွေးနွေးမှုတွေ ဖြစ်ခဲ့ပေမယ့် အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမှု၊ ဆက်ဆံရေးပြောင်းလဲမှု နှေးကွေးမှုတွေအတွက် မြောက်ကိုရီးယားက ထရမ့်အစိုးရကို ပြစ်တင်ပြောဆိုထားပါတယ်။

    Ref: BBC

  • ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေး ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ပြန်ရ

    ဆော်ဒီ၏ ခြစားမှုတိုက်ဖျက်ရေး ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ပြန်ရ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၉
    M-Media

    ခြစားမှုတိုက်ဖျက်ရေးကို ဦးဆောင်ခဲ့သည့် ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – တစ်နှစ်ကျော်ကြာမြင့်ခဲ့တဲ့ ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ ကန်ဒေါ်လာ ၁၀၆ ဘီလီယံ ပြန်ရခဲ့ပြီး လူတစ်ချို့ကို ခြစားမှုနဲ့ တရားစွဲဆိုထားတယ်လို့ ဆော်ဒီတော်ဝင်နန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။

    အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် ဦးဆောင်တဲ့ အဲဒီခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့တာဖြစ်ပြီး တော်ဝင်မင်းသားတွေ၊ ၀န်ကြီးတွေနဲ့ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေကို ထိန်းသိမ်းစစ်ဆေးခဲ့တာပါ။

    ဗုဒ္ဓဟူးနေ့ နန်းတော်ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ လူပေါင်း ၃၈၁ ဦးကို ဆင့်ခေါ်စစ်ဆေးခဲ့ပြီး ၈၇ ဦးက သူတို့အပေါ် ပြုလုပ်ထားတဲ့ စွဲချက်တွေအတွက် ၀န်ခံခဲ့ကာ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးပြီး ဖြေရှင်းဖို့ သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါတွေလဲဆိုတာကို အတိအကျ မရေးထားပါဘူး။

    ၅၆ ဦးကို ရှိပြီးသား ရာဇ၀တ်မှုစွဲချက်တွေကြောင့် ရှေ့နေချုပ်က ဖြေရှင်းမှုကို လက်မခံခဲ့ဘဲ၊ ပိုင်ဆိုင်မှု ပြန်မအပ်တဲ့ ၈ ဦးကို ခြစားမှုနဲ့ တရားစွဲဆိုထားတယ်လို့ ကြေငြာချက်က ဆိုပါတယ်။

    တရားစွဲဆိုခြင်းမရှိသူတွေကို လွှတ်ပေးခဲ့တယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပေမယ့် ခရီးသွားခွင့်ပိတ်ထားတာ၊ ဘဏ်က ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားတာ၊ စောင့်ကြည့်မှုတွေ ရှိနေလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    အဲဒီခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ ဖမ်းဆီးထားသူတွေကို နှိပ်စက်မှုရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အာဏာပိုင်တွေက ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

    ဒီလုပ်ရပ်ဟာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ အာဏာပြမှုတစ်ခု ဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဘင် ဆလ်မန်ကတော့ ဒါဟာ စီးပွားရေး ကောင်းမွန်လာအောင် ဆောင်ရွက်တဲ့ ‘ဆေးမြီတို’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • အာဆီယံ အများသုံးသန့်စင်ခန်းဆုကို မန္တလေးနှင့် နေပြည်တော်တို့မှ ရရှိ

    အာဆီယံ အများသုံးသန့်စင်ခန်းဆုကို မန္တလေးနှင့် နေပြည်တော်တို့မှ ရရှိ

     

    ဇန်န၀ါရီ ၃၁၊ ၂၀၁၉
    M-Media

    ချမ်းအေးသာဇံမှ သန့်စင်ခန်း (Photo Credit – mmtimes)

    – အာဆီယံဒေသ အကောင်းဆုံး အများဆုံးသန့်စင်ခန်းဆုကို မန္တလေးနဲ့ နေပြည်တော်တို့မှာရှိတဲ့ အများသုံးသန့်စင်ခန်းတွေက ရရှိသွားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တစ်ပတ် ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံ ခရီးသွားဖိုရမ်မှာ ဒီဆုကို ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဆုရသွားတဲ့ သန့်စင်ခန်းတွေက မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် ၂၆ လမ်းနဲ့ လမ်း ၇၀ ထောင့်မှာရှိတဲ့ သန့်စင်ခန်း၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် Ocean စူပါစင်တာနားမှာရှိတဲ့ သန့်စင်ခန်းတွေ ဖြစ်ပါတယ်။

    “အာဆီယံပေးတဲ့ ဒီဆုကို ကျွန်တော်တို့ ပထမဆုံးအကြိမ် ရရှိတာပါ။ သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ ညီတဲ့အတွက် ရရှိတာဖြစ်ပါတယ်။ ဒီလိုအသိအမှတ်ပြုမှုအတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ မန္တလေး မြို့တော်စည်ပင်က ဦးကျော်ဇံမြင့် ပြောကြားခဲ့ပါတယ်။

    ဆုရသွားတဲ့ သန့်စင်ခန်းလိုပဲ နောက်ထပ် အနည်းဆုံး ၅ ခုလောက် ထပ်မံဆောက်လုပ်သွားမယ်လို့လည်း သူက ပြောပါတယ်။ ဒီသန့်စင်ခန်း ဆောက်လုပ်မှုအတွက် စုစုပေါင်း ကျပ်ငွေ သန်း ၄၀၀ ကုန်ကျခဲ့ပါတယ်။

    ချမ်းအေးသာဇံက အဲဒီသန့်စင်ခန်းကို ပြီးခဲ့တဲ့နှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး သန့်ရှင်းရေးသမားတွေ၊ လုံခြုံရေးတွေကို ၂ ဆိုင်းခွဲထားပေးထားကာ အသုံးပြုခ ၂၀၀ ကျပ် ကောက်ခံပါတယ်။ ဦးကျော်ဇံမြင့်က ဒီသန့်စင်ခန်းကို မသန်စွမ်းသူတွေလည်း အသုံးပြုလို့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: mmtimes

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် သတင်းကို ကောက်နှုတ်ပြန်ဆိုပါသည်။)

  • စုန်းဟုစွပ်စွဲကာ မိသားစုတစ်ခုလုံးကို သတ်ဖြတ်မှု အိန္ဒိယတွင် ဖြစ်ပွား

    စုန်းဟုစွပ်စွဲကာ မိသားစုတစ်ခုလုံးကို သတ်ဖြတ်မှု အိန္ဒိယတွင် ဖြစ်ပွား

    ဇန်န၀ါရီ ၃၁၊ ၂၀၁၉
    M-Media

    အလောင်းများတွေ့ခဲ့သည့် ရေတွင်း

    – အိန္ဒိယနိုင်ငံအရှေ့ပိုင်း အိုရီဆာပြည်နယ်မှာ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ် ၄ ဦးကို စုန်းတွေလို့စွပ်စွဲကာ သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

    မန်ဂရီမွန်ဒါနဲ့ ကလေး ၄ ဦးတို့ရဲ့အလောင်းကို ဇန်န၀ါရီ ၂၆ ရက်နေ့က သူတို့အိမ်အနီး ရေတွင်းထဲမှာ တွေ့ခဲ့ရတာပါ။ အမျိုးသမီးကို စုန်းမတွေလို့ စွပ်စွဲပြီး သတ်ဖြတ်တဲ့ဓလေ့ဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ အခုအချိန်အထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဒီသတ်ဖြတ်မှုမှာ အဓိကပါဝင်တဲ့ ပရောဂါကုဆရာအပါအ၀င် လူ ၆ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပရောဂါဆရာက မွန်ဒါဟာ ရွာထဲက မိသားစုကို စုန်းအတတ်နဲ့ ပြုစားထားတယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် ဇန်န၀ါရီ ၂၅ ရက်နေ့  ညပိုင်းမှာ အမျိုးသားတစ်စုဟာ မွန်ဒါနေထိုင်တဲ့အိမ်ကို ဖောက်ထွင်းဝင်ရောက်ကာ အိပ်နေတဲ့ မွန်ဒါနဲ့ ကလေးငယ် ၄ ဦးကို တုတ်တွေ၊ ဓားတွေနဲ့ ရိုက်သတ်ခဲ့တာ ဖြစ်ပါတယ်။

    ကလေးငယ်တွေဟာ အသက် ၁ နှစ်၊ ၄ နှစ်၊ ၇ နှစ်နဲ့ ၁၁ နှစ် အသီးသီးရှိကြပြီး အလောင်းတွေကို ရေတွင်းထဲ ပစ်ချခဲ့ကြပါတယ်။ အိုရီဆာပြည်နယ်က လူမျိုးစုတွေအတွင်း အမျိုးသမီးတွေကို စုန်းတွေလို့စွပ်စွဲတာဟာ ရိုးရာတစ်ခုဖြစ်နေပါတယ်။

    ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ကာဗီတာ ဂျာလန်က ဒီသတ်ဖြတ်မှုမှာ ပါဝင်တဲ့ အခြားသူတွေကို လိုက်လံရှာဖွေနေပြီး ဒီလို သဘာဝလွန်အဖြစ်အပျက်တွေ မယုံကြည်ရေး ပြည်သူလူထုကို အသိပညာပေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    စုန်းအတတ်၊ မှော်အတတ်ကိစ္စတွေကို ပိတ်ပင်ထားပေမယ့် အိုရီဆာပြည်နယ်အတွင်း ဒီလို စွပ်စွဲ သတ်ဖြတ်မှုတွေဟာ အခုနှစ်တွေအတွင်း မြင့်တက်လာခဲ့ပါတယ်။

    မိသားစု ၃ ဦးကို စုန်းတွေလို့စွပ်စွဲကာ သတ်ဖြတ်ခဲ့တဲ့ လူ ၉ ဦးကို ပြီးခဲ့တဲ့နှစ်က အိုရီဆာပြည်နယ်မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က ပြည်နယ်အတွင်း ဒီလိုသတ်ဖြတ်မှုမျိုး ၉၉ ခုရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ၂၀၁၆ ခုနှစ်က ၆၃ ခုသာ ရှိရာကနေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    အာသံနဲ့ ဂျာ့ခ်ဟန်းပြည်နယ်တို့က အမျိုးသမီးတွေဟာလည်း မကြာခဏဆိုသလို စုန်းတွေလို့စွပ်စွဲကာ သတ်ဖြတ်ခံရပါတယ်။ ရိုးရာယုံကြည်မှုတွေက ဒီလိုတိုက်ခိုက်မှုတွေရဲ့ အဓိကအကြောင်းအရင်း ဖြစ်ပြီး မြေနဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်တဲ့အတွက် မုဆိုးမတွေကို ပစ်မှတ်ထားလေ့ရှိပါတယ်။

    Ref: BBC

  • လုံခြုံရေးအားနည်းချက် ဖော်ထုတ်ပေးသည့် ဆော်ဒီပညာရှင်ကို Apple ဂုဏ်ပြု

    လုံခြုံရေးအားနည်းချက် ဖော်ထုတ်ပေးသည့် ဆော်ဒီပညာရှင်ကို Apple ဂုဏ်ပြု

    ဇန်န၀ါရီ ၃၁၊ ၂၀၁၉
    M-Media

    ဆော်ဒီပညာရှင် ဖာတီမာ အလ်-ဟာဘီ

    – သူတို့ရဲ့ ကွန်ပျူတာစနစ်က လုံခြုံရေးအားနည်းချက်ကို ထောက်ပြပြင်ဆင်ပေးခဲ့တဲ့ ဆော်ဒီ နည်းပညာရှင်တစ်ဦးက Apple ကုမ္ပဏီက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

    ဂုဏ်ပြုခံရသူဟာ ဖာတီမာ အလ်-ဟာဘီ ဆိုသူဖြစ်ပြီး ကမ္ဘာလုံခြုံရေးအမြင့်ဆုံး ကွန်ပျူတာစနစ်တွေကို ပိုင်ဆိုင်ထားတဲ့ Apple၊ Micorsoft နဲ့ Linux တို့က လုံခြုံရေးအားနည်းချက်တွေကို ဖော်ထုတ်ပြုပြင်ပေးခဲ့သူ ဖြစ်ပါတယ်။

    အလ်-ဟာဘီဟာ လက်ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံဒေါက်တာဘွဲ့ တက်ရောက်နေပြီး ဆော်ဒီအာရေဗျနိုင်ငံမှာရှိတဲ့ ‘တိုင်ဘာတက္ကသိုလ်’ က ကွန်ပျူတာကောလိပ်မှာ ဆရာမအဖြစ်လည်း တာဝန်ထမ်းဆောင်နေပါတယ်။

    “ကျွန်မ Apple ကို ဆက်သွယ်ပြီး သူတို့စနစ်က အားနည်းချက်တွေကို ပြောပြလိုက်တယ်။ ကွန်ပျူတာကုတ်တွေနဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ပေးလိုက်ပါတယ်” လို့ အလ်-ဟာဘီက သူမရဲ့ လုပ်ဆောင်ချက်ကို ဖွင့်ဟခဲ့ပါတယ်။

    အဲဒီနောက်မှာ Apple က ဒီအားနည်းချက်တွေကို ပြင်ဆင်ခဲ့ပြီး အလ်-ဟာဘီကိုလည်း ဂုဏ်ပြုခဲ့ပါတယ်။

    “Apple က ချက်ခြင်းဆိုသလို ကျွန်မကို ပြန်ဆက်သွယ်ပြီး Apple ထုတ်ကိရိယာအားလုံးအတွက် Update တွေ ထုတ်ပေးလိုက်ပြီလို့ ပြောပါတယ်။ သူတို့ရဲ့ ဂုဏ်ပြုစာရင်းထဲမှာ ကျွန်မနာမည် ထည့်လို့ရမလားလို့လည်း မေးပါတယ်။ ကျွန်မက ‘ရတာပေါ့ရှင်’ လို့ ပြန်ဖြေခဲ့ပြီး ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်” လို့ အလ်-ဟာဘီကပြောကြားခဲ့ပါတယ်။

    ဂျစ်ဒါမှာမွေးဖွားတဲ့ အလ်-ဟာဘီဟာ ‘ကင်းအဘ်ဒူလ်အဇစ် တက္ကသိုလ်’ နဲ့ ‘ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ်’ တို့ကနေ ကွန်ပျူတာသိပ္ပံဘွဲ့၊ မဟာဘွဲ့တွေ ရရှိခဲ့ပါတယ်။

    Apple ရဲ့စနစ်မှာ သူမဖော်ထုတ်ခဲ့တဲ့ အားနည်းချက်ဟာ ဟက်ကာတွေ အသုံးချလို့ကောင်းတဲ့ အားနည်းချက်မျိုးဖြစ်တယ်လို့ အလ်-ဟာဘီက ပြောပါတယ်။

    “အသုံးပြုသူတွေက လုံခြုံတယ်လို့ထင်ပြီး ဟက်ကာတွေထိန်းချုပ်ထားတဲ့ ၀ဘ်ဆိုဒ်ကို ၀င်ရောက်အောင်လုပ်နိုင်တဲ့ အားနည်းချက်ကို ကျွန်မတွေ့ခဲ့တာပါ။ အသုံးပြုသူက login အချက်အလက်တွေကို ရိုက်ထည့်လိုက်မယ်ဆိုရင် ဟက်ကာတွေက ဒါကို ရသွားပြီး နောက်ပိုင်းမှာ အမြတ်ထုတ်သွားမှာပါ”

    လက်ရှိမှာ ကွန်ပျူတာကွန်ယက်တွေရဲ့ အားနည်းချက်ကို ရှာဖွေဖော်ထုတ်ရေး နယ်ပယ်ကို အာရုံစိုက် လေ့လာနေတယ်လို့လည်း အလ်-ဟာဘီက ပြောကြားခဲ့ပါတယ်။

    Ref: Arab News