News @ M-Media

Blog

  • ဥရောပတွင် ဂျူးဆန့်ကျင်ရေးဝါဒ မြင့်တက်လာမှုကို ပုပ်ရဟန်းမင်းကြီး သတိပေး

    ဥရောပတွင် ဂျူးဆန့်ကျင်ရေးဝါဒ မြင့်တက်လာမှုကို ပုပ်ရဟန်းမင်းကြီး သတိပေး

    စက်တင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – ဥရောပတစ်ဝှမ်း ဂျူးဆန့်ကျင်ရေး တစ်ကျော့ပြန်ဖြစ်ပွားလာတာကို ဆန့်ကျင်ဖို့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတိပေးလိုက်ပြီး နာဇီတွေက ဂျူးတွေကို သတ်ဖြတ်ခဲ့တဲ့ Holocaust အဖြစ်အပျက်အကြောင်း မျိုးဆက်သစ်တွေကို သင်ကြားပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    လစ်သူယေးနီးယားဒုတိယမြို့တော် ကူနက်စ်မှာကို ရောက်ရှိနေတဲ့ ဖရန်စစ်ဟာ ဒီကနေ့ လူပေါင်း တစ်သောင်းလောက်ကို တရားဟောကြားစဉ်မှာ ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်

    ဒုတိယကမ္ဘာစစ်အတွင်းက လစ်သူယေးနီးယားကို နာဇီတို့ ၂ နှစ်တာအုပ်စိုးမှုမှာ ဂျူး ၂ သန်းကျော် သတ်ဖြတ်ခံခဲ့ရပြီး အများအပြား ထွက်ပြေးခဲ့ရပါတယ်။ လစ်သူယေးနီးယားနိုင်ငံအတွင်း အဆိုးဝါးဆုံးကာလဟာ ၁၉၄၃ ခုနှစ် စက်တင်ဘာ ၂၃-၂၄ ရက်နေ့မှာ ဖြစ်ပါတယ်။

    “ဂျူးလူမျိုးတွေဟာ စော်ကားမှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစားခဲ့ရပါတယ်။ ဒီလို ထိခိုက်နစ်နာစေတဲ့ အမုန်းမျိုးစေ့တွေကို အချိန်မီ သိရှိဆင်ခြင်ပြီး၊ အဲဒီအချိန်က အဖြစ်အပျက်တွေကို မကြုံတွေ့လိုက်ရတဲ့ မျိုးဆက်သစ်တွေရဲ့နှလုံးသားမှာ မစွန်းထင်းစေဖို့ ဘုရားသခင်ဆီမှာ ခွန်အားတောင်းခံကြပါစို့” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ လစ်သူယေးနီးယားကို ၄ ရက်တာရောက်ရှိနေတာဖြစ်ပြီး ဂျူးတွေအသတ်ခံရတဲ့ ၇၅ နှစ်မြောက် အောက်မေ့ဖွယ်နေ့ကို အကြောင်းခံကာ ကမ္ဘာ့ဒေသတွေကိုပါ ဒီလို သတင်းစကားမျိုးပေးဖို့ ရည်ရွယ်တယ်လို့ အနီးကပ်အကြံပေးက ပြောကြားခဲ့ပါတယ်။

    ဥရောပက နိုင်ငံတော်တော်များများမှာ လူပြိန်းကြိုက်ဝါဒ၊ လယ်ယာစွန်းရောက်ဝါဒ ခေါင်းထောင်လာမှုနဲ့အတူ ဂျူးဆန့်ကျင်ရေးကလည်း ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။

    ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံအတွင်း ဂျူးဆန့်ကျင်ရေးကျူးလွန်မှုတွေဟာ ၁၅၀၄ ခုအထိ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်က ၁၄၈၆ ခု ရှိခဲ့တယ်လို့ မေလမှာ ဂျာမနီက သတင်းထုတ်ပြန်ပါတယ်။

    မတ်လအတွင်းက ပြင်သစ်မှာလည်း Holocaust က အသတ်ရှင်လွတ်မြောက်သူ ဂျူးတစ်ဦး အသတ်ခံခဲ့ရပြီး အစိုးရကတော့ ဒါဟာ ဂျူးဆန့်ကျင်ရေးဝါဒနဲ့ သက်ဆိုင်တယ်လို့ ယုံကြည်နေပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ လစ်သူယေးနီးယားက Holocaust အောက်မေ့ဖွယ် နေရာတွေကိုလည်း သွားရောက်လည်ပတ်ဖို့ ရှိနေပါတယ်။

    Ref: Reuters

  • ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အိန္ဒိယ စတင်

    ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အိန္ဒိယ စတင်

    စက်တင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းက လူပေါင်း သန်း ၅၀၀ လောက် အကျိုးခံစားရမယ့် ကျန်းမာရေးစောင့်ရှောက်မှု အာမခံစနစ်ကို အိန္ဒိယနိုင်ငံက ဒီကနေ့မှာ စတင်လိုက်ပြီး ဒါဟာ ကမ္ဘာ့ အကြီးအဆုံး အစိုးရကျန်းမာရေးစောင့်ရှောက်မှု စီမံကိန်းလည်း ဖြစ်ပါတယ်

    Ayushman Bharat လို့ အမည်ပေးထားပြီး ဆင်းရဲတဲ့ မိသားစုတစ်စုကို ကျန်းမာရေးစောင့်ရှောက်မှုစရိတ် ရူပီး ၅ သိန်း (ဒေါ်လာ ၆၉၀၀၀) ပေးအပ်သွားမယ်လို့ ၀န်ကြီးချုပ်မိုဒီက ကတိပေးထားမှုကြောင့် ဒီအစီအစဉ်ကို Modicare လို့လည်း ခေါ်ဝေါ်ပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ် မြို့တော် ရန်ချီမှာပြုလုပ်တဲ့ စီမံကိန်း တရားဝင်စတင်မှု အခမ်းအနားမှာ မိုဒီက ‘ဒီလိုကြီးမားတဲ့ အစိုးရအစီအစဉ်မျိုးကို ကမ္ဘာ့ ဘယ်နိုင်ငံကမှ မလုပ်သေးဘူး’ လို့ ပြောကြားခဲ့ပါတယ်။

    ဒီအစီအစဉ်ကြောင့် အိန္ဒိယဟာ အနာဂတ်မှာ ကျန်းမာရေးဗဟိုချက် ဖြစ်လာမှာဖြစ်ပြီး၊ ဆင်းရဲတဲ့ အိန္ဒိယနိုင်ငံသားတွေကို အရည်အသွေးကောင်းပြီး၊ ပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ကနဦးခြေလှမ်းအစဖြစ်တယ်လို့လည်း မိုဒီက ဆိုပါတယ်။

    ဒီအစီအစဉ်အတွက် ငွေကြေးကို ဗဟိုအစိုးရက ၆၀ ရာခိုင်နှုန်း၊ ပြည်နယ်အစိုးရက ၄၀ ရာခိုင်နှုန်း စိုက်ထုတ်မှာဖြစ်ပြီး လိုအပ်ချက်ပေါ်မူတည်ပြီး ပမာဏ ထပ်တိုးဖို့လည်း ရှိနေပါတယ်။

    မိုဒီကဟာ ဒီကနေ့ စီမံကိန်းဖွင့်ပွဲအခမ်းအနားမှာ ဆင်းရဲတဲ့မိသားစုတွေထံ ကျန်းမာရေးစောင့်ရှောက်မှုကဒ်တွေ ဝေပေးခဲ့ပြီး ဒါဟာ သမိုင်းဝင်နေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    လာမယ့် ၄ နှစ်အတွင်း အိန္ဒိယအစိုးရဟာ နိုင်ငံတစ်ဝှမ်း ကျန်းမာရေးစောင့်ရှောက်မှုစင်တာပေါင်း ၄ သောင်းလောက်ကို ဆောက်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

    အိန္ဒိယနိုင်ငံမှာ ဆေးရုံတွေ၊ ဆရာဝန်တွေ မလုံလောက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေဟာ ဆိုးရွားပြီး၊ ပုဂ္ဂလိကဆေးရုံတွေကလည်း ဆေးကြီးလွန်းတာကြောင့် လူတိုင်း မတတ်နိုင်ကြပါဘူး။

    Ref : Aljazeera

  • အရက်အတုရောင်းသူများကို ပြင်းပြင်းထန်ထန်အပြစ်ပေးရန် မလေးအန်ဂျီအို တောင်းဆို

    အရက်အတုရောင်းသူများကို ပြင်းပြင်းထန်ထန်အပြစ်ပေးရန် မလေးအန်ဂျီအို တောင်းဆို

    စက်တင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်း အရက်တွေကို ခိုးသွင်းသူတွေ၊ အရက်အတုရောင်းသူတွေကို ကြီးလေးတဲ့အပြစ်ပေးဖို့ မလေးရှား ရာဇ၀တ်မှုတားဆီးရေး ဖောင်ဒေးရှင်း MCPE က အစိုးရကို ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    အခုတစ်ပတ်အစောပိုင်းမှာ ကွာလာလမ်ပူမြို့ ဆင်ခြေဖုံးဒေသတစ်ခုမှာ အရက်အတုတွေ သောက်သုံးမှုကြောင့် ၂၄ ဦးသေဆုံးကာ အများအပြား ဆေးရုံတင်ထားရပါတယ်။

    အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း MCPE ရဲ့ ဒုတိယဥက္ကဌ လီလန်သိုင်က နိုင်ငံအတွင်း အရက်ရောင်းချသူတွေ မြင့်တက်လာပြီး အာဏာပိုင်တွေက ထိထိရောက်ရောက် စောင့်ကြည့်တာမျိုး မရှိတာကြောင့် အရက်နဲ့ပတ်သက်တဲ့ လက်ရှိဥပဒေတွေကို ပြင်ဆင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဆိုင်တော်တော်များများဟာ တရားမ၀င်သွင်းထားတဲ့ အရက်တွေနဲ့ အရက်အတုတွေကို ရောင်းနေကြပြီး အာဏာပိုင်တွေကလည်း အရက်ရောင်းချမှုကို ထိန်းချုပ်နိုင်ခြင်း မရှိတဲ့အတွက်ကြောင့် အခုလို အရက်အဆိပ်ဖြစ်သေဆုံးမှု ဖြစ်လာတာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

    ကွာလာလမ်ပူမှာ သေဆုံးသွားသူတွေနဲ့ ဆေးရုံတင်ထားရသူတွေဟာ မလေးရှား၊ မြန်မာ၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်ပြီး Mandalay Whiskey၊ King Fisher Beer နဲ့ Grand Royal Whiskey တွေကို သောက်သုံးပြီးတဲ့နောက် ဒီလိုဖြစ်ခဲ့တာပါ။

    အရက်အလွန်အကျွံသောက်သုံးမှုနဲ့ ဆက်စပ်နေတဲ့ မိသားစုပြဿနာတွေ၊ ကျောင်းသားတွေ အဆင့်ကျမှုတွေ၊ ယာဉ်မတော်တဆမှု၊ လေယာဉ်ပျံမတော်တဆဖြစ်မှုတွေကို ဖြေရှင်းဖို့အတွက် မလေးရှားနိုင်ငံသားတွေအနေနဲ့ အစိုးရကို ကူညီဖို့ လီက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။

    ပဲရက်ပြည်နယ်မှာလည်း မနေ့က အရက်အဆိပ်သင့်မှုတစ်ခု ဖြစ်ခဲ့ပြီး မလေးရှားနိုင်ငံသားတစ်ဦး ဆေးရုံတင်ထားရပါတယ်။

    ကွာလာလမ်ပူ၊ ဆီလန်ဂေါနဲ့ ပဲရက်တို့မှာ လတ်တလော အရက်အဆိပ်သင့်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၆ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

    Ref: CNA

  • တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္ဂနွေနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၃၊ ၂၀၁၈
    M-Media

    အီရန်စစ်ရေးပြအခမ်းအနားတွင် တိုက်ခိုက်မှုပြီးနောက် မြင်ကွင်း

    အီရန်စစ်ရေးပြအခမ်းအနားတွင် ပစ်ခတ်မှုဖြစ်၍ ၂၉ ဦး သေဆုံး
    ===========
    အီရန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မနေ့ကကျင်းပတဲ့ စစ်ရေးပြအခမ်းအနားအတွင်း စစ်ဝတ်စုံဝတ် သေနတ်သမား ၄ ဦး ၀င်ရောက်ပစ်ခတ်မှုကြောင့် စစ်သားတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေ စုစုပေါင်း ၂၉ ဦးသေဆုံးကာ ၇၀ ကျော်လောက် ဒဏ်ရာရခဲ့ပါတယ်။ အီရန်တပ်ဖွဲ့တွေရဲ့ ပြန်လည်ပစ်ခတ်မှုအတွင်း သေနတ်သမား ၃ ဦး နေရာမှာသေဆုံးခဲ့ပြီး အခြားတစ်ဦးကတော့ ရရှိတဲ့ဒဏ်ရာကြောင့် နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီက ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ ဒေသတွင်းက သူ့ရဲ့မဟာမိတ်တွေလက်ချက်ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။

    ဂိုဏ်းအုပ်ဘုန်းကြီးခန့်အပ်ရေး တရုတ်နှင့် ဗာတီကန်တို့ သဘောတူ
    ============
    တရုတ်နိုင်ငံအတွင်းက ခရစ်ယာန်ကက်သလစ်သာသနာအတွက် တရုတ်အစိုးရက ခန့်အပ်ထားတဲ့ ဂိုဏ်အုပ်ဘုန်းတော်ကြီး ၇ ပါးကို ဗာတီကန်က မနေ့မှာ အသိအမှတ်ပြုလိုက်ပြီး ၁၉၅၁ ခုနှစ်က စတင်ခဲ့တဲ့ တရုတ်နဲ့ ဗာတီကန်အကြား ဆက်ဆံရေးတင်းမာမှုဟာ အဆုံးသတ်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ကက်သလစ်ဘာသာဝင် ၁၀ သန်းကနေ ၁၂ သန်းလောက်အထိရှိပြီး တရုတ်အစိုးရက အသိအမှတ်ပြုတဲ့ အသင်းတော်ကို လိုက်နာသူနဲ့ ဗာတီကန်ဖက်ယိမ်းတဲ့ မြေအောက်အသင်းတော်တွေကို လိုက်နာသူဆိုပြီး ကွဲနေကြတာ ဖြစ်ပါတယ်။ အခုလို သဘောတူညီချက်ကြောင့် အနာဂတ်မှာ ဗာတီကန်နဲ့ တရုတ်တို့အကြား တရားဝင် သံတမန်ဆက်ဆံမှု ဖြစ်လာဖွယ် ရှိနေပါတယ်။

    မကြာခင်ပြန်လာမည်ဟု မလေးရှား ကြက်တောင်သမား လီချုံဝေပြော
    ================
    နှာခေါင်းကင်ဆာရောဂါကို ခံစားနေရတဲ့ လ မလေးရှား ကမ္ဘာ့ကြက်တောင်ချန်ပီယံဟောင်း လီချုံဝေက သူ့အနေနဲ့ ကွင်းထဲကို မကြာခင်ပြန်လာမယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။ လီဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိပါဘူး။ မလေးရှားကြက်တောင်အဖွဲ့ချုပ်က လီဟာ နှာခေါင်းကင်ဆာရောဂါ ခံစားနေရတယ်လို့ အတည်ပြုခဲ့ပါတယ်။ လီရဲ့ ကင်ဆာရောဂါဟာ ကနဦးအဆင့်သာဖြစ်ပြီး လက်ရှိ ဟောင်ကောင်မှာ ကုသမှု ခံယူနေရပါတယ်။

    အာဖဂန်တွင် မော်တာကျည်ပေါက်ကွဲမှုကြောင့် ကလေး ၈ ဦး သေဆုံး
    ==============
    အာဖဂန်နစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ သောကြာနေ့က မော်တာကျည်အဟောင်းတစ်ခုကို ကလေးငယ်တွေ ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် ၈ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါယ်။ သေဆုံးသူတွေထဲကမှာ ၄ ဦးက ညီအစ်ကိုမောင်နှမတွေဖြစ်ကြပြီး အားလုံးဟာ အသက် ၅ နှစ်ကန ၁၂ နှစ်အရွယ်တွေဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ပြီးခဲ့တဲ့တစ်ပတ်မှာ တာလီဘန်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အာဏာပိုင်တွေက ဒီပေါက်ကွဲမှုအတွက် တာလီဘန်ကို အပြစ်တင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း အာဖဂန်မှာ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၃၁၇၉ ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူအရေအတွက်ရဲ့ ၃ ပုံတစ်ပုံ ဖြစ်ပါတယ်။

    Ref: Aljazeera, CNA