News @ M-Media

Blog

  • ၂၀၂၂ ခုနှစ်တွင် ဒူဘိုင်းက ရာနှုန်းပြည့် စမတ်မြို့တော် ဖြစ်လာမည်

    ၂၀၂၂ ခုနှစ်တွင် ဒူဘိုင်းက ရာနှုန်းပြည့် စမတ်မြို့တော် ဖြစ်လာမည်

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    – အဆင့်မြင့်နည်းပညာတွေအသုံးပြုထားတဲ့ ကမ္ဘာပေါ်က ‘စမတ်မြို့တော်’ တွေထဲမှာ ဒူဘိုင်းလည်း ပါဝင်လာပြီး ၂၀၂၂ ခုနှစ်ရောက်ရင် ရာနှုန်းပြည့် စမတ်မြို့တော် ဖြစ်လာမယ်လို့ Future Cities Council ရဲ့ ဥက္ကဌ ဒေါကတာ ကွာလစ်အလီက ပြောကြားလိုက်ပါတယ်။

    “နယ်ပယ် ၄၅ ခုမှာ တိုးတက်နေတဲ့ နည်းပညာ ၆၆ ခုကျော်ကို ကျွန်တော်တို့ လေ့လာခဲ့ပြီး အဲဒီနည်းပညာတော်တော်များများကို ဒူဘိုင်းမှာ အသုံးပြုပြီးနေပါပြီ” လို့ အလီက ဆိုပါတယ်။

    ဒူဘိုင်းမှာ စမတ်နည်းပညာတွေကို စီးပွားရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာတွေမှာ အဓိကထား အသုံးပြုနေတာပါ။ ကမ္ဘာ့အဆင့်မီ စမတ်မြို့တော်တစ်ခု ဖြစ်လာရေး ဆောင်ရွက်ဖို့အတွက် ဒူဘိုင်းမှာ Dubai Plan 2021 စီမံကိန်းလည်း ရှိနေပါတယ်။

    ဒူဘိုင်းအခြေစိုက် သတင်းအချက်အလက်နဲ့ နည်းပညာလုပ်ငန်း Texpo ရဲ့ ဥက္ကဌ ဒေါက်တာ ဆာဖာရက်ဇ် အလမ်က အိမ်နီးချင်းနိုင်ငံ တော်တော်များများနဲ့ယှဉ်ရင် ဒူဘိုင်းဟာ အရှေ့ရောက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အခြေခံအဆောက်အဦးတွေ ကောင်းမွန်ပြီးဖြစ်တာကြောင့် ဒူဘိုင်းဟာ ပထ၀ီအနေအထားအရ ဒေသတွင်းမှာ ရှေ့ရောက်နေပါတယ်။ ၂၀၂၂ ခုနှစ်ရောက်ရင် ဒူဘိုင်းဟာ နောက်ဆုံးပေါ်နည်းပညာတွေ ရာနှုန်းပြည့်အသုံးပြုတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာမှာပါ”

    စမတ်နည်းပညာတွေကြောင့် ပြည်သူတွေဟာ ကုန်ကျစားရိတ်တွေ အများကြီး သက်သာသွားပြီး၊ သဘာဝပတ်ဝန်းကျင်ကိုလည်း အကောင်းဆုံး ထိန်းသိန်းနိုင်မယ်လို့ ဒေါက်တာ ဆာဖာရက်ဇ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : Arab News

  • အရှေ့တောင်အာရှ မူးယစ်ဆေးဝါးပြဿနာကို ကုလ သတိပေး

    အရှေ့တောင်အာရှ မူးယစ်ဆေးဝါးပြဿနာကို ကုလ သတိပေး

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    ထိုင်းနိုင်ငံတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိစဉ်

    – အရှေ့တောင်အာရှရဲ့ မဲခေါင်ဒေသနဲ့ အရှေ့အာရှတို့မှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ တရားမ၀င် ရောင်းချမှုတွေဟာ မကြုံစဖူးအဆင့်အထိ ရောက်ရှိလာပြီး ဒေသတွင်းက လူငယ်တွေအတွက် အန္တရာယ်တွေ မြင့်တက်လာစေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်ပါတယ်။

    ဒေသတွင်းမှာ အာဏာပိုင်တွေက မူးယစ်ဆေးတွေ အမြောက်အများ ဖမ်းဆီးရမိနေပေမယ့် ထုတ်လုပ်မှုမြင့်တက်နေတာကြောင့် ဈေးချိုကာ လူတိုင်းဝယ်ယူနိုင်တဲ့အနေအထား ရောက်နေတယ်လို့လည်း ဆိုပါတယ်။

    “မူးယစ်ဂိုဏ်းတွေက ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်လာတာကြောင့် ရောင်းလိုအားက မြင့်တက်လာနေပြီး ဒေသတွင်းမှာ ပစ္စည်းတွေက ဖောခြင်းသောခြင်း ဖြစ်နေပါတယ်” လို့ UNODC ရဲ့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရီမီ ဒေါက်ဂလက်စ်က ပြောကြားခဲ့ပါတယ်။

    ထိုင်းနိုင်ငံမှာ မက်သာဖက်သမင်းလို စိတ်ကြွဆေးပြားဈေးဟာ ၂၀၁၄ ခုနှစ်မှာ တစ်ပြားကို ကန် ၄ ဒေါ်လာကနေ ၇ ဒေါ်လာအထိ ရှိခဲ့ပေမယ့် နောက်တစ်နှစ်မှာတော့ ၁.၅ ဒေါ်လာကနေ ၄.၅ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။

    စင်ကာပူနိုင်ငံမှာလည်း ၂၀၁၄ ခုနှစ်မှာ တစ်ပြားကို ဒေါ်လာ ၂၀ ရှိရာကနေ ၂၀၁၇ ခုနှစ်မှာ ၆ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။

    “ယာဘဆေးပြား ရောင်းလိုအား မြင့်တက်လာမှုကြောင့် ဒေသတွင်း လမ်းပေါ်ကဈေးတွေ ကျဆင်းလာပြီး မူးယစ်ဆေးကို စမ်းသပ်ကြည့်လိုတဲ့ လူငယ်တွေ လွယ်လွယ်ကူကူ ၀ယ်လို့ရတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်” လို့ ဒေါက်ဂလက်စ်က ပြောပါတယ်။

    သြဂုတ်လက ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးပြား ၁၄ သန်း၊ ကန်ဒေါ်လာ ၄၅ သန်းဖို့ ဖမ်းမိခဲ့ပြီး နိုင်ငံရဲ့သမိုင်းမှာ အကြီးဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုလည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံကနေ လက်ဖက်ခြောက်ဆိုတဲ့ပုံစံနဲ့ တင်သွင်းလာတဲ့ စိတ်ကြွဆေး ၁.၂ တန်နီးပါးကို မလေးရှားမှာ မေလအတွင်းက သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ မလေးရှားသမိုင်းမှာ အကြီးမားဆုံး ဖမ်းဆီးနိုင်မှု ဖြစ်ပါတယ်။

    ၂၀၁၇ ခုနှစ် UNODC ရဲ့ အစီရင်ခံစာမှာ အရှေ့တောင်အာရှတစ်ဝှမ်းက မူးယစ်ဆေး အများစုဟာ မြန်မာနိုင်ငံက ဥပဒေမစိုးမိုးတဲ့ ဒေသတွေကနေ လာတယ်လို့ ဖော်ပြထားပါတယ်။

    Ref: Reuters

  • ကမ္ဘာ့အကြီးဆုံး ရေအောက်စားသောက်ဆိုင် လာမည့်နှစ်တွင် ဖွင့်လှစ်မည်

    ကမ္ဘာ့အကြီးဆုံး ရေအောက်စားသောက်ဆိုင် လာမည့်နှစ်တွင် ဖွင့်လှစ်မည်

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    Under စားသောက်ဆိုင်၏ အနီးကပ်မြင်ကွင်း

    – နော်ဝေနိုင်ငံတောင်ဘက်အစွန်းဆုံး North Sea ပင်လယ်အောက်မှာ ဆောက်လုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး ရေအောက် စားသောက်ဆိုင်ဟာ မကြာခင်မှာ ပြီးစီးတော့မှာဖြစ်ပြီး လာမယ့်နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်နိုင်မယ်လို့ သိရပါတယ်။

    အဲဒီစားသောက်ဆိုင်ကို Under လို့ အမည်ပေးထားပြီး နော်ဝေက ထိပ်တန်း အဆောက်အဦး ဒီဇိုင်းအဖွဲ့ Snøhetta က ဒီဇိုင်းဆွဲပေးခဲ့တာ ဖြစ်ပါတယ်။ Snøhetta ဟာ အီဂျစ်နိုင်ငံ အလက်ဇန်းဒရီးယားမြို့က Bibliotheca၊ အော်စလိုမြို့ Opera House၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က National September 11 Memorial Pavilion တို့လို နာမည်ကျော် အဆောက်အဦးတွေကို ဒီဇိုင်းထုတ်ပေးခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

    ပေ ၁၁၀ လောက်ရှည်တဲ့ Under အဆောက်အဦးကို ကုန်းပေါ်မှာဆောက်လုပ်ကာ အခုနှစ် ဇူလိုင်လအတွင်းက ရေထဲ ချခဲ့တာဖြစ်ပြီး လက်ရှိမှာ အတွင်းပိုင်း အပြင်အဆင်တွေကို လက်စသတ်နေပါတယ်။ အဆောက်အဦးရဲ့ ထက်ဝက်ကျော်ကျော်ကို ရေထဲမှာ မြှုပ်ထားတာဖြစ်ကာ ဧည့်သည်တွေအနေနဲ့ ကမ်းကနေ မှန်တံတားနဲ့ စားသောက်ဆိုင်ထဲကို ၀င်နိုင်မှာ ဖြစ်ပါတယ်။

    စားသောက်ဆိုင်ဟာ ၃ ဆင့်ရှိပြီး ဧည့်သည်ပေါင်း ၁၀၀ လောက်ကို တစ်ပြိုင်နက်တည်း ဧည့်ခံနိုင်မှာ ဖြစ်သလို ၁၁ မီတာကျယ်ဝန်းတဲ့ မှန်ကာပြတင်းပေါက်ကနေ ရေအောက် ပတ်ဝန်းကျင်ကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

    အဆောက်အဦးကို လှိုင်ဒဏ်လေဒဏ်တွေ ခံနိုင်အောင် စမ်းသပ်ထားပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလမှာ ဧည့်သည်တွေ ကြိုတင်ဘိုကင် လုပ်လို့ရမှာ ဖြစ်ပါတယ်။

    “ရာသီဥတုဆိုးဝါးတဲ့အချိန် လာရောက်လည်ပတ်ရင် စိတ်လှုပ်ရှားစရာအကောင်းဆုံး အတွေ့အကြုံကို ခံစားရမယ်လို့ ကျွန်တော် ထင်ပါတယ်။ စားသောက်ဆိုင်ထဲမှာ အန္တရာယ်ကင်းကင်းနဲ့ အေးအေးဆေးထိုင်ပြီး လှိုင်းလုံးကြီးတွေ၊ မိုးရွာသွန်းမှုတွေကြောင့် ပင်လယ်ကြမ်းပြင် ၀ရုန်းသုန်းကားဖြစ်တဲ့ သိပ်ကိုထူးခြားတဲ့ မြင်ကွင်းကို ကြည့်ရတာ တော်တော်လေး ကျေနပ်စရာ ကောင်းမှာပါ” လို့ Snøhetta က အကြီးတဲ့ ဗိသုကာပညာရှင် ရူနီ ဂရက်စ်ဒဲလ်က ပြောပါတယ်။

    Ref: CNN

  • ဆူပူဆန္ဒပြခဲ့သည့် လူဖြူ မဘသ ၄ ဦးကို အမေရိကန် ဖမ်းဆီးတရားစွဲ

    ဆူပူဆန္ဒပြခဲ့သည့် လူဖြူ မဘသ ၄ ဦးကို အမေရိကန် ဖမ်းဆီးတရားစွဲ

    အောက်တိုဘာ ၃၊ ၂၀၁၈
    M-Media

    – ပြီးခဲ့တဲ့နှစ်က ဗာဂျီးနီးယားပြည်နယ် ချားလော့ဗီလီမြို့မှာ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုဖြစ်ခဲ့တဲ့ လက်ယာအစွန်းရောက်တွေရဲ့ ချီတက်ဆန္ဒပြမှုနဲ့ပတ်သက်တဲ့ လူဖြူအစွန်းရောက် ၄ ဦးကို အမေရိကန်က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ အသက် ၂၅ နှစ်အရွယ် ဘင်ဂျမင် ဒရာကီ ဒါလေး၊ အသက် ၂၉ နှစ်အရွယ် မိုက်ကယ် ပေါလ် မီစီလစ်၊ အသက် ၃၄ နှစ်အရွယ် သောမတ်စ် ဝေါလ်တာ ဂီလန်နဲ့ အသက် ၂၄ နှစ်အရွယ် ကိုးလ် အီဗန် ၀ှိုက်တို့ ဖြစ်ပါတယ်။

    သူတို့ကို ကယ်လီဖိုးနီးယားမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး မနေ့က ချားလော့ဗီလီတရားရုံးမှာ ရုန်းရင်းဆန်ခတ်မှုဆိုင်ရာ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အပြစ်ရှိကြောင်း တွေ့ရမယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်လောက် ကျခံရနိုင်ပါတယ်။

    အမေရိကန် တရားရေးဌာန တာဝန်ရှိသူတွေက ဒီလူတွေဟာ လူဖြူအစွန်းရောက် စစ်သွေးကြွအဖွဲ့ Rise Above Movement (RAM) က အဖွဲ့ဝင်တွေဖြစ်ပြီး၊ ကယ်လီဖိုးနီးယားကနေ ဗာဂျီးနီးယားကို လာရောက်ကာ ဆူပူဆန္ဒပြဖို့ လှုံ့ဆော်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    RAM အဖွဲ့မှာ အဖွဲ့ဝင် ၅၀ ကျော်လောက်ရှိပြီး သူတို့နဲ့ အယူမတူသူတွေကို တိုက်ခိုက်သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ မတရားမှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့ ProPublica ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်ပြည်တွင်းစစ်အတွင်း ခွဲထွက်ရေးတပ်ဖွဲ့က တပ်မှူး ရောဘတ်အီးလီရဲ့ ရုပ်တု ဖယ်ရှားခံရတာကို မကျေနပ်ရာကနေ အစပြုကာ လူဖြူအစွန်းရောက်တွေဟာ ၂၀၁၇ ခုနှစ် သြဂုတ်လက ချားလော့ဗီလီမှာ ချီတက်ဆန္ဒပြခဲ့ကြတာပါ။

    အစွန်းရောက်တွေကို တန်ပြန်ဆန္ဒပြမှုလည်း ရှိခဲ့ပြီး လူဖြူအစွန်းရောက်တစ်ဦးက တန်ပြန်ဆန္ဒပြလူအုပ်ထဲကို ကားနဲ့ ၀င်တိုက် အကြမ်းဖက်တာကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီး ဟီသာဟိုင်ယာ သေဆုံးကာ ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစွန်းရောက်တွေကို မျက်နှာသာပေးတဲ့ စကားမျိုး ပြောခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။

    Ref: Aljazeera