News @ M-Media

Blog

  • ယီမင်တွင် ငတ်မွတ်မှုကြောင့် သေဆုံးသူ ကလေးအရေအတွက် ၈ သောင်းကျော်နိုင်

    ယီမင်တွင် ငတ်မွတ်မှုကြောင့် သေဆုံးသူ ကလေးအရေအတွက် ၈ သောင်းကျော်နိုင်

    နိုဝင်ဘာ ၂၁၊ ၂၀၁၈
    M-Media

    – ပြည်တွင်းစစ်ဖြစ်နေတဲ့ ယီမင်မှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးသူ ကလေးငယ် အရေအတွက်ဟာ ၈၅၀၀၀ လောက် ရှိနိုင်တယ်လို့ Save the Children အဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ကုလက စုဆောင်းရရှိထားတဲ့ အချက်အလက်တွေကို ဆန်းစစ်ကာ အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဧပြီလကနေ ၂၀၁၈ ခုနှစ် အောက်တိုဘာလအထိ အစားအစာ ရှားပါးမှုကြောင့် သေဆုံးသူ ကလေးအရေအတွက်ဟာ ၈၄၇၀၁ ဦး ရှိတယ်လို့ ဆိုပါတယ်။

    “စစ်ပွဲတွေကြားမှာ အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုကြောင့် ကလေးပေါင်း ၈၅၀၀၀ လောက် သေဆုံးနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးက တုန်လှုပ်စရာပါ။ ကလေးတွေဟာ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပြီး သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်မှု နှေးကွေးလာရာကနေ နောက်ဆုံးမှာ ရပ်တန့်ပြီး သေဆုံးသွားကြတာ ဖြစ်ပါတယ်။ ကလေးတွေသေဆုံးတာကို မိဘတွေက ဒီအတိုင်း ထိုင်ကြည့်နေရတယ်။ သူတို့ ဘာမှမလုပ်နိုင်ကြဘူး” လို့ ယီမင် Save the Children က ဒါရိုကတာ တမာရ် ကီရိုလို့စ်က ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် မတ်လက ဆော်ဒီနဲ့ ယူအေအီးတပ်တွေ ၀င်ရောကတိုက်ခိုက်ပြီးနောက်ပိုင်း အရေးပါတဲ့ ဟိုဒိုက်ဒါဆိပ်ကမ်းကနေ အစားအသောက်တွေ တင်ပို့မှုကို ကန့်သတ်ခဲ့တဲ့အတွက် တစ်လကို အစားအစာတန်ချိန် ၅၅၀၀၀ လောက် လျော့ကျသွားပြီး ဒါဟာ ကလေး ၂.၂ သန်းအပါအ၀င် လူပေါင်း ၄.၄ သန်းလောက်ကို ကျွေးမွေးနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။

    ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ World Food Programme က ယီမင်းပြည်တွင်းစစ်ကြောင့် ပြည်သူ ၁၄ သန်းလောက်ဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဘောလီးဝုဒ်မင်းသားကြီး အမီဘာ့ဘ်ဘချန်း လယ်သမား ၁၃၀၀ ကျော်၏ အကြွေးများကို ဆပ်ပေး

    ဘောလီးဝုဒ်မင်းသားကြီး အမီဘာ့ဘ်ဘချန်း လယ်သမား ၁၃၀၀ ကျော်၏ အကြွေးများကို ဆပ်ပေး

    နိုဝင်ဘာ ၂၁၊ ၂၀၁၈
    M-Media

    – ဘောလီးဝုဒ်က နာမည်ကြီး မင်းသားကြီးဖြစ်တဲ့ အမီသာ့ဘ် ဘချန်းဟာ လယ်သမားတွေရဲ့ အကြွေး ရူပီး သန်း ၄၀ ကျော် (ကန်ဒေါ်လာ ၅ သိန်း ၆ သောင်း) ဖိုး ပေးဆပ်ခဲ့တယ်လို့ သိရပါတယ်။

    သူမွေးဖွားရာ အူတာပရာဒက်ရှ်ပြည်နယ်က လယ်သမားပေါင်း ၁၃၉၈ ဦးရဲ့ အကြွေးတွေကို ဆပ်ပေးလိုက်တာဖြစ်ပြီး ဒီလိုကူညီရတဲ့အတွက် တာဝန်တစ်ခု ပြီးမြောက်သွားတယ်လို့ ခံစားရကြောင်း ဘချန်းက သူ့ရဲ့ ဘလော့စာမျက်နှာမှာ မနေ့က ရေးသားခဲ့ပါတယ်။

    အိန္ဒိယမှာ သိန်းနဲ့ချီတဲ့ လယ်သမားတွေဟာ အကြွေးဒဏ်ပိနေပြီး ၁၉၉၅ ခုနှစ်ကတည်းက မိမိကိုယ်ကိုယ်သတ်သေတဲ့ လယ်သမား အရေအတွက်ဟာ အနည်းဆုံး ၃ သိန်းလောက် ရှိနေပါတယ်။

    ဘချန်းက အကြွေးဆပ်ပြီးတဲ့နောက်ပိုင်း Bank of India က ရရှိတဲ့ ပြေစာတွေကို လယ်သမားတွေလက်ထဲ ကိုယ်တိုင်ထည့်ပေးသွားဖို့ စီစဉ်နေပါတယ်။

    “အကြွေးတွေ ဆပ်ပေးပြီးကြောင်း ပြေစာတွေကို လူချင်းတွေ့ပြီး ပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်” လို့ ဘလော့စာမျက်နှာမှာ သူက ရေးသားခဲ့ပါတယ်။

    ဘချန်းဟာ လယ်သမား ၇၀ လောက်ကို မွမ်ဘိုင်းမှာ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

    အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမီသာ့ဘ်ဘချန်းဟာ အခုနှစ်အစောပိုင်းကလည်း မဟာရက်ရှ်ထရာပြည်နယ်က လယ်သမား ၃၅၀ လောက်ရဲ့ အကြွေးတွေကို ဆပ်ပေးခဲ့ပါတယ်။

    ၂၀၀၇ ခုနှစ်မှာ လယ်မြေဧက စကွဲယားပေ ၉ သောင်းလောက်ကို တရားရုံးက ဘချန်းကို တရားမ၀င် လွှဲပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီး လိမ်လည်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူက ဒီလယ်မြေတွေကို စွန့်လွှတ်ခဲ့ပါတယ်။

    Ref: BBC

  • ကဘူးလ်မြို့ တမန်တော်နေ့အခမ်းအနားတွင် အသေခံဗုံးခွဲမှုဖြစ်၊ ၅၀ ကျော် သေဆုံး

    ကဘူးလ်မြို့ တမန်တော်နေ့အခမ်းအနားတွင် အသေခံဗုံးခွဲမှုဖြစ်၊ ၅၀ ကျော် သေဆုံး

    နိုဝင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    – အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ ဒီကနေ့ကျင်းပတဲ့ တမန်တော်နေ့အခမ်းအနားအတွင်း အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူ ၅၀ ကျော်သေဆုံးပြီး ၈၀ ကျော်လောက် ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

    နိုင်ငံရေးနဲ့ ဘာသာရေးအခမ်းအနားတွေ ပုံမှန်ပြုလုပ်လေ့ရှိတဲ့ Uranus Wedding Palace အဆောက်အဦးမှာ တမန်တော်နေ့ အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက ထိပ်တန်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ တော်တော်များများ တက်ရောက်ခဲ့ကြတာပါ။

    အသေခံဗုံးခွဲသမားဟာ အခမ်းအနားအလယ်လောက်မှာ ဗုံးခွဲခဲ့တာဖြစ်တယ်လို့ ခန်းမရဲ့မန်နေဂျာက ပြောကြားခဲ့ပါတယ်။

    အာဖဂနစ္စတန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း IS အကြမ်းဖက်အဖွဲ့နဲ့ တာလီဘန်အဖွဲ့တို့က တိုက်ခိုက်မှုတွေကို ပိုမို တိုးမြှင့် လုပ်ဆောင်လာခဲ့ပါတယ်။

    ဒါပေမယ့် ဒီကနေ့တိုက်ခိုက်မှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။

    ဇွန်လက ကဘူးလ်မြို့ Polytechnic တက္ကသိုလ်နားမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ အခမ်းအနားတစ်ခု ပြုလုပ်နေစဉ်အတွင်း အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၇ ဦး သေဆုံးခဲ့ပါတယ်။

    Ref: Aljazeera

  • ပါလက်စတိုင်းပိုင်နက်အတွင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို Airbnb က ၎င်းတို့စာရင်းမှ ပယ်ဖျက်မည်

    ပါလက်စတိုင်းပိုင်နက်အတွင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများကို Airbnb က ၎င်းတို့စာရင်းမှ ပယ်ဖျက်မည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    – ပါလက်စတိုင်းပိုင်နက်အတွင်းမှာရှိတဲ့ အစ္စရေးကျူးကျော်အိမ်ယာတွေကနေ တင်ထားတဲ့ အိမ်ငှားစာရင်းတွေကို ပယ်ဖျက်သွားတော့မယ်လို့ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ အခန်းငှား၊ အိမ်ငှား ၀န်ဆောင်မှုဝဘ်ဆိုက် Airbnb က မနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဒါ့ကြောင့် ပါလက်စတိုင်းပိုင်နက်မှာရှိတဲ့ အစ္စရေးရဲ့ တရားမ၀င် ကျူးကျော်အိမ်ယာတွေက အိမ်ငှားစာရင်း ၂၀၀ လောက် Airbnb မှာ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

    “(ပါလက်စတိုင်းပိုင်) အနောက်ဖက်ကမ်းမှာရှိတဲ့ အစ္စရေးရဲ့အိမ်ယာတွေက စာရင်းတွေကို ဖယ်ရှားပစ်ရမယ်လို့ ကျွန်တော်တို့ သုံးသပ်ခဲ့ပါတယ်။ အဲဒီနေရာဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတွေအကြား ပြဿနာရဲ့ အဓိကနေရာ ဖြစ်ပါတယ်” လို့ Airbnb ၀ဘ်ဆိုက်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Airbnb အနေနဲ့ ဒီလိုလုပ်ဆောင်ဖို့အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ ပါလက်စတိုင်းပြည်သူတွေက နှစ်အတော်ကြာ တောင်းဆိုခဲ့တာပါ။ ပါလက်စတိုင်းပိုင်နက်တွေက ကျူးကျော်အိမ်ယာတွေကို အစ္စရေးအိမ်ယာလို့ ဖော်ပြခဲ့တဲ့အတွက် Airbnb ဟာ ၂၀၁၆ ခုနှစ်မှာ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

    အခုတော့ ဒီစာရင်းတွေကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ ပယ်ဖျက်သွားမှာဖြစ်ပါတယ်။

    ကုမ္ပဏီက ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးရဲ့ တရားမ၀င် ကျူးကျော်အိမ်ယာတွေအပေါ် ကမ္ဘာကြီးရဲ့ သဘောထားကို အခြေခံပြီး ဒီလို ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးရတဲ့နေရာမျိုးကနေ ကုမ္ပဏီတွေက အကျိုးအမြတ်အရှာသင့်ဘူးလို့ ကမ္ဘာ့အသိုင်းအ၀ိုင်းက ပြောနေကြပါတယ်”

    Human Rights Watch အဖွဲ့ရဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းဆိုင်ရာ ဒါရိုက်တာ အိုမာရ် ရှာကစ်ဒ်က Airbnb ရဲ့ ဒီလုပ်ရပ်ကို ကြိုဆိုခဲ့ပါတယ်။

    “Booking.com လို ကုမ္ပဏီမျိုးတွေကလည်းက ဒီလိုမျိုး လိုက်လုပ်သင့်ပါတယ်” လို့ Twitter စာမျက်နှာမှာ သူက ရေးသားခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်တွေဖြစ်တဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့မှာ အစ္စရေးက ဆောက်လုပ်ထားတဲ့ အခြေချအိမ်တွေဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ပါဘူး။ အဲဒီအိမ်ယာတွေမှာနေထိုင်တဲ့ အစ္စရေးအရေအတွက်ဟာ အခုဆိုရင် ၆ သိန်းလောက်အထိ ရှိလာပြီ ဖြစ်ပါတယ်။

    Ref: Aljazeera

  • လိင်ကျူးလွန်သည့် ကက်သလစ်ဘုန်းကြီးများကို အိန္ဒိယခရစ်ယာန်များ ဆန့်ကျင်ဆန္ဒပြ

    လိင်ကျူးလွန်သည့် ကက်သလစ်ဘုန်းကြီးများကို အိန္ဒိယခရစ်ယာန်များ ဆန့်ကျင်ဆန္ဒပြ

    နိုဝင်ဘာ ၂၀၊ ၂၀၁၈
    M-Media

    ခရစ်ယာန်ဘာသာဝင်များ ဆန္ဒပြမှု

    – အိန္ဒိယနိုင်ငံက ခရစ်ယာန်ကက်သလစ်အသင်းတော်မှာ ဘုန်းကြီးတွေဟာ သီလရှင်တွေနဲ့ လူဝတ်ကြောင်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်ပိုင်း ပြည်သူလူထုရဲ့ ဆန္ဒပြမှုတွေ မြင့်တက်လာခဲ့ပါတယ်။

    ဇွန်လက နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ ကက်သလစ်သီလရှင်တစ်ဦးဟာ ရဲစခန်းမှာ မုဒိမ်းမှုတိုင်ချက်တစ်ခု ဖွင့်ခဲ့ပါတယ်။ တိုင်ချက်မှာ ဂျာလန်ဟာရ်မြို့ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဖရန်ကို မူလက်ကဲလ်က ကီရာလာ သီလရှင်ကျောင်းမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သူမကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ရဲတပ်ဖွဲ့က မူလက်ကဲလ်ကို ဖမ်းဆီးခဲ့ပေမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အာမခံ၊ ခြေချုပ်တွေနဲ့ လွှတ်ပေးခဲ့ပါတယ်။ ကီရာလာသီလရှင်ကျောင်းက ၅ ပါး အပါအ၀င် နောက်ထပ် သီလရှင် ၆ ပါးကလည်း ဒီတိုင်ကြားချက်မှန်ကန်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကီရာလာပြည်နယ် ဟာ သီရူဗာလာမြို့မှာ အမျိုးသမီးတစ်ဦးကို ခရစ်ယာန်ဘုန်းကြီးတစ်ပါးက လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အခုနှစ်အစောပိုင်းမှာ ပြည်နယ် Malankara Orthodox Syrian အသင်းတော်က ဥပေဒပညာရှင်တွေ၊ ဘုန်းကြီးတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။

    ဘုရားကျောင်းမှာ ၀န်ခံခဲ့တဲ့ အပြစ်တစ်ခုနဲ့ ခြိမ်းခြောက်ကာ ဘုန်းကြီး ၅ ပါးက သူမကို နှစ်ပေါင်းများစွာ လိင်စော်ကားခဲ့တယ်လို့ ဒီအမျိုးသမီးက ပြောပါတယ်။

    ဒီကိစ္စတွေကို မကျေနပ်တဲ့အတွက် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ခရစ်ယာန်ဘာသာဝင်တွေ၊ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အခြားသူပြည် စုစုပေါင်း ၂၅၀ လောက်ဟာ ပြည်နယ်မြို့တော်က အစိုးရရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့သလို၊ လိင်စော်ကားတဲ့ ဘုန်းကြီးတွေကို အရေးယူပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

    မူလက်ကဲလ်က အဓမ္မကျင့်တယ်လို့ တိုင်ကြားတဲ့ သီလရှင်ကို ကီရာလာပြည်နယ် လွှတ်တော်အမတ် ပီစီဂျော့ဂ်ျက ‘အပျက်မ’ လို့ ဆဲဆိုခဲ့ပါသလို၊ သီလရှင်ဟာ လိမ်လည်တိုင်ကြားခဲ့တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    အိန္ဒိယ ကက်သလစ်အသင်းတော်က သီလရှင်ရဲ့ တိုင်ကြားမှုကို တရားဝင် ၀န်ခံခြင်း မပြုသေးပါဘူး။

    စက်တင်ဘာလ ၈ ရက်နေ့က ၂၁ ရက်နေ့အထိ ကိုချီမြို့မှာ သီလရှင် ၅ ဦးပါး ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး ထိခိုက်ခံစားရသူတွေနဲ့ တစ်သားတည်းရှိကြောင်း ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera