News @ M-Media

Blog

  • ချီလီမှ လိင်ကျူးလွန်သည့် ဘုန်းကြီးကို ပုပ်ရဟန်းမင်းက သာသနာ့ဘောင်မှ ထုတ်ပယ်

    ချီလီမှ လိင်ကျူးလွန်သည့် ဘုန်းကြီးကို ပုပ်ရဟန်းမင်းက သာသနာ့ဘောင်မှ ထုတ်ပယ်

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

    – ဆယ်ကျော်သက် ယောက်ျားလေး တော်တော်များများကို နှစ်များစွာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ ချီလီနိုင်ငံက ခရစ်ယာဘုန်းကြီးတစ်ပါးကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မနေ့မှာ သိက္ခာချကာ သာသနာ့ဘောင်ကနေ ထုတ်ပယ်လိုက်ပါတယ်။

    အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းတော်ကြီး ဖာသာ ဖာနန်ဒို ကာရာဒီမာ ဖြစ်ပြိး လက်ရှိ ချီလီမြို့တော် ဆန်တီယာဂိုက ဘိုးဘွားရိပ်သာမှာ နေထိုင်နေပါတယ်။ သူ့ရဲ့ လုပ်ရပ် လူသိရှင်ကြားဖြစ်လာပြီးတဲ့နောက်ပိုင်း ကက်သလစ်ဘုန်းကြီးတွေရဲ့ လိင်ကျူးလွန်မှုတွေကို ကမ္ဘာက အာရုံစိုက်လာခဲ့ပြီး စုံစမ်းဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီလို သာသနာ့ဘောင်ကနေ ထုတ်ပယ်မှုဟာ အပြီးအပြတ် ထုတ်ပယ်မှုဖြစ်ပြီး ရိုမန်ကက်သလစ်အသင်းတော်ရဲ့ အကျိုးအတွက် ဆောင်ရွက်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကာရာဒီမာကို ဗာတီကန်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ၂၀၁၁ ခုနှစ်မှာ အပြစ်ရှိကြောင်းတွေ့ခဲ့ရပြီး၊ ပုပ်ရဟန်းမင်းဟောင်း ဘန်နီဒစ်က ကာရာဒီမာအနေနဲ့ ဘ၀တစ်လျှောက်လုံး ဘုရားသခင်ထံ ၀န်ချတောင်းပန်ကာ နောင်တတရားနဲ့ နေသွားဖို့ အမိန့်ချခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သာသနာဘောင်ကနေ မထုတ်ပယ်ခဲ့ပါဘူး။

    စွပ်စွဲချက်တွေအတွက် ကာရာဒီမာက ငြင်းဆိုခဲ့ပြီး၊ ချီလီနိုင်ငံမှာ ခရစ်ယာန်ဘုန်းကြီးတွေရဲ့ ကင်းလွတ်ခွင့်တစ်ချို့ကြောင့် အရက်ဖက်က သူတို့ တရားမစွဲနိုင်ခဲ့ပါဘူး။

    ကာရာဒီမာရဲ့ ရာဇ၀တ်မှုကို ဖုံးကွယ်ရာမှာ ပါဝင်ခဲ့တဲ့ ချီလီ ကက်သလစ်ဘုန်းတော်ကြီး ၇ ပါးဟာ ဇူလိုင်လက အသင်းတော်မှာ တာဝန်ယူထားတဲ့ ရာထူးတွေကနေ နှုတ်ထွက်ခဲ့ပါတယ်။

    ချီလီအပြင်၊ အမေရိကန်၊ သြစတေးလျနဲ့ ဂျာမနီနိုင်ငံတို့က ကက်သလစ်အသင်းတော်တွေကို စုံးစမ်းစစ်ဆေးမှုအတွင်း ဘုန်းကြီးတွေဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အမြောက်အများ ပြုလုပ်ခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    Ref: Aljazeera

  • Facebook ၏ လုံခြုံရေးကျိုးပေါက်မှုအတွင်း အသုံးပြုသူ သန်း ၅၀ ၏ အချက်အလက်များ ထိခိုက်

    Facebook ၏ လုံခြုံရေးကျိုးပေါက်မှုအတွင်း အသုံးပြုသူ သန်း ၅၀ ၏ အချက်အလက်များ ထိခိုက်

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    – ဟက်ကာတွေရဲ့ လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတစ်ခုအတွင်း အသုံးပြုသူ သန်း ၅၀ နီးပါးလောက်ရဲ့ အချက်အလက်တွေ ထိခိုက်သွားခဲ့တယ်လို့ Facebook က မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ၂၀၁၇ ခုနှစ်က ဇူလိုင်လက အပြောင်းအလဲလုပ်ခဲ့တဲ့ ဗီဒီယို upload စနစ်က “View As” လုပ်ဆောင်ချက် အသုံးပြုကာ ဟက်တာတွေက လုံခြုံရေးနစ်ကို ချိုးဖျက် ၀င်ရောက်နိုင်ခဲ့တာပါ။

    ကုမ္ပဏီတည်ထောင်သူ ဇက်ကာဘာ့ဂ်က ဒီလို ချိုးဖျက်ဝင်ရောက်မှုကို အခုတစ်ပတ် အင်္ဂါနေ့မှာ သိရှိခဲ့ပြီး ကြာသာပတေးနေ့မှာ ပြင်ဆင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    “ဘယ်အကောင့်တွေကို တစ်လွဲအသုံးချခဲ့လဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါဟာ ဆိုးဆိုးဝါးဝါးကိစ္စပါ”

    လက်ရှိမှာ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    “ဒီလို ဟက်နိုင်မှုကြောင့် သူတို့ (ဟက်ကာတွေ) ဟာ Facebook ကို ၀င်ရောက်နိုင်တဲ့ တိုကင်တွေကို ခိုးယူနိုင်ခဲ့ပြီး လူတွေရဲ့ အကောင့်တွေကို ရယူဖို့မှာ အသုံးပြုနိုင်ပါတယ်။ အဲဒီတိုကင်တွေဟာ ဖုန်း app မှာ အသုံးပြုတွေ password ကို ထပ်ခါထပ်ခါ မရိုက်ရဘဲ ၀င်ထားနိုင်တဲ့ ဒစ်ဂျစ်တယ်သော့တွေ ဖြစ်ပါတယ်” လို့ Facebook ရဲ့ စီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဥက္ကဌ ဂေး ရိုဆန်က ပြောကြားခဲ့ပါတယ်။

    ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Facebook ဟာ ပြီးခဲ့တဲ့နှစ်အတွင်း View As လုပ်ဆောင်ချက်ဟာ အသုံးပြုခဲ့ကြသူ သန်း ၉၀ လောက်ရဲ့ အကောင့်တွေကို log out လုပ်ခဲ့ပါတယ်။

    အသုံးပြုသူတွေအနေနဲ့ log in ပြန်ဝင်ပြီးသွားရင် New Feed ရဲ့ ထိပ်ဆုံးမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ရှင်ပြထားတဲ့ သတိပေးချက်ကို မြင်ရမှာ ဖြစ်ပါတယ်။

    View As လုပ်ဆောင်ချက်ဟာ မိမိရဲ့ ဗီဒီယိုကို တစ်ခြားသူတွေက ဘယ်လို မြင်ရမလဲဆိုတာကို ကြည့်ရှုတဲ့စနစ်ဖြစ်ပြီး လက်ရှိအချိန်မှာ ဒါကို ပိတ်ကာ လုံခြုံရေးဆိုင်ရာ သုံးသပ်မှုတွေ ပြုလုပ်နေပါတယ်။

    ဒီလို ချိုးဖောက်ဝင်ရောက်ခဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာကို မသိရှိသေးဘဲ လက်ရှိမှာ Facebook က အမေရိကန် လုံခြုံရေးတာဝန်ရှိသူတွေကို တိုင်ကြားထားပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စနေနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၉၊ ၂၀၁၈
    M-Media

    ဆူလာသေစီကျွန်း ဆူနာမီပြီးနောက် မြင်ကွင်း

    အစ္စရေးလက်ချက်ကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၆ ဦး သေဆုံး
    =================
    အစ္စရေးက ကျူးကျော်သိမ်းပိုက်မှုကြောင့် ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်ရေး ရည်ရွယ်ကာ ဂါဇာမှာ မနေ့က ပြုလုပ်တဲ့ ဆန္ဒပြမှုအတွင်း အစ္စရေးလက်ချက်ကြောင့် ကလေးငယ် ၂ ဦး အပါအ၀င် ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့ပြီး ၅၀၀ ကျော်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ Great March of Return လို့ခေါ်တဲ့ အဲဒီဆန္ဒပြမှုကို ဂါဇာမှာ မေလ ၃၀ ရက်နေ့ကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အစ္စရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အနည်းဆုံး ၁၈၀ သေဆုံးကာ၊ ၁၈၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

    အင်ဒိုနီးရှားဆူနာမီ လူအများအပြား သေဆုံး
    ===========
    အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်း မြို့တော် ပါလူမှာ မနေ့က ဆူနာမီလှိုင်းလုံးတွေ ၀င်ရောက်လာမှုကြောင့် အနည်းဆုံး လူ ၃၀ လောက် သေဆုံးတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက သတင်းထုတ်ပြန်ပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။ ပြင်းအား ၇.၅ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်း ဆူနာမီ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူတွေလည်း ရှိတာကြောင့် အသေဆုံးသူအရေအတွက်ဟာ မြင့်တက်လာနိုင်ပြီး အာဏာပိုင်တွေကတော့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

    ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရန် မဟာသီတိုက်တွန်း
    ==============
    ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကထက် အခြေအနေ ပိုဆိုးလာတယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ကုလအထွေထွေညီလာခံမှာ မနေ့က ပြောကြားခဲ့ပြီး ကုလအဖွဲ့ ပြုပြင်ပြောင်းလဲဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ မဟာသီဟာ ၂၀၀၃ ခုနှစ်က ကုလမှာ နောက်ဆုံး စကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဗီတိုကိုင်ထားတဲ့ နိုင်ငံ ၅ နိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ နှစ် ၇၀ က ကမ္ဘာစစ်အောင်ပွဲကို အကြောင်းပြပြီး ကမ္ဘာကြီးကို အမြဲတမ်း ပြန်ပေးဆွဲထားလို့ မရတော့သလို၊ ကုလအတွင်းမှာ ဒီမိုကရေစီဝါဒကို လက်မခံဘဲနဲ့ ဒီနိုင်ငံတွေက ဒီမိုကရေစီတရားဟောတာ၊ ကမ္ဘာ့နိုင်ငံတွေမှာ အစိုးရအပြောင်းအလဲလုပ်ဖို့ ဆော်သြတာတွေ လုပ်လို့မရဘူးလို့လည်း မဟာသီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဆီးရီးယားသို့ ရုရှားက S-300 ဒုံးခွင်းစနစ် စတင်ပို့ဆောင်
    =============
    S-300 ဒုံးခွင်းစနစ်ကို ဆီးရီးယားနိုင်ငံကို စတင်ပို့ဆောင်နေပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က မနေ့မှာ ပြောကြားလိုက်ပါတယ်။ ဆီးရီးယားက ၀ယ်ယူထားတဲ့ S-300 ဒုံးခွင်းစနစ်ကို အစ္စရေးရဲ့ မေတ္တာရပ်ခံမှုကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ပေးပို့ဖို့ ဆိုင်ငံ့ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ် ဆီးရီးယားမှာ အစ္စရေးတိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုအတွင်း ရုရှား စစ်လေယာဉ်တစ်စင်း ပစ်ချခံရကာ လိုက်ပါလာသူ ၁၅ ဦးစလုံး သေဆုံးခဲ့ပြီးတဲ့နောက် ရုရှားက ဒီဒုံးခွင်းစနစ်ကို ပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လာဗရော့ဗ်ကတော့ ဆီးရီးယားမှာရှိတဲ့ သူတို့ရဲ့တပ်ဖွဲ့တွေ ၁၀၀ ရာခိုင်နှုန်း ဘေးကင်းဖို့အတွက် ဒီလိုဆောင်ရွက်တာလို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, Press TV, CNA

  • အင်ဒိုနီးရှားရှိ မြို့တစ်မြို့တွင် ဆူနာမီလှိုင်းကြောင်း ဒေသခံများ ထွက်ပြေးနေရ

    အင်ဒိုနီးရှားရှိ မြို့တစ်မြို့တွင် ဆူနာမီလှိုင်းကြောင်း ဒေသခံများ ထွက်ပြေးနေရ

    စက်တင်ဘာ ၂၈၊ ၂၀၁၈
    M-Media

    – အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ပြင်းအား ၇.၅ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်အပြီး နာမီလှိုင်းတွေ ၀င်ရောက်လာတာကြောင့် အိမ်တွေပြိုကျပြီး ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

    လူပေါင်း ၃ သိန်းခွဲလောက်နေထိုင်ပြီး ဆူလာဝေစီကျွန်းရဲ့ မြို့တော်လည်းဖြစ်တဲ့ ပါလူမြို့မှာ ဆူနာမီ ၀င်ရောက်ခဲ့တာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြီးအကဲ ရဟ်မသ် ထရီယိုနိုနဲ့ အခြား တာဝန်ရှိသူတွေက ပါလူမှာ ဆူနာမီဖြစ်လာခဲ့တယ်လို့ အတည်ပြုခဲ့ပြီး ရေလှိုင်းတွေဟာ ၆ ပေလောက်အထိ တက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် အခုအချိန်အထိတော့ အသေအပျောက်စာရင်းကို မသိရသေးပါဘူး။

    Ref: CNA

  • “၀” ဒေသတွင် ခရစ်ယာန်ဘာသာဝင်များအား နှိပ်ကွပ်မှု ရေချိန်အမြင့်ဆုံးသို့ရောက်

    “၀” ဒေသတွင် ခရစ်ယာန်ဘာသာဝင်များအား နှိပ်ကွပ်မှု ရေချိန်အမြင့်ဆုံးသို့ရောက်

    စက်တင်ဘာ ၂၈၊ ၂၀၁၈
    M-Media

    – “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ဟာ လားဟူ ခရစ်ယာန်ခေါင်းဆောင် ၉၂ ဦးနဲ့ ခရစ်ယာန်ကျောင်းသား ၄၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကာ၊ ကျောင်းသားလားတွေကို အဓမ္မ စစ်မှူထမ်းခိုင်းဖို့ လုပ်ဆောင်နေတယ်လို့ လားဟူ နှစ်ခြင်းခရစ်ယာန်အသင်းတော် LBC က ပြောကြားလိုက်ပါတယ်။

    စက်တင်ဘာ ၂၅ ရက်နေ့ရက်စွဲနဲ့ LBC က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း “၀” ဒေသအတွင်း ခရစ်ယာန်ဘုရားကျောင်း ၅၂ ကျောင်းကို UWSA စစ်သားတွေက ချိတ်ပိတ်ကာ၊ ခရစ်ယာန်အမှတ်သညာတွေ အားလုံးကို ဖယ်ရှားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဘုရားကျောင်း ၃ ကျောင်း ဖြိုချဖျက်ဆီးခံခဲ့ရပြီး၊ ခရစ်ယာန်ဘာသာရေးကျောင်းတွေကိုလည်း ပိတ်ပစ်ခဲ့တယ်လို့ LBC က ဆိုပါတယ်။ LBC ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ အခြေစိုက်တာ ဖြစ်ပါတယ်။

    “(UWSA ကို) ကျွန်တော်တို့ရဲ့ကြေငြာချက် ပို့ထားပေမယ့် သူတို့ဖက်က အကြောင်းမပြန်သေးပါဘူး” လို့ LBC ရဲ့ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာ လာဇရုက ပြောကြားခဲ့ပါတယ်။

    လားရှိုးအခြေစိုက် UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ Nyi Rang က LBC ရဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ‘အစွန်းရောက်တွေ’ ဖြစ်တဲ့အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဧရာဝတီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း Nyi Rang က ဒေသအတွင်းက ခရစ်ယာန်အဖွဲ့တွေအပေါ် သူတို့ရဲ့အရေးယူမှုဟာ အစွန်းရောက်ဘာသာရေးခေါင်းဆောင်တွေကြောင့် ဒေသ မတည်မငြိမ်ဖြစ်မှာကို တားဆီးဖို့ ရည်ရွယ်တယ်လို့ ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ဖူးပါတယ်။

    ဒေါက်တာ လာဇရုက ဖမ်းဆီးခံထားရသူတွေနဲ့ အဆက်အသွယ်မရတဲ့အတွက် စိတ်ပူမိကြောင်း၊ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးရမှု နှစ် ၃၀ ပြည့်အခမ်းအနား ပြုလုပ်တဲ့ ၂၀၁၉ ခုနှစ် ဧပြီလအထိ ထိန်းသိမ်းထားမယ်လို့ သတင်းကြားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “၀” တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ကျောင်းသား ၄၂ ဦးဟာ “၀” လူမျိုးတွေဖြစ်ပြီး စစ်တပ်မှာ အမှုထမ်းဖို့ အဓမ္မခိုင်းစေတယ်လို့လည်း ဆရာတော်က ဆိုပါတယ်။

    “သူတို့ ဖြစ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်လာစေချင်တယ်။ ကျွန်တော်တို့ နှစ်ခြင်းဘာသာဝင်တွေအားလုံး သူတို့အတွက် ဆုတောင်းပေးနေပါတယ်”

    ဒေသခံတွေက UWSA ဟာ ကချင်နှစ်ခြင်းအသင်းတော်လက်အောက်က ဘုရားကျောင်းတွေ၊ “၀” နှစ်ခြင်းအသင်းတော်လက်အောက်က ဘုရားကျောင်းတွေကိုလည်း ပိတ်ထားလို့ ပြောကြားခဲ့ပါတယ်။

    သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွင်းက ဘုရားကျောင်းတွေ ပိတ်ပစ်ဖို့အတွက် UWSA က အခုလအစောပိုင်းမှာ အမိန့်ထုတ်ခဲ့တာဖြစ်ပြီး၊ ခွင့်ပြုချက်မရဘဲ ဆောက်ထားတဲ့ ဘုရားကျောင်းတွေကို ဖြိုချဖျက်ဆီးပစ်ဖို့လည်း ပါဝင်ပါတယ်။

    Ref : Irrawaddy

    (ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် သတင်းကို ကောက်နှုတ် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။)