News @ M-Media

Blog

  • ၁၃ နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့်မှုဖြင့် ထိုင်းဘုန်းကြီးဟောင်း ၀ီရပို ထောင် ၁၆ နှစ်ကျ

    ၁၃ နှစ်အရွယ် မိန်းကလေးကို အဓမ္မကျင့်မှုဖြင့် ထိုင်းဘုန်းကြီးဟောင်း ၀ီရပို ထောင် ၁၆ နှစ်ကျ

    အောက်တိုဘာ ၁၇၊ ၂၀၁၈
    M-Media

    မုဒိမ်းမှုဖြင့် ထောင်ချခံခဲ့ရသည့် ထိုင်းဘုန်းကြီးဟောင်း ၀ီရပို

    – ငွေကြေးခ၀ါခြမှု၊ လိမ်လည်မှု၊ ကွန်ပျူတာရာဇ၀တ်မှုတွေနဲ့ ထောင်ချခံထားရတဲ့ ထိုင်းနိုင်ငံက နာမည်ကြီးဘုန်းကြီးဟောင်း Wirapol Sukphol ဟာ ဒီကနေ့မှာ မုဒိမ်းမှုနဲ့ ထောင်ဒဏ် ၁၆ နှစ် ထပ်မံချမှတ်ခြင်း ခံခဲ့ရပါတယ်။

    ဘုန်းကြီးဘ၀က အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့်ခဲ့တာဖြစ်ပြီး၊ မိန်းကလေးငယ်ဟာလည်း ကိုယ်ဝန်ရခဲ့ပါတယ်။

    “၁၃ နှစ်အရွယ် ကလေးမကို သူ့အဘွားထံကနေ ပြန်ပေးဆွဲပြီး မုဒိမ်းကျင့်ခဲ့တာပါ။ သူကတော့ ဒီကိစ္စကို ငြင်းပါတယ်။ အဓမ္မမှု၊ ပြန်ပေးဆွဲမှုတွေအတွက် အပြစ်ရှိကြောင်း တရားရုံးက တွေ့ခဲ့ရပြီး တစ်မှုကို ၈ နှစ်စီ ထောင်ချလိုက်တာပါ” လို့ ထိုင်းရှေ့နေချုပ်ရုံးက တရားရေးအရာရှိ Thanyanit Nitikrainon က ပြောကြားခဲ့ပါတယ်။

    လက်ရှိ အသက် ၃၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဓမ္မကျင့်ခံရသူက ပြစ်ဒဏ်ကို ကျေနပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Wirapol Sukphol ဟာ ၂၀၁၃ ခုနှစ်က ကိုယ်ပိုင်လေယာဉ်ပေါ်မှာ၊ ငွေအထပ်လိုက်နဲ့ ဇိမ်ခံနေတဲ့ ဗီဒီယိုကို YouTube စာမျက်နှာပေါ်လွှင့်တင်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီးလာတာ ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အဓမ္မကျင့်တယ်ဆိုတဲ့သတင်း ထွက်လာခဲ့ပြီး သာသနာ့ဘောင်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

    နောက်ပိုင်းမှာ သူဟာ အမေရိကန်ကို ထွက်ပြေးသွားပြီး မနှစ်က ထိုင်းနိုင်ငံကို ပြန်လည်လွှဲပြောင်း ရောက်ရှိလာတာ ဖြစ်ပါတယ်။

    ထိုင်အစိုးရက သူ့ကို တရားစွဲဆိုကာ ငွေကြေးခ၀ါချမှု၊ လိမ်လည်မှု၊ ကွန်ပျူတာရာဇ၀တ်မှုတွေနဲ့ သြဂုတ်လမှာ ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်ခဲ့ပါတယ်။ ပြစ်မှုတစ်ခုတည်းကို စွဲချက်များစွာနဲ့ ထောင်ချခံရတဲ့အတွက် Wirapol Sukphol ဟာ ထောင်ဒဏ် နှစ် ၂၀ သာ ကျခံရမှာ ဖြစ်ပါတယ်။

    ဗုဒ္ဓဘာသာထွန်းကားတဲ့ ထိုင်းနိုင်ငံက ဘုန်းကြီးအသိုင်းအ၀ိုင်းမှာ လိင်ပြဿနာတွေ၊ ငွေကြေးပြဿနာတွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ခပ်စိပ်စိပ် ကြားခဲ့ရပြီး ဗုဒ္ဓဘာသာ အသင်းအဖွဲ့တွေ ပြုပြင်ပြောင်လဲရေးလုပ်ဖို့ တိုက်တွန်းမှုတွေလည်း ရှိလာခဲ့ပါတယ်။

    Ref: Aljazeera

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၇၊ ၂၀၁၈
    M-Media

    ကြိုပေးကွပ်မျက် ခံခဲ့ရသည့် အင်မရန်း အလီ

    ၆ နှစ်အရွယ်ကလေးငယ်အား အဓမ္မကျင့် သတ်ဖြတ်သူကို ပါကစ္စတန် ကြိုးပေး
    ====================
    ဇန်န၀ါရီလက အသက် ၆ နှစ်အရွယ် ကလေးငယ် ဇိုင်နဘ် အန်ဆာရီကို အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ အင်မရန်းအလီကို ပါကစ္စတန်က ဒီကနေ့မနက် လာဟိုးရ်မြို့အကျဉ်းထောင်မှာ ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ အင်မရန်းဟာ အခြားမုဒိမ်းမှု၊ သတ်ဖြတ်မှုတွေကိုလည်း ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်။ ဇန်န၀ါရီလနှောင်းပိုင်းမှာ သူ့ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဖေဖော်ဝါရီမှာ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ကြိုးပေးတဲ့အချိန်မှာ ဇိုင်နဘ်ရဲ့ မိသားစုဝင်တွေ လာရောက်ကြည့်ရှုခဲ့ပြီး ဖခင်ဖြစ်သူက ပြစ်ဒဏ်ကို ကျေနပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကွပ်မျက်မှုကို ရုပ်သံကနေတစ်ဆင့် တိုက်ရိုက်ပြသဖို့ ဇိုင်နဘ်ရဲ့ဖခင်က တောင်းဆိုခဲ့ပေမယ့် ပါကစ္စတန်အစိုးရက ခွင့်မပြုခဲ့ပါဘူး။ ဒီအမှုကို ကိုင်တွယ်မှု နှေးကွေးတာနဲ့ပတ်သက်ပြီး ပါကစ္စတန် ရဲတပ်ဖွဲ့နဲ့ အစိုးရတို့ဟာ ပြည်သူတွေရဲ့ ဝေဖန်မှုကို အကြီးအကျယ် ခံစားခဲ့ရပါတယ်။

    မြေပြင်မှ ရေပြင်ပစ် ဒုံးကျည်သစ်တစ်မျိုးကို အီရန် ထုတ်လုပ်နိုင်
    ======================
    မြေပြင်ကနေ ရေထဲကို ၇၀၀ ကီလိုမီတာ အကွာအဝေးအထိ ပစ်လို့ရတဲ့ ဒုံးကျည်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တယ်လို့ အီရန်လေတပ် ဗိုလ်ချုပ်တစ်ဦးက မနေ့မှာ ပြောကြားလိုက်ပါတယ်။ အီရန်ဟာ ကီလိုမီတာ ၂၀၀ ကနေ ၂၀၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်မယ့် ဒုံးကျည်တွေကို ထုတ်လုပ်နေတာပါ။ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက ပိတ်ဆို့မှုတွေ ရှိနေပေမယ့် အီရန်ရဲ့ လက်နက်သစ်ထုတ်လုပ်ရေးလုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ တိုးတက်လာခဲ့ပါတယ်။

    ကာကွယ်ဆေးအတုထုတ်သည့် ကုမ္ပဏီကို တရုတ် ဒဏ်ရိုက်
    ==============
    ခွေးရူးရောဂါ ကာကွယ်ဆေးကို ရက်လွန်ပစ္စည်းတွေနဲ့ ထုတ်လုပ်ပြီး မှန်မှန်ကန် စမ်းသပ်မှုမရှိတဲ့ Changchun Changsheng Life Sciences ကုမ္ပဏီကို တရုတ်အစိုးရက ဒဏ်ငွေတပ်မှု၊ ပိုင်ဆိုင်မှု သိမ်းဆည်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီကို ဇူလိုင်လမှာ ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ တရုတ်အာဏာပိုင်တွေက အမိန့်ပေးခဲ့ပြီး၊ လိုင်စင်ကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။ ဒဏ်ငွေနဲ့ ပိုင်ဆိုင်မှုပစ္စည်း သိမ်းဆည်းမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၁.၃ ဘီလီယံဖိုးလောက် ရှိပါတယ်။ ကာကွယ်ဆေးအတုကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ မရှိပေမယ့် ပြည်တွင်း၊ ပြည်ပ ဈေးကွက်ကနေ ပြန်လည်သိမ်းဆည်းမှုလည်း တရုတ်အစိုးရက ပြုလုပ်ခဲ့ပါတယ်။

    Ref: BBC,Aljazeera, CNA

  • မြန်မာနိုင်ငံတွင် နှစ် ၅၀ အတွင်း ဖြစ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု အသေးစိတ်အစီရင်ခံစာ ထွက်ရှိ

    မြန်မာနိုင်ငံတွင် နှစ် ၅၀ အတွင်း ဖြစ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု အသေးစိတ်အစီရင်ခံစာ ထွက်ရှိ

    အောက်တိုဘာ ၁၆၊ ၂၀၁၈
    M-Media

    အစီရင်ခံစာ ထုတ်ပြန်ပွဲ အခမ်းအနား မြင်ကွင်း

    – မြန်မာနိုင်ငံမှာ ၁၉၇၀ ကနေ ၂၀၁၇ ခုနှစ်အထိ နှစ် ၅၀ အတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေးစိတ် စုံစမ်းဖော်ထုတ်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို ဒီကနေ့မှာ ထုတ်ပြန်လိုက်ပြီး ကျူးလွန်မှုတွေကို မှတ်တမ်းတင်ရေး၊ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ဆောင်ကျဉ်းရေး ခြေလှမ်းအစဖြစ်တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောကြားလိုက်ပါတယ်။

    ‘ဥပက္ခာ မပြုကောင်းသာ ဘ၀များ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တဲ့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) နဲ့ သူတို့ရဲ့’ ပြန်လည်ကုစားပေးလျော်မှု အလုပ်အဖွဲ့’ (Reparations Working Group) က အစီရင်ခံစာဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေရဲ့ ခံစားရမှုကို လက်ခံအသိအမှတ်ပြုပြီး အစိုးရ ဦးဆောင်တဲ့ ပြန်လည်ကုစားရေး စီမံကိန်း ဖော်ဆောင်ရေး အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    စာမျက်နှာ ၉၄ မျက်နှာ ပါဝင်တဲ့ အစီရင်ခံမှာ နှစ်ပေါင်း ၄၇ နှစ်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၁၁၁ ခုကို လေ့လာဆန်းစစ်ထားပြီး၊ ကျူးလွန်ခံရသူတွေကို ဆောင်ရွက်ပေးရမယ့် လိုအပ်ချက်တွေအကို မြန်မာနိုင်ငံမှာ ပထမဆုံး သုံးသပ်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီချိုးဖောက်မှုတွေမှာ နစ်နာသူ ၄၀၀၀ ကနေ ၄၅၀၀ အကြား ရှိနေတယ်လို့ ဆိုပါတယ်။

    ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက အခြားနိုင်ငံတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေကို ဖေးမကူညီပေးနိုင်မယ့် ဥပဒေတွေကနေတစ်ဆင့် အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်ကြတယ်လို့ ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ပြောကြားခဲ့ပါတယ်။

    “မြန်မာနိုင်ငံမှာ အနည်းဆုံး ဖြစ်ပျက်ခဲ့တာတွေကို လက်ခံဖို့ လိုပါတယ်”

    လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ဆောင်တဲ့အခါ တရားမျှတမှုကို ရရှိနိုင်ဖို့အတွက် ND-Burma အဖွဲ့ကို လွန်ခဲ့တဲ့ ၁၄ နှစ်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစု၊ အမျိုးသမီး အင်အားစု၊ နိုင်ငံရေးကျဉ်းသားဟောင်းအစုအဖွဲ့တွေကို ကိုယ်စားပြုထားတဲ့ အဖွဲ့ဝင် ၁၃ ဦး ပါဝင်ပါတယ်။

    လူအခွင့်အရေး ချိုးဖောက်ခံရသူတွေရဲ့ဘ၀ကို ပြန်လည်တည်ဆောက်နိုင်ရေးလုပ်ငန်းတွေ ဖော်ဆော်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ ‘ပြန်လည်ကုစားပေးလျာ်မှု အလုပ်အဖွဲ့’ ကို ND-Burma နဲ့ အခြား အရပ်ဖက်အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။

    ‘ဥပက္ခာ မပြုကောင်းသော ဘ၀များ’ အစီရင်ခံမှာ အသေးစိတ်ဖော်ပြထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၁၁၁ ခုမှာ ၈၅ မှုက ပြည်တွင်း လက်နက်ကိုပဋိပက္ခနဲ့ ဆက်နွယ်ပြီး၊ ၁၃ ခုက မြေယာသိမ်းဆည်းမှု၊ နောက်ထပ် ၁၃ မှုက နိုင်ငံရေးအကျဉ်းသားကိစ္စတွေ ဖြစ်ပါတယ်။ ၈၅ ရာခိုင်နှုန်းဖြစ်တဲ့ အမှု ၉၅ ခုကို တပ်မတော်နဲ့ အစိုးရလက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်တာဖြစ်ပြီး၊ ၁၃ ခုက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့လက်ချက်၊ ၃ ခုက အမည်မသိသူတွေရဲ့လက်ချက်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ဒီလို ချိုးဖောက်မှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားရေးဆိုင်ရာ ဆိုးကျိုးတွေကို ခံစားခဲ့ရတယ်လို့ ကျူးလွန်ခံရသူတွေက ပြောကြားခဲ့ပါတယ်။ အစိုးရ ဒါမှမဟုတ် ကျူးလွန်ခဲ့သူတွေက ဒီလို ခံစားရတာတွေကို ပြေလျော့အောင် ကုစားပေးဖို့ကိုလည်း သူတို့က လိုလားနေကြပါတယ်။

    တရားမှုတမှုအတွက် ဘုံလိုလားချက်ဟာ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ နောက်ထပ် မဖြစ်လာအောင် တားဆီးနိုင်မယ့် ခိုင်မာတဲ့ အပြောင်းအလဲမျိုး ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ခံစားရမှုတွေအတွက် တရားမျှတအောင် ဆောင်ရွက်ပေးတာ၊ သိမ်းဆည်းခံထားရတဲ့ မြေယာတွေ၊ အိုးအိမ်တွေ ပြန်ပေးတာ၊ မှားယွင်းဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေကို ပြန်လွှတ်ပေးတာ၊ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံအရေးအခွင့်အရေးတွေ ပြန်လည်အပ်နှင်းတာတွေလို ဆောင်ရွက်ချက်ကို မြင်ရဖို့ ကျူးလွန်ခံရသူတွေက တောင်းဆိုခဲ့ပြီး ဒါမှသာ သူတို့ ကျေအေးနိုင်မယ်လို့ ဆိုပါတယ်။

    ကျူးလွန်ခံရသူ တော်တော်များများက လက်ရှိ တရားရေးစနစ်ကနေ တရားမျှမှု ရနိုင်မယ်လို့ မယုံကြည်ကြောင်း စစ်တမ်းကောက်ယူမှုမှာ ပြောကြားခဲ့ပါတယ်။

    အစီရင်ခံစာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပထမဆုံး အရပ်သားဦးဆောင်တဲ့ အစိုးရဟာ တရားမျှမှုကို ဆောင်ကျင်ပေးရမယ်လို့ ဖော်ပြထားပါတယ်။

    ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ စစ်အာဏာရှင်အုပ်ချုပ်မှုနဲ့ ပြည်တွင်းစစ်ကြောင့် ပြည်သူတွေကြားထဲမှာ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေအကြောင်း သိရှိမှု အားနည်းနေတယ်လို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

    စစ်တမ်းကောက်ယူမှုအရ ကျူးလွန်ခံရသူတွေရဲ့ တရားမျှတမှု တောင်းဆိုချက်ဟာ သိပ်ကို သင့်တင်လျောက်ပတ်လွန်းပြီး၊ ‘စစ်မှန်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းကို စတင်နိုင်ဖို့အတွက် ဒီအချက်ကို အမိအရဆုပ်ကိုင်ဖို့’ အစီရင်ခံစာမှာ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    လူ့အခွင့်အရေးချိုးဖောက်မှု အကြီးအကျယ် ဖြစ်ပွားခဲ့တယ်ဆိုတာကို လက်ခံအသိအမှတ်ပြုပြီး ကျူးလွန်ခံရသူတွေကို အစိုးရအစီအစဉ်နဲ့ ပြန်လည်ကုစားရေး လုပ်ရမယ်ဆိုတာတွေ ပါဝင်တဲ့ ‘ပြန်လည်ကုစားရေး ဥပဒေ’ ပြဌာန်းပေးဖို့၊ ၂၁ ရာစု ပင်လုံညီလာခံမှာ ပြန်လည်ကုစားရေးကိစ္စ ထည့်သွင်းပြီး အိုးအိမ်စွန့်ခွာနေရသူတွေသာမကဘဲ၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ ကိစ္စကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်လို့ သတင်းထွက်တဲ့ ဒေသတွေကို အကူအညီပေးရေးအဖွဲ့တွေ၊ မီဒီယာတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေကို ၀င်ခွင့်ပေးဖို့၊ အချက်အလက် ကွင်းဆင်းကောက်ယူသူတွေကို အရှက်တကွဲအကျိုးနည်းဖြစ်အောင်လုပ်တာ၊ နှောက်ယှက်တာတွေကို ရပ်တန့်ပေးဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ညီတဲ့ စစ်သည်တော်ကျင့်ဝတ်တွေ စစ်တပ်မှာ ပြဌာန်းပေးပြီး ကျူးလွန်တဲ့စစ်သားတွေကို စစ်ခုံရုံးမှမဟုတ်ဘဲ၊ အရပ်ဖက်ခုံရုံးမှာ စစ်ဆေးအပြစ်ပေးဖို့၊ စစ်အစိုးရအဆက်ဆက်ကို နောက်ကြောင်းပြန် အရေးမယူရဆိုတဲ့ အခြေခံဥပဒေက ပုဒ်မ ၄၄၅ ကိုပယ်ဖျက်ပေးဖို့ စတဲ့ အချက်တွေကိုလည်း အစီရင်ခံစာမှာ တောင်းဆိုထားပါတယ်။

    Ref: Frontier Myanmar

    (Frontier Myanmar တွင် ဖော်ပြထားသည့် သတင်းကို ကောက်နှုတ်ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်)

  • မန်ယူအသင်းကို ၀ယ်ယူရန် ဆော်ဒီအိမ်ရှေ့မင်းသား စိတ်ဝင်စားနေ

    မန်ယူအသင်းကို ၀ယ်ယူရန် ဆော်ဒီအိမ်ရှေ့မင်းသား စိတ်ဝင်စားနေ

    အောက်တိုဘာ ၁၆၊ ၂၀၁၈
    M-Media

    ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်

    – နိုင်ငံရဲ့ စီးပွားရေးကို ပိုမိုမျှတအောင် ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂလန်ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းကို ၀ယ်ယူဖို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က စိတ်ဝင်စားနေတယ်လို့ ဗြိတိန်မီဒီယာတစ်ခုက မနေ့မှာ ဖော်ပြခဲ့ပါတယ်။

    ဥရောပ ဘောလုံးနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားတဲ့ ကာတာနဲ့ ယူအေအီးက စီးပွားရေးသမားတွေလိုပဲ ဆော်ဒီ တော်ဝင် မိသားစုကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ချင်နေတာပါ။

    ကာတာက လုပ်ငန်းရှင်တွေဟာ ပြင်သစ်လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီကို ၂၀၁၂ ခုနှစ်မှာ ၀ယ်ယူခဲ့ပြီး ဒေါ်လာဘီလီယံချီ သုံးစွဲကာ အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကာတာဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကိုလည်း လက်ခံကျင်းပဖို့ ရှိနေပါတယ်။

    ယူအေအီးဘီလီယံနာ ရှိခ် မန်ဆူရ် ဘင် ဇေယဒ်ဟာ ၂၀၀၈ ခုနှစ်မှာ မန်ချက်စတာစီးတီးအသင်းကို ပေါင် သန်း ၂၁၀ နဲ့ ၀ယ်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ အသင်းရဲ့တန်ဖိုးဟာ ပေါင် ၂ ဘီလီယံ ရှိလာခဲ့ပါတယ်။

    မန်ချက်စတာယူနိုက်တက်အသင်းကို လက်ရှိမှာ အမေရိကန်သူဌေး ဂလေဇာ မိသားစုက ပိုင်ဆိုင်တာဖြစ်ပြီး ဘင် ဆလ်မန်အနေနဲ့ ၀ယ်ယူမယ်ဆိုရင် ပေါင် ၄ ဘီလီယံ လောက် ပေးရဖို့ ရှိနေပါတယ်။

    မန်ယူဟာ ဆော်ဒီနဲ့ ရေရှည်ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပြီး နိုင်ငံရဲ့ ဘောလုံးကဏ္ဍ တိုးတက်ရေး ကူညီဖို့အတွက် ပြီးခဲ့တဲ့နှစ်မှာ ဆော်ဒီအားကစားအာဏာပိုင်အဖွဲ့နဲ့ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

    အသင်းရဲ့ ပူးတွဲဥက္ကဌ အဗ်ရမ် ဂလေဇာဟာ လာမယ့်သီတင်းပတ် ဆော်ဒီမှာပြုလုပ်မယ့် Davos in the Desert အစည်းအဝေးကို တက်ရောက်ဖို့ရှိနေပြီး အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်နဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့လည်း သတင်းထွက်နေပါတယ်။ ဒါပေမယ့် တရားဝင် ထုတ်ပြန်မှုတော့ မရှိသေးပါဘူး။

    Ref : Press TV

  • မြန်မာစစ်တပ်၏ သတင်းမှား၊ လှုံ့ဆော်ဝါဒဖြန့် အကောင့်များ၊ ပေ့ခ်ျများကို Facebook က ထပ်ပိတ်

    မြန်မာစစ်တပ်၏ သတင်းမှား၊ လှုံ့ဆော်ဝါဒဖြန့် အကောင့်များ၊ ပေ့ခ်ျများကို Facebook က ထပ်ပိတ်

    အောက်တိုဘာ ၁၆၊ ၂၀၁၈
    M-Media

    ၂၀၁၇ ခုနှစ်အတွင်း လူ့အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ဝါဒဖြန့်မှု

    – မြန်မာစစ်တပ်ဟာ Facebook မှာ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုတွေ ၀ါဒဖြန့်ဖို့အတွက် အခြေစိုက်စခန်းတစ်ခု သပ်သပ်ထားပြီး၊ လူ ၇၀၀ လောက်နဲ့ ငွေကြေးအမြောက်အများ သုံးစွဲကာ လုပ်ဆောင်နေတယ်လို့ အမေရိကန်သတင်းဌာန New York Times က အောက်တိုဘာ ၁၅ ရက်နေ့မှာ ဖော်ပြခဲ့ပြီးတဲ့နောက် Facebook က စစ်တပ်နဲ့နွယ်တဲ့ အကောင့်တွေနဲ့ page တွေကို ထပ်မံ ပိတ်ပင်လိုက်ပါတယ်။

    page ၁၃ ခုနဲ့ အကောင့် ၁၀ ခုတို့ကို ပိတ်ပင်လိုက်တာဖြစ်ပြီး ဒီအကောင့်တွေ၊ စာမျက်နှာတွေဟာ ဖျော်ဖြေရေး၊ အလှအပ၊ သတင်းမျှဝေရေးအဖြစ် အသွင်ယူထားပေမယ့် မြန်မာစစ်တပ်နဲ့ နွယ်နေတဲ့ ၀ါဒဖြန့်ချီရေးအကောင့်တွေ ဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးမှုအတွင်း တွေ့ခဲ့ရတယ်လို့ Facebook ရဲ့ Blog မှာ မနေ့က ရေးသားဖော်ပြထားပါတယ်။

    ပိတ်ပင်လိုက်တဲ့ အကောင့်တွေ၊ page တွေမှာ စုစုပေါင်း follower ၁.၃၅ သန်းလောက်ရှိပြီး၊ follower အများဆုံး စာမျက်နှာတွေက ‘Beauty and Classic’ ၊ ‘ဆရာမလေးများ’၊ ‘စစ်သားဓာတ်ပုံများစုစည်းမှု’ နဲ့ ‘မိုးနတ်မင်း’ တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ Facebook သုံးစွဲသူတွေကြားမှာ လူသိများတဲ့ Opposite Eyes ၀ါဒဖြန့်ပေ့ခ်ျကို ကိုင်တွယ်တဲ့ မြန်မာစစ်တပ်က လက်ဖြောင့်တပ်သား Ohn Maung ရဲ့ အကောင့်ကိုလည်း Facebook က ပိတ်ပစ်ခဲ့ပါတယ်။

    ဘာသာရေး၊ လူမျိုးရေးတွေကို အခြေခံကာ အခြားသူတွေ လမ်းမှားအောင် ပြုလုပ်တဲ့ ကိစ္စတွေကို မိမိတို့ရဲ့ ၀ဘ်ဆိုက်မှာ အဖြစ်မခံလိုတဲ့အတွက် ဒီအကောင့်တွေကို ဖယ်ရှားရတာဖြစ်တယ်လို့ Facebook က ပြောကြားခဲ့ပြီး၊ စစ်တပ်ရဲ့ အမုန်းဝါဒဖြန့်မှုနဲ့ပတ်သက်လို့ New York Times သတင်းဌာနရဲ့ ဖော်ပြမှုဟာ စုံစမ်းစစ်ဆေးရာမှာ အထောက်အကူဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

    အမုန်းဝါဒဖြန့်မှုနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကောင့် အပါအ၀င် စစ်တပ်နဲ့ ဆက်နွယ်တဲ့ အကောင်တွေ၊ page တွေ စုစုပေါင်း ၅၂ ခုလောက်ကို ဖယ်ရှားခဲ့တယ်လို့ Facebook ဟာ သြဂုတ်လမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီ page တွေ၊ အကောင့်တွေမှာ Follower ၁၂ သန်းလောက် ရှိတယ်လို့လည်း ဆိုပါတယ်။

    နယူးယောက်တိုင်းမ်စ်ရဲ့ ဖော်ပြချက်

    ပါကစ္စတန်-ဘင်္ဂလားဒေ့ရှ်စစ်ပွဲမှ ဓာတ်ပုံများကို အသုံးပြုကာ ကာကွယ်ရေးဦးစီးချုပ်ရုံးစာမျက်နှာမှ ရိုဟင်ဂျာဆန့်ကျင်ရေး ၀ါဒဖြန့်မှု

    ‘A Genocide Incited on Facebook, With Posts From Myanmar’s Military’ (မြန်မာစစ်တပ်ရဲ့ Facebook ပို့စ်တွေက လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်အောင် လှုံ့ဆော်နေ) ဆိုတဲ့ခေါင်းစဉ်နဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ဖော်ပြခဲ့တဲ့ ဆောင်းပါးမှာ မြန်မာနိုင်ငံအတွင်း အမုန်းဝါဒဖြန့်ဖို့အတွက် စစ်တပ်က စီမံကိန်းနဲ့ လုပ်ဆောင်နေတယ်လို့ စစ်တပ်အသိုင်းအ၀ိုင်းအပါအ၀င် သတင်းရင်းမြစ် တော်တော်များများကို ကိုးကားပြီး ရေးသားထားပါတယ်။

    မြန်မာနိုင်ငံမှာ Facebok ကိုသုံးစွဲသူအရေအတွက်ဟာ ၁၈ သန်းလောက် ရှိနေတာပါ။

    မြန်မာစစ်တပ်ရဲ့ Facebook ၀ါဒဖြန့်ချီရေးလုပ်ငန်းမှာ တပ်ဖွဲ့ဝင်ပေါင်း ရာနဲ့ချီပါဝင်ပြီး သတင်းစာမျက်နှာတွေ၊ ဖျော်ဖြေရေး၊ အနုပညာ စာမျက်နှာတွေ၊ အလှယ်မယ်တွေရဲ့ စာမျက်နှာတွေအဖြစ် အသွင်ယူထားကြကာ ကြည့်ရှုသူအရေအတွက် အများဆုံးရောက်တဲ့အချိန်တွေမှာ အစ္စလာမ်ဆန့်ကျင်ရေး လုပ်ကြံဇာတ်လမ်းတွေ၊ မွတ်စလင်အမျိုးသားက ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို အဓမ္မကျင့်တယ်ဆိုတဲ့ လုပ်ကြံသတင်းတွေလို သွေးထိုးလှုံ့ဆော်တဲ့ ပို့စ်တွေ၊ မှတ်ချက်တွေကို ရေးသားလေ့ရှိတယ်လို့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် အမည်မဖော်လိုတဲ့ ရင်းမြစ် ၅ ခုက New York Times သတင်းစာကို ပြောကြားခဲ့ပါတယ်။

    ဒီတပ်ဖွဲ့ကို နေပြည်တော်နားက တောင်ခြေတွေမှာ အခြေစိုက်ထားပြီး ၀ါဖြန့်လုပ်ငန်းအပြင် ထင်ရှားတဲ့အကောင့်တွေ၊ စစ်တပ်ကို ဝေဖန်တဲ့ အကောင့်တွေကို ထောက်လှမ်းတာတွေကိုပါ လုပ်ရကြောင်း၊ အလွန်လျှို့ဝှက်ပြီး တင်းကြပ်ကြောင်း ဒီရင်းမြစ်တွေက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး Facebook ရဲ့ ဆိုက်ဘာလုံခြုံရေးပေါ်လစီ အကြီးအကဲ နသန်နီယဲလ် ဂလီချာက ‘မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေသူတွေဟာ ၀ါဒဖြန့်ချီရေးလုပ်ငန်းတွေကို အသွင်ယူ ဆောင်ရွက်နေတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ခဲ့ရပါတယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ဒီလို အမုန်းဝါဒဖြန့်တာတွေကို ဖယ်ရှားဖို့နဲ့ Facebook ပေါ် တက်မလာအောင် အားစိုက်ဆောင်ရွက်နေပြီး၊ စုံစမ်းမှုတွေကိုလည်း ဆက်လက် လုပ်ဆောင်နေတယ်လို့ ဂလီချာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စတင်ခဲ့တဲ့ စစ်တပ်ရဲ့ ၀ါဒဖြန့်ချီရေးလုပ်ငန်းမှာ လူ ၇၀၀ လောက် ပါဝင်ပြီး ငွေကြေးအပါအ၀င် အခြားရင်းမြစ်တွေကို အကြီးအကျယ် သုံးစွဲနေတယ်လို့ ဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက New York Times သတင်းစာကို ပြောကြားခဲ့ပါတယ်။

    အဲဒီအကောင့်တွေ၊ စာမျက်နှာတွေဟာ မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေအပေါ် မုန်းတီးလာစေမယ့် သတင်းမှားတွေအပါအ၀င် သွေးထိုးလှုံ့ဆော်တဲ့ပို့စ်တွေ၊ ပုံတွေ လွှင့်တင်လေ့ရှိတယ်လို့လည်း သတင်းရင်းမြစ်တွေက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ပြဿနာနဲ့ပတ်သက်လို့ ဒီအကောင့်တွေ၊ page တွေဟာ တစ်ခြားနိုင်ငံတွေက သေဆုံးသူတွေရဲ့ ပုံတွေကို အသုံးပြုကာ ရိုဟင်ဂျာတွေက လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တယ်လို့ ၀ါဒဖြန့်ကြောင်း၊ ဒစ်ဂျစ်တယ် ခြေရာလက်ရာတွေကို လိုက်ကြည့်ရင် နေပြည်တော်အထွက်မှာရှိတဲ့ စစ်စခန်းတွေကို ဦးတည်နေကြောင်း ရင်းမြစ်တွေက ဆိုပါတယ်။

    သတင်းရင်းမြစ်တွေထဲက ၂ ဦးက စစ်တပ်ရဲ့ ၀ါဒဖြန့်လုပ်ငန်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူတွေ အကြည်အညိုပျက်စေဖို့အတွက် သူမနဲ့ ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ဝေတာကိုလည်း လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။ နိုင်ငံခြားခရီးစဉ်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေတဲ့ပုံကို အသုံးပြုကာ သူမဟာ တောင်ကိုရီးယားမှာ အသားအရေတင်းဆေး သွားထိုးလာတယ်ဆိုတဲ့ သတင်းဟာ စစ်တပ်ဝါဒဖြန့်အုပ်စုရဲ့ လက်ချက်ဖြစ်တယ်လို့လည်း သူတို့က ဆိုပါတယ်။

    စစ်တပ်ရဲ့ အဲဒီလို ၀ါဒဖြန့်မှုတွေထဲမှာ ကြောက်စရာအကောင်းဆုံးကိစ္စက ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး မွတ်စလင်တွေဟာ စက်တင်ဘာ ၁၁ ရက်နေ့ကြရင်
    ဂျီဟတ်လုပ်မယ်လို့ ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းကို Facebook Messenger ကနေ ၀ါဒဖြန့်ကာ တစ်ဖက်မှာလည်း ဗုဒ္ဓဘာသာ အမျိုးသားရေး ဘုန်းကြီးတွေက မွတ်စလင်ဆန့်ကျင်ရေး ချီတက်ပွဲလုပ်မယ့်အတွက် အသင့်အနေအထားနဲ့ သတိထားနေဖို့ မွတ်စလင်အသိုင်းအ၀ိုင်းဖက်ကို ၀ါဒဖြန့်မှု ဖြစ်တယ်လို့ New York Times ကို ပြောကြားခဲ့တဲ့ သတင်းရင်းမြစ်တွေထဲက နှစ်ဦးက ဖွင့်ဟခဲ့ပါတယ်။

    မြန်မာစစ်တပ်က စစ်သားတစ်ချို့ဟာ ရုရုားမှာ စိတ်ဓာတ်စစ်ဆင်ရေး၊ ဟက်ကင်းနဲ့ ကွန်ပျူတာဆိုင်ရာ ပညာရပ်တွေကို သင်ကြားခဲ့ပြီး မြန်မာနိုင်ငံကိုပြန်လာကာ တစ်ဆင့်ပြန်ပို့ချတယ်လို့ New York Times သတင်းစာက ဆောင်းပါးမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    နယူးယောက်တိုင်းမ်စ် သဌာနရဲ့ ဆောင်းပါး၊ Facebook ရဲ့ အကောင်တွေ ထပ်မံပိတ်ပင်မှုနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ဖက်က တုန့်ပြန်တာမျိုး မရှိသေးပါဘူး။

    Ref: New York Times, Facebook Blog