News @ M-Media

Blog

  • ဧရာဝတီတိုင်းတွင် ရေတိုက်စားကမ်းပြိုမှုကြောင့် ရွာလုံးကျွတ်လိုက် ရွှေ့ပြောင်းရမှုများ ရှိလာ

    ဧရာဝတီတိုင်းတွင် ရေတိုက်စားကမ်းပြိုမှုကြောင့် ရွာလုံးကျွတ်လိုက် ရွှေ့ပြောင်းရမှုများ ရှိလာ

    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    Photo Credit – Irrawaddy

    – ဧရာဝတီတိုင်းဒေသကြီးမှာ မြစ်ကမ်းပါးတွေ ရေတိုက်စားပြိုကျမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၄ ဆ ပိုဆိုးလာတယ်လို့ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာက ပြောကြားလိုက်ပါတယ်။

    ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှာ ကမ်းပါးပြိုမှု ၅၇ ခု သာ ရှိခဲ့ရာကနေ ၂၀၁၇-၁၈ ဘဏ္ဍာရေးမှာ ၂၆၆ ခုအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

    “တိုင်းဒေသကြီးအတွင်း ကမ်းပါးပြိုမှုတွေဟာ လတ်တလောမှာ တော်တော်များများ ဖြစ်လာပါတယ်” လို့ စင်တာရဲ့ ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောကြားခဲ့ပါတယ်။

    တိုင်းဒေသကြီးအတွင်း ခရို ၆ ခုရှိရာမှာ ဟင်္သာတခရိုင်က ကမ်းပါးပြိုမှု အရေအတွက် ၁၉၁ ကြိမ်ရှိပြီး အများဆုံး ဖြစ်ပါတယ်။ မအူပင်ခရိုင်မှာ ၅၇ ခု ရှိပြီး ပုသိမ်၊ မြောင်းမြနဲ့ လပွတ္တာတို့မှာလည်း ကမ်းပါးပြိုကျမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဖျာပုံခရိုင်မှာတော့ ကမ်းပါးပြိုမှု မရှိပါဘူး။

    ဧရာဝတီတိုင်းဒေသကြီးမှား မြစ်ကမ်းပါးတွေ ရေတိုက်စားမှုကြောင့် ပြိုကျတဲ့ အဖြစ်အပျက်တွေဟာ ၂၀၁၅ ခုနှစ်ကတည်း ခပ်စိပ်စိပ် ဖြစ်ပွားခဲ့ပြီး ရွာလုံးကျွတ်လိုက် ပြောင်းရွှေ့ရတာတွေ ရှိလာခဲ့ပါတယ်။

    ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးမှာ ဖြစ်ပွားခဲ့တဲ့ သာဘ၀ဘေးအန္တရာယ်တွေထဲမှာ ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဟာ ၄၉ ရာခိုင်နှုန်း ရှိနေပါတယ်။ လေပြင်းတိုက်ခတ်မှု ၂၆ ရာခိုင်နှုန်း ရှိနေပါတယ်။

    “ရေတိုက်စားပြီး ကမ်းပါးတွေ ပြိုတာကြောင့် ၂၀၁၅ ခုနှစ်ကတည်းကစပြီး အိမ်ပြောင်းရတာတွေ ဖြစ်လာတယ်။ (၂၀၁၈) ဇွန်လမှာ အခြေအနေက ပိုဆိုးလာပြီး ရွာမှာ ကျန်နေတဲ့အိမ်တွေအားလုံး ပြောင်းရွှေ့လိုက်ရပါတယ်။ အခုဆိုရင် ရွာမှာရှိတဲ့ အိမ်ခြေ ၂၀၀ လုံး ပြောင်းလိုက်ရပါပြီ” လို့ ပန်းတနော်မြို့နယ် ရွှေဖလားကျောင်းရွာက ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမျိုးသန့်က ပြောကြားခဲ့ပါတယ်။

    ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း မိုးကြိုးပစ်မှု ရေကြီးရေလျှံမှုတို့ အပါအ၀င် သဘာဝဘေးအန္တရာယ်ဒဏ်ကို အိမ်ထောင်စု ၂၃၀၀၀ က လူပေါင်း ၉၂၇၀၅ ဦး ခံစားခဲ့ရပါတယ်။

    တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း သဘာဘေးအန္တရာယ်ဒဏ် ခံစားခဲ့ရသူတွေအတွက် အစိုးရက ငွေကျပ်သန်းပေါင်း ၇၂၀ ထောက်ပံ့ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Irrawaddy

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    ကာ့ဒ်ပါတီရုံးချုပ်ကို တိုက်ခိုက်မှုအပြီး မြင်ကွင်း

    အီရန်ရှိ ကာ့ဒ်ဒေသကို အီရန်က ဒုံးကျည်များဖြင့် တိုက်ခိုက်
    ==============
    အီရတ်နိုင်ငံမြောက်ပိုင်း ကာ့ဒ်ဒေသမှာရှိတဲ့ အီရန်ကာ့ဒ်ပါတီနှစ်ခုရဲ့ ရုံးချုပ်ကို အီရန်တော်လှန်ရေးအစောင့်တပ်က ဒုံးကျည်တွေနဲ့ စနေနေ့မှာ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၅၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ အီရန်ဟာ ကာ့ဒ်ပါတီတွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ထားတာပါ။ စနေနေ့တိုက်ခိုက်မှုကတော့ အဲဒီ ကာ့ဒ်ပါတီတွေဟာ အီရန်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် တုန့်ပြန်ရတာဖြစ်တယ်လို့ အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

    တောင်ဆူဒန်တွင် လေယာဉ်ပျက်ကျမှု လူ ၁၉ ဦး သေဆုံး
    =================
    တောင်ဆူဒန်နိုင်ငံမှာ ခရီးသည်တင်လေယာဉ်ငယ်တစ်စင်းဟာ မနေ့က မြို့တော် ဂျူဘာကနေ ယီရိုလ်မြို့ကို ပျံသန်းစဉ်မှာ ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။ စုစုပေါင်း ၂၂ ဦးလိုက်ပါသွားတဲ့ အဲဒီလေယာဉ်ကနေ ကလေးငယ်တစ်ဦးနဲ့ တွဲဘက်လေယာဉ်မှူးတို့အပါအ၀င် လူ ၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အာဏာပိုင်တွေက လေယာဉ်ပျက်ကျမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။ တောင်ဆူဒန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။

    အမေရိကန် ထိပ်သီးမီဒီယာလုပ်ငန်း အကြီးအကဲ လိင်ကိစ္စကြောင့် ရာထူးမှနှုတ်ထွက်
    =============
    လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထပ်ပေါ်လာခဲ့ပြီးတဲ့နောက် အမေရိကန်က ထိပ်တန်းမီဒီယာလုပ်ငန်း CBS အကြီးအကဲ လက်စ် မွန်ဗက်စ်ဟာ မနေ့က ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ မွန်ဗက်စ်အပေါ် ဒီလို စွပ်စွဲချက်ဟာ ဇူလိုင်လက ပေါ်ထွက်လာတာဖြစ်ပြီး မနေ့မှာတော့ အမျိုးသမီး နောက်ထပ် ၆ ဦးက သူတို့ဟာလည်း မွန်ဗက်စ်ရဲ့ ကျူးလွန်မှုကို ခံခဲ့ရတယ်လို့ လူသိရှင်ကြားပြောကြားခဲ့ပါတယ်။ CBS က သူတို့ကုမ္ပဏီနဲ့ မွန်ဗက်စ်ဟာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုကို ဖော်ထုတ်ရေး တိုက်တွန်းတဲ့ #MeeToo လှုပ်ရှားမှုကို ကန်ဒ်ါလာ သန်း ၂၀ လှူဒါန်းသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    လူ့အခွင့်အရေးတာဝန်ရှိသူတစ်ဦးကို ဗီယက်နမ်ပြည်ဝင်ခွင့်ပိတ်
    =================
    စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ဟနွိုင်းမှာ ကျင်းပဖို့ရှိနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရာက်ဖို့ ဟနွိုင်းလေဆိပ်ကို မနေ့မှာ ရောက်ရှိလာတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒက်ဘီ စတော့ဟာ့ဒ်ကို ဗီယက်နမ်နိုင်ငံက ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဗီယက်နမ်ကွန်မြူနစ်အစိုးရဟာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပေမယ့် မီဒီယာကို ဆင်ဆာနဲ့ ထိန်းချုပ်ထားပြီး၊ အတိုက်အခံတွေကိုလည်း ပြင်းပြင်းထန်ထန် နှိမ်နှင်းလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တော်တော်များများကို ဖမ်းဆီးထောင်ချခဲ့ပြီး ဒီအတွက် ကမ္ဘာတစ်ဝှမ်းရဲ့ ဝေဖန်မှုကိုလည်း ခံနေရပါတယ်။

    Ref: Aljazeera, BBC, CNA

  • အသံထက်မြန်သည့် ဒုံးကျည်များအတွက် ဒုံးခွင်းစနစ်ကို အမေရိကန် တီထွင်နေ

    အသံထက်မြန်သည့် ဒုံးကျည်များအတွက် ဒုံးခွင်းစနစ်ကို အမေရိကန် တီထွင်နေ

    စက်တင်ဘာ ၈၊ ၂၀၁၈
    M-Media

    အမေရိကန်က တီထွင်ထားသည့် ဒုံးခွင်းစနစ်တစ်ခု မြင်ကွင်း

    – အနာဂတ်မှာ ပေါ်ထွက်လာမယ့် အသံထက်မြန်တဲ့ ဒုံးကျည်တွေ၊ လေယာဉ်တွေကို ဟန့်တားနိုင်မယ့် ဒုံးခွင်းစနစ်ကို အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က စတင်တီထွင်နေတယ်လို့ သိရပါတယ်။

    ပင်တဂွန်လက်အောက်မှာရှိတဲ့ ကာကွယ်ရေးနည်ပညာ သုတေသနစီမံကိန်း အေဂျင်စီ (DARPA) က ထီထွင်နေတာဖြစ်ပြီး Glide Breaker လို့ အမည်ပေးထားပါတယ်။ စီမံကိန်းအသေးစိတ်နဲ့ လိုအပ်ချက်တွေကို ရှင်းပြဖို့အတွက် အောဂျင်စီရဲ့ နည်းပညာဆိုင်ရာရုံးဟာ ဇူလိုင်လမှာ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။

    စီမံကိန်းနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ အမေရိကန်က အများပြည်သူသိအောင် ချပြခြင်း မရှိသေးပါဘူး။

    ပြီးခဲ့ဇူလိုင်လက DARPA က ထုတ်ပြန်ရာမှာ သူတို့ရဲ့ Glide Breaker စီမံကိန်းဟာ အနာဂတ်မှာ ပေါ်ထွက်လာမယ့် အသံထက်မြန်တဲ့ဒုံးကျည်တွေနဲ့ ယာဉ်တွေကို ကာကွယ်နိုင်ဖို့ဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    လက်ရှိ ရုရှားဟာ နည်းပညာမြင့် အသံထက်မြန်တဲ့ လက်နက်တွေကို အရှိန်မြင့် ထုတ်လုပ်နေပြီး အခုနှစ် မတ်လမှာ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က အနာဂတ်မှာ အသုံးပြုမယ့် လက်နက်တွေကို ထုတ်ပြခဲ့ပါတယ်။

    ထုတ်ပြန်ခဲ့တဲ့ လက်နက်တွေထဲက တစ်ချို့ကို လက်ရှိ ရုရှားစစ်တပ်မှာ အသုံးပြုနေပြီး ဝေဟင်ပစ် Kinzhal ဒုံးကျည်ဟာ အသံထက် ၁၀ မိုင် ပိုမြန်အောင် သွားနိုင်ပါတယ်။

    Ref: RT

  • ယူအေအီးတွင် နှစ်တစ်ထောင်ကျော်က ဗလီတစ်လုံးကို တူးဖော်တွေ့ရှိ

    ယူအေအီးတွင် နှစ်တစ်ထောင်ကျော်က ဗလီတစ်လုံးကို တူးဖော်တွေ့ရှိ

    စက်တင်ဘာ ၈၊ ၂၀၁၈
    M-Media

    တူးဖော်တွေ့ရှိခဲ့သည့် ဗလီဝတ်ကျောင်းတော် အစိတ်အပိုင်း

    – လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ ကျော် အဘ္ဘာစစ်မင်းဆက်လက်ထက်က ဆောက်လုပ်ခဲ့တဲ့ ရှေးဟောင်း ဗလီဝတ်ကျောင်းတော် အစိတ်အပိုင်းတွေကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ အဘူဒါဘီမှာ တူးဖော် တွေ့ရှိခဲ့ပြီး နိုင်ငံရဲ့ အစ္စလာမ်သာသနာထွန်းကားမှုကို ပိုမိုနားလည် သိရှိနိုင်မယ့် တွေ့ရှိမှုတစ်ခုလို့ ပညာရှင်တွေက မှတ်ယူနေကြပါတယ်။

    အလ်-အိန်းမြို့က ဆောက်လုပ်ဆဲ ရှိခ် ခါလီဖာ ဗလီဝတ်ကျောင်းတော်အနီးမှာ ရှေးဟောင်း သုတေသန ပညာရှင်တွေဟာ ရေမြောင်းတွေ၊ အဆောက်အဦး ၃ ခုနဲ့အတူ ဒီဗလီဝတ်ကျောင်းတော်ကို တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိ ယူအေအီးမှာ တွေ့ရှိထားသမျှ ဗလီဝတ်ကျောင်းတော်တွေထဲမှာ အစောဆုံးတစ်ခုလည်း ဖြစ်ပါတယ်။

    “အလ်အိန်းက ရှေးဟောင်း သုတေသနလုပ်ငန်း လုပ်ဆောင်တဲ့ နေရာမှာ အခုလို တွေ့ရှိမှုဟာ ဒေသရဲ့ ကြွယ်ဝတဲ့ သမိုင်းကြောင်းကို သက်သေပြနေတာဖြစ်ပြီး၊ အတိတ်က အကြောင်းအရာတွေကို ကျွန်တော်တို့ ပိုသိနိုင်လာမှာလည်း ဖြစ်ပါတယ်” လို့ ရှေးဟောင်း တူးဖော်ရေးလုပ်ငန်း DCT Abu Dhabi ရဲ့ ဥက္ကဌ မိုဟာမက် ခါလီဖာ အလ် မူဘာရက်က ပြောကြားခဲ့ပါတယ်။

    အရင်က လမ်းပမ်းဆက်သွယ်ရေးအခြေအနေကြောင့် ယူအေအီးဟာ အစ္စလာမ်သာသနာ စတင်ထွန်းကားရာ မက္ကာဒေသနဲ့ ဝေးကွာပေမယ့် ဘိုးဘေးတွေဟာ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ အယူဝါဒ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ ဘယ်လို ဆက်နွယ် ပတ်သက်ခဲ့သလဲဆိုတာကို ဒီတွေ့ရှိမှုက ဖော်ပြနေတယ်လို့ လည်း သူက ဆိုပါတယ်။

    အခု တွေ့ရှိထားတဲ့ ဗလီဝတ်ကျောင်းတော်နဲ့ အခြားအဆောက်အဦး အစိတ်အပိုင်းတွေကို မြေအုတ်တွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ အဆောက်အဦးတွေရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရေမြောင်းတွေကို ကြည့်ရှုခြင်းအားဖြင့် ဒီနေရာမှာ နေထိုင်သူတွေဟာ ရေချိုတွေကို အမြဲရရှိတယ်ဆိုတာကို သုံးသပ်လို့ရတယ်လို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။

    အလ်-အိန်းဒေသမှာ ရေမြောင်းသွယ်တန်းတဲ့ စနစ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ လောက်ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေ ဘုရားဝတ်မပြုခင် ကိုယ်လက်သန့်စင်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ရေအိုးအစိတ်အပိုင်းတွေကိုလည်း ဗလီဝတ်ကျောင်းတော်ရဲ့ အတွင်းပိုင်းမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ ရေဒီယိုကာဘွန်စစ်ဆေးမှုတွေအရ ဒီဗလီဟာ ယူအေအီးမှာ တွေ့ရှိထားတဲ့ ဗလီဝတ်ကျောင်းတော် တွေထဲမှာ အစောဆုံး ဖြစ်နေပါတယ်။

    ဗလီဝတ်ကျောင်းတော်နဲ့ ဘေးနားက အခြားအဆောက်အဦးတွေမှာ တွေ့ရတဲ့ ကြွေထည်၊ မြေထည်တွေဟာ တရုတ်က ထုတ်လုပ်တာဖြစ်တာကြောင့် အလ်-အိန်းဟာ တစ်ချိန်က အစ္စလာမ်သာသနာနဲ့ အတူ ကုန်သွယ်ရေး လုပ်ငန်းပါ ထွန်းကားခဲ့တဲ့ ဒေသအဖြစ် မှတ်ယူနိုင်တယ်လို့ သုတေသန ပညာရှင်တွေက သုံးသပ်ကြပါတယ်။

    DCT အဖွဲ့က ကျွမ်းကျင်ပညာရှင်တွေဟာ အဘူဒါဘီက အလ်-အိန်းနဲ့ အခြားဒေသတွေမှာ ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့လည်း ရှိနေပါတယ်။ ဒီအဖွဲ့ဟာ ဆီရ် ဘာနီ ယက်စ်ကျွန်းမှာ အခုအချိန်အထိ အသုံးပြုနေတဲ့ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို သုတေသနလုပ်ခဲ့ပြီး အစ္စလာမ်သာသနာ စတင်ပြန့်နှံ့တဲ့အချိန်မှာ ဆောက်လုပ်ထားတဲ့ ဒီဘုရားကျောင်းဟာ မွတ်စလင်တွေရဲ့ ဘာသာရေးသည်းခံနိုင်မှု၊ မတူကွဲပြားမှုကို လက်ခံနိုင်မှု ပြယုဂ်ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

    Ref: Gulf Today