News @ M-Media

Blog

  • လျှပ်စစ်ကားများကို ၁၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်မည့် နည်းပညာတစ်ခု ထွက်ပေါ်လာ

    လျှပ်စစ်ကားများကို ၁၅ မိနစ်ဖြင့် အားအပြည့်သွင်းနိုင်မည့် နည်းပညာတစ်ခု ထွက်ပေါ်လာ

    ဒီဇင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    – အနာဂတ် လျှပ်စစ်ကားတွေက ဘတ္ထရီတွေကို ၁၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ့် နည်းပညာသစ်တစ်ခုကို ထိပ်တန်းကားကုမ္ပဏီတွေက အခုတစ်ပတ်မှာ ထုတ်ဖော် ပြသလိုက်ပါတယ်။

    BMW၊ Porsche နဲ့ Siemens တို့ ပေါင်းထားတဲ့အဖွဲ့က အလွန်မြန်ဆန်တဲ့ အားသွင်းမှု နည်းပညာတစ်ခုကို ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး ၄၅၀ ကီလိုဝပ် အားသွင်းစနစ်ကို ကြာသာပတေးနေ့မှာ ပြသခဲ့ပါတယ်။ အဲဒီစနစ်ဟာ ၃ မိနစ်သွင်းရုံနဲ့ ၆၂ မိုင် မနားတမ်း မောင်းနိုင်မှာဖြစ်ပြီး လျှပ်စစ်ကားတစ်စီးကို ၁၅ မိနစ်နဲ့ အားအပြည့် သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။

    လက်ရှိ လျှပ်စစ်ကားဈေးကွက်မှာ ဘတ္ထရီတွေကို အားသွင်းချိန်မြင့်မားမှုက အားနည်းချက်တစ်ခု ဖြစ်နေပြီး ခရီးအကွာအဝေးနည်းနည်းသာ မောင်းနိုင်တဲ့အတွက် လျှပ်စစ်ကားတွေကို လူတွေက သိပ်ပြီး စိတ်မ၀င်စားပါဘူး။

    Faraday Institution ရဲ့ နည်းပညာဆိုင်ရာ အကြီးအကဲဖြစ်တဲ့ အီယန် အဲလာရင်တန်က ယခုနည်းပညာအသစ်ဟာ လက်ရှိအသုံးပြုနေတဲ့ နည်းပညာတွေထက် သိသိသာသာ ပိုမိုကောင်းမွန်ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့အတွက်  ဖြေရှင်းစရာလေးတွေ လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “၃၅၀-၄၅၀ ကီလိုဝပ်ရှိတဲ့ အားသွင်းစနစ်ရဲ့ ကြာချိန်ဟာ ဆီဖြည့်တဲ့ ကြာချိန်လောက်သာ ရှိမှာဖြစ်ပြီး ဆီကားတွေလို ခရီးဝေးဝေးကိုလည်း သွားရောက်နိုင်မှာ ဖြစ်ပါတယ်”

    စနစ်အတွက် အဓိကပြဿနာက ဒီလိုမြင့်မားတဲ့ စွမ်းအင်ကို လက်ခံနိုင်မယ့်ကားတွေ ထုတ်လုပ်ဖို့လိုအပ်တာဖြစ်ပြီး လက်ရှိဈေးကွက်မှာ အဲဒီလိုကားမျိုး မရှိသေးပါဘူး။

    “လက်ရှိဈေးကွက်မှာ ဒီလောက်ပါဝါအများကြီးကို လက်ခံနိုင်မယ့် ကားမျိုး မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ အပြည့်အ၀ အသုံးပြုနိုင်ဖို့အတွက် မျိုးဆက်သစ် ဘတ္ထရီတွေ လိုအပ်ပါတယ်” လို့ အဲလာရင်တန်က ပြောကြားခဲ့ပါတယ်။

    ကီလိုဝပ် ၄၅၀ နဲ့ အားသွင်းနိုင်မယ့် ကားတွေ ပေါ်ထွက်လာဖို့အတွက် လက်ရှိ BMW နဲ့ Porsche တို့က ဆောင်ရွက်နေပါတယ်။

    အားမြန်မြန်သွင်းနိုင်ခြင်းရဲ့ အားနည်းချက်က ဒီစနစ်ကြောင့် ဘတ္ထရီအလျင်အမြန် ပျက်ဆီးတာဖြစ်ပြီး အရေးပေါ်အခြေအနေအတွက်ပဲ ဒီစနစ်က အသုံးဝင်လိမ့်မယ်လို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

    Ref: CNN

  • ဂျာမနီရှိ ရှော့ပင်းမောတစ်ခုတွင် မီးပန်းဖောက်ရာမှ လူအုပ် တိုးဝှေ့မှုဖြစ်

    ဂျာမနီရှိ ရှော့ပင်းမောတစ်ခုတွင် မီးပန်းဖောက်ရာမှ လူအုပ် တိုးဝှေ့မှုဖြစ်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    – ဂျာမနီနိုင်ငံ ဒေါ့မွန်မြို့က ရှော့ပင်းမောလ်တစ်ခုမှာ လူငယ်တစ်ချို့က မီးပန်းတွေဖောက်မှုကနေ အကြမ်းဖက်တိုက်ခိုက်တယ်လို့ထင်ကာ ဈေးဝယ်တွေ တိုးဝှေ့ထွက်ပြေးမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

    မြို့လယ်ကောင်မှာရှိပြီး ခရစ္စမတ်ညဈေးနဲ့လည်းနီးတဲ့ အဲဒီရှော့ပင်းမောလ်ဟာ မနေ့က ဈေးဝယ်သူတွေနဲ့ စည်ကားနေတဲ့အချိန်မှာ လူငယ်တစ်စုက လူအုပ်ထဲကို မီးပန်းတွေ ပစ်ထည့်ခဲ့တာ ဖြစ်ပါတယ်။

    လူတွေက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ထင်မှတ်တာကြောင့် ဘေးကင်းရာကို တိုးဝှေ့ထွက်ပြေးခဲ့ကြပြီး အရေးပေါ် ကယ်ဆယ်ရေးသမားတွေလည်း အခင်းဖြစ်ရာနေရာကို အလျင်အမြန်ရောက်ရှိကာ အခြေအနေကို ထိန်းသိမ်းခဲ့ပါတယ်။

    ဒေါ့မွန်ရဲတပ်ဖွဲ့က ဒီအဖြစ်အပျက်အကို အတည်ပြုခဲ့ပြီး လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူအရေအတွက် ပိုမိုမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒဏ်ရာရသူတွေရဲ့အခြေအနေ ဘယ်လောက်ပြင်းထန်လဲဆိုတာကို ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။

    ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် လူငယ် ၄ ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    Ref: RT

  • ဆော်ဒီရှိ မြင့်မြတ်သော ဗလီများတွင် မသန်စွမ်းသူများ အဆင်ပြေစေရန် ပိုမိုဆောင်ရွက်ပေးထား

    ဆော်ဒီရှိ မြင့်မြတ်သော ဗလီများတွင် မသန်စွမ်းသူများ အဆင်ပြေစေရန် ပိုမိုဆောင်ရွက်ပေးထား

    ဒီဇင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    – မက္ကာနဲ့ မဒီနာကို ဟဂ်ျ၊ အွမ္မရာဟ် ဘုရားဖူးခရီး လာရောက်ကြတဲ့ မသန်စွမ်းသူတွေ လွယ်ကူစေဖို့အတွက် လက်ဟန်ဘာသာစကားနဲ့ လမ်းညွှန်တဲ့သူတွေ၊ မျက်မမြင်တွေဖတ်လို့ရမယ့် ကုရ်အာန်စာအုပ်တွေ အပါအ၀င် အခြား ၀န်ဆောင်မှုအသစ်တွေကို ဆော်ဒီအာဏာပိုင်တွေက ဆောင်ရွက်ပေးထားပါတယ်။

    မြင့်မြတ်တဲ့ ဗလီဝတ်ကျောင်းတော်နှစ်ခု ဆိုင်ရာ အထွေထွေအုပ်ချုပ်မှုဌာနရဲ့ တာဝန်ရှိသူ အဟ်မဒ် အလ် ဘူရ်ကာတီက မသန်စွမ်းသူတွေဟာ ထူးခြားတဲ့ အစွမ်းအစရှိကြသူတွေဖြစ်ပြီး၊ ဘုရားဖူးကာလတွေမှာ သူတို့တွေအတွက် လွယ်ကူအဆင်ပြေစေမယ့် နည်းလမ်းတွေကို ဖန်တီးပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီလို ဆောင်ရွက်ပေးထားမှုတွေထဲမှာ ကုန်အာန်ကျမ်းတော်မြတ်ကို ထောက်လိုက်တာနဲ့ အသံထွက်မယ့် စမတ်ဘောပင်၊ စာအုပ်မကိုင်နိုင်သူတွေအတွက် အဆင်ပြေစေမယ့် ရွေ့လျား စာအုပ်တင်စင် ထားပေးထားတာတွေလည်း ပါဝင်ပါတယ်။ မျက်မမြင်တွေ လက်နဲ့ထောက် ဖတ်ရှုနိုင်မယ့် ကုရ်အာန်ကျမ်းတော်မြတ်၊ အခြား ဘာသာရေး စာအုပ်စာပေတွေကို ထားရှိပေးထားပြီး မသန်စွမ်းသူတွေကို ၀တ်ပြုချိန်နဲ့ အခြားကိစ္စတွေမှာလည်း ကူညီလမ်းညွှန်ပေးနိုင်မယ့် သီးသန့်ဝန်ထမ်းတွေကိုလည်း မက္ကာနဲ့ မဒီနာက မြင့်မြတ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ ထားရှိပေးထားပါတယ်။

    အလ် ဘူရ်ကာတီက မသန်စွမ်းသူတွေ ၀တ်ပြုရာနေရာကို အလွယ်တကူ ၀င်ရောက်နိုင်ရေးအတွက် သီးသန့်ဝင်ပေါက်တွေ ထားရှိပေးထားတယ်လို့ ဆိုပါတယ်။

    အွမ္မရာဟ်ဘုရားဖူးခရီး လာရောက်တဲ့ အီဂျစ်နိုင်ငံသား အဟ်မဒ် ဘာဒါဝီက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ ဒီလို ၀န်ဆောင်မှုမျိုး ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    မသန်စွမ်းသူတွေအတွက် ဘီးတပ်ကုလားထိုင်တွေ၊ မျက်မမြင်တွေသုံးနိုင်မယ့် လမ်းညွှန်တုတ်တွေကိုလည်း မြင့်မြတ်ရာနေရာတွေမှာ ထားရှိပေးထားပါတယ်။

    Ref: Arab News

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၁၆၊ ၂၀၁၈
    M-Media

    ငွေကြေး မသမာမှုဖြင့် စစ်ဆေးခံနေရသည့် မော်လ်ဒိုက်သမ္မတဟောင်း ယာမင်

    ကက်ရှ်မီးယားဒေသတွင် အစိုးရတပ်နှင့် သူပုန်များ တိုက်ပွဲဖြစ်
    ===================
    အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသ ပူလ်ဝါမာရွာမှာ မနေ့က သူပုန်တွေကို အစိုးရတပ်ဖွဲ့တွေရဲ့ ရှာဖွေမှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၇ ဦး၊ သူပုန် ၃ ဦးနဲ့ အိန္ဒိယစစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ ရွာသားတွေစုပြီး တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာကို လာရောက်ကြည့်ရှုစဉ် အိန္ဒိယစစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အိန္ဒိယစစ်တပ်က လူအုပ်ကြီးဟာ ရန်ပြုမယ့်အန္တရာယ် ရှိတာကြောင့် ပစ်ခတ်ရတာဖြစ်တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ အခုနှစ်အတွင်း တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၁၄၆ ဦးအပါအ၀င် လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။

    မြို့တော်ပဲရစ်တွင် ပြင်သစ်ပြည်သူများ ၅ ပတ်မြောက်အဖြစ် ဆန္ဒပြ
    =====================
    အစိုးရရဲ့ အခွန်တိုးမြှင့်မှု၊ လူနေမှုစားရိတ် မြင့်တက်လာမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ ပြင်သူပြည်သူတွေဟာ မနေ့က မြို့တော်ပဲရစ်မှာ ၅ ပတ်မြောက်အဖြစ် ဆန္ဒပြခဲ့ကြပြီး လူ ၇ သောင်းနီးပါး ပါဝင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ ငရုပ်ကောင်းစပရေးတွေ အသုံးပြုကာ လူစုခွဲခဲ့ကြပြီး နှစ်ဖက် ရုန်းရင်းဆန်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ မနေ့က ဆန္ဒပြသူပေါင်း ၁၀၀ ကျော် ဖမ်းဆီးခဲ့တယ်လို့ ပဲရစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြင်သစ်ပြည်သူတွေဟာ အပတ်စဉ်ဆန္ဒပြလတာ ၅ ပတ်မြောက် ရှိလာပြီဖြစ်ပြီး အခုတစ်ပတ်မှာ ဆန္ဒပြသူအရေအတွက်ဟာ ပြီးခဲ့တဲ့တစ်ပတ်ကထက် ထက်ဝက်လောက် ကျဆင်းသွားပါတယ်။ ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်က ဆန္ဒပြမှုတွေ ရပ်တန့်သွားရေး ကြိုးစားနေပေမယ့် အောင်မြင်မှု မရသေးပါဘူး။

    မော်လ်ဒိုက်သမ္မတဟောင်း ငွေကြေးမသမာမှုဖြင့် စစ်ဆေးခံနေရ
    =================
    အာဏာရှိစဉ်မှာ ငွေကြေး မသမာမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ မော်လ်ဒိုက်ရဲတပ်ဖွဲ့က သမ္မဟောင်း အဘ်ဒူလာယာမင်ကို မနေ့က ဆင့်ခေါ် စစ်ဆေးခဲ့ပါတယ်။ ယာမင်ဟာ အောက်တိုဘာလ ရွေးကောက်ပွဲမှာ ရှုံးခဲ့သူပါ။ ရွေးကောက်ပွဲမတိုင်ခင် သူ့ရဲ့ဘဏ်စာရင်းထဲကို မော်ဒိုက် ရူဖီယာ ၂၂ သန်း (ကန်ဒေါ်လာ ၁.၅ သန်း) ၀င်လာမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က မေးမြန်းခဲ့တာဖြစ်ပြီး မိမိအနေနဲ့ ငွေကြေးခ၀ါချမှု၊ မူးယစ်ဆေးပြဿနာတွေမှာ ပါဝင်မှုမရှိဘူးလို့ ယာမင်က ပြောကြားခဲ့ပါတယ်။ ဒီလို ငွေကြေး ၀င်လာမှုဟာ နိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တာဖြစ်တယ်ဆိုပြီး မော်လ်ဒိုက် ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီက စက်တင်ဘာလမှာ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပါတယ်။ တရားရုံးကလည်း ယာမင်ရဲ့ ဘဏ်စာရင်းတွေကို ငွေ အသွင်းအထုတ် မပြုလုပ်နိုင်အောင် ပိတ်ပင်ထားပါတယ်။

    ခြစားမှုတိုက်ဖျက်ရေး အောင်မြင်မှုကြီးကြီးမားမား ရခဲ့သည်ဟု တရုတ်သမ္မတပြော
    =======================
    တရုတ်ကွန်မြူနစ်ပါတီအတွင်း ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ အောင်မြင်မှု ကြီးကြီးမားမား ရခဲ့တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က သောကြာနေ့ ပါတီပေါ်လစ်ဗျူရို အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ရှီကျင့်ဖျင်ဟာ သမ္မတဖြစ်ပြီးနောက်ပိုင်း ကွန်မြူနစ်ပါတီတစ်ခုလုံးမှာ ခြစားမှုတိုက်ဖျက်ရေးကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရှီရဲ့ ခြစားမှုတိုက်ဖျက်ရေးအဖွဲ့ဟာ အခုနှစ် ပထမ ၉ လအတွင်း အမှုပေါင်း ၄၆၄၀၀၀ ကို ကိုင်တွယ်ခဲ့ပြီး လူပေါင်း ၄၀၆၀၀၀ ဦးကို အရေးယူခဲ့ပါတယ်။ သောကြာနေ့ ပေါ်လစ်ဗျူရို အစည်းအဝေးမှာ ရှီက ဖုံးကွယ်နေတဲ့ ခြစားမှုတွေကို ဆက်လက်ဖော်ထုတ်သွားမှာဖြစ်ပြီး ပါတီဝင်တွေနဲ့ အစိုးရ လုပ်သားတွေကို
    စောင့်ကြည့်ရေး နည်းလမ်းကိုလည်း ခေတ်မီအောင် ပြုလုပ်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: CNA

  • အိန္ဒိယရှိ ဘုရားပွဲတစ်ခုတွင် အစာအဆိပ်သင့်မှုကြောင့် လူ ၁၁ ဦး သေဆုံး

    အိန္ဒိယရှိ ဘုရားပွဲတစ်ခုတွင် အစာအဆိပ်သင့်မှုကြောင့် လူ ၁၁ ဦး သေဆုံး

    ဒီဇင်ဘာ ၁၅၊ ၂၀၁၈
    M-Media

    – အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း မြို့တစ်မြို့က ဟိန္ဒူဘုရားပွဲမှာ အစာအဆိပ်သင့်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၉၀ ကျော်လောက် ဆေးရုံတင်ထားရပါတယ်။

    ကာရ်နာတာကာပြည်နယ် မိုင်ဆိုရီးမြို့ Kicchukatti Maramma ဘုရားပွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားကျောင်းကကျွေးတဲ့ အန္တရာယ်ကင်းထမင်းကို စားမိရာကနေ အစာအဆိပ်သင့်ကာ ဆေးရုံတင်ထားရတဲ့ လူ ၉၀ မှာ ၂၉ ဦးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

    “အဆိပ်ရှိတဲ့အရာတစ်ချို့ ထမင်းနဲ့ရောသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ထမင်းနမူနာကို မှုခင်းဆေးအဖွဲ့ဆီပို့ပြီး စစ်ဆေးခိုင်းထားပါတယ်” လို့ ခရိုင်တာဝန်ရှိသူ ကေ အိခ်ျ ပရာဆဒ်က ပြောကြားခဲ့ပါတယ်။

    ထမင်းစားသူတွေဟာ ပျို့အန်တာ၊ ၀မ်းလျှောတာနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ခဲ့ရပါတယ်။

    ပြည်နယ်ဝန်ကြီးချုပ်က ဒီအဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး ထိခိုက်ခံစားရတဲ့ မိသားစုတစ်ခုစီကို ရူပီး ၅ သိန်း (ကန်ဒေါ်လာ ၇၀၀၀ ခန့်) ထောက်ပံ့သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အိန္ဒိယက ဘာသာရေးပွဲတော်တွေမှာ လူတွေအလွန်များပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် မကြာခဏဆိုသလို မတော်တဆမှုတွေ ဖြစ်ပွားလေ့ ရှိပါတယ်။

    ပြီးခဲ့တဲ့နှစ် အနောက် ဘန်ဂေါလ်ပြည်နယ်က ဘုရားပွဲတစ်ခုမှာ လူစုပြုံတိုးဝှေ့မှုကြောင့် အမျိုးသမီး ၆ ဦး သေဆုံးခဲ့ပြီး ၂၀၁၆ ခုနှစ် အူတာပရာဒက်ရှ်ပြည်နယ်က ဘုရားပွဲမှာလည်း အဲဒီလို လူ စုပြုံတိုးဝှေ့မှုကြောင့် ၂၄ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Khaleej Times