News @ M-Media

Blog

  • နိုဘယ်ငြိမ်းချမ်ရေးဆုကို အီရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရရှိ

    အောက်တိုဘာ ၆၊ ၂၀၂၃
    M-Media

     

    -၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို အီရန်အမျိုးသမီး နာဂက်စ် မိုဟာမာဒီက ရရှိသွားပါတယ်။

    အသက် ၅၁ နှစ်အရွယ် နာဂက်စ်ရဲ့ အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်တိုက်ဖျက်ခဲ့တာကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို နိုဘယ်ငြိမ်းချမ်းဆု ချီးမြှင့်ရတာဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။ 

    အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး  လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ နာဂက်စ်ဟာ လက်ရှိ အီရန်မှာ စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ် ၃၁ နှစ် ချခံထားရပါတယ်။

    အော်စလိုမြို့က ဆုကြေငြာပွဲအခမ်းအနားမှာ ကော်မတီအကြီးအကဲ ဘရစ် ရက်စ် အန်ဒါဆန်က နာဂက်စ်ဟာ အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်ခဲ့သလို လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် အားလုံးတန်းတူ ရရှိရေး ကြိုးပမ်းပေးခဲ့တယ်လို့ ပြောပါတယ်။ 

    ဒီဆုဟာ အီရန်အစိုးရရဲ့ ခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ သိန်းပေါင်းများစွာသော အီရန်ပြည်သူတွေကို အသိအမှတ် ပြုလိုက်တာလို့လည်း အန်ဒါဆန်က ဆိုပါတယ်။ 

    ဒီဇင်ဘာမှာပြုလုပ်မယ့် ဆုပေးပွဲအခမ်းအနားကို တက်ရောက်နိုင်ရေးအတွက် နာဂက်စ်ကို လွှတ်ပေးဖို့လည်း အီရန်အစိုးရကို အန်ဒါဆန်က တောင်းဆိုခဲ့ပါတယ်။ 

    Ref: BBC

  • မဏိပူရက လူမျိုးရေးအဓိကရုဏ်း ချုပ်ငြိမ်းအောင် ကြိုးပမ်းနေကြသည့် မွတ်စလင်များ

    မဏိပူရက လူမျိုးရေးအဓိကရုဏ်း ချုပ်ငြိမ်းအောင် ကြိုးပမ်းနေကြသည့် မွတ်စလင်များ

    အောက်တိုဘာ ၂၊ ၂၀၂၃
    M-Media

    -မဏိပူရမှာ ဟိန္ဒူလူမျိုးစု ကသည်းတွေနဲ့ ခရစ်ယာန်လူမျိုးစု ကူကီးတို့အကြား ဖြစ်ပွားနေတဲ့ လူမျိုးရေး အဓိကရုဏ်း ပြေလည်စေဖို့အတွက် မွတ်စလင်လူ့အဖွဲ့အစည်းက ကြိုးပမ်းပေးနေပါတယ်။

    မဏိပူရက အစ္စလာမ်ဘာသာ၀င်ကို ပန်ဂါလ်လို့ ခေါ်ပါတယ်။

    ကသည်းတွေနဲ့ ကူကီးတွေရဲ့ လူမျိုးရေးအဓိကရုဏ်းဟာ မေလကတည်းက စတင်ခဲ့တာပါ။ လက်ရှိမှာ အဲဒီ လူ့အဖွဲ့အစည်းနှစ်ခုဟာ ပြည်နယ်အတွင်း သီးခြားစီဖြစ်သွားပြီး တစ်ဖက်နဲ့တစ်ဖက် ရန်စောင်နေကြပါတယ်။

    ပန်ဂါလ်မွတစ်လင်တွေက ဒီအဓိကရုဏ်း အမြန်ချုပ်ငြိမ်းအောင် တတ်နိုင်သမျှ ဆောင်ရွက်နေကြပါတယ်။ အထူးသဖြင့် တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို ခေါ်ယူ စောင့်ရှောက်ကျွေးမွေးပြုစုထားတာမျိုး ဖြစ်ပါတယ်။

    မငြိမ်သက်မှု အကြီးအကျယ်ဖြစ်ခဲ့တဲ့ မေလအစောပိုင်းမှာ ကူကီးလူမျိုး ၃ ထောင်လောက်ဟာ ပြည်နယ်မြို့တော် အင်ဖာက မွတ်စလင်ရပ်ကွက်ထဲ ပြေး၀င်ခိုလှုံခဲ့ရပါတယ်။ ပန်ဂါလ်မွတ်စလင်တွေက ကူကီးတွေကို နေရာထိုင်ခင်း ပေးခဲ့ပြီး၊ ချက်ပြုတ်ကျွေးမွေးခဲ့ကြပါတယ်။

    နောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ခေါ်ယူပြီး ကူကီးတွေကိုအပ်ကာ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။

    ကသည်းနဲ့ ကူကီးတွေ အတွေ့ခံလို့မရတဲ့ လက်ရှိအခြေအနေမှာ မွတ်စလင်တွေက နှစ်ဖက်လူ့အဖွဲ့အစည်းကြား ပေါင်းကူးပေးသူတွေ ဖြစ်လာပါတယ်။

    ကသည်းရပ်ကွက် ကူကီးမ၀င်ရ၊ ကူကီးရပ်ကွက် ကသည်းမ၀င်ရလို့ ရန်ငါ စည်းခြားထားပေမယ့် နှစ်ဖက်စလုံးက မွတ်စလင်တွေကို ယုံယုံကြည်ကြည်နဲ့ ဆက်ဆံကြပါတယ်။

    “လက်ရှိတိုက်ခိုက်မှုတွေမှာ ကျွန်တော်တို့က ဘယ်ဘက်မှ မပါဘူး။ အဲဒီ လူမျိုး ၂ မျိုးစလုံးက ကျွန်တော်တို့ ရန်သူတွေမှမဟုတ်ဘဲ။ ဒါ့ကြောင့် နှစ်ဖက်စလုံးကို ကျွန်တော်တို့ သွားလာလို့ ရပါတယ်” လို့ ပန်ဂါလ်မွတ်စလင် တက္ကဆီယာဥ်မောင်းတစ်ယောက်က ပြောပါတယ်။

    လူများစု ဟိန္ဒူဘာသာ၀င် ကသည်းလူမျိုးတွေက မဏိပူရဌာနေ ကူကီးလူမျိုးတွေလို သီးခြားအခွင့်အရေး တောင်းရာကနေ လူမျိုးရေး အဓိကရုဏ်း စတင်ခဲ့တာဖြစ်ပါတယ်။ ကသည်းတွေသာ သီးခြားအခွင့်အရေး ရသွားရင် သူတို့ရဲ့ ဖြစ်တည်မှု ပျောက်ဆုံးသွားမှာကို ကူကီးတွေက ကြောက်ရွံ့နေကြတာပါ။

    ရန်စောင်နေကြတဲ့ နှစ်ဖက်အသိုင်းအ၀ိုင်းကို ကူညီရတဲ့ မွတ်စလင်တွေရဲ့ အနေအထားကလည်း မလွယ်ပါဘူး။ စိတ်သဘောထားပြင်းထန်တဲ့ ကူကီးနဲ့ ကသည်းအချို့ရဲ့ ရန်လိုမှုနဲ့လည်း ကြုံတွေ့ရပါတယ်။

    မဏိပူရမွတ်စလင်တွေကတော့ သူ့တို့ရဲ့ ရပ်တည်ချက်အတိုင်း နှစ်ဖက်လူ့အဖွဲ့အစည်းကြား ပေါင်းကူးတံတားအဖြစ် ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

    Ref: Siasat

    (ဓာတ်ပုံ – အင်ဖာမြို့မှ ဆာဒါ ဘဇားရ် ဂျာမေဗလီ)

  • ကြမ်းပိုးပြဿနာကြောင့် ဒုက္ခရောက်နေတဲ့ ပဲရစ်

    ကြမ်းပိုးပြဿနာကြောင့် ဒုက္ခရောက်နေတဲ့ ပဲရစ်

    အောက်တိုဘာ ၃၊ ၂၀၂၃

    M-Media 


    -၂၀၂၄ အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပဖို့ ရှိနေတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကြမ်းပိုးပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ 

    ကြမ်းပိုးတိုက်ဖျက်ရေး စီမံကိန်း စတင်နေပြီလို့ ပြင်သစ်အစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ ကြေငြာရတဲ့အထိ ဖြစ်နေတာပါ။ 

    ပဲရစ်မြို့က ဟိုတယ်တွေ၊ မိုတယ်တွေမှာသာ မကတော့ဘဲ ရထားဘူတာ၊ ကားဂိတ်တွေ၊ လေဆိပ်တွေအထိ ကြမ်းပိုးတွေ ပျံ့နှံ့နေပါတယ်။ 

    ပြဿနာအစက ပြီးခဲ့တဲ့ နွေရာသီက ဖြစ်ပါတယ်။ ရုပ်ရှင်ရုံတွေ၊ ကပွဲရုံတွေမှာ ကြမ်းပိုးတွေ သောင်းကြမ်းနေတာကို လူတွေက ဆိုရှယ်မီဒီယာတွေမှာ တင်ခဲ့ကြပြီး နောက်ပိုင်းမှာ နေရာစုံမှာ တွေ့လာခဲ့ရတာ ဖြစ်ပါတယ်။ 

    အရင်ကလည်းဖြစ်ဖူး 

    ၁၉၅၀ ပြည့်နှစ်လောက်ကတည်းက ပြင်သစ်နိုင်ငံမှာ ကြမ်းပိုးတွေကို အမြစ်ဖြတ်နိုင်ခဲ့တာပါ။

    ဒါပေမယ့် ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ကြမ်းပိုးတွေ ပြန်ပေါ်လာခဲ့ပြီး ပျမ်းမျှ အိမ် ၁၀ အိမ်မှာ တစ်အိမ် ကြမ်းပိုးပြဿနာကို ရင်ဆိုင်ခဲ့ရတယ်လို့ ပြင်သစ်အစိုးရက ပြောပါတယ်။ 

    ၂၀၁၈ ခုနှစ်အတွင်း ဟိုတယ်၊ တိုက်ခန်းနဲ့ နေအိမ်ပေါင်း ၄ သိန်းလောက်မှာ အစိုးရက ကြမ်းပိုးရှင်းလင်းရေး လုပ်ပေးခဲ့ရပါတယ်။ 

    ၂၀၂၀ ခုနှစ်မှာ ကြမ်းပိုးကိစ္စ တိုင်ကြားဖိုး သီးသန့် ဖုန်းလိုင်းနဲ့ ၀ဘ်ဆိုက်တစ်ခုကိုလည်း အစိုးရက လုပ်ပေးခဲ့ပါတယ်။ 

    ဘာ့ကြောင့်လဲ

    DDT လို ပြင်းထန်တဲ့ ပိုးသတ်ဆေးတွေကို အသုံးပြုမှု တားဆီးပြီးနောက်ပိုင်းမှာ ပြင်သစ်မှာ ကြမ်းပိုးတွေ တစ်စခန်း ပြန်ထလာတာပါ။

    ဇူလိုင်လက ထုတ်ပြန်တဲ့ အစိုးရအစီရင်ခံစာတစ်ခုမှာ ခရီးသွားလာမှု မြင့်တက်တာ၊ ကြမ်းပိုးတွေက ပိုးသတ်ဆေးအပျော့စားတွေကို ခံနိုင်ရည်ရှိလာတာတွေက ကြမ်းပိုးတွေများလာတဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

    လက်ရှိ ပဲရစ်မြို့မှာ ကြမ်းပိုးတိုက်ဖျက်ရေးကို စီမံကိန်းချ ဆောင်ရွက်နေရပါတယ်။

    မြို့တော်၀န်က ကြမ်းပိုးရှင်းလင်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းလုပ်ဆောင်ပေးဖို့ သမ္မတ အီမန်နျူယဲလ်မာခရွန်ကို တောင်းဆိုထားပါတယ်။ 

    Ref: Aljazeera 

  • အရှေ့တောင်အာရှ၏ ပထမဆုံး ကျည်ဆံရထားလိုင်း အင်ဒိုနီးရှားတွင် ဖွင့်လှစ်

    အရှေ့တောင်အာရှ၏ ပထမဆုံး ကျည်ဆံရထားလိုင်း အင်ဒိုနီးရှားတွင် ဖွင့်လှစ်

    အောက်တိုဘာ ၃၊ ၂၀၂၃

    M-Media 


    -မြို့တော်ဂျကာတာကနေ အနောက်ဂျာဗာကျွန်း မြို့တော် ဘန်ဒုန်မြို့ကို ဆက်သွယ်ထားတဲ့ ကျည်ဆံရထားလိုင်းကို အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒိုက တနင်္လာနေ့မှာ ဖွင့်လှစ်ပေးလိုက်ပါတယ်။ 

    ၈၈ ဒဿမ ၂၃ မိုင်ရှည်လျားတဲ့ ဒီရထားလိုင်းဟာ ကန်ဒေါ်လာ ၇ ဒဿမ ၃ ဘီလီယံ ကုန်ကျခဲ့ပြီး အရှေ့တောင်အာရှရဲ့ ပထမဆုံး ကျည်ဆံရထားလိုင်းအဖြစ် မှတ်တမ်း၀င်ပါတယ်။ 

    ခါးပတ်တစ်ကွင်း လမ်းတစ်စင်းစီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်က ဒီရထားလမ်းကို ဆောက်ပေးခဲ့တာပါ။ စီမံကိန်းအတွက် မြေယာသိမ်းယူမှု ပြဿနာတွေ၊ ကိုဗစ်ကပ်ရောဂါတွေကြောင့် သတ်မှတ်ချိန်ထက် ၄ နှစ်လောက် နောက်ကျပြီးမှ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ 

    ရထားဟာ တစ်နာရီကို ၂၁၇ မိုင်အထိ သွားနိုင်မှာဖြစ်ပြီး သဘာ၀ပတ်၀န်းကျင်ကို မထိခိုက်တဲ့ သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲရေး စီမံကိန်းတစ်စိတ်စတ်ပိုင်းဖြစ်တယ်လို့ သမ္မတ ၀ီဒိုဒိုက ပြောကြားခဲ့ပါတယ်။ 

    ရထားကို စက်တင်ဘာ ဒုတိယပတ်ကတည်းက အခမဲ့ စတင်ပြေးဆွဲနေတာဖြစ်ပြီး အောက်တိုဘာလအလယ်အထိ အခမဲ့စနစ် ရှိနေအုံးမယ်လို့ အစိုးရ အကြီးတန်းတာ၀န်ရှိသူ လူဟွတ် ပန်ဂျိုင်တန်က ပြောပါတယ်။ 

    Ref: Reuters 

  • ၅ နှစ်အတွင်း မိုးအနည်းဆုံးဖြစ်ပြီး စိုက်ပျိုးရေး အကြီးအကျယ် ထိခိုက်လာနိုင်သည့် အိန္ဒိယ

    ၅ နှစ်အတွင်း မိုးအနည်းဆုံးဖြစ်ပြီး စိုက်ပျိုးရေး အကြီးအကျယ် ထိခိုက်လာနိုင်သည့် အိန္ဒိယ

    အောက်တိုဘာ ၁၊ ၂၀၂၃

    M-Media 


    -အခုနှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ မိုးရွာသွန်းမှုဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး လယ်ယာထွက်ကုန်တွေအပေါ် ထိခိုက်မှု ရှိမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    အိန္ဒိယတစ်နိုင်ငံလုံးရဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် အရေးပါတဲ့ ရေအရင်းအမြစ်ရဲ့ ၇၀ ရာခိုင်နှုန်းကို မိုးရာသီကနေ ရရှိတာပါ။ လယ်ယာလုပ်ငန်းရဲ့ တစ်၀က်လောက်ဟာ ဆည်မြောင်းစနစ် မရှိတာကြောင့် မိုးရေကိုသာ အဓိက အားထားရတာ ဖြစ်ပါတယ်။ 

    ဒါပေမယ့် အလ်နီညိုကြောင့် အခုနှစ်ဟာ ၅ နှစ်အတွင်း မိုးအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ အိန္ဒိယရဲ့ မိုးရာသီဟာ ဇွန်လကနေ ဒီဇင်ဘာအထိ ကြာမြင့်ပါတယ်။ 

    လက်ရှိအချိန်အထိ မိုးရွာသွန်းမှုဟာ ၉၄ ရာခိုင်နှုန်းသာ ရှိပါတယ်။  

    သြဂုတ်လက မိုးအနည်းဆုံးဖြစ်ခဲ့ပြီး ပျမ်းမျှရွာသွန်းမှုရဲ့ ၃၆ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ မိုးလေ၀သ ပညာရှင်တွေက အောက်တိုဘာကနေ ဒီဇင်ဘာလအတွင်း ပုံမှန် မိုးရွာကာ အခုနှစ်အတွင်း စုစုပေါင်း မိုးရွာသွန်းမှု ၄ ရာခိုင်နှုန်း နည်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

    မိုးနည်းမှုကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေ ကျဆင်းကာ အဓိက စားသောက်ကုန်တွေ စျေးကြီးတာ၊ ပြည်ပတင်ပို့မှု ကျဆင်းတာတွေ ဖြစ်မယ့်အနေအထား ရှိနေပါတယ်။ 

    Ref: Aljazeera