News @ M-Media
Blog
  • မြန်မာ-အစ္စရေး ပညာရေးသဘောတူညီချက်ကို ဖျက်သိမ်းရန် အစ္စရေးပညာရှင်များ တောင်းဆို
    မြန်မာ-အစ္စရေး ပညာရေးသဘောတူညီချက်ကို ဖျက်သိမ်းရန် အစ္စရေးပညာရှင်များ တောင်းဆို
    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media
    နှစ်နိုင်ငံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးစဉ်က
    – မြန်မာနိုင်ငံနဲ့ လက်မှတ်ရေးထိုးထားတဲ့ ပညာရေးသဘောတူညီချက်ကို ပယ်ဖျက်ဖို့အတွက် အစ္စရေးပညာရှင်တွေနဲ့ ကျောင်းဆရာတွေက အစ္စရေးအစိုးရကို မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။
    အစ္စရေးနိုင်ငံခြားရေးဝန်ကြီး တဇီပီ ဟိုတိုဗီလီဟာ မေလက မြန်မာနိုင်ငံနဲ့ ပညာရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
    “လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်မှုတွေနဲ့ အလုပ်ရှုပ်နေတဲ့ မြန်မာအုပ်ချုပ်သူတွေက အစ္စရေးရဲ့ သင်ရိုးညွှန်းတမ်းမှာ ၀င်ရောက်စွက်ဖက်ဖို့ အခွင့်ရသွားတာဟာ လုံးဝ မယုံကြည်နိုင်စရာပါပဲ” လို့ ကျောင်းဆရာတွေ ပညာရှင်တွေက ၀န်ကြီးချုပ် နေတန်ယာဟုဆီ လိပ်မူတဲ့ အဲဒီ တိုက်တွန်းစာမှာ ရေးသားထားပါတယ်။
    ဒီအဖွဲ့ကို အစ္စရေးလူ့အခွင့်အရေးရှေ့နေ အီတေး မက်ခ်က ဦးဆောင်တာ ဖြစ်ပါတယ်။
    “အစ္စရေးကျောင်းတွေက မြန်မာနိုင်ငံပတ်သက်တဲ့ အစီအစဉ်တိုင်းမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အဲဒီတိုင်းပြည်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ၊ အခြေခံလူ့အခွင့်အရေး မပေးမှုတွေ၊ စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှင်းပမ်းမှု၊ နိုင်ငံသားတွေကို မောင်းထုတ်မှု၊ တိုင်းရင်းသားလူနည်းစုတွေအပေါ် တိုက်ရိုက် ရာဇ၀တ်မှုကျူးလွန်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်မှန်တွေကို ထည့်သွင်းရပါလိမ့်မယ်” လို့ တိုက်တွန်းစာမှာ ရေးသားထားပါတယ်။
    ပညာရေးဌာနကိုကျော်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးခဲ့တဲ့ ဒီ သဘောတူညီချက်ဟာ အစ္စရေးရဲ့ ပညာရေးစနစ်တစ်ခုလုံး၊ နိုင်ငံသားတွေ၊ ပညာရှင်တွေကို အရှက်ရစေကြောင်း လက်မှတ်ရေးထိုးသူတွေက သူတို့ရဲ့ သဘောထားကို ထည့်သွင်းဖော်ပြထားပါတယ်။
    Ref: Haaretz
  • မိမိတို့အတွက် ICC က အရေးမပါဟု အမေရိကန်ပြော
    မိမိတို့အတွက် ICC က အရေးမပါဟု အမေရိကန်ပြော
    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media
    အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ
    – အမေရိကန်စစ်သားတွေ စစ်ရာဇ၀တ်မှု ကျူးလွန်လားဆိုတာကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ICC က စစ်ဆေးဖိုးကြိုးစားမှုကို အမေရိကန်က လက်မခံဘဲ ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ တားဆီးသွားဖို့ ရှိနေပါတယ်။
    အာဖဂန်စစ်ပွဲမှာ တာလီဘန်တွေ၊ ဒေသခံလုံခြုံရေးတပ်ဖွဲ့တွေ၊ စစ်ဘုရင်တွေနဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေ ကျူးလွန်မှုတွေ ရှိခဲ့တယ်လို့ အာဖဂန်ပြည်သူတွေရဲ့ တိုင်ကြားမှုပေါင်း ၁.၁၇ သန်းကို ရရှိခဲ့ပြီးတဲ့နောက် ICC က အာဖဂန်မှာ စစ်ရာဇ၀တ်မှုကိစ္စကို တရားဝင် စုံစမ်းစစ်ဆေးဖို့ စီစဉ်နေတာပါ။
    သမ္မထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်တစ်ယောက် အဲဒီကိစ္စနဲ့ပတ်သက်ပြီး အခမ်းအနားတစ်ခုမှာ ပြောကြားမယ့် မိန့်ခွန်းမူကြမ်းမှာ သူတို့အနေနဲ့ နည်းလမ်းပေါင်းစုံသုံးပြီး နိုင်ငံသားတွေနဲ့ မဟာမိတ်တွေကို ကာကွယ်သွားမယ်လို့ ရေးသားထားပါတယ်။
    “တရားမ၀င်တဲ့ ခုံရုံးက မတရားတဲ့ တရားစွဲဆိုမှုကနေ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ မဟာမိတ်တွေကို လိုအပ်သမျှနည်းလမ်းပေါင်းစုံနဲ့ ကာကွယ်သွားမှာပါ။ ICC နဲ့ ကျွန်တော်တို့ ပူးပေါင်းသွားမှာ မဟုတ်ဘူး၊ ကူညီသွားမှာလည်း မဟုတ်ပါဘူး။ ဆက်သွယ်ဆောင်ရွက်မှာလည်း မဟုတ်ပါဘူး။ ICC ကိုယ့်ဟာကိုယ် ကျဆုံးသွားတာကို ကျွန်တော်တို့ ထိုင်ကြည့်မှာပါ။ ကျွန်တော့်တို့သဘောထားကို ပြောရရင် ICC ဟာ ကျွန်တော်တို့အတွက် လုံးဝ အရေးမပါပါဘူး”
    ဒီမိန့်ခွန်းမူကြမ်းကို ရိုက်တာသတင်းဌာနက ရရှိခဲ့တာ ဖြစ်ပါတယ်။
    အမေရိကန်ရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ အစ္စရေးဟာလည်း ပါလက်စတိုင်းပြည်သူတွေအပေါ် ကျူးလွန်မှုတွေအတွက် ICC ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံရဖို့ ရှိနေပါတယ်။
    ဘောလ်တန်ရဲ့မိန့်ခွန်းမူကြမ်းမှာတော့ အမေရိကန်အနေနဲ့ မဟာမိတ် အစ္စရေးဖက်ကနေ လုံးဝ ရပ်တည်သွားမယ်လို့ ထည့်သွင်းရေးသားထားပါတယ်။
    ICC က စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်ဆိုရင် ဒီလုပ်ငန်းမှာ ပါဝင်တဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေနဲ့ ပူးပါင်းဆာင်ရွက်သူတွေကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်တာ၊ အမေရိကန်မှာရှိတဲ့ သူတို့ရဲ့ပိုငဆိုင်မှုတွေကို သိမ်းဆည်းတာ၊ အမေရိကန်တရားရုံးမှာ သူတို့ကို တရားစွဲတာမျိုးတွေ လုပ်လာနိုင်ပါတယ်။
    Ref: RT
  • ဘေဂျင်းရှိ ခရစ်ယာန်အသင်းတော်တစ်ခုကို တရုတ်အစိုးရက ဖျက်သိမ်း
    ဘေဂျင်းရှိ ခရစ်ယာန်အသင်းတော်တစ်ခုကို တရုတ်အစိုးရက ဖျက်သိမ်း
    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media
    Zion အသင်းတော်ရဲ့ သင်းအုပ်ဆရာ ဂျင်မင်ဂရီ
    – မြို့တော်ဘေဂျင်းမှာရှိတဲ့ အကြီးဆုံး ခရစ်ယာန် ပရိုကတ်စတင့် အသင်းတော်တွေထဲက တစ်ခုကို တရုတ်ကွန်မြူနစ်အစိုးရက ပိတ်ပစ်လိုက်ပြီး သာသနာပြုပစ္စည်းတွေကိုလည်း သိမ်းဆည်းလိုက်ပါတယ်။
    Zion အသင်းတော်ဖြစ်ပြီး ရာနဲ့ချီတဲ့ အသင်းဝင်တွေဟာ ဘေဂျင်းမြို့မြောက်ပိုင်းက ခမ်းနားတဲ့ ခန်းမတစ်ခုမှာ အပတ်စဉ် ဘုရားဝတ်ပြုနေကြတာ ဖြစ်ပါတယ်။
    ဒါပေမယ့် အဲဒီအဆောက်အဦးမှာ စောင့်ကြည့်ကင်မရာတွေတပ်ဖို့ အစိုးရရဲ့တောင်းဆိုမှုကို အသင်းတော်က ငြင်းပယ်ခဲ့တဲ့ ဧပြီလကစလို့ အာဏာပိုင်တွေက ဒီအဖွဲ့ကို ဖိအားပေးခဲ့ပြီး ဖျက်သိမ်းဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။
    မနေ့မှာတော့ ခရိုင်အာဏာပိုင်တွေက ဘုရားဝတ်ပြုဆုတောင်းမှုကို ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်တယ်ဆိုတဲ့ စွဲချက်နဲ့ အသင်းတော်ကို ပိတ်သိမ်းကြောင်း နို့တစ်စာ လာကပ်ကာ၊ ပစ္စည်းတွေကိုလည်း တရားမ၀င် သာသနာပြုပစ္စည်းတွေဆိုကာ သိမ်းဆည်းသွားပါတယ်။
    Zion အသင်းတော်ရဲ့ သင်းအုပ်ဆရာ ဂျင်မင်ဂရီက အာဏာပိုင်တွေနဲ့ စေ့စပ်ဖြေရှင်းဖို့ နည်းလမ်းမရှိမှာကို စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
    တရုတ်ရဲ့ အခြေခံဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပေမယ့် သမ္မတ ရှီကျင့်ဖျင် တက်လာပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံအတွင်းမှာရှိတဲ့ ဘာသာတရားတွေကို ဖိနှိပ်မှု ပိုမိုပြုလုပ်လာခဲ့ပါတယ်။
    ဖေဖော်ဝါရီလမှာ တရုတ်သာသနာရေးဝန်ကြီးဌာနက စည်းကမ်းအသစ်တွေ ထုတ်ပြန်ခဲ့ပြီး အဲဒီအချက်တွေကို လိုက်နာကြောင်း လက်မှတ်ရေးထိုးဖို့အတွက် နိုင်ငံတစ်ဝှမ်းက ဘာသာရေးအဖွဲ့အစည်းတွေကို ဖိအားပေးခဲ့ပါတယ်။
    ဇူလိုင်လမှာ ဘေဂျင်းက ပရိုကတ်စတင့် အသင်းတော် ၃၀ လောက်ဟာ အစိုးရအနေနဲ့ ဘာသာရေးမှာ ၀င်ရောက်စွက်ဖက်နေကြောင်း၊ စည်းကမ်းအသစ်တွေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း ဘာသာဝင်တွေကို စော်ကားမှုတွေ၊ ဖိနှိပ်မှုတွေ လုပ်နေကြောင်း ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
    တရုတ်နိုင်ငံက ခရစ်ယာန်ဘာသာဝင်တွေဟာ အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ ဘုရားကျောင်းတွေ၊ အစိုးရက အသိအမှတ်မပြုဘဲ ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖန်တီးထားတဲ့ ဘုရားကျောင်းတွေကို တက်ရောက်လေ့ ရှိကြပါတယ်။
    အာဏာပိုင်တွေက အသိအမှတ်ပြုထားတဲ့ ဘုရားကျောင်းတွေကိုသာ သွားရောက်ဖို့ ခရစ်ယာန်ဘာသာဝင်တွေကို ဖိအားပေး၊ ခြိမ်းခြောက်တွေ လုပ်ဆောင်လေ့ ရှိပါတယ်။
    Ref: Reuters
  • တူရကီတွင် နှစ် ၉၀၀ သက်တမ်းရှိ ဗလီတစ်လုံးကို အလုံးလိုက် နေရာရွှေ့
    တူရကီတွင် နှစ် ၉၀၀ သက်တမ်းရှိ ဗလီတစ်လုံးကို အလုံးလိုက် နေရာရွှေ့
    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media
    ဗလီငယ်ရွှေ့ပြောင်းမှု
    – တူရကီနိုင်ငံတောင်ပိုင်း ဘတ္တမန်ပြည်နယ် ဟာဆန်ကက်ဖ်ခရိုင်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀၀ က တည်ဆောက်ခဲ့တဲ့ ရှေးဟောင်း ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဒီကနေ့မှာ အလုံးလိုက် ရွှေ့ပြောင်းခဲ့ပါတယ်။
    အာတူကစ်မင်းဆက်လက်ထက်က ဆောက်လုပ်ခဲ့တဲ့ အဲဒီဗလီငယ်ဟာ တန်ပေါင်း ၈၅၀ လေးပြီး ဘီး ၂၅၆ ဘီးပါတဲ့ အထူးထရပ်ကားနဲ့ မူရင်းနေရာကနေ ၂.၄ ကီလိုမီတာအဝေးကို ရွှေ့ခဲ့တာပါ။ အနီးအနားမှာ ရေလှောင်တမံအသစ်တစ်ခု ဖွင့်လှစ်ပြီးတဲ့နောက် အနာဂတ်မှာ ရေကြီးမယ့် အန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဗလီကို ဒီလို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
    ဗလီရဲ့ မင်နာရတ်မျှော်စင်ကိုတော့ အခုတစ်ပတ်အတွင်းမှာ ရွှေ့ဖို့ ရှိနေပါတယ်။
    တူရကီဟာ အရင်ကလည်း နှစ်ပေါင်း ၅၄၀ ကြာမြင့်နေပြီးဖြစ်တဲ့ ဂူဗိမာန်တစ်ခု၊ ရှေးဟောင်း တူရကီရေချိုးကန်တစ်ခုတို့ကို ဘတ္တမန်ပြည်နယ်မှာပဲ အလုံးလိုက် ရွှေ့ပြောင်းခဲ့ဖူးပါတယ်။
    ပြည်နယ်ဟိုက်ဒရောလစ်လုပ်ငန်းအဖွဲ့ (DSI) ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး မူရက်ဒဂ်ဒီဗီရန်က ဒီဗလီငယ်ကို နေရာရွှေ့ပြောင်းမှုဟာ သမိုင်းဝင်လုပ်ငန်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဟာဆန်ကက်ဖ်ခရိုင်ကို ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရာ ဌာနအဖြစ် တူရကီက ၁၉၈၁ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ခရစ်ယာန်နဲ့ မွတ်စလင်တွေရဲ့ ၀တ်ပြုရာနေရာတွေ၊ ကျောက်ဂူတွေနဲ့ ဘိုင်ဇန်တိုင်းခေတ်က ခံတပ်တွေကို အစိုးရအစီအစဉ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။
    Ref: AA
  • 1MDB နှင့်ပတ်သက်သည့် ဒေါ်လာ ၁၅ သန်း စင်ကာပူက မလေးရှားကို ပြန်ပေးမည်
    1MDB နှင့်ပတ်သက်သည့် ဒေါ်လာ ၁၅ သန်း စင်ကာပူက မလေးရှားကို ပြန်ပေးမည်
    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media
    – ငွေကျပ် ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးခဲ့တဲ့ မလေးရှားနိုင်ငံပိုင် 1MDB လုပ်ငန်းနဲ့ပတ်သက်တဲ့ စင်ကာပူဒေါ်လာ ၁၅.၃ သန်းကို မလေးရှားထံ ပြန်လည်ပေးအပ်ဖို့အတွက် စင်ကာပူတရားရုံးတစ်ခုက ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
    ဒါဟာ 1MDB ပြဿနာနဲ့ပတ်သက်ပြီး စင်ကာပူက သိမ်းဆည်းထားတဲ့ ငွေတွေထဲက ပမာဏအနည်းငယ်သာ ဖြစ်ပါတယ်။
    1MDB နဲ့ စက်ဆပ်ပြီး စင်ကာပူနိုင်ငံထဲဝင်လာတဲ့ ငွေသားတွေနဲ့ ပြောင်းရွှေ့လို့ မရတဲ့ ပစ္စည်း စုစုပေါင်း စင်ကာပူဒေါ်လာ သန်း ၂၄၀ ဖိုးကို သိမ်းဆည်းခဲ့တယ်လို့ ၂၀၁၆ ခုနှစ်မှာ စင်ကာပူက ကြေငြာခဲ့ပါတယ်။
    ဒီပိုက်ဆံတွေ၊ ပစ္စည်းတွေကို ပြန်ပေးဖို့အတွက် စင်ကာပူနဲ့ မလေးရှားတို့ဟာ မေလမှာ သဘောတူညီခဲ့ကြပြီး ဒီကနေ့ဆုံးဖြတ်ချက်ဟာ ပထမအသုတ် ပြန်ပေးမှု ဖြစ်ပါတယ်။
    ငွေတွေကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့ 1MDB အထူးအကောင့်ကို လွှဲပေးသွားမှာ ဖြစ်ပါတယ်။
    မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်က စင်ကာပူတရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    1MDB နဲ့ ဆက်စပ်တဲ့ ငွေကြေးခ၀ါချမှုမှာ ပါဝင်ခဲ့တဲ့ ဘဏ်တော်တော်များများနဲ့ တာဝန်ရှိသူတွေကို စင်ကာပူက အရေးယူထားပါတယ်။
    Ref: CNA