News @ M-Media

Blog

  • သြဇီရှိ မိုးခေါင်ရေရှားဒေသများတွင် ပြည်တွင်းမွတ်စလင်အဖွဲ့များက အကူအညီပေးနေ

    သြဇီရှိ မိုးခေါင်ရေရှားဒေသများတွင် ပြည်တွင်းမွတ်စလင်အဖွဲ့များက အကူအညီပေးနေ

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    MCF မှ ပေးပို့သည့် မြတ်ခြောက်များ

    – သြစတေးလျနိုင်ငံ ဘရစ္စဘိန်းမြို့အခြေစိုက် ‘မွတ်စလင်ပရဟိတ ဖောင်ဒေးရှင်း(MCF)’ ဟာ နိုင်ငံအတွင်းက မိုးခေါင်ရေရှားဒေသတွေမှာ ကူညီရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    ကွင်းစလန်းပြည်နယ် မြောက်ပိုင်း မိုးခေါင်မှုကြောင့် အတိဒုက္ခရောက်နေကြတဲ့ လယ်သမားတွေကို MCF က မြက်ခြောက် တန်ပေါင်း ၃၃ တန်ကို ထရပ်ကားတွေနဲ့ တင်ဆောင်ကာ ပို့ဆောင်ပေးထားပြီး နောက်ထပ် ရန်ပုံငွေ ပိုမိုရရှိရေးလည်း ဆောင်ရွက်ဖို့ ရှိနေပါတယ်။

    “ဒီလိုကူညီမှုဟာ သူတို့ကို စိတ်ဓာတ်မြှင့်တင်ပေးတာမျိုးပါ။ ဒါပေမယ့် ဆင့်ပါးစပ် နှမ်းပက်အဆင့်လောက်သာ ရှိပါသေးတယ်” လို့ ဖောင်ဒေးရှင်းရဲ့ ဒုတိယဥက္ကဌ အိုစမန် ရိန်းက ပြောကြားခဲ့ပါတယ်။

    MCF ဖောင်ဒေးရှင်းကို ဘရစ္စဘိန်းမြို့က စီးပွားရေးသမားတွေ စုပေါင်းကာ ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လိုအပ်နေသူတွေကို ကူညီဖေးမဖို့ ဖြစ်ပါတယ်။

    မိုးခေါင်ရေရှားဒေသတွေမှာ အခုလို ကူညီမှုကို ‘ကွင်းစ်လန်း အစ္စလာမ့်ရေးရာကောင်စီ’၊ Muslim Aid Australia စတဲ့ အဖွဲ့တွေနဲ့ MCF က ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    ပို့ဆောင်ခဲ့တဲ့ မြက်ခြောက်တွေကိုလည်း MCF က လယ်သမားတွေကို အညီအမျှ ခွဲဝေပေးခဲ့ပါတယ်။

    “ကျွန်တော်တို့လှူတာက သိပ်အများကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် လယ်သမားတွေအတွက် ရေတိုမှာတော့ အထောက်အကူဖြစ်ပါလိမ့်မယ်” လို့ မစ္စတာရိန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြက်ခြောက်တွေ ၀ယ်ယူဖို့အတွက် အလှူငွေတွေကို ဘရစ္စဘိန်းမြို့က ဗလီတွေနဲ့ ပြီးခဲ့တဲ့လ အီးဒ်နေ့တွေမှာ အလှူခံခဲ့တာ ဖြစ်ပါတယ်။

    အခုနှစ်အတွင်း သြစတေးလျနိုင်ငံ ဒေသတော်တော်များများမှာ ဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုဟာ သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးဖြစ်ပြီး လယ်သမားတွေကို ဒီဒဏ်ကို အဓိက ခံစားနေရပါတယ်။

    Ref: SBS News

  • ဆီးရီးယားတွင် စစ်လေယာဉ်ပစ်ချခံရမှုအတွက် အစ္စရေးကို ရုရှား အပြစ်တင်

    ဆီးရီးယားတွင် စစ်လေယာဉ်ပစ်ချခံရမှုအတွက် အစ္စရေးကို ရုရှား အပြစ်တင်

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    အစ္စရေးလေတပ်မှ တိုက်လေယာဉ်တစ်စင်း

    – ဆီးရီးယားနိုင်ငံ လာတာကီးယားပြည်နယ်မှာ မနေ့က အဆက်အသွယ်ပြတ်တောက်သွားတဲ့ မိမိတို့စစ်လေယာဉ်ဟာ ဆီးရီးယားအစိုးရတပ်ရဲ့ S200 ဒုံးခွင်းစနစ်နဲ့ ပစ်ချခံလိုက်ရတာဖြစ်ပြီး အစ္စရေးတိုက်လေယာဉ်တွေက လေယာဉ်ကို ကာဗာယူခဲ့တဲ့အတွက် ဒီလိုဖြစ်သွားတာလို့ ရုရှားက သတင်းထုတ်ပြန်ပါတယ်။

    တနင်္လာနေ့ညပိုင်းက အစ္စရေးရဲ့ F-16 တိုက်လေယာဉ် ၄ ဦးဟာ လာတာကီးယားပြည်နယ်ကို မြေထဲပင်လယ်ဖက်ကနေ ၀င်ရောက်ပြီး ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ခဲ့ကာ၊ ဒီလေယာဉ်တွေဟာ အနိမ့်ပျံသန်းခဲ့တာကြောင့် ဒေသတွင်းက အခြားလေယာဉ်တွေ၊ သင်္ဘောတွေအတွက် “အလွန်အန္တရာယ်ရှိတဲ့ အနေအထားဖြစ်တယ်” ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အဲဒီနေရာမှာ ပျံသန်းနေတဲ့ ရုရှားစစ်တပ်ရဲ့ Il-20 လေယာဉ်ကို အစ္စရေးတိုက်လေယာဉ်တွေက အကာအကွယ်ယူပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ဆီးရီးယားအစိုးရရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည်တွေနဲ့ ပြန်ပစ်တဲ့အချိန်မှာ ကိုယ်ထည်ပိုကြီးတဲ့ Il-20 ကို ထိမှန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီအဖြစ်အပျက်ကြောင့် Il-20 ပေါ် လိုက်ပါသွားတဲ့ ရုရှားစစ်သား ၁၅ ဦးစလုံး သေဆုံးခဲ့ပါတယ်။

    အစ္စရေးဟာ ရုရှားလေယာဉ် ရှိနေတာကို သိသိကြီးနဲ့ ဒီလို လုပ်ဆောင်တဲ့အတွက် ဒါဟာ ‘ရန်စမှုဖြစ်ကြောင်း’၊ တိုက်ခိုက်မှုမစတင်ခင် ၁ မိနစ်အလိုမှသာ ရုရှားကို ဒီကိစ္စအသိပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

    အစ္စရေးက သူတို့ဟာ ဟစ်ဇ်ဘိုလာအတွက် အီရန်ကပို့ပေးတဲ့ လက်နက်ထုတ်လုပ်ရေးကိရိယာကို တိုကခိုက်တာဖြစ်ပြီး ရုရှားစစ်သားတွေ သေဆုံးတဲ့အတွက် ၀မ်းနည်းမိကြောင်း၊ ဒီကိစ္စအတွက် ဆီးရီးယား၊ အီရန်နဲ့ ဟစ်ဇ်ဘိုလာတို့မှာ တာဝန်ရှိကြောင်း တုန့်ပြန်ခဲ့ပါတယ်။

    Ref: RT

  • လကမ္ဘာသွားလည်ရန် ပထမဆုံးစာရင်းပေးထားသူကို Space X ထုတ်ပြန်

    လကမ္ဘာသွားလည်ရန် ပထမဆုံးစာရင်းပေးထားသူကို Space X ထုတ်ပြန်

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    ဂျပန်ဘီလီယံနာ ယူဆာကူ မယ်ဇာဝါ

    – လကမ္ဘာအလည်အပတ်ခရီးအတွက် ပထမဆုံးစာရင်းပေးထားသူကို SpaceX က ဒီကနေ့ ကယ်လီဖိုးနီးယားက သူတို့ရုံးချုပ်မှာ မိတ်ဆက်လိုက်ပြီး သူကတော့ ဂျပန်က ဘီလီယံနာ ယူဆာကူ မယ်ဇာဝါ ဖြစ်ပါတယ်။

    Space X ဟာ ၂၀၂၃ ခုစ်မှာ လကမ္ဘာကို ခရီးသည်တွေ သွားနိုင်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဒါဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လူသားတွေ လကမ္ဘာကို ပထမဆုံး သွားရောက်မှုလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

    အသက် ၄၂ နှစ်အရွယ် ယူဆာကူ မယ်ဇာဝါဟာ အွန်လိုင်း ဖက်ရှင်လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ကာ လကမ္ဘာသွားမယ့်အကြောင်းကို Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “လကမ္ဘာသွားဖို့ ကျွန်တော်ရွေးချယ်လိုက်ပါတယ်”

    ကွယ်လွန်သွားပြီဖြစ်တဲ့ ပန်းချီပညာရှင် ဂျီယန်-မီခေးလ် ဘက်စ်ကတ်ရဲ့ အကောင်းဆုံး လက်ရာတစ်ခုကို ပြီးခဲ့တဲ့နှစ်မှာ ကန်ဒေါ်လာ ၁၁၀.၅ သန်းနဲ့ ၀ယ်ယူခဲ့ပြီးတဲ့နောက် မယ်ဇာဝါဟာ လူသိများလာခဲ့တာပါ။

    လကမ္ဘာကို သူနဲ့အတူသွားရောက်ဖို့အတွက် အနုပညာသမား ၆ ဦးကနေ ၈ ဦးအထိ ဖိတ်ခေါ်သွားမယ်လို့လည်း သူက ပြောပါတယ်။

    လကမ္ဘာသွား အာကာသယာဉ် လွှတ်တင်နိုင်မယ့် ဒုံးကျည်ကို လက်ရှိအချိန်မှာ Space X က ထုတ်လုပ်နိုင်ခြင်း မရှိသေးဘဲ ကုမ္ပဏီပိုင်ရှင် အေလွန်မက်စ်ကတော့ ဒီခရီးစဉ် ဖြစ်ပေါ်လာဖို့အတွက် ရာနှုန်းပြည့် မသေချာသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

    လကမ္ဘာကို လူသား ၂၄ ဦးသာ သွားရောက်ဖူးပြီး သူတို့တွေအားလုံးဟာ အမေရိကန်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အဲဒီထဲက ၁၂ ဦးဟာ လရဲ့မျက်နှာပြင်ပေါ်ကို ဆင်းသက်ခဲ့ကြပါတယ်။

    အေလွန်မက်စ်ဟာ လကမ္ဘာသွားရာမှာ အသုံးပြုမယ့် ဒုံးကျည်နဲ့ အာကာယာဉ်ငယ် ပုံစံတွေရဲ့ ဂရက်ဖစ်ဒီဇိုင်းတွေကို တနင်္လာနေ့က ထုတ်ပြခဲ့ပါတယ်။

    Ref: BBC

  • အစိုးရအဖွဲ့တွင် လိုအပ်သည်ထက်ပိုနေသည့် ကားများကို ပါကစ္စတန်က လေလံတင်

    အစိုးရအဖွဲ့တွင် လိုအပ်သည်ထက်ပိုနေသည့် ကားများကို ပါကစ္စတန်က လေလံတင်

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    – ပါကစ္စတန်အစိုးရ အသုံးပြုနေတဲ့ ကားတွေထဲက ဇိမ်ခံကား အစီးရေ ၁၀၀ လောက်ကို မနေ့မှာ စတင်လေလံပစ်ခဲ့ပြီး အစိုးရအသုံးစားရိတ် ခြွေတာဖို့နဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာကို ပြန်လည်ဖြည့်တင်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    ပြည်ကြွေးမြီတွေကြောင့် ပါကစ္စတန်ဟာ ငွေကြေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး ၀န်ကြီးချုပ်သစ် အင်မရန်းခန်းက သူ့အနေနဲ့ အစိုးရအဖွဲ့ရဲ့ မလိုအပ်တဲ့ အသုံးစားရိတ်တွေကို လျှော့ချသွားမယ်လို့ ရွေးကောက်ပွဲမတိုင်ခင်က ပြောကြားခဲ့ပါတယ်။

    လေလံဆိုင်ရာတာဝန်ရှိသူ မိုဟာမက် အာဆစ်ဖ်က ဒီကားတွေကို ရောင်းချရမှုကနေ ရူပီး ၂ ဘီလီယံ (ကန်ဒေါ်လာ ၁၂ သန်း) လောက် ရမယ်လို့ ခန့်မှန်းထားပါတယ်။

    ရောင်းချမယ့်ကစားတွေထဲမှာ ကျည်ကာ မာစီဒီးကား ၄ စီး၊ ၀န်ကြီးချုပ်ဟောင်း နာဝဇ်ရှရစ်ဖ်က ၀န်ကြီးချုပ်အိမ်တော်မှာ မလိုအပ်ဘဲ ယူထားတဲ့ တန်ဖိုးကြီးဇိမ်ခံစား ၈ စီးတို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အင်မရန်းခန်းက နှစ်ပေါင်း ၅၀ အတွင်း တိုင်းပြည်ရဲ့အာဏာကို သူတစ်ပြန်ကိုယ်တစ်ပြန် ရယူခဲ့ကြတဲ့ အဓိကနိုင်ငံရေးပါတီကြီး ၂ ခုဟာ၊ ခြစားတာတွေ၊ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးတာတွေ လုပ်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

    ဒါတွေကို တိုက်ဖျက်ဖို့အတွက် ‘တိုင်းပြည်ရဲ့ ကြွယ်ဝမှုတွေကို ပိုင်ရှင်အစစ်ထံ ပြန်ပေးရေး’ လှုပ်ရှားမှုကို ဆောင်ရွက်သွားမယ်လို့ ခန်းက ကတိပြုခဲ့ပြီး အခု ကားလေလံတင်မှုဟာ ဒီလှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    Ref: Khaleej Times

  • မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကုလတိုက်တွန်း

    မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကုလတိုက်တွန်း

    စက်တင်ဘာ ၁၈၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံမှာ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ရမှာဖြစ်ပြီး လက်ရှိ စစ်ခေါင်းဆောင်တွေကို ဖယ်ရှားဖို့နဲ့ စစ်တပ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ကုလရဲ့ ‘မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့’ က ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    စာမျက်နှာ ၄၄၄ မျက်နှာပါ အစီရင်ခံစာမှာ အခုလို တိုက်တွန်းထားတာဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက် စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုဖို့လည်း ထပ်မံ အကြံပြုခဲ့ပါတယ်။

    အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ကနဦးအစီရင်ခံစာကို သြဂုတ်လအတွင်းမှာ ထုတ်ပြန်ခဲ့တာပါ။

    ဒီကနေ့ထုတ်ပြန်ချက်မှာ ‘တပ်မတော်’ လို့ခေါ်တဲ့ မြန်မာစစ်တပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့၊ နိုင်ငံရေးနယ်ပယ်ကနေ စစ်တပ်ကို ထုတ်ပစ်ရေး အခြေခံဥပဒေ ပြင်ဆင်ဖို့လည်း ကုလက တိုက်တွန်းခဲ့ပါတယ်။

    ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်မှု၊ စော်ကားကျူးလွန်မှုတွေဟာ စစ်တပ်ရဲ့ ‘ဗီဇလိုဖြစ်နေတာ’၊ ‘ကျူလွန်မှုတွေကို ၀န်မခံတာ၊ ဘာမှမဖြစ်သလိုနေတာ၊ အရေးယူမှုကနေ လွတ်မြောက်နေတာတွေဟာ’ အင်မတန် တုန်လှုပ်စရာကောင်းတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာ့တပ်မတော် အလုံးစုံ ပြုပြင်ပြောင်းလဲရေးအတွက် မိမိတို့ ဆက်သွယ်ဆောင်ရွက်ဖို့ စဉ်စားနေကြောင်း၊ နိုင်ငံအတွင်း ‘လူ့အခွင့်အရေး ပြဿနာတွေ’ ကို မဖြေရှင်းဘူးဆိုရင် လက်ရှိလုပ်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းဟာ ပျက်ဆီးမယ့်အန္တရာယ် ရှိနေကြောင်း အချက်အလက်ရှာဖွေရေးအဖွဲ့က သတိပေးခဲ့ပါတယ်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ချိုးဖောက်မှုတွေကို ရှုတ်ချပြီး၊ လက်ရှိ ပြဿနာတွေရဲ့ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းရာမှာ ကူညီပေးဖို့လည်း အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

    ‘ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ၊ ပြည်သူလူထုရဲ့ အကျိုးစီးပွား မထိခိုက်အောင်လို့ ကြိုတင်သတိပေးမှု ထိထိရောက်ရောက်မလုပ်ဘဲ ပြုလုပ်တဲ့ တိုက်ခိုက်မှုတွေ’ လို ဥပဒေနဲ့မညီ၊ သင့်လျော်မှုမရှိ၊ မလိုအပ်ဘဲ လက်ရှိလုပ်နေတဲ့ စစ်ဆင်ရေးတွေအားလုံးကို အစိုးရက ရပ်တန့်ဖို့ အချက်အလက်ရှာဖွေရေးအဖွဲ့က ထည့်သွင်းအကြံပြုခဲ့ပါတယ်။

    လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ကလေးငယ်တွေအပေါ် ဆိုးဆိုးဝါးဝါး ကျူးလွန်မှုတွေအပါအ၀င် စစ်တပ်နဲ့ အခြားလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစိုးရက ၀န်ခံဖို့၊ ဒီလိုကျူးလွန်မှုတွေကို လုံးဝ တားမြစ်ထားတယ်ဆိုတာ တပ်မတော်နဲ့ အခြား လုံခြုံရေးတပ်ဖွဲ့တွေကို ရှင်းရှင်းလင်းလင်းနဲ့ လူသိရှင်ကြား ပြတ်ပြတ်သားသား ညွှန်ကြားထားဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

    ကချင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေအပါအ၀င် ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာ အကူအညီပေးနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုဖို့၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေကို စုံစမ်းနိုင်ရေး ဂျာနယ်လစ်တွေ၊ ပြည်တွင်းပြည်ပ လူ့အခွင့်အရေး စောင့်ကြည့်သူတွေကို ၀င်ရောက်ခွင့်ပြုဖို့၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေကို အရှက်ရအောင်လုပ်တာ၊ တရားစွဲဆိုတာတွေကို ရပ်တန့်ဖို့လည်း အချက်အလက်ရှာဖွေရေးအဖွဲ့က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

    အစီရင်ခံစာရဲ့ တိုက်တွန်းချက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ ၀လုံးနဲ့ ကျော်စိုးဦးတို့အပါအ၀င် သတင်းထောက်တွေကို လွှတ်ပေးရေးလည်း ပါဝင်ပါသည်။

    ရခိုင်ကိစ္စနဲ့ပတ်သက်တဲ့ အကြံပြုချက်တွေက ‘၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ နိုင်ငံသားစီစစ်တာကို ရပ်တန့်ရေး၊ ရိုဟင်ဂျာလူ့အဖွဲ့အစည်းတစ်ခုလုံးကို နိုင်ငံသားမဖြစ်အောင် ဆောင်ရွက်ထားတာကို ၀န်ခံရေး၊ ရိုဟင်ဂျာလူ့အဖွဲ့အစည်းနဲ့ ထိရောက်တဲ့ ညှိနှိုင်းဆွေးနွေးမှုကနေတစ်ဆင့် လျင်မြန်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု ဖော်ဆောင်ပြီး နိုင်ငံသားအခွင့်အရေး ပြန်လည်ပေးအပ်ရေး’ တို့ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မိမိတို့ဆန္ဒအလျောက် သိက္ခာရှိရှိ နေရပ်ပြန်လာနိုင်ရေး ဆောင်ရွက်ပေးဖို့လည်း အစီရင်ခံစာမှာ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

    ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြိး ဦးကျော်မိုးထွန်းက ဒီအစီရင်ခံစာကို ပယ်ချက်ခဲ့ပြီး ‘တစ်ဖက်သက်’ အစီရင်ခံစာသာဖြစ်တယ်လို့ အစီရင်ခံစာထုတ်ပြန်အပြီး ကုလလူ့အခွင့်အရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

    Ref: Frontier Myanmar