News @ M-Media

Blog

  • ၅ နှစ်အတွင်း မိုးအနည်းဆုံးဖြစ်ပြီး စိုက်ပျိုးရေး အကြီးအကျယ် ထိခိုက်လာနိုင်သည့် အိန္ဒိယ

    ၅ နှစ်အတွင်း မိုးအနည်းဆုံးဖြစ်ပြီး စိုက်ပျိုးရေး အကြီးအကျယ် ထိခိုက်လာနိုင်သည့် အိန္ဒိယ

    အောက်တိုဘာ ၁၊ ၂၀၂၃

    M-Media 


    -အခုနှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ မိုးရွာသွန်းမှုဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့ပြီး လယ်ယာထွက်ကုန်တွေအပေါ် ထိခိုက်မှု ရှိမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    အိန္ဒိယတစ်နိုင်ငံလုံးရဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် အရေးပါတဲ့ ရေအရင်းအမြစ်ရဲ့ ၇၀ ရာခိုင်နှုန်းကို မိုးရာသီကနေ ရရှိတာပါ။ လယ်ယာလုပ်ငန်းရဲ့ တစ်၀က်လောက်ဟာ ဆည်မြောင်းစနစ် မရှိတာကြောင့် မိုးရေကိုသာ အဓိက အားထားရတာ ဖြစ်ပါတယ်။ 

    ဒါပေမယ့် အလ်နီညိုကြောင့် အခုနှစ်ဟာ ၅ နှစ်အတွင်း မိုးအနည်းဆုံး ဖြစ်ခဲ့ပါတယ်။ အိန္ဒိယရဲ့ မိုးရာသီဟာ ဇွန်လကနေ ဒီဇင်ဘာအထိ ကြာမြင့်ပါတယ်။ 

    လက်ရှိအချိန်အထိ မိုးရွာသွန်းမှုဟာ ၉၄ ရာခိုင်နှုန်းသာ ရှိပါတယ်။  

    သြဂုတ်လက မိုးအနည်းဆုံးဖြစ်ခဲ့ပြီး ပျမ်းမျှရွာသွန်းမှုရဲ့ ၃၆ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ မိုးလေ၀သ ပညာရှင်တွေက အောက်တိုဘာကနေ ဒီဇင်ဘာလအတွင်း ပုံမှန် မိုးရွာကာ အခုနှစ်အတွင်း စုစုပေါင်း မိုးရွာသွန်းမှု ၄ ရာခိုင်နှုန်း နည်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

    မိုးနည်းမှုကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေ ကျဆင်းကာ အဓိက စားသောက်ကုန်တွေ စျေးကြီးတာ၊ ပြည်ပတင်ပို့မှု ကျဆင်းတာတွေ ဖြစ်မယ့်အနေအထား ရှိနေပါတယ်။ 

    Ref: Aljazeera 

  • ၀က်၀ံတွေရဲ့ တိုက်ခိုက်မှုကို ၀ံပုလွေစက်ရုပ်နဲ့ တားဆီးနေတဲ့ ဂျပန်

    ၀က်၀ံတွေရဲ့ တိုက်ခိုက်မှုကို ၀ံပုလွေစက်ရုပ်နဲ့ တားဆီးနေတဲ့ ဂျပန်

    အောက်တိုဘာ ၁၊ ၂၀၂၃

    M-Media 


    – ဂျပန်နိုင်ငံက ကျေးလက်တောရွာဒေသတွေမှာ ၀က်၀ံတွေ ၀င်ရောက်လာမှုကို ကာကွယ်ဖို့အတွက် ၀ံပုလွေစက်ရုပ်ကို အသုံးပြုလာကြပါတယ်။ 

    Monster Wolf လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ကို Wolf Kamuy ကုမ္ပဏီက တီထွင်ထားတာပါ။ လယ်ယာတွေထဲ ၀င်ရောက်လာတဲ့ တောရိုင်းကောင်တွေကို ခြောက်လှန့်မောင်းထုတ်ဖို့ ကနဦးက ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ 

    ၂၀၂၀ ခုနှစ်ကစပြီး ၀က်၀ံတွေကို မောင်းထုတ်ဖို့ အသုံးပြုလာပါတယ်။ အခုအချိန်မှာတော့ ၀က်၀ံအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ပြည်နယ်အစိုးရတွေက ဒီစက်ရုပ်ကို မှာယူကာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြပါတယ်။ 

    ဂျပန်နိုင်ငံ တောစပ်တောင်စပ်က လူသူနည်းတဲ့ ရွာတွေမှာ ၀က်၀ံတွေ ၀င်ရောက်တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ မြင့်တက်လာခဲ့ပါတယ်။

    အရင်က လယ်ယာတွေဟာ လူတွေနဲ့ ၀က်၀ံတွေကြား အဆီးအတားတစ်ခု ဖြစ်ခဲ့တာပါ။ လူငယ်တွေ မြို့ကြီးတွေကို ရွှေ့ပြောင်းမှုကြောင့် ရွာတွေမှာ လယ်ယာလုပ်သူမရှိတော့ဘဲ ၀က်၀ံတွေကလည်း အဆီးအတားမရှိ ရွာတွေထဲ ၀င်ရောက် ကျက်စားလာကြတာ ဖြစ်ပါတယ်။ 

    နိုင်ငံမြောက်ပိုင်းက ဟိုကိုင်းဒိုးကျွန်းမှာ နှစ် ၆၀ အတွင်း ၀က်၀ံတွေရဲ့တိုက်ခိုက်မှု ၁၅၀ ကျော် ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်က တိုက်ခိုက်မှုတစ်ခုမှာ လူ ၄ ဦးသေဆုံးကာ ၁၀ ဦးလောက် ဒဏ်ရာရခဲ့ပါတယ်။ 

    ဂျပန်လူဦးရေ ကျုံ့လာပြီး၊ အသက်ကြီးတဲ့လူတွေ များလာတဲ့အချိန် ၀က်၀ံအရေအတွက်ကတော့ သိသိသာသာ မြင့်တက်လာပါတယ်။ 

    ရွာတွေထဲ ၀က်၀ံ၀င်ရောက်မှုဟာ ဆောင်းရာသီအိပ်နေရောကနေနိုးလာပြီး အစာရှာတဲ့အချိန် ဧပြီလနဲ့ မအိပ်ခင် အဆီတွေသိုးမှီးဖို့ အစာရှာတဲ့ စက်တင်ဘာလတွေမှာ အဖြစ်များပါတယ်။ 

    ဒါပေမယ့် ဆိုးဆိုးရွားရွား တိုက်ခိုက်မှုကတော့ အဖြစ်နည်းပါတယ်။ 

    Ref: BBC 

  • လီဗာပူးလ်ပွဲတွင် အမှားအယွင်းရှိခဲ့ကြောင်း ၀န်ခံလိုက်ရတဲ့ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့

    လီဗာပူးလ်ပွဲတွင် အမှားအယွင်းရှိခဲ့ကြောင်း ၀န်ခံလိုက်ရတဲ့ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့

    အောက်တိုဘာ ၁၊ ၂၀၂၃

    M-Media 


    ဓာတ်ပုံ – လူကျွံဘောလိုင်း မပါခဲ့သည့် VAR စစ်ဆေးမှု

    -မနေ့ကစားခဲ့တဲ့ စပါး-လီဗာပူးလ်ပွဲမှာ ဒိုင်လူကြီးရဲ့အမှား ထင်ထင်ရှားရှားရှိခဲ့တယ်လို့ အင်္ဂလိပ် ဘောလုံးဒိုင်လူကြီးများအဖွဲ့ PGMOL က ၀န်ခံလိုက်ပါတယ်။ 

    ၂၆ မိနစ်မှာ ကွင်းလယ်လူ ကာတစ်ဂျုံး အထုတ်ခံရပြီး ၁၀ ယောက်နဲ့ ကစားခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ ၃၆ မိနစ်မှာ ဂိုးရခဲ့ပါတယ်။ လူး၀စ်ဒီယက်ဇ်က လူကျွံထောင်ချောက်ကနေ ဖောက်ထွက်ပြီး သွင်းယူခဲ့တာပါ။ 

    ဒါပေမယ့် ကွင်းလယ်ဒိုင် ဒါရန် အင်္ဂလန်က VAR ပြန်ကြည့်ကာ လူကျွံဘောသတ်မှတ်ပြီး ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ VAR မှာ လူကျွံဘောလိုင်း မပြခဲ့သလို၊ ဒိုင်အဖွဲ့ကလည်း သေသေချာချာ မစစ်ဆေးခဲ့ပါဘူး။ 

    အင်္ဂလိပ်ဒိုင်လူကြီးများအဖွဲ့ PGMOL က ဒီကိစ္စအတွက် နောက်ပိုင်းမှာ ဖြေရှင်းချက် ထုတ်ခဲ့ပါတယ်။ 

    “လူသားအမှား ထင်ထင်ရှားရှားရှိခဲ့တယ်ဆိုတာ PGMOL က ၀န်ခံပါတယ်။ သုံးသပ်မှု ပြည့်ပြည့်စုံစုံ ကျွန်တော်တို့ ပြုလုပ်သွားမှာပါ။ ပွဲတာ၀န်ရှိသူတွေထဲမှာ ကွင်းထဲက အဖွဲ့က လူး၀စ်ဒီယက်ဇ်ရဲ့ဂိုးကို ပယ်ဖျက်ခဲ့တယ်။ ဒါဟာ သိသာတဲ့ မှားယွင်းမှု  ဖြစ်ပါတယ်။ VAR ကြည့်ပြီး ဒီဂိုးကို ပေးလိုက်ရမှာပါ။ ဒါပေမယ့် VAR အဖွဲကလည်း မလုပ်နိုင်ခဲ့ပါဘူး” လို့ PGMOL က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပွဲအပြီးမှာ ဒိုင်လူကြီးတွေကို ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့ပါတယ်။ 

    “မမျှတတဲ့အဖြစ်အပျက်တွေ၊ ကြောင်တောင်တောင် ဆုံးဖြတ်ချက်တွေကြောင့် ကျွန်တော်တို့ ရှုံးခဲ့ရတာပါ။ (ဒီယက်ဇ်ဂိုးဟာ) လူကျွံဘောမဟုတ်တာကို ခင်ဗျားတို့လည်း မြင်မှာပါ”

    ရာသီအစ မန်ယူနဲ့ ၀ုလ်ဗ်ပွဲမှာ ၀ုလ်ဗ်ဖက်က ရသင့်တဲ့ ပင်နယ်တီကို ကွင်းလယ်ဒိုင်က မပေးခဲ့မှုကြောင့် PGMOL အဖွဲ့က တောင်းပန်ခဲ့ရပါသေးတယ်။ 

    အခုကိစ္စမှာလည်း ၀ုလ်ဗ်တုန်းကလိုပဲ PGMOL ရဲ့ ကြေငြာချက်က ဘာမှ အရာမရောက်ဘူးလို့ ကလော့က ဆိုပါတယ်။ 

    “ကြေငြာချက်အကြောင်း ထွေထွေထူးထူး ဘာမှပြောစရာမလိုဘူးလို့ ကျွန်တော်ကတော့ ယူဆတယ်။ ဘာအရာမှ မရောက်ပါဘူး”

    Ref: BBC

  • ဘာလီကျွန်းတွင် အင်ဒိုက မြေအောက်ရထားလိုင်း တည်ဆောက်မည်

    ဘာလီကျွန်းတွင် အင်ဒိုက မြေအောက်ရထားလိုင်း တည်ဆောက်မည်

    စက်တင်ဘာ ၃၀၊ ၂၀၂၃

    M-Media 

    -ကမ္ဘာ့လှည့်ခရီးသွားတွေနဲ့ စည်ကားတဲ့ ဘာလီကျွန်းမှာ LRT ရထားလိုင်းဆောက်လုပ်ဖို့ အင်ဒိုနီးရှားက စီစဥ်နေပါတယ်။ 

    မြို့အတွင်း ကားအလွန်အကျွံပိတ်မှုကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ 

    မြေအောက်ရထားလမ်းကို ဘာလီလေဆိပ်၊ လူစည်ကားတဲ့ ကျန်ဂူ၊ ဆမီညက် မြို့နယ်တွေနဲ့ ဆက်သွယ်ထားမှာပါ။ 

    “LRT က မြေအောက်ကနေ သွားမှာဖြစ်တဲ့အတွက်ကြောင့် ၂၀၂၅၊ ၂၀၂၆ လောက်မှာ ဘာလီလေဆိပ်အ၀င်အထွက် ကားပိတ်မှုကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှမလုပ်ရင် ၂၀၂၆ ရောက်တဲ့အခါ လေဆိပ်မှာတင် ၃ နာရီလောက် ကြာနေမှာ ဖြစ်ပါတယ်” လို့ အစိုးရ တာ၀န်ရှိသူ လူဟွတ် ပန်ဂျိုင်တန်က ပြောပါတယ်။ 

    စီမံကိန်းကို တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့က လုပ်ကိုင်ဖို့ စိတ်၀င်စားနေကြပါတယ်။

    အင်ဒိုနီးရှားဟာ မြို့တော် ဂျကာတာမှာ LRT ရထားလိုင်းကို မကြာသေးခင်က ဖွင့်လှစ်ခဲ့ပါတယ်။ 

    မြို့တော် ဂျကာတာကနေ ဂျာဗားကျွန်းမြို့တော် ဘန်ဒုန်းကို ဆက်သွယ်မယ့် အမြန်ရထားလိုင်းတစ်ခုကိုလည်း အင်ဒိုနီးရှားက လာမယ့်တစ်ပတ်မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ 

    ဒီရထားလိုင်းအတွက် တရုတ်က ငွေကြေးပံ့ပိုးပေးတာပါ။ 

    Ref: CNA

  • ပါကစ္စတန်က တမန်တော်နေ့အခမ်းအနား ဗုံးခွဲခံရ

    ပါကစ္စတန်က တမန်တော်နေ့အခမ်းအနား ဗုံးခွဲခံရ

    စက်တင်ဘာ ၃၀၊ ၂၀၂၃ 

    M-Media 


    -ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက တမန်တော်နေ့အခမ်းအနားတစ်ခုမှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နည်းဆုံး ၅၂ ဦး သေဆုံးခဲ့ပါတယ်။ 

    ဘာလိုချစ္စတန်ပြည်နယ်က မက်စ်တွန်မြို့မှာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အကြီးတန်း ရဲတပ်ဖွဲ့၀င်တစ်ဦးလည်း ပါ၀င်ပါတယ်။ 

    ဒေသခံတွေက တမန်တော်နေ့ စီတန်းလှည့်လည်မှု လုပ်နေတဲ့အချိန် အသေခံဗုံးခွဲသမားက ဗုံး၀င်ခွဲခဲ့တာလို့ အစိုးရတာ၀န်ရှိသူတွေက ထုတ်ပြန်ပါတယ်။ 

    တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၁၀၀ ကျော်လောက်ရှိပါတယ်။ 

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်သလဲဆိုတာ မသိရပါဘူး။ ဘာလိုချစ္စတန်မှာ တိုက်ခိုက်မှုတွေ ပုံမှန်လုပ်ဆောင်လေ့ရှိတဲ့ တာလီဘန်ရဲ့ ပါကစ္စတန်အဖွဲ့ခွဲ (TTP) က သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းပါတယ်။ 

    IS အကြမ်းဖက်အဖွဲ့ကလည်း ပါကစ္စတန်က ဘာသာရေးအခမ်းအနားတွေ၊ လူနည်းစုတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။ 

    နိုင်ငံမြောက်ပိုင်း ခိုင်ဘာ ပက်ရှ်သွန်၀ါပြည်နယ် ဟန်ဂူမြို့က ဗလီ၀တ်ကျောင်းတော်တစ်လုံးမှာလည်း မနေ့က သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဥ် အသေခံတိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    Ref: Arab News