News @ M-Media

Blog

  • မင်နီဆိုတာဗလီကို ဗုံးခွဲခဲ့ကြောင်း အမေရိကန် လူဖြူအစွန်းရောက်များ ၀န်ခံ

    မင်နီဆိုတာဗလီကို ဗုံးခွဲခဲ့ကြောင်း အမေရိကန် လူဖြူအစွန်းရောက်များ ၀န်ခံ

    ဇန်န၀ါရီ ၂၅၊ ၂၀၁၉
    M-Media

    မီခေးလ် မက်ဝေါတာ(၀ဲ) နှင့် ဂျိုးမိုရစ် (ယာ)

    – ၂၀၁၇ ခုနှစ် မင်နီဆိုတာက ဗလီတစ်လုံးကို ဗုံးခွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် လူဖြူအစွန်းရောက်အဖွဲ့ White Rabbits ရဲ့ အဖွဲ့ဝင်တွေက တရားရုံးမှာ ၀န်ခံလိုက်ပါတယ်။

    မင်နီယာပိုလစ်မြို့ ဆင်ခြေဖုံးက ‘ဒါရ် အလ်-ဖာရူးက်’ ဗလီဝတ်ကျောင်းတော်မှာ ၂၀၁၇ ခုနှစ် သြဂုတ်လက ဗုံးဖောက်ခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ဗလီရှေ့ဆောင်အီမာမ်ရဲ့ ရုံးခန်း တစ်စိတ်တစ်ပိုင်း ပျက်ဆီးခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရမှုတော့ မရှိပါခဲ့ပါဘူး။

    ဒီကိစ္စအတွက် ဖမ်းဆီးခံထားရတဲ့ အသက် ၂၉ နှစ်အရွယ် မီခေးလ် မက်ဝေါတာနဲ့ အသက် ၂၃ နှစ်အရွယ် ဂျိုးမိုရစ်တို့က ‘မွတ်စလင်တွေ ကြောက်လန့်ပြီး တိုင်းပြည်က ထွက်ပြေးသွားအောင်’ White Rabbits အဖွဲ့က ဗုံးခွဲမှုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မနေ့က ကြားနာမှုအတွင်း ၀န်ခံထွက်ဆိုခဲ့ပါတယ်။

    အီလီနွိုက်စ်ပြည်နယ်ကနေ မင်နီဆိုတာအထိ လာရောက်ကာ ဗလီကို ဗုံးခွဲခဲ့တဲ့ သူတို့နှစ်ဦးဟာ အီလီနွိုက်စ်ပြည်နယ်က အမျိုးသမီးဆေးခန်းတစ်ခုကို ဗုံးခွဲဖို့ကြံစည်မှု၊ လက်နက်ကိုင် ဓားပြတိုက်မှုနှစ်ခု၊ မီးရထားကုမ္ပဏီတစ်ခုက ဆက်ကြေးတောင်းခံမှုတွေနဲ့လည်း တရားစွဲဆို ခံထားရပါတယ်။

    ‘အမေရိကန်-အစ္စလာမ် ဆက်ဆံရေးအဖွဲ့’ ရဲ့ မင်နီဆိုတာအဖွဲ့ခွဲ အကြီးအကဲ ဂျေလာနီ ဟူစိန်က အမှုမှန်ပေါ်သွားတာကြောင့် စိတ်သက်သာရာ ရပေမယ့် White Rabbits အဖွဲ့နဲ့ အခြား လူဖြူအစွန်းရောက်အဖွဲ့တွေ ကျယ်ပြန့်လာတဲ့အတွက် စိုးရိမ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    မီနီယာပိုလစ်က ဗလီကို ဗုံးခွဲတိုက်ခိုက်မှုကို စီစဉ်သူဟာ White Rabbits ရဲ့ ခေါင်းဆောင် အသက် ၄၇ နှစ်အရွယ် မီခေးလ်ဟာရီဖြစ်ပြီး ထရမ့်ရဲ့ နယ်စပ်တံတိုင်း ကာမယ့်အစီအစဉ်ကို ထောက်ခံကြောင်း ပြောကြားထားသူ ဖြစ်ပါတယ်။ White Rabbits အဖွဲ့ဟာ အခြားသော ရာဇ၀တ်မှုတွေကို စီစဉ် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့အဖွဲ့ ဖြစ်ပါတယ်။

    Ref : Daily Mail

  • မြစ်ဆုံဆည်စီမံကိန်း လုံးဝရပ်တန့်ရန် ကချင်ပြည်သူများ အလိုရှိနေ

    မြစ်ဆုံဆည်စီမံကိန်း လုံးဝရပ်တန့်ရန် ကချင်ပြည်သူများ အလိုရှိနေ

    ဇန်န၀ါရီ ၂၅၊ ၂၀၁၉
    M-Media

    – ကချင်ပြည်နယ်က မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းကို လုံးဝ ရပ်တန့်ဖို့အတွက် စီမံကိန်းကြောင့် အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရတဲ့ ဒေသခံတွေက အစိုးရကို တောင်းဆိုလိုက်ပါတယ်။

    စစ်အစိုးရလက်ထက်က သဘောတူညီခဲ့တဲ့ မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်း စတင်ပြီးတဲ့နောက် စီမံကိန်းဧရိယာအတွင်းမှာရှိတဲ့ ကချင်ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။ ဆည်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ၊ ဆန္ဒပြမှုတွေ မြင့်တက်လာတာကြောင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းကို ရပ်ဆိုင်းခဲ့ပါတယ်။

    “ဒေသခံတွေရဲ့ ဆန္ဒကတော့ မြစ်ဆုံဆည် တည်ဆောက်ရေးစီမံကိန်းကို လုံးဝဖျက်သိမ်းပြီး မူရင်းနေရပ်တွေကို ပြင်ချင်တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ စီမံကိန်းကို ဖျက်သိမ်းဖို့နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို နစ်နာကြေးပေးဖို့က အစိုးရရဲ့တာဝန် ဖြစ်ပါတယ်” လို့ Mungchying Rawt Jat ဆိုတဲ့အဖွဲ့က ထုတ်ပြန်တဲ့ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးတဲ့နောက် ရရှိနေတဲ့ ရိက္ခာအထောက်အပံ့ကို ဖြတ်တောက်ဖို့ ကြိုးစားမှုတွေ ရှိနေပေမယ့် စီမံကိန်းကို ဆက်လက်ဆန့်ကျင်သွားမယ်လို့လည်း ဒီအဖွဲ့က ပြောကြားခဲ့ပါတယ်။

    ဇန်န၀ါရီလအစောပိုင်းမှာ ရန်ကုန် တရုတ်သံရုံးက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ကချင်တိုင်းရင်းသားတွေက မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်မှု မရှိဘူးလို့ ဖော်ပြခဲ့တာကြောင့် ဝေဖန်သံတွေ ညံသွားခဲ့ပါတယ်။

    ‘ကချင်ပြည်နယ် ဒီမိုကရေစီပါတီ’ ရဲ့ ဥက္ကဌ U Tu Ja က ပြည်သူတွေအတွက် အကျိုးရှိမှ တရုတ်စီမံကိန်းတွေကို လက်ခံမယ်လို့ ပြောကြားခဲ့ပါတယ်။

    “Belt and Road နဲ့ အခြားစီမံကိန်းတွေအကြောင်း ပြောဖြစ်ကြတယ်။ မြစ်ဆုံစီမံကိန်းကို မဆန့်ကျင်ဘူးလို့ တစ်ခါမှ မပြောဖူးဘူး။ ကချင်ပြည်သူတွေဟာ ဘယ်တော့မှ စိတ်ပြောင်းမှာ မဟုတ်ပါဘူး”

    ကချင် အရပ်ဖက်အဖွဲ့အစည်းဥက္ကဌ ဦးဆာချီက တရုတ်ဟာ စီမံကိန်းကို ပြန်လည် စတင်ချင်နေတာကြောင့် ကချင်ပြည်သူတွေအပေါ် ဖိအားတွေ ပေးလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လျှပ်စစ်ဓာတ်အား ၆၄၀၀ မီဂါဝပ် ထုတ်လုပ်နိုင်မယ့် အဲဒီ မြစ်ဆုံဆည် စီမံကိန်းဟာ ကန်ဒေါ်လာ ၃.၆ ဘီလီယံ ကုန်ကျမှာဖြစ်ပြီး တရုတ်အစိုးရရဲ့ China State Power Investment Corporation လုပ်ငန်းက ၂၀၀၆ ခုနှစ်ကတည်းက စတင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိ မြန်မာအစိုးရဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြတ်သားတဲ့ရပ်တည်ချက်မျိုး မရှိသေးဘဲ တရုတ်ရဲ့ ဖိအားကို မလွန်ဆန်နိုင်ဖြစ်မှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: mmtime

    (Myanmar Times အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့်သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)

  • မလေးရှားနိုင်ငံ၏ ဘုရင်သစ် ဇန်န၀ါရီ ၃၁ ရက်နေ့တွင် နန်းတက်မည်

    မလေးရှားနိုင်ငံ၏ ဘုရင်သစ် ဇန်န၀ါရီ ၃၁ ရက်နေ့တွင် နန်းတက်မည်

    ဇန်န၀ါရီ ၂၅၊ ၂၀၁၉
    M-Media

    မလေးဘုရင်သစ် ဖြစ်လာမည့် ဆူလ်တန် အဘ်ဒူလာ

    – မလေးရှားနိုင်ငံရဲ့ ဘုရင်သစ်အဖြစ် ပါဟန်းပြည်နယ်က စော်ဘွား ဆူလ်တန် အဘ်ဒူလာ ဆူလ်တန် အဟ်မဒ်ရှားကို ရွေးချယ်ခဲ့ပြီး ဇန်န၀ါရီ ၃၁ ရက်နေ့မှာ နန်းတက်မှာ ဖြစ်ပါတယ်။

    ကလန်တန်းပြည်နယ် စော်ဘွားဖြစ်တဲ့ ဆူလ်တန် မိုဟာမက် ၅ ဟာ ဇန်န၀ါရီ ၆ ရက်နေ့က နန်းစွန့်ကြောင်း ကြေငြာခဲ့ပြီးတဲ့နောက် လစ်လပ်နေတဲ့ နိုင်ငံ့ဦးသျှောင်ရာထူးအတွက် ‘မလေးရှား စော်ဘွားများကောင်စီ’ က ဇန်န၀ါရီ ၂၄ ရက်နေ့မှာ မဲပေးရွေးချယ်ခဲ့တာပါ။ ဘုရင်သစ် ရွေးချယ် တင်မြှောက်ပွဲကို တရန်ဂါနူပြည်နယ်စော်ဘွား ဆူလ်တန် မီဇန် ဇိုင်နယ် အဘီဒင်က ဦးစီးခဲ့ပါတယ်။

    အသက် ၅၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆူလ်တန် အဘ်ဒူလာဟာ မလေးရှားရဲ့ ၁၆ ဦးမြောက်ဘုရင်အဖြစ် ၅ နှစ်တာ သက်တမ်းကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ ကြီးကြပ်ရေးကောင်စီမှာ ပါဝင်တဲ့ ဆူလ်တန် အဘ်ဒူလာဟာ အာရှ ဟော်ကီအဖွဲ့ချုပ်ရဲ့ ဥက္ကဌလည်း ဖြစ်ပါတယ်။

    မလေးရှားနိုင်ငံမှာ ဘုရင်ဟာ စည်းမျဉ်းခံဖြစ်ပြီး နိုင်ငံရဲ့ အမှတ်သညာတစ်ခုဖြစ်ကာ ပြည်နယ် ၉ ခုရဲ့ စော်ဘွားတွေက ၅ နှစ်တစ်ကြိမ် အလှည့်ကျ တာဝန်ထမ်းဆောင်တာ ဖြစ်ပါတယ်။ စော်ဘွားများကောင်စီက လက်ထောက် ဘုရင်အဖြစ် ပဲရက်ပြည်နယ်စော်ဘွား ဆူလ်တန် နဇ်ရင်ရှားကို ရွေးချယ်ခဲ့ပါတယ်။

    ဆူလ်တန် အဘ်ဒူလာနောက်ပိုင်း ဘုရင်အဖြစ် တာဝန်ထမ်းဆောင်ရမယ့်သူက ဂျိုဟိုးပြည်နယ်စော်ဘွား ဖြစ်ပါတယ်။

    အိမ်ထောင်ရေး ကောလဟာလ

    မလေးရှားနိုင်ငံရဲ့ ၁၅ ယောက်မြောက် ဘုရင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကလန်တန်းစော်ဘွား ဆူလ်တန် မိုဟာမက် ၅ ဟာ အသက် ၂၅ နှစ်အရွယ် ရုရှားအလှမယ်ဟောင်းကို မော်စကိုမှာ လက်ထပ်ခဲ့တယ်လို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ သတင်းတွေ ထွက်ခဲ့ပါတယ်။

    ဒီကိစ္စအတွက် နန်းတော်နဲ့ မလေးရှားအစိုးရအဖွဲ့က အတည်ပြုခြင်းမရှိသလို ငြင်းဆန်မှုလည်း မပြုခဲ့ပါဘူး။

    ဆူလ်တန် မိုဟာမက် ၅ ဟာ အဲဒီကိစ္စအတွက် ဝေဖန်မှုတွေ ခံရပြီးတဲ့နောက်ပိုင်း ဇန်န၀ါရီလအစောပိုင်းမှာ နန်းစွန့်ခဲ့တာ ဖြစ်ပါတယ်။

    Ref: CNA

  • ရခိုင်ပြည်သူများအတွက် ကူညီထောက်ပံ့မှု မလုံလောက်သေးဟု နိုင်ငံတကာအဖွဲ့များ သတိပေး

    ရခိုင်ပြည်သူများအတွက် ကူညီထောက်ပံ့မှု မလုံလောက်သေးဟု နိုင်ငံတကာအဖွဲ့များ သတိပေး

    ဇန်န၀ါရီ ၂၃၊ ၂၀၁၉
    M-Media

    တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ရခိုင်ပြည်သူများ (Photo Credit – Frontier Myanmar)

    – လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် အကူအညီပေးနေမှုဟာ မလုံလောက်သေးဘဲ၊ ကန့်သတ်ထားမှုတွေ လျှော့ချပေးဖို့အတွက် အကူအညီပေးရေး အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

    ရခိုင်အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့အပါအ၀င် အကူအညီပေးရေးအဖွဲ့ ၁၄ ခုက ဇန်န၀ါရီ ၂၂ ရက် (အင်္ဂါ)နေ့မှာ ပူးပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာ တိုက်ခိုက်မှုဖြစ်ပွားပြီး အိုးအိမ်စွန့်ခွာရသူတွေ များပြားတဲ့ မြို့နယ် ၅ ခုမှာ အကူအညီပေးရေးလုပ်ငန်းတွေ အလွန်အမင်း ကန့်သတ်ခံနေရတယ်လို့ ဖော်ပြထားပါတယ်။

    “ထိထိရောက်ရောက်နဲ့ အဆက်မပြတ် ကူညီထောက်ပံ့မှု မရှိဘူးဆိုရင် ရခိုင်ပြည်နယ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းက ထိခိုက်ခံစားရတဲ့ ပြည်သူတွေ အသက်ရှင်ဖို့အတွက် လိုအပ်နေတဲ့အကူအညီတွေ ပေးအပ်ရေး ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ပေးနိုင်မှုဟာ တော်တော်လေးကို အကန့်အသတ် ရှိနေပါတယ်” လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ အစိုးရစစ်တပ်တို့အကြား ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက စတင်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ရခိုင်ပြည်သူ အရေအတွက်ဟာ ၅ ထောင်လောက် ရှိလာပါတယ်။

    အကူအညီတွေ ထိထိရောက်ရောက် မပေးနိုင်တာသာမက တိုက်ပွဲတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဆက်ဖြစ်လာမှာကို စိုးရိမ်တယ်လို့လည်း အကူအညီပေးရေးအဖွဲ့တွေရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “ထိခိုက်ခံစားရတဲ့ လူ့အဖွဲအစည်းတွေထံ သွားရောက်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို လွတ်လွတ်လပ်လပ် ဆန်းစစ်ကာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ အားလုံးကို ထိထိရောက် ကူညီကာကွယ်ပေးနိုင်ဖို့အတွက် ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အဟန့်အတားမရှိ သွားရောက်ခွင့် ပေးသင့်ပါတယ်”

    Oxfam၊ Save the Children၊ Action Contre La Faim၊ Peace Winds Japan နဲ့ World Vision International တို့ အပါအ၀င် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း ၁၄ ခုက ထိခိုက်ခံစားရသူတွေအားလုံးကို ကူညီထောက်ပံ့ရေး အဆင်သင့် ရှိနေတယ်လို့လည်း ကြေငြာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် သတင်းဆောင်းပါးမှ ထုတ်နှုတ်ဘာသာပြန်ဆိုသည်)

  • ရန်ကုန်မြို့တွင်း စမတ်ကားပါကင်စနစ် ဖော်ဆောင်ရေး မြို့တော်စည်ပင်က ကုမ္ပဏီများကို ဖိတ်ခေါ်

    ရန်ကုန်မြို့တွင်း စမတ်ကားပါကင်စနစ် ဖော်ဆောင်ရေး မြို့တော်စည်ပင်က ကုမ္ပဏီများကို ဖိတ်ခေါ်

    ဇန်န၀ါရီ ၂၃၊ ၂၀၁၉
    M-Media

    ရန်ကုန်မြို့တွင်း ကားကျပ်မှုမြင်ကွင်း

    – ရန်ကုန်မြို့ မြို့လယ်ကောင်မှာ ဖော်ဆောင်မယ့် ‘စမတ်ကားပါကင်’ စီမံကိန်းအတွက် စိတ်ဝင်စားတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖိတ်ခေါ်လိုက်ပါတယ်။

    ကော်မတီရဲ့ မနေ့ကထုတ်ပြန်ချက်မှာ စမတ်ကားပါကင်စနစ်ကို ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ဗိုလ်တစ်ထောင်နဲ့ ပုဇွန်တောင်မြိုနယ်တွေမှာ ဖော်ဆောင်သွားမယ်လို့ ဖော်ပြထားပြီး စိတ်ဝင်စားတဲ့ ပြည်တွင်းကုမ္ပဏီတွေ၊ ဖက်စပ်ကုမ္ပဏီတွေအနေနဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့ကစတင်ကာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၃ နာရီအထိ တင်သွင်းနိုင်တယ်လို့ ဆိုပါတယ်။

    ရန်ကုန်မြို့အတွင်း ကားကျပ်မှု၊ ကားပါကင်မလုံလောက်မှု ပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့နေရပြီး စီးပွားရေးအချက်အချာ ဧရိယာတွေဖြစ်တဲ့ မြို့တွင်း ၆ မြို့နယ်မှာ အဆိုးဝါးဆုံး ဖြစ်ပါတယ်။ ဒီပြဿနာ ပြေလည်စေရေးအတွက် ခေတ်ပေါ် ကားပါကင်စီမံကိန်းတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ ပြီးခဲ့တဲ့နှစ်မှာ ကြေငြာခဲ့ပါတယ်။

    လူမဲ့ငွေပေးချေစနစ်ပါဝင်တဲ့ စမတ်ကားပါကင်ကို မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ရဲ့ မြို့နယ်တော်တော်များများမှာ စတင် အသုံးပြုနေပြီ ဖြစ်ပါတယ်။

    ကားတင်သွင်းခွင့် ကန့်သတ်မှုတွေကို ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ မြန်မာအစိုးရက ဖယ်ရှားပေးခဲ့တဲ့နောက်ပိုင်း ရန်ကုန်မှာ မောင်းနှင်နေနဲ့ မော်တော်ယာဉ် အရေအတွက်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ၅ သိန်း ၃ သောင်းကျော် ရှိလာပါတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာမှာ ၁ သိန်း ၆ သောင်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။

    နိုဝင်ဘာ ၃၀ ရက်နေ့က လွှတ်တော်အစည်းအဝေးမှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ရန်ကုန်မြို့အတွင်း ကားပါကင်နေရာတွေ ဖော်ဆောင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရဟာ လမ်းတိုးချဲ့တာတွေ လုပ်ဆောင်နေပြီး စမတ်ပါကင်စနစ်လည်း ဖော်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းမှ ကောက်နှုတ် ဘာသာပြန်ဆိုပါသည်)