News @ M-Media

Blog

  • မွေးစာရင်း၊ သေစာရင်း ဖုန်းဖြင့်သွင်းနိုင်မည့် စနစ်တစ်ခုကို မွန်ပြည်နယ်တွင် စတင်စမ်းသပ်

    မွေးစာရင်း၊ သေစာရင်း ဖုန်းဖြင့်သွင်းနိုင်မည့် စနစ်တစ်ခုကို မွန်ပြည်နယ်တွင် စတင်စမ်းသပ်

    သြဂုတ် ၂၉၊ ၂၀၁၈
    M-Media

    အိန္ဒိယရှိ အွန်လိုင်းမှ မွေးစာရင်းသွင်းနိုင်သည့် ၀ဘ်ဆိုက်

    – မွေးစာရင်းနဲ့ သေစာရင်းတွေကို အွန်လိုင်းကနေတစ်ဆင့် သွင်းနိုင်မယ့် စနစ်တစ်ခုကို အစိုးရက မွန်ပြည်နယ်မှာ စတင်စမ်းသပ်နေပါတယ်။

    ဒီအစီအစဉ်ကို ကျန်းမာရေး၊ အားကစား၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ UNICEF နဲ့ တယ်လီနောတို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

    “စမ်းသပ်မှုမှာ ရရှိလာမယ့် အချက်အလက်တွေက နိုင်ငံတစ်ဝှမ်း မွေးစာရင်းနဲ့ သေစာရင်းကို အွန်လိုင်းကနေတစ်ဆင့် သွင်းနိုင်ရေး ပေါ်လစီတွေ ချမှတ်ရာမှာ အထောက်အကူပြုပါလိမ့်မယ်” လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားခဲ့ပါတယ်။

    လက်ရှိ မွေးစာရင်းနဲ့ သေစာရင်းသွင်းတာကို စာရွက်နေတဲ့ ဆောင်ရွက်နေရတာဖြစ်ပြီး အခုအစီအစဉ်ကြောင့် နိုင်ငံတကာစံနှုန်းနဲ့အညီ ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။

    “မိုဘိုင်းကနေ မွေးစာရင်း၊ သေစာရင်းသွင်းတဲ့ ရှေးပြေးစမ်းသပ်မှုကို မြန်မာနိုင်ငံမှာ ဒီကနေ အကောင်အထည်ဖော်နိုင်တာဟာ ထူးခြားပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ထွက်ရှိခဲ့တဲ့ မွေးစာရင်း၊ သေစာရင်းသွင်းခြင်း လမ်းညွှန်စာအုပ်နဲ့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ‘ကမ္ဘာလုံးဆိုင်ရာ မွေးစာရင်းသွင်းခြင်းစနစ်’ ဖော်ဆောင်ရေး မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုကို အရှိန်မြင့်စေမှာလည်း ဖြစ်ပါတယ်” လို့ ဦးဆက်အောင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: mmtimes

  • ဘုန်းကြီးများ၏ လိင်အရှုပ်တော်ပုံ ဖုံးကွယ်မှုကို ဗာတီကန်ကသိရှိဟု အမေရိကန်ရှေ့နေချုပ် ဖွင့်ဟ

    ဘုန်းကြီးများ၏ လိင်အရှုပ်တော်ပုံ ဖုံးကွယ်မှုကို ဗာတီကန်ကသိရှိဟု အမေရိကန်ရှေ့နေချုပ် ဖွင့်ဟ

    သြဂုတ် ၂၉၊ ၂၀၁၈
    M-Media

    ဗာတီကန်

    – ပင်ဆဲလ်ဗားနီးယားပြည်နယ်က ခရစ်ယာန် ကက်သလစ်ဘုန်းတော်ကြီးတွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို ကက်သလစ်အသင်းတော် တာဝန်ရှိသူတွေက စနစ်တကျ ဖုံးကွယ်ပေးခဲ့တာကို ဗာတီကန်က သိရှိခဲ့တယ်လို့ ပြည်နယ်ရှေ့နေချုပ် ဂျိုရှ် ရှာပီရိုက ပြောကြားလိုက်ပါတယ်။

    ကက်သလစ်ဘုန်းကြီးတွေရဲ့ လိင်အရှုပ်တော်ပုံကို ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ပြည်နယ်အာဏာပိုင်တွေက သြဂုတ်လ ၁၄ ရက်နေ့မှာ စာမျက်နှာ ၉၀၀ ကျော်ရှိတဲ့ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီအစီရင်ခံစာထဲမှာ ရိုမန်ကက်သလစ် သာသနာနယ် ၆ ခုက ဘုန်းကြီး အပါး ၃၀၀ ကျော်ဟာ ကလေးငယ်ပေါင်း တစ်ထောင်ကျော်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ခဲ့ပြီး ပြည်နယ် ကက်သလစ်အသင်းတော် အာဏာပိုင်တွေက ဒါကို သိရှိခဲ့ပေမယ့် ဖုံးကွယ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    မနေ့က CBC သတင်းဌာနရဲ့ The Morning အစီစဉ်မှာ ရှေ့နေချုပ် ဂျိုရှ် ရှာပီရိုက ဘုန်းကြီးတွေရဲ့ ကျူလွန်မှုတွကို ဂိုဏ်းအုပ်တွေက ပြည်သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ မသိအောင် ဖုန်းကွယ်ကာ မှတ်တမ်းယူပြီး ဗာတီကန်ကို ပေးပို့ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “လိင်ကျူးလွန်မှုဖြစ်ပြီဆိုရင် ဘုန်းကြီတွေ၊ ဂိုဏ်းအုပ်တွေက သွားပြီး ဥပဒေစိုးမိုးရေးအဖွဲ့တွေ၊ ပြည်သူတွေကို လိမ်ညာမယ်။ ဒါပေမယ့် ကျူးလွန်မှုတွေကို မှတ်တမ်းတင်ပြီး လျှို့ဝှက်ဖိုင်တွဲမှာ ထည့်ကာ ဗာတီကန်ကို မကြာမကြာ ပေးပို့ပါတယ်”

    ဒါ့ကြောင့် ဗာတီကန်ဟာ ဘုန်းကြီးတွေရဲ့ ကျူးလွန်မှုကို သိရှိရုံသာမက ဖုံးကွယ်မှုမှာ ပါဝင်ခဲ့တယ်လို့လည်း ရှေ့နေချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန် ရိုမန်ကက်သလစ်အသင်းတော်ရဲ့ ကိစ္စအ၀ဝကို ပုပ်ရဟန်းမင်းကြီး ရုံးထိုင်တဲ့ ဗာတီကန်က စီမံခန့်ခွဲတာ ဖြစ်ပါတယ်။

    ဒီလို ဖုံးကွယ်ထားမှုအတွက် ပုပ်ရဟန်းမင်းကြီးမှာ တာဝန်ရှိလားလို့ မေးရာမှာတော့ ရှာပီရိုက ဖြေကြားခြင်း မပြုခဲ့ပါဘူး။

    ပင်ဆဲလ်ဗာနီးယားက ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ရှိမှာ အာဏာပိုင်တွေက ဘုန်းကြီး ၂ ပါးကို တရားစွဲဆိုထားပါတယ်။

    ရှာပီရိုက ပြည်နယ်ရဲ့ ဥပေဒအားနည်းမှုကြောင့် ထိထိရောက်ရောက် တရားမစွဲဆိုနိုင်ခဲ့ဘဲ၊ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူ ဘုန်းကြီး အပါး ၁၀၀ ကျော်ဟာ သေဆုံးသွားပြီလို့ ဆိုပါတယ်။

    Ref: RT

  • အစွန်းရောက်များကြောင့် သာသနာမှေးမှိန်ရသည်ဟု မွတ်စလင်လိဂ်အကြီးအကဲ ပြော

    အစွန်းရောက်များကြောင့် သာသနာမှေးမှိန်ရသည်ဟု မွတ်စလင်လိဂ်အကြီးအကဲ ပြော

    သြဂယတ် ၂၉၊ ၂၀၁၈
    M-Media

    ဒေါက်တာ မိုဟာမက် ဘင် အဘ်ဒူလ်ကရင်မ် အလ်-အီဆာ

    – မကျေလည်မှုတွေ၊ ပြဿနာတွေကို အပြန်အလှန် လေးစားမှုကို အခြေခံကာ ဆွေးနွေးမှု၊ နားလည်မှုတွေနဲ့ ဖြေရှင်းဖို့လိုပြီး အစွန်းရောက် အကြမ်းဖက်တဲ့နည်းတွေကို မသုံးဖို့ ‘ကမ္ဘာမွတ်စလင်လိဂ်’ အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘင် အဘ်ဒူလ်ကရင်မ် အလ်-အီဆာက တိုက်တွန်းလိုက်ပါတယ်။

    အီတလီနိုင်ငံ ရီမီနီမြို့မှာ ပြုလုပ်တဲ့ ၃၉ ကြိမ်မြောက် Meeting for Friendship Among Peoples ဆွေးနွေးပွဲမှာ ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်တွေကိုယ်စား တက်ရောက်မှုတွင်း အလ်-အီဆာက ဒီလို ပြောကြားခဲ့တာပါ။

    အီဆာက အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သာသနာရဲ့ သွန်သင်ဆုံးမမှုတွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုတွေကို မြှင့်တင်ပြီး လူနည်းစုတွေ၊ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ ပြောင်းရွှေ့အခြေချမှုကိစ္စတွေ၊ လူကုန်ကူးမှု၊ ဆင်းရဲမွဲတွေမှု၊ ပညာမတတ်မှု စတဲ့ ပြဿနာတွေကို စုပေါင်းဖြေရှင်းသွားဖို့လည်း ဆော်သြခဲ့ပါတယ်။

    တစ်ပတ်တာကြာမြင့်မယ့် အဲဒီဆွေးနွေးပွဲမှာ ကမ္ဘာတစ်ဝှမ်းက တတ်သိပညာရှင်တွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေ စုစုပေါင်း ၅ ထောင်ကျော်လောက် တက်ရောက်ခဲ့ပြီး ကဏ္ဍပေါင်းစုံကို ဆွေးနွေးခဲ့ကြပါတယ်။

    နှစ်စဉ်ကျင်းပပြုလုပ်ခဲ့တဲ့ ဒီအခမ်းအနားမှာ အစ္စလာမ့်ရေးရာနဲ့ ယဉ်ကျေးမှုးဆိုင်ရာ သဘောထားတွေကို ထည့်သွင်းဆွေးနွေးဖို့ စီစဉ်တာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

    အလ်-အီဆာက ဘုရားသခင်ဟာ အသားအရောင်၊ ဘာသာစကား၊ အယူဝါဒ၊ အတွေးအခေါ်၊ ယဉ်ကျေးမှု မတူသူတွေအကြား ညီညွတ်စွာ နေထိုင်ကြဖို့ လူသားတွေကို တိုက်တွန်းထားတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “မေတ္တာတရားနဲ့ အကောင်းမြင်စိတ် ကိန်းဝပ်တဲ့ နှလုံးသားရှိသူတွေသည်သာလျှင် အလ္လာဟ်အရှင်မြတ်ရဲ့ အသနားတော်ကို ရရှိခံစားနိုင်မှာ ဖြစ်ပြီး၊ ဆွေးနွေးမှု၊ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းရေးကို မြှင့်တင်ပေးတဲ့ လူသားဆန်မှုကို ရရှိမှာဖြစ်ပါတယ်”

    အသိပညာခေါင်းပါးပြီး၊ ဘာသာရေးအယူသည်းမှု၊ အစွန်းရောက် အယူအဆတွေ ရှိနေတဲ့ အဖွဲ့အစည်းအတွေနဲ့ ပတ်သက်ပြီးတော့လည်း အလ်-အီဆာက သတိပေးခဲ့ပါတယ်။

    “ဘာသာတိုင်းမှာ ဒီလို အစွန်းထွက်နေတဲ့အုပ်စုတွေ အရင်ကတည်းက ရှိခဲ့တာပါ။ ဉာဉ်ကိုက အစွန်းရောက်နေသူတွေမှာ ဘာသာတရားဆိုတာ မရှိပါဘူး။ ဘာသာတိုင်းမှာ အစွန်းရောက်နေတဲ့သူတွေ ရှိနေပါတယ်”

    အစ္စလာမ်ဟာ ချစ်ခြင်းမေတ္တာ၊ အတူယှဉ်တွဲနေထိုင်မှုကို အားပေးတဲ့ သာသနာဖြစ်ပြီး အစွန်းရောက်တွေကြောင့် သာသနာဟာ မှေးမှိန်နေရကြောင်း၊ လူ့သဘာဝနဲ့ မကိုက်ညီဘူးဆိုရင် အခုလို နှစ်ပေါင်း ၁၄၀၀ လောက် ရှင်သန်လာမှာ မဟုတ်ကြောင်း အလ်-အီဆာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Arab News

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၂၉၊ ၂၀၁၈
    M-Media

    တမန်တော်မိုဟာမက် ရုပ်ပြောင်းကာတွန်းပြိုင်ပွဲကျင်းပရန် စီစဉ်သည့် ဂါ့တ်ဝိုင်းလ်ဒါး

    အစ္စလာမ်ဆန့်ကျင်ရေးလွှတ်တော်အမတ်အား တိုက်ခိုက်ရန်ကြံစည်သူတစ်ဦးကို နယ်သာလန်ဖမ်းဆီး
    =============
    တမန်တော်မိုဟာမက်ကို စော်ကားတဲ့ ရုပ်ပြောင်ကာတွန်းပြိုင်ပွဲ ကျင်းပဖို့ စီစဉ်နေတဲ့ လက်ယာစွန်းရောက် လွှတ်တော်အမတ် ဂါ့တ် ၀ိုင်းလ်ဒါးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို နယ်သာလန် ရဲတပ်ဖွဲ့က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ လက်ရှိမှာ သူ့ကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပြီး အခုတစ်ပတ်အတွင်းမှာ တရားစွဲဆိုသွားဖို့ ရှိနေပါတယ်။ ၀ိုင်းလ်ဒါးဟာ အဲဒီ ကာတွန်းပြိုင်ပွဲကို လာမယ့်လမှာ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပြီး တစ်ပါးသူရဲ့ ဘာသာရေးခံယူချက်ကို ထိခိုက်နစ်နာအောင်လုပ်ဖို့ ရည်ရွယ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    လူမည်းလူငယ်ကို ပစ်သတ်ခဲ့သည့် အမေရိကန်ရဲ ထောင် ၉၉ နှစ်အထိ ကျခံရနိုင်
    =================
    ပြီးခဲ့တဲ့နှစ် ဧပြီလက ဒါးလက်စ်မြို့ ဆင်ခြေဖုံးမှာ လူမည်းလူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်မှုအတွက် ရဲအရာရှိဟောင်း ရိုင်အိုလီဗာဟာ အပြစ်ရှိတယ်လို့ တက္ကဆက်ပြည်နယ် တရားရုံးက မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ လူမည်းလူငယ်တစ်စုဟာ ကားနဲ့ ပါတီကနေ ပြန်လာတဲ့အချိန် အိုလီဗာရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ဂျော်ဒါန် အက်ဒ်ဝပ်ဆိုသူ လူငယ်တစ်ဦး သေဆုံးခဲ့တာပါ။ အိုလီဗာက ကားဟာ သူ့ကို ၀င်တိုက်ဖို့ကြိုးစားလို့ ပစ်ခတ်ခဲ့ရတာလို့ ပြောပေမယ့် စစ်ဆေးမှုတွေအရ ကားဟာ သူနဲ့အဝေးကို မောင်းထွက်သွားတာကို တွေ့ခဲ့ရပါတယ်။ ဒီအမှုအတွက် သူဟာ ထောင် ၅ နှစ်ကနေ ၉၉ နှစ်အထိ ကျခံရဖို့ ရှိပါတယ်။

    မြေထဲပင်လယ်တွင် ရုရှားက ရေတပ်အင်အား အကြီးအကျယ် ဖြည့်တင်း
    ===============
    ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်ရဲ့တပ်တွေဟာ နိုင်ငံမြောက်ပိုင်း အီဒလစ်ဘ်ပြည်နယ်က သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ရှိနေတဲ့အချိန် အာဆတ်ရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားကလည်း မြေထဲပင်လယ်မှာ ရေတပ်အင်အား အကြီးအကျယ် ဖြည့်တင်းမှုတွေ ပြုလုပ်နေပါတယ်။ အမေရိကန်ဟာ ဆီးရီးယားအစိုးကို တိုက်ဖို့အတွက် အရှေ့အလယ်ပိုင်းမှာ စစ်အင်အား ဖြည့်တင်းနေတယ်လို့ ရုရှားက စွပ်စွဲထားပြီး၊ အမေရိကန်ကလည်း အီဒလစ်ဘ်မှာ ရုရှားနဲ့ အာဆတ်အစိုးရက ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုရင် တုန့်ပြန်သွားမယ်လို့ မနေ့မှာ ခြိမ်းခြောက်ထားပါတယ်။ ရုရှားရဲ့ အခုစစ်အင်အားဖြည့်တင်းမှုမှာ ရေငုပ်သင်္ဘောတွေပါ ပါဝင်လာပြီး ၂၀၁၅ ခုနှစ် ဆီးရီးယားစစ်ပွဲမှာ ပါဝင်ပြီးနောက်ပိုင်း အကြီးမားဆုံး စစ်ရေးပြင်ဆင်မှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင်မှုကို ရုရှား ပြုလုပ်မည်

    စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင်မှုကို ရုရှား ပြုလုပ်မည်

    သြဂုတ် ၂၈၊ ၂၀၁၈
    M-Media

    – ၁၉၈၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင်မှုတစ်ခုကို နောက်လမှာ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှီဂူက ပြောကြားလိုက်ပါတယ်။

    စစ်သားပေါင်း ၃ သိန်းလောက်ပါဝင်မယ့် အဲဒီ စစ်ရေးလေ့ကျင့်မှုကို Vostok-2018 လို့ အမည်ပေးထားပြီး ရုရှားနိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး တရုတ်နဲ့ မွန်ဂိုလီးယားတို့က တပ်ဖွဲ့တွေလည်း စစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းဖို့ ရှိနေပါတယ်။

    ရုရှားဟာ အခုနှစ်ပိုင်းအတွင်းမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့နဲ့ တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီးတဲ့နောက် စစ်ရေးလေ့ကျင့်မှုတွေကို ခပ်စိပ်စိပ် ပြုလုပ်လာပါတယ်။

    လာမယ့်လ စစ်ရေးလေ့ကျင့်မှုမှာ စစ်သုံးယဉ် ၃၆၀၀၀၊ လေယာဉ် တစ်ထောင်ကျော် သုံးစွဲသွားမှာ ဖြစ်ပြီး လေထီးတပ်ဖွဲ့တွေနဲ့ ရေတပ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ရုရှားရဲ့ စစ်သည်အင်အားဟာ ၁ သန်းလောက်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

    Vostok-2018 စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မယ့် စစ်အင်အားဟာ ဒုတိယကမ္ဘာစစ်က ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီး ၃ ပွဲက တစ်ပွဲမှာ သုံးစွဲခဲ့တဲ့ အရေအတွက်လောက် ရှိနေပါတယ်။

    Ref: BBC