News @ M-Media

Blog

  • ဖိလစ်ပိုင်တောင်ပိုင်းရှိ ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲခံရ၊ လူ ၂၀ သေဆုံး

    ဖိလစ်ပိုင်တောင်ပိုင်းရှိ ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲခံရ၊ လူ ၂၀ သေဆုံး

    ဇန်န၀ါရီ ၂၇၊ ၂၀၁၉
    M-Media

    ဗုံးခွဲခံရပြီးနောက် မြင်ကွင်း

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူးလူးပြည်နယ် ဂျိုလိုမြို့က ခရစ်ယာန် ကက်သလစ်ဘုရားကျောင်းတစ်ခုမှာ ဒီကနေ့မနက်ပိုင်းက ဗုံးခွဲမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၂၀ လောက် သေဆုံးခဲ့ပါတယ်။

    Our Lady of Mount Carmel ခရစ်ယာန်ဘုရားကျောင်းမှာ ၀တ်ပြုဆုတောင်းမှု ပြုလုပ်နေစဉ် ဘုရားကျောင်းဝင်းအတွင်း ဗုံးတစ်လုံးပေါက်ကွဲကာ၊ ခဏအကြာမှာတော့ ဘုရားကျောင်းအပြင်ဘက်မှာ နောက်ထပ် ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

    ပြည်သူ ၁၅ ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး ၇၀ ကျော်လောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဆူးလူးကျွန်းဟာ လက်နက်ကိုင်ခွဲထွက်ရေးအဖွဲ့ ‘အဘူဆယက်ဖ်အုပ်စု’ ကျက်စားရာဒေသ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖောက်ခွဲမှုအတွက် ဘယ်အဖွဲ့ကမှ ၀န်မခံသေးပါဘူး။ အဘူဆယက်ဖက်အုပ်စုဟာ ဗုံးခွဲမှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊ ခေါင်းဖြတ်သတ်ဖြတ်မှုတွေ လုပ်ဆောင်လေ့ရှိပြီး အမေရိကန်နဲ့ ဖိလစ်ပိုင်တို့က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။

    ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာလ်ဗာဒေါရ် ပါနီလိုက ဒီလုပ်ရပ်ဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး နောက်ကွယ်က ကြိုးကိုင်သူတွေကို လိုက်လံ နှိမ်နှင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဖိလစ်ပိုင်စစ်တပ်က ဖောက်ခွဲမှုတွေကို လက်လုပ်ဗုံးတွေ အသုံးပြုလုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    တောင်ပိုင်းက မိုရိုလူမျိုးစုတွေကို အာဏာနဲ့ သယံဇာတ ခွဲဝေပေးမယ့် ဖိလစ်ပိုင်အစိုးရရဲ့ ဥပဒေသစ်တစ်ရပ်ကို အခုတစ်ပတ်အစောပိုင်းက ပြည်သူ့ဆန္ဒခံယူပွဲလုပ်ဆောင်ပြီး ရက်အနည်းအငယ်အကြာမှာ ဒီတိုက်ခိုက်မှု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

    ဥပဒေသစ်ကို မင်ဒါနာအိုပြည်နယ်က လက်ခံခဲ့ပေမယ့်၊ ဆူးလူးပြည်နယ်က ကန့်ကွက်မဲ ပေးခဲ့ကြပါတယ်။

    Ref: Aljazeera

  • ဖိလစ်ပိုင်အစိုးရ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဥပဒေကို မိုရိုလူမျိုးများ တစ်ခဲနက် အတည်ပြု

    ဖိလစ်ပိုင်အစိုးရ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဥပဒေကို မိုရိုလူမျိုးများ တစ်ခဲနက် အတည်ပြု

    ဇန်န၀ါရီ ၂၆၊ ၂၀၁၉
    M-Media

    BOL ဥပဒေကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်နေသည့် မိုရိုလူမျိုးများ

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းကို အာဏာနဲ့ သယံဇာတ ခွဲဝေပေးမယ့် ဗဟိုအစိုးရရဲ့ ဥပဒေကို ဒေသခံ မိုရိုလူမျိုးတွေက ထောက်ခံကြောင်း ဆန္ဒမဲ ပေးခဲ့ကြပါတယ်။

    Bangsamoro Organic Law (BOL) လို့ အမည်ပေးထားတဲ့ ဒီဥပဒေအတွက် အခုတစ်ပတ်အစောပိုင်းက မင်ဒါနာအိုပြည်နယ်မှာ ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပခဲ့တာဖြစ်ပြီး မဲပေးသူ ၈၅ ရာခိုင်နှုန်းက ဥပဒေကို လက်ခံခဲ့ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်က မနေ့ညနေပိုင်းမှာ ကြေငြာခဲ့ပါတယ်။

    ဒီဥပဒေကြောင့် မိုရိုလူမျိုးတွေဟာ သူတို့ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရမှာ ဖြစ်သလို၊ သူတို့ဒေသကထွက်တဲ့ သယံဇာတ အကျိုးအမြတ်တွေကိုလည်း အချိုးကျရရှိကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ပြည်သူဆန္ဒခံယူပွဲကို တောင်ပိုင်းက မိုရိုလူမျိုးစုတွေနေထိုင်ရာ ဒေသတော်တော်များများမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကျန်ရှိတဲ့ ဒေသတွေမှာတော့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ပြည်သူ့ဆန္ဒ ခံယူမှာ ဖြစ်ပါတယ်။

    ဖိလစ်ပိုင် တိုင်းရင်းသားလူမျိုးစုတွေထဲမှာ ပါဝင်တဲ့ မိုရိုလူမျိုးတွေဟာ သူတို့ရဲ့ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးခွင့်ရရေးအတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ပြီး ဗဟိုအစိုးရနဲ့ ဆယ်စုနှစ်ချီ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း မိုရိုလက်နက်ကိုင်အဖွဲ့ MILF နဲ့ ဗဟိုအစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အများအပြား ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ BOL ဥပဒေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဥပဒေအရေ မိုရိုလူမျိုးတွေဟာ အာဏာနဲ့ သယံဇာတတွေကို ပိုမိုခံစားရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အင်အား ၃ သောင်းကျော်လောက်ရှိတဲ့ MILF ကလည်း လက်နက်ဖြုတ်သိမ်းရမှာပါ။

    ပြည်သူဆန္ဒခံယူပွဲနောက်ပိုင်း ၃ နှစ်ကို အသွင်ကူးပြောင်းရေးကာလအဖြစ် သတ်မှတ်ထားပြီး ပြည်နယ်လွှတ်တော်အတွက် အမတ်တွေကို ပြည်သူတွေက ရွေးကောက်တင်မြှောက်ရမှာ ဖြစ်ပါတယ်။ ဗဟိုအစိုးရဟာ ပြည်နယ်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေးတွေကို ကြီးကြပ်မှာ ဖြစ်ပါတယ်။

    ဖွံ့ဖြိုးရေး ပထမခြေလှမ်း

    ဖိလစ်ပိုင် ဒုတိယသမ္မတ လီနီ ရိုဘရီဒိုက မိုရိုတွေရဲ့ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်နယ်အစိုးရကို ထိန်းကြောင်းဖို့အတွက် ဗဟိုအစိုးရက ကူညီပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ငြိမ်းချမ်းရေးတိုက်ပွဲ အဆုံးမသတ်သေးတာကြောင့် ဒီလုပ်ငန်းစဉ်ကို ကျွန်တော်တို့က ထိန်းကြောင်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်”

    ငြိမ်းချမ်းရေးကြိုးပမ်းမှုကို သဘောမကျတာကြောင့် MILF ကနေ အဖွဲ့တစ်ချို့ ခွဲထွက်တာတွေ ရှိခဲ့ပြီး အီရတ်နဲ့ ဆီးရီးယားကို သွားကာ အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့သူတွေဟာ မလေးရှား၊ အင်ဒိုနီးရှားတို့က အစွန်းရောက်တွေနဲ့ ဆက်သွယ်ကာ ဒေသအတွင်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နိုင်တဲ့ အန္တရာယ်လည်း ဖိလစ်ပိုင်တောင်ပိုင်းမှာ ရှိနေပါတယ်။

    MILF ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် မိုဟဂ်ဟာ အစ်က္ကဘာလ်က ခွဲထွက်အဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးဆန္ဒကို အသိအမှတ်ပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • အမေရိကန်တွင် လူဖြူအစွန်းရောက်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူ စံချိန်တင်မြင့်တက်

    အမေရိကန်တွင် လူဖြူအစွန်းရောက်များ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသူ စံချိန်တင်မြင့်တက်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၉
    M-Media

    ပစ္စဘာ့ဂ်မြို့ ဂျူးဘုရားကျောင်း ပစ်ခတ်ခံရမှု ၀မ်းနည်းဖွယ် မြင်ကွင်း

    – အမေရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း လူဖြူအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၄ နှစ်အတွင်း အမြင့်ဆုံးကို ရောက်လာတယ်လို့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့ Anti-Defamation League (ADL) က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။

    အောက်တိုဘာလက ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဂျူးဘုရားကျောင်းမှာ ဖြစ်ပွားခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုအပါအ၀င် ၂၀၁၈ ခုနှစ်အတွင်း လူဖြူအစွန်းရောက်တွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၅၀ ရှိပါတယ်။ အဲဒီအထဲက ၄၂ ဦးဟာ သေနတ်တွေနဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    ဒီအရေအတွက်ဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း လူဖြူအစွန်းရောက်တွေရဲ့ အမုန်းဆောင်တိုက်ခိုက်မှုကြောင့် သေဆုံးသူ အများဆုံးပမာဏလည်း ဖြစ်ပါတယ်။ ADL ဟာ ၁၉၇၀ ပြည့်နှစ်ကနေ စတင်ကာ အမေရိကန်နိုင်ငံမှာရှိတဲ့ အစွန်းရောက်အဖွဲ့တွေအကြောင်း စစ်တမ်းကောက်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်ဟာ စစ်တမ်းတစ်လျှောက် သေဆုံးမှု စတုတ္ထမြောက်အများဆုံးနှစ် ဖြစ်ပါတယ်။

    “ပစ္စဘတ်မှာ ဖြစ်ပွားခဲ့တဲ့ လူဖြူအစွန်းရောက် တိုက်ခိုက်မှုဟာ အမုန်းစကားတွေရဲ့ ကြောက်မက်ဖွယ် ရလဒ်တွေအကြောင်း လူတိုင်းကို သတိပေးနေတာမျိုးပါ။ အခုအချိန်ဟာ ဒီခြိမ်းခြောက်မှုရဲ့ အတိမ်အနက်ကို နိုင်ငံရဲ့ ခေါင်းဆောင်တွေက အလေးအနက်ထားပြီး လက်ယာအစွန်းရောက်ဝါဒ ထကြွမှု ပြဿနာကို ဖြေရှင်းရေး အာရုံစိုက်လုပ်ဆောင်ရမယ့် အချိန်ပါပဲ” လို့ ADL ရဲ့ စီအီးအို ဂျိုနသန် ဂရင်းဘလက်က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    အမုန်းဆောင်မှု အသစ်

    ၂၀၁၈ ခုနှစ်အတွက် ADL က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အမုန်းဆောင်တိုက်ခိုက်မှု အသစ်တစ်မျိုး ပါဝင်လာပြီး အဲဒါကတော့ မဟာဖိုဝါဒကို အခြေခံတဲ့ ‘Incel လှုပ်ရှားမှု’ ဖြစ်ပါတယ်။

    လူဖြူယောင်္ကျားတွေ ဖွဲ့စည်းထားတဲ့ အဲဒီလှုပ်ရှားမှုဟာ မိမိတို့ရဲ့ အချစ်ရေးကံမကောင်းတာ မိန်းမတွေရဲ့အပြစ်ကြောင့်လို့ ခံယူပြီး အမျိုသမီးတွေကို တိုက်ခိုက်တာ ဖြစ်ပါတယ်။

    ဒီလိုတိုက်ခိုက်မှုမျိုး ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ဖလော်ရီဒါပြည်နယ် တာလာဟက်ဆီမြို့က ယောဂစင်တာတစ်ခုမှာ ဖြစ်ပွားခဲ့ပြီး အသက် ၆၁ နှစ်အရွယ် အဘွားအိုနဲ့ အသက် ၂၁ နှစအရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    တိုက်ခိုက်မှုကိုကျူးလွန်တဲ့ သေနတ်သမား စကော့ ပေါလ် ဘီယာလီဟာ အမျိုးသမီးတွေကို မုန်းတီးသူဖြစ်ပြီး အထူးသဖြင့် တစ်ခြားလူမျိုးတွေနဲ့ ချစ်ကျွမ်းဝင်ထား၊ လက်ထပ်ထားတဲ့ လူဖြူအမျိုးသမီးတွေကို ပစ်မှတ်ထားသူပါ။ အဲဒီအမျိုးသမီးတွေဟာ အမျိုးမစောင့်ဘူးလို့ ဘီယာလီက ပြစ်တင်ပြောဆိုလေ့ ရှိပါတယ်။

    အထင်ကရ တိုက်ခိုက်မှုများ

    ၂၀၁၈ ခုနှစ်အတွင် အမေရိကန်မှာ လူဖြူအစွန်းရောက်တွေဟာ တိုက်ခိုက်မှု တော်တော်များများ ပြုလုပ်ခဲ့ကြပါတယ်

    ဇန်န၀ါရီလ ၂ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ နာဇီလက်သစ်အဖွဲ့ Atomwaffen Division ရဲ့ အဖွဲ့ဝင် ဆမ်မြူယဲလ် ၀ုဒ်ဝါ့ဒ်က ဂျူးလူမျိုး လိင်တူချစ်သူ အတန်းဖော်ဟောင်းတစ်ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။

    ဖလော်ရီဒါပြည်နယ် ပါ့ခ်လန်းက အထက်တန်းကျောင်းမှာ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း ၁၇ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီပစ်ခတ်မှုကို နီကိုလက်စ်ခရုဇ်ဆိုသူက ကျူးလွန်တာ ဖြစ်ပါတယ်။

    အောက်တိုဘာလမှာ လူဖြူအမျိုးသားရေးဝါဒီ ရောဘတ် ဘောင်ဝါကဟာ ပင်ဆဲလ်ဗားနီးယားပြည်နယ် ပစ္စဘာ့ဂ်မြို့က ဂျူးဘုရားကျောင်းကို သေနတ်နဲ့ ၀င်ပစ်ခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့ပါတယ်။

    ဒီလို အမုန်းဆောင်တိုက်ခိုက်မှုတွေ မြင့်တက်လာရတာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမုန်းတရားတွေကို လှုံ့ဆော်ပေးနေလို့ ဖြစ်တယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ထရမ့်ကတော့ ဒီစွပ်စွဲချက်ကို ပယ်ချခဲ့ပါတယ်။

    အမေရိကန်ထောက်လှမ်းရေးအဖွဲ့ FBI က ၂၀၁၇ ခုနှစ်အတွင်း အမုန်းဆောင် ရာဇ၀တ်မှုဟာ ၁၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၁၀ စုနှစ်တစ်ခုကျော်အတွင်း အမြင့်ဆုံး မြင့်တက်လာမှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဘရာဇီးလ်သတ္တုတွင်းမှ မြေသားတမံပြိုကျမှု ၇ ဦးသေဆုံးကာ ၂၀၀ ခန့် ပျောက်ဆုံး

    ဘရာဇီးလ်သတ္တုတွင်းမှ မြေသားတမံပြိုကျမှု ၇ ဦးသေဆုံးကာ ၂၀၀ ခန့် ပျောက်ဆုံး

    ဇန်န၀ါရီ ၂၆၊ ၂၀၁၉
    M-Media

    တမံပြိုကျမှုမြင်ကွင်း

    – ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်း မီနက်စ် ဂီရာအစ်ပြည်နယ်က သံသတ္တုတွင်းတစ်ခုမှာ မနေ့က မြေသားတမံ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၇ ဦးသေဆုံးကာ ၂၀၀ လောက် ပျောက်ဆုံးနေပါတယ်။

    သတ္တုတွင်းကိုပိုင်ဆိုငတဲ့ Vale SA ကုမ္ပဏီ အမှုဆောင်အကြီးအကဲ ဖာဘီယို ရှက်ဘာ့တ်စမန်က လုပ်သား ၃၀၀ လောက် ရှိရာမှာ ၃ ပုံတစ်ပုံပဲ အသက်ရှင်ကျန်ရစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တမံကျိုးကျမှုကြောင့် ရေနဲ့ ရွှံ့ညွံ တန်နဲ့ချီ ပြိုဆင်းခဲ့ပါတယ်။

    အခင်းဖြစ်ပွားရာ ဘရူမာဒင်ဟိုမြို့ မြို့တော်ဝန် အဗီမာရ် ဒီ မီလို ဘာဆီလို့စ်က ရုပ်အလောင်း ၇ ခုကို ဆယ်ယူရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ပျောက်ဆုံးသူအရေအတွက်ဟာ ၂၀၀ လောက်ရှိနေပြီး အသက်ရှက်လျက် ပြန်လည်တွေ့ရှိဖို့ အခွင့်အလမ်းနည်းနေပြီလို့လည်း ဆိုပါတယ်။

    တမံပြိုမှုကြောင့် သတ္တုတွင်းနဲ့ သတ္တုတွင်းလုပ်သားတွေ အဓိက ထိခိုက်ခဲ့ပေမယ့် ပတ်ဝန်းကျင်က ပြည်သူလူထုတွေလည်း ထိခိုက်မှု ရှိပါတယ်။ အာဏာပိုင်တွေကတော့ ဘရူမာဒင်ဟိုမြို့ အနိမ့်ပိုင်းမှာ နေထိုင်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး သတိပေးချက်လည်း ထုတ်ပြန်ထားပါတယ်။

    ၂၀၁၆ ခုနှစ်ကလည်း မီနက်စ် ဂီရာအစ်ပြည်နယ်မှာ Vale SA နဲ့ BHP Billiton တို့ ပူးတွဲပိုင်ဆိုင်တဲ့ တမံတစ်ခု ကျိုးကျမှု ဖြစ်ပွားခဲ့ပြီး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • မင်နီဆိုတာဗလီကို ဗုံးခွဲခဲ့ကြောင်း အမေရိကန် လူဖြူအစွန်းရောက်များ ၀န်ခံ

    မင်နီဆိုတာဗလီကို ဗုံးခွဲခဲ့ကြောင်း အမေရိကန် လူဖြူအစွန်းရောက်များ ၀န်ခံ

    ဇန်န၀ါရီ ၂၅၊ ၂၀၁၉
    M-Media

    မီခေးလ် မက်ဝေါတာ(၀ဲ) နှင့် ဂျိုးမိုရစ် (ယာ)

    – ၂၀၁၇ ခုနှစ် မင်နီဆိုတာက ဗလီတစ်လုံးကို ဗုံးခွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် လူဖြူအစွန်းရောက်အဖွဲ့ White Rabbits ရဲ့ အဖွဲ့ဝင်တွေက တရားရုံးမှာ ၀န်ခံလိုက်ပါတယ်။

    မင်နီယာပိုလစ်မြို့ ဆင်ခြေဖုံးက ‘ဒါရ် အလ်-ဖာရူးက်’ ဗလီဝတ်ကျောင်းတော်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဗုံးဖောက်ခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ဗလီရှေ့ဆောင်အီမာမ်ရဲ့ ရုံးခန်း တစ်စိတ်တစ်ပိုင်း ပျက်ဆီးခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရမှုတော့ မရှိပါခဲ့ပါဘူး။

    ဒီကိစ္စအတွက် ဖမ်းဆီးခံထားရတဲ့ အသက် ၂၉ နှစ်အရွယ် မီခေးလ် မက်ဝေါတာနဲ့ အသက် ၂၃ နှစ်အရွယ် ဂျိုးမိုရစ်တို့က ‘မွတ်စလင်တွေ ကြောက်လန့်ပြီး တိုင်းပြည်က ထွက်ပြေးသွားအောင်’ White Rabbits အဖွဲ့က ဗုံးခွဲမှုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မနေ့က ကြားနာမှုအတွင်း ၀န်ခံထွက်ဆိုခဲ့ပါတယ်။

    အီလီနွိုက်စ်ပြည်နယ်ကနေ မင်နီဆိုတာအထိ လာရောက်ကာ ဗလီကို ဗုံးခွဲခဲ့တဲ့ သူတို့နှစ်ဦးဟာ အီလီနွိုက်စ်ပြည်နယ်က အမျိုးသမီးဆေးခန်းတစ်ခုကို ဗုံးခွဲဖို့ကြံစည်မှု၊ လက်နက်ကိုင် ဓားပြတိုက်မှုနှစ်ခု၊ မီးရထားကုမ္ပဏီတစ်ခုက ဆက်ကြေးတောင်းခံမှုတွေနဲ့လည်း တရားစွဲဆို ခံထားရပါတယ်။

    ‘အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအဖွဲ့’ ရဲ့ မင်နီဆိုတာအဖွဲ့ခွဲ အကြီးအကဲ ဂျေလာနီ ဟူစိန်က အမှုမှန်ပေါ်သွားတာကြောင့် စိတ်သက်သာရာ ရပေမယ့် White Rabbits အဖွဲ့နဲ့ အခြား လူဖြူအစွန်းရောက်အဖွဲ့တွေ ကျယ်ပြန့်လာတဲ့အတွက် စိုးရိမ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မီနီယာပိုလစ်က ဗလီကို ဗုံးခွဲတိုက်ခိုက်မှုကို စီစဉ်သူဟာ White Rabbits ရဲ့ ခေါင်းဆောင် အသက် ၄၇ နှစ်အရွယ် မီခေးလ်ဟာရီဖြစ်ပြီး ထရမ့်ရဲ့ နယ်စပ်တံတိုင်း ကာမယ့်အစီအစဉ်ကို ထောက်ခံကြောင်း ပြောကြားထားသူ ဖြစ်ပါတယ်။ White Rabbits အဖွဲ့ဟာ အခြားသော ရာဇ၀တ်မှုတွေကို စီစဉ် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့အဖွဲ့ ဖြစ်ပါတယ်။

    Ref : Daily Mail