News @ M-Media

Blog

  • ဆီးရီးယားအရှေ့ခြမ်းမှ IS အဖွဲ့၏ နေ၀င်ချိန် နီးကပ်လာဟု SDF အဖွဲ့ပြော

    ဆီးရီးယားအရှေ့ခြမ်းမှ IS အဖွဲ့၏ နေ၀င်ချိန် နီးကပ်လာဟု SDF အဖွဲ့ပြော

    ဇန်န၀ါရီ ၁၄၊ ၂၀၁၉
    M-Media

    ဆီးရီးယားအရှေ့ခြမ်းရှိ IS ၏ နောက်ဆုံးခြေကုပ် (စက်ဝိုင်းအနီ)

    – အီရတ်နယ်စပ်နားမှာ ခြေကုပ်ယူထားတဲ့ IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံးနေ့ရက်တွေ နီးကပ်လာပြီလို့ ဆီးရီးယားက အမေရိကန်ကျောထောက်နောက်ခံပြုတပ်ဖွဲ့ SDF က ပြောကြားလိုက်ပါတယ်။

    ကာ့ဒ်တပ်ဖွဲ့ YPG က ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ SDF ဟာ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းက IS အကြမ်းဖက်အုပ်စုကို ပြီးခဲ့တဲ့ ၄ နှစ်လုံးလုံး ရှင်းလင်းနေခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လတွေအတွင်း SDF ဟာ ယူဖရေးတီးမြစ် အရှေ့ခြမ်းနဲ့ အီရတ်နယ်စပ်အကြားက IS အဖွဲ့တွေကို တိုက်ထုတ်ခဲ့ပါတယ်။ SDF အဖွဲ့ရဲ့ ပြန်ကြားရေးအကြီးအကဲ မူစတာဖာ ဘာလီက ပြီးခဲ့တဲ့ ၂ ရက်အတွင်း တိုက်ခိုက်မှုတွေ အရှိမြင့်လာသလို နယ်မြေတွေလည်း ပြန်လည်ရရှိလာတယ်လို့ ပြောကြားခဲ့ပါတယ်။

    “သူတို့ရဲ့ နောက်ဆုံးနေ့ရက်တွေ နီးကပ်လာပြီး ဒီတိုက်ပွဲဟာ အမြစ်လှန်မယ့် တိုက်ပွဲဖြစ်တယ် ဆိုတာကိုလည်း သူတို့ သိကြပါတယ်”

    SDF ကို ကျောထောက်နောက်ခံပြုထားတဲ့ မဟာမိတ်တပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကာနယ် ရှောင်ရိုင်ယန်က ပိုင်နက်တွေ ပြန်သိမ်းနိုင်ပေမယ့် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဆဲပဲလို့ ပြောကြားခဲ့ပါတယ်။

    “IS အဖွဲ့ကို လုံးဝ သုတ်သင်ပစ်မယ့် စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဒေသတွင်း ရေရှည်ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေဆဲပါ။ ဒါ့ကြောင့် စစ်ဆင်ရေးက မပြီးသေးပါဘူး”

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆီးရီးယားမှာ IS အကြမ်းဖက်အဖွဲ့ကို တိုက်ဖျက်ရေးဟာ အောင်မြင်သွားပြီဖြစ်တဲ့အတွက် သူတို့တပ်ဖွဲ့တွေကို အိမ်ပြန်ခေါ်မယ်လို့ ပြီးခဲ့တဲ့လမှာ ပြောကြားခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ အီရတ်နဲ့ ဆီးရီးယားက နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အီရတ်နိုင်ငံမှာတော့ ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ IS အကြမ်းဖက်အဖွဲ့ကို အပြီးသတ် ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပါတယ်။

    Ref: Reuters

  • ရန်ပုံငွေနည်းမှုကြောင့် ပါလက်စတိုင်းများအား ကူညီထောက်ပံ့မှုအချို့ကို ကုလ ရပ်ဆိုင်း

    ရန်ပုံငွေနည်းမှုကြောင့် ပါလက်စတိုင်းများအား ကူညီထောက်ပံ့မှုအချို့ကို ကုလ ရပ်ဆိုင်း

    ဇန်န၀ါရီ ၁၄၊ ၂၀၁၉
    M-Media

    ပါလက်စတိုင်း ကလေးငယ်များ

    – ရန်ပုံငွေ ပြတ်လတ်မှုကြောင့် ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာက ပြည်သူတစ်ချို့ကို အကူအညီပေးမှု ရပ်ဆိုင်းခဲ့ရတယ်လို့ ကုလရဲ့ ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် WFP က ပြောကြားလိုက်ပါတယ်။

    အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု၊ ပိတ်ဆို့မှုတွေကြောင့် အတိဒုက္ခရောက်နေတဲ့ ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ ကုလအဖွဲ့အစည်းတွေကို နိုင်ငံတကာက ထည့်ဝင်လှူဒါန်းငွေဟာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း တစ်ဖြည်းဖြည်း လျော့ကျလာခဲ့ပြီး ပြီးခဲ့တဲ့နှစ် အမေရိကန်ရဲ့ ငွေကြေးအကူအညီ ဒေါ်လာ သန်း ၅၀၀ ရပ်ဆိုင်းလိုက်မှုက အခြေနေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။

    WFP ရဲ့ ပါလက်စတိုင်းဆိုင်ရာ ဒါရိုက်တာ စတီဖင် ကီရာနီက ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး ဂါဇာနဲ့ အနောက်ဖက်ကမ်းက ပါလက်စတိုင်းပြည်သူ ၂၇၀၀၀ လောက်ဟာ အကူအညီ လုံးဝ ရရှိမှာမဟုတ်တော့ဘဲ ၁၆၅၀၀၀ ကလည်း ပုံမှန်ရနေကြအကူအညီရဲ့ ၈၀ ရာခိုင်နှုန်းသာ ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၈ ခုနှစ်အတွင်း WFP ဟာ ဂါဇာက ပြည်သူ ၂ သိန်းခွဲ၊ အနောက်ဖက်ကမ်းက ပြည်သူ ၁၁၀၀၀၀ လောက်ကို ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်က ရန်ပုံငွေ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် WFP ဟာ ဒီဇင် ၁၉ ရက်နေ့မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းထံကနေ အကူအညီတွေ ထပ်မံတောင်းခံခဲ့ပေမယ့် လိုအပ်သလောက် မရရှိခဲ့ပါဘူး။

    အစ္စရေးနဲ့ အီဂျစ်တို့က ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူ ၂ သန်းမှာ ၈၀ ရာခိုင်နှုန်းက နိုင်ငံတကာရဲ့ အကူအညီကို မှီခိုအားထားနေရတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • နျူနည်းပညာတွင် အဆင့်တစ်ခုကို ထပ်မံတက်လှမ်းနိုင်ဟု အီရန် ကြေငြာ

    နျူနည်းပညာတွင် အဆင့်တစ်ခုကို ထပ်မံတက်လှမ်းနိုင်ဟု အီရန် ကြေငြာ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၉
    M-Media

    အီရန်နိုင်ငံတောင်ပိုင်းရှိ နျူဓာတ်အားပေးစက်ရုံတစ်ခု

    – သိပ္ပံပညာရှင်တွေဟာ ယူရေနီယံ ၂၀ ရာခိုင်နှုန်းအထိ သန့်စင်တဲ့လုပ်ငန်းကို စတင်လုပ်ဆောင်နေပြီး နိုင်ငံရဲ့ နျူကလီးယားကဏ္ဍဟာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိသွားပြီလို့ အီရန် နျူစီမံကိန်းအကြီးအကဲ အလီ အက္ကဘာရ် ဆာလေဟီက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    နိုင်ငံပိုင်သတင်းဌာန IRIB နဲ့ အင်တာဗျူးမှာ ဆာလေဟီက ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

    “တီဟိရန်က ဓာတ်ပေါင်းဖိုလို အခြား ဘယ်လို ဓာတ်ပေါင်ဖိုမျိုးအတွက်မဆို ကျွန်တော်တို့ လောင်စာ ထုတ်ပေးနိုင်ပါပြီ။ အခုအချိန်မှာ ဓာတ်ပေါင်းဖို တည်ဆောက်တာမျိုးကိုတောင် ကျွန်တော်တို့ သိပ္ပံပညာရှင်တွေ လုပ်ဆောင်နိုင်ပါပြီ”

    ယူရေနီယံသတ္တုကို ၂၀ ရာခိုင်နှုန်းအထိ သန့်စင်ခြင်းဟာ ဓာတ်အားထုတ်လုပ်ဖို့ထက် ပိုမိုတဲ့ အနေအထားဖြစ်ပေမယ့် နျူဗုံးထုတ်လုပ်နိုင်တဲ့အဆင့်အထိ မရောက်သေးပါဘူး။ နျူလက်နက် ထုတ်လုပ်ဖို့အတွက်ဆိုရင် ယူရေနီယံကို ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ သန့်စင်ရမှာ ဖြစ်ပါတယ်။

    အနောက်နိုင်ငံတွေက အီရန်ဟာ နျူလက်နက်ထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြောဆိုထားပေမယ့် အီရန်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

    အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ နျူသဘောတူညီချက်မှာ အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုကို ၃.၅ ရာခိုင်နှုန်းသာ လုပ်ဆောင်ဖို့၊ အသုံးပြုတဲ့ ယူရေနီယံပမာဏ ၃၀၀ ကီလိုဂရမ်သာ ထားရှိဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက အီရန်အပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။

    ကုလရဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က နောက်ဆုံးထုတ်ပြန်တဲ့ ကြေငြာချက်မှာ အီရန်ဟာ သဘောတူညီချက်ကို လိုက်နာနေတယ်လို့ ဖော်ပြထားပါတယ်။

    ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့နှစ် မေလမှာ သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီး သြဂုတ်နဲ့ နိုဝင်ဘာလတွေမှာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။

    ယူရေနီယံကို ၂၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်အောင် လုပ်ဆောင်နေတယ်လို့ အီရန်က ကြေငြာလိုက်ခြင်းဟာ နိုင်ငံတကာရဲ့ ဖိအားတွေကို ပိုမိုဖိတ်ခေါ်နေသလိုဖြစ်နေပြီး ရှေ့ဆက် အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တီဟီရန်အခြေစိုက် ဂျာနယ်လစ်နဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ မိုဟာမက် ဟာရှီမီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ပူတင်နှင့်တွေ့ဆုံမှုကို ထရမ့် ထိန်ချန်ထား၊ အမျိုးသားလုံခြုံရေး အန္တရာယ်ကောင်အဖြစ် FBI က ထရမ့်ကို စုံစမ်း

    ပူတင်နှင့်တွေ့ဆုံမှုကို ထရမ့် ထိန်ချန်ထား၊ အမျိုးသားလုံခြုံရေး အန္တရာယ်ကောင်အဖြစ် FBI က ထရမ့်ကို စုံစမ်း

    ဇန်န၀ါရီ ၁၃၊ ၂၀၁၉
    M-Media

    – ၂၀၁၇ ခုနှစ် ဇူလိုင်လက ရုရှားသမ္မတ ပူတင်နဲ့တွ့ဆုံစဉ်အတွင်း ပြောကြားမှုအသေးစိတ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိန်ချန်ခဲ့တယ်လို့ ၀ါရှန်တန်ပို့စ်သတင်းစာက ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။

    အိမ်ဖြူတော်မှာ အရင်က တာဝန်ထမ်းဆောင်သူတွေ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသူတွေရဲ့ ပြောကြားမှုကို ကိုကားကာ ဒီလိုဖော်ပြလိုက်တာ ဖြစ်ပါတယ်။

    ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှာ ထရမ့်နဲ့ ပူတင်တို့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ရက်စ်တီလာဆန်လည်း ပါဝင်ပါတယ်။ တွေ့ဆုံပွဲအပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆွေးနွေးပွဲအချက်အလက် ရယူရာမှာ ထရမ့်က ပြောဆိုမှုတွေကို ထိန်ချန်ထားဖို့ ရုရှားဘာသာပြန်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

    အိမ်ဖြူတော်အကြံပေးနဲ့ အမေရိကန်အစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဦးက နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်ထံကနေ ဆွေးနွေးပွဲအကြောင်း မှတ်တမ်းရယူပြီးတဲ့နောက် ရုရှားဘာသာပြန်ထံကနေ အချက်အလက်တောင်းခံရာမှာ ဒီကိစ္စကို သိရှိခဲ့ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ပြန်ပြောခဲ့တယ်လို့ ၀ါရှင်တန်ပို့စ်က ဖော်ပြပါတယ်။

    ထရမ့်ကတော့ ဒီဖော်ပြချက်တွေကို ငြင်းဆိုခဲ့ပြီး အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး တီလာဆန်ဟာ ဆွေးနွေးပွဲ ပြီးပြီးချင်းမှာပဲ အချက်အလက်အပြည့်အစုံ ပေးအပ်ခဲ့တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    FBI က စုံစမ်း

    ၂၀၁၇ ခုနှစ် မေလမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ FBI အကြီးအကဲ ဂျိမ်းစ်ကိုမေးကို ထရမ့်က ထုတ်ပယ်ခဲ့ပြီးတဲ့နောက် FBI တာဝန်ရှိသူတွေက ထရမ့်ကို သံသယဖြစ်လာကာ တန်ပြန် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ လွန်ခဲ့တဲ့ ၂ ရက်အရင်က နယူးယောက်တိုင်းမ်စ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

    ထရမ့်ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ပြီး ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိ၊ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်၊ မဖြစ်၊ ရုရှားအတွက် ရည်ရွယ်ချက်ရှိရှိ အလုပ်လုပ်ပေးမှု ရှိ၊ မရှိ၊ မရည်ရွယ်ဘဲ ရုရှားရဲ့ လွှမ်းမိုးမှုခံရခြင်း ရှိ၊ မရှိ စတဲ့အချက်အလက်တွေကို FBI က စုံစမ်းနေတာ ဖြစ်ပါတယ်။

    ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကတည်းက ထရမ့်နဲ့ ရုရှားတို့ ဆက်သွယ်မှုကို FBI က သံသယရှိခဲ့ပေမယ့် သဲလွန်စ မရသေးတာကြောင့် မစုံစမ်းခဲ့တာဖြစ်တယ်လို့လည်း နယူးယောက်စ်တိုင်းမ်က ဖော်ပြခဲ့ပါတယ်။

    မနေ့က တယ်လီဖုန်းအင်တာဗျူးမှာ Fox News သတင်းဌာနက ဒီကိစ္စအတွက် မေးမြန်းရာ ထရမ့်က ဒီမေးခွန်းဟာ သူမေးခံရသမျှထဲမှာ အစော်ကားခံရဆုံးမေးခွန်းဖြစ်ကြောင်း၊ ရုရှားကို သူ့လောက်ဆန့်ကျင်တဲ့ အမေရိကန်သမ္မတမျိုး မရှိကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ် မေလမှာ FBI အကြီးအကဲ ဂျိမ်းစ်ကိုမေး ဖယ်ရှားခံရပြီးတဲ့နောက် အထူးကိုယ်စားလှယ် ရောဘတ်မူလာက ထရမ့်နဲ့ ရုရှားတို့အကြား ဆက်ဆံရေးကိစ္စကို တာဝန်ယူ စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် အားထုတ်ကြရန် လူငယ်များကို အီရန်အဓိပတိ တိုက်တွန်း

    သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် အားထုတ်ကြရန် လူငယ်များကို အီရန်အဓိပတိ တိုက်တွန်း

    ဇန်န၀ါရီ ၁၃၊ ၂၀၁၉
    M-Media

    အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီ

    – နိုင်ငံခြားတိုင်းပြည်တွေအပေါ် မှီခိုရမှုမရှိအောင် အစိုးရက ကြိုးစားနေရာမှာ ကူညီပါဝင်ပေးဖို့အတွက် အီရန် အဓိပတိ အယာတိုလာ အလီခါမေနီက အီရန် လူငယ်တွေကို တိုက်တွန်းလိုက်ပါတယ်။

    ဥရောပမှာ ဖွဲ့စည်းထားတဲ့ အီရန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ Union of University Students Islamic Associations က မနေ့မှာပြုလုပ်ခဲ့တဲ့ ၅၃ ကြိမ်မြောက် ညီလာခံမှာ ခါမေနီက ဒီလို ပြောကြားခဲ့တာဖြစ်ပြီး အီရန်လူငယ်တွေအနေနဲ့ နိုင်ငံရပ်ခြားကိုသွားရောက်ကာ ပညာဆည်းပူးရေးကိုလည်း
    အားပေးခဲ့ပါတယ်။

    “တက္ကသိုလ်ကျောင်းသားတွေဟာ တိုင်းပြည်အတွက် အကောင်းဆုံးမျှော်လင့်ချက်ဆိုတာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ မနေ့က ကျောင်းသားဖြစ်ခဲ့သူတွေဟာ ဒီကနေ့မှာ ကျွန်တော်တို့နိုင်ငံရဲ့ အသိပညာနယ်ပယ်၊ နည်းပညာနယ်ပယ် တိုးတက်ရေးအတွက် အားနဲ့အင်နဲ့ ကူညီပံ့ပိုးပေးနေကြပြီး ကြီးမားတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နေကြတယ်ဆိုတာ လူတိုင်း သိရှိဖို့ လိုအပ်ပါတယ်”

    အီရန်နိုင်ငံအနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေအပေါ် မှီခိုနေရမှု လုံးဝလွတ်ကင်းအောင် ဆောင်ရွက်ဖို့လည်း ခါမေနီက လူငယ်တွေကို ပြောကြားခဲ့ပါတယ်။

    “သမဂ္ဂအဖွဲ့ဝင်တွေဖြစ်တဲ့ မင်းတို့ဟာ သိပ္ပံနယ်ပယ်မှာ အားထုတ်ကြိုးပမ်းရာမှာ ဦးဆောင်ဦးရွက်ပြုသူတွေ၊ ရှေ့တန်းရောက်သူတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာဆောင် ဆောင်ရွက်နိုင်တဲ့စွမ်းအား ဘုရားသခင် ချီးမြှင့်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပါတယ်”

    အီရန်နိုင်ငံကို ကြိုးကိုင်သူဖြစ်တယ်လို့ အများစုက ယုံကြည်ထားကြတဲ့ အယာတိုလာ ဆယဒ် အလီခါမေနီဟာ အစ္စလာမ်ကမ္ဘာမှာ ပညာရေး၊ သိပ္ပံနဲ့ နည်းပညာပိုင်းကို အဓိက ဦးစားပေးလုပ်ဆောင်ဖို့အတွက် မကြာခဏ တိုက်တွန်းလေ့ရှိသူလည်း ဖြစ်ပါတယ်။

    Ref: Press TV