News @ M-Media

Blog

  • ဒလတွင် စက်မှုဇုန်စီမံကိန်း ဖော်ဆောင်ရေး တောင်ကိုရီးယားနှင့် လက်မှတ်ထိုး

    ဒလတွင် စက်မှုဇုန်စီမံကိန်း ဖော်ဆောင်ရေး တောင်ကိုရီးယားနှင့် လက်မှတ်ထိုး

    သြဂုတ် ၁၃၊ ၂၀၁၈
    M-Media

    Photo credit – Facebook page of Yangon Regional Government

    – ရန်ကုန်တစ်ဖက်ကမ်း ဒလမြို့မှာ ‘စက်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း’ တစ်ခု ဖော်ဆောင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ တောင်ကိုရီးယားအခြေစိုက် မြန်မာကုမ္ပဏီ Wooree တို့ဟာ စနေနေ့မှာ နားလည်မှုစာချွန်လွှာတစ်ခုကို လက်မှတ်ထိုးလိုက်ပါတယ်။

    လာမယ့်လမှာ စတင်ဖို့ရှိနေပြီး ၂၀၂၀-၂၀၂၁ မှာ ပြီးစီးဖို့ စီစဉ်ထားတဲ့ ရန်ကုန်-ဒလ တံတားအနီးမှာ အဲဒီစီမံကိန်း ရှိမှာ ဖစ်ပါတယ်။ စီမံကိန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

    လတ်တလော တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ‘ရန်ကုန်တိုင်းဒေသကြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း’ ကို မြို့နယ် ၁၁ မြို့နယ်မှာ ဖော်ဆောင်ဖို့ တိုင်းဒေသကြီးအစိုးရက အဆိုပြုခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကို မသိရတဲ့အတွက် လွှတ်တော်က အတည်မပြုနိုင်ခဲ့ပါဘူး။

    ဒလမြို့နယ် လွှတ်တော်အမတ် ဦးထွန်းရင်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ လာမယ့် လွှတ်တော်အစည်းအဝေးမှာ နားလည်မှုစာချွန်လွှာကိစ္စ အသေးစိတ် အချက်အလက်ကို တင်ပြလိမ့်မယ်လို့မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    “လွှတ်တော်ရဲ့ အတည်ပြုမှု လိုအပ်ပါတယ်။ ကျွန်တော်တို့ သဘောမတူရင် သူတို့ အကောင်အထည်ဖော်လို့ မရပါဘူး”

    စီမံကိန်းဆောင်ရွက်မယ့် မြေတွေအတွက် နစ်နာကြေးကို ဘယ်ကုမ္ပဏီက ဘယ်လိုပေးချေမလဲဆိုတဲ့ ကိစ္စ အပါအ၀င် လွှတ်တော်မှာ ဆွေးနွေးစရာတွေ ရှိနေသေးပြီး လွှတ်တော်အမတ်တွေအနေနဲ့ စီမံကိန်းရဲ့ အကျိုး၊ အပြစ်တွေကို သုံးသပ်ပြီးမှ ခွင့်ပြုလို့ရမယ်လို့လည်း ဦးထွန်းရင်က ဆိုပါတယ်။

    မြေဧက ၁၅၀၀ လောက် လိုအပ်မယ်လို့ ခန့်မှန်းထားတဲ့ ဒီစီမံကိန်းကို တံတားဆောက်လုပ်မှု မပြီးစီးခင်မှာ စတင်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြထားချက်အရ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အခြား အစိုးရတာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

    Ref: Irrawaddy

  • ထိုင်းငါးဖမ်းလုပ်ငန်းသို့ မြန်မာလုပ်သားများ ပိုမိုပို့ဆောင်ရန် နှစ်နိုင်ငံ ဆွေးနွေး

    ထိုင်းငါးဖမ်းလုပ်ငန်းသို့ မြန်မာလုပ်သားများ ပိုမိုပို့ဆောင်ရန် နှစ်နိုင်ငံ ဆွေးနွေး

    သြဂုတ် ၁၃၊ ၂၀၁၈
    M-Media

    – ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းမှာ မြန်မာလုပ်သားတွေ သွားရောက်လုပ်ကိုင်နိုင်ရေးအတွက် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    “ထိုင်းငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားတွေ ပိုမို ပို့ဆောင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့နှစ်ကတည်းက ထိုင်းအာဏာပိုင်တွေနဲ့ ဆွေးနွေးနေပါတယ်” လို့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားရေးအရာရှိ ဦးဆန်းမောင်ဦးက မြန်မာတိုင်းမ်စ် သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ဟာ အနည်းဆုံး ဆွေးနွေးမှု နှစ်ကြိမ်လောက် ပြုလုပ်ခဲ့ကြောင်း၊ အလုပ်သမား ခေါ်ယူမှုအတွက် စံသတ်မှတ်ချက်တွေကို အဆိုပြုခိုင်းခဲ့ပြီး၊ မြန်မာအလုပ်သမားတွေအတွက် သင့်လျော်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ ထိုင်းဘက်ကတော့ အကြောင်းမပြန်သးကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ငါးဖမ်းလုပ်ငန်းမှာ ကျွန်တော်တို့ တောင်းဆိုတာတွေကို မလုပ်ပေးနိုင်တာတွေ ရှိပါတယ်။ အလုပ်သမားတွေကို မကာကွယ်ပေးနိုင်ဘူး၊ ကောင်းမွန်တဲ့ အခြေအနေမျိုးမှာ မထားနိုင်ဘူးဆိုရင် အလုပ်သမား မပို့ဘူးလို့ ကျွန်တော်တို့ ပြောထားပါတယ်”

    ထိုင်းနိုင်ငံရဲ့ အလုပ်သမားဦးစီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်အရ ငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားပြတ်လတ်မှု ဖြစ်ပေါ်နေပြီး လူ ၄၀၀၀ လောက် လိုအပ်နေတယ်လို့ ဆိုပါတယ်။

    ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ‘ပညာရေး ဖွံ့ဖြိုးတိုးတက်မှုဖောင်ဒေးရှင်း’ (FED) ရဲ့ ဒါရိုက်တာဖြစ်သူ ဦးထူးချစ်က ထိုင်းငါးဖမ်းလုပ်ငန်းကို အလုပ်သမားတွေလွှတ်တာဟာ အစိုးရအချင်းချင်း ဆောင်ရွက်မှုကနေတစ်ဆင့်သာ ဖြစ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ငါးဖမ်းလုပ်ငန်းဟာ အခြားလုပ်ငန်းတွေနဲ့ မတူတာကြောင့် ထိုင်းအစိုးရထံကနေ ကျွန်တော်တို့ အာမခံချက်လိုပါတယ်။ ဒါဟာ အန္တရာယ်ရှိတဲ့အလုပ်ပါ။ ကျန်းမာစောင့်ရှောက်မှု အာမခံချက်လည်း အများကြီးလိုပါတယ်”

    မြန်မာအစိုးရမှာ ရွှေ့ပြောင်းလုပ်သားတွေကို ကာကွယ်ပေးရေး စနစ်ကျတဲ့ပေါ်လစီ ရှိဖို့လိုအပ်ပြီး၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ပေါ်လစီရေးဆွဲရာမှာ ထည့်သွင်းစဉ်စားနိုင်ဖို့အတွက် သူတို့အဖွဲ့က မြန်မာအစိုးရကို အကြံပြုထားတာတွေ ရှိတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

    ထိုင်းငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်နေရတဲ့ မြန်မာလုပ်သားအရေအတွက်ဟာ တစ်သိန်းကျော် ရှိနေပြီး အဲဒီအထဲက ၄ သောင်းဟာ ငါးဖမ်းသင်္ဘောတွေမှာ လုပ်နေရကာ၊ ၄၅၄၀၀ က ငါးလုပ်ငန်းနဲ့ ဆက်နွယ်တဲ့စက်ရုံတွေမှာ လုပ်ကိုင်နေရပါတယ်။ ရေထွက်ပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေမှာ လုပ်ကိုင်နေရတဲ့ မြန်မာလုပ်သားအရေအတွက်က ၅၈၇၄၁ ဦး ရှိနေပါတယ်။

    လက်ရှိမှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ မြန်မာအစိုးရဟာ လစဉ် အလုပ်သမား တစ်သောင်းကျော်ကို စေလွှတ်နေပါတယ်။

    Ref: mmtimes

  • ချောင်းရိုက်ကင်မရာကိစ္စအတွက် အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားက ထောင် ၁၀ လချ

    ချောင်းရိုက်ကင်မရာကိစ္စအတွက် အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားက ထောင် ၁၀ လချ

    သြဂုတ် ၁၃၊ ၂၀၁၈
    M-Media

    – အမျိုးသားမော်ဒယ်တစ်ဦးရဲ့ ၀တ်လစလစ်ပုံတွေကို ရိုက်ကူးဖို့အတွက် လျှို့ဝှက်ကင်မရာ တပ်ဆင်မှုနဲ့ အမျိုးသမီးတစ်ဦးကို တောင်ကိုရီးယားက ထောင်ဒဏ် ၁၀ လ ချမှတ်လိုက်ပါတယ်။

    အဆင့်မြင့်နည်းပညာတွေ တိုးတက်ထွန်းကားနေတဲ့ တောင်ကိုရီးယားမှာ တစ်လွဲသုံးမှုတွေ မြင့်တက်လာခဲ့ပြီး အထူးသဖြင့် ချောင်းရိုက်ကင်မရာတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်နေတာပါ။

    စာသင်ကျောင်းတွေ၊ ရုံးတွေ၊ ဘူတာတွေ၊ အိမ်သာတွေ၊ အ၀တ်လဲခန်းတွေနဲ့ လမ်းတွေပေါ်မှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ကာ အမျိုးသမီးတွေရဲ့ မဖွယ်မရာပုံတွေကို ရိုက်ကူးကာ အင်တာနက်စာ မျက်နှာမှာ လွှင့်တင်မှုကြောင့် တောင်ကိုရီးယားအမျိုးသမီးတွေက ပြီးခဲ့တဲ့သီတင်းပတ်မှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။

    အဲဒီလိုကိစ္စမျိုးတွေကို ကျူးလွန်မှုရဲ့ ၉၈ ရာခိုင်နှုန်းဟာ အမျိုးသားတွေဖြစ်တယ်လို့ အစိုးရအချက်အလက်တွေအရ သိရပါတယ်။

    ဒီကနေ့ ထောင်ဒဏ် ၁၀ လချမှတ်လိုက်သူဟာ အသက် ၂၀ ကျော်အရွယ် အဖော်အချွတ်မယ်ဖြစ်ပြီး ဆိုးလ်မြို့ အနုပညာကောလိပ်မှာ လုပ်ဖော်ကိုင်ဖက်တစ်ဦးကိုရဲ့ ပုံရိပ်တွေကို လျှို့ဝှက်ကင်မရာနဲ့ရိုက်ကူးကာ မေလအတွင်း အင်တာနက်မှာ လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ဒီအမျိုးသမီးကို ဖမ်းဆီးမှုမှာ ရဲတွေဟာ ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ဆောင်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိနေသလို၊ အမျိုးသားတွေကျူးလွန်မှုများတဲ့ ကိစ္စမှာ အမျိုးသမီးတစ်ဦးကို ပြင်းထန်တယ်လို့ ပြောလို့ရတဲ့ ထောင် ၁၀ လ ချမှတ်မှုအပေါ် ဝေဖန်တာတွေလည်း ရှိနေပါတယ်။

    အစိုးရမှတ်တမ်းတွေအရ လျှို့ဝှက်ကင်မရာနဲ့ ရိုက်ကူးမှု ပြုလုပ်သူတွေကို ပထမဆုံး ကြားနာမှုအတွင်း အမိန့်ချမှုဟာ ၈.၇ ရာခိုင်နှုန်းသာရှိပြီး အများစုဟာ ဒဏ်ငွေရိုက်ခံရတာ၊ ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရတာတွေလောက်သာ ရှိပါတယ်။

    ‘ကိုရီးယား ဆိုက်ဘာအကြမ်းဖက်မှု စောင့်ကြည့်ရေးအဖွဲ့’ ရဲ့ အကြီးအကဲ ဆိုဆွန်ဟီက ကျူးလွန်သူဟာ အမျိုးသားဖြစ်ပြီး၊ ကျူးလွန်ခံရသူက အမျိုးသမီးဖြစ်မယ်ဆိုရင် ရဲတပ်ဖွဲ့ဟာ ဒီလို မြန်မြန်ဆန်ဆန်နဲ့ ပြင်းထန်တဲ့အမိန့်ချတာမျိုး လုပ်လေ့မရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။

    Ref: CNA

  • အိန္ဒိယမှခွဲထွက်ကာ လွတ်လပ်သည့်နိုင်ငံထူထောင်ရေး ဆစ်ခ်လူမျိုးများ ဆန္ဒပြ

    အိန္ဒိယမှခွဲထွက်ကာ လွတ်လပ်သည့်နိုင်ငံထူထောင်ရေး ဆစ်ခ်လူမျိုးများ ဆန္ဒပြ

    သြဂုတ် ၁၃၊ ၂၀၁၈
    M-Media

    ဆန္ဒပြမှု ပုံရိပ်တစ်ခု

    – အိန္ဒိယနိုင်ငံကနေ ပန်ဂျပ်ဒေသခွဲထွက်ပြီး လွတ်လပ်တဲ့ ဆစ်ခ်နိုင်ငံထူထောင်ရေးအတွက် ခွဲထွက်ရေးလိုလားသူ ဆစ်ခ်လူမျိုးတွေဟာ မနေ့က လန်ဒန်မှာ ဆန္ဒပြခဲ့ကြပါတယ်။

    ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ‘တရာဖာလ်ဂါရင်ပြင်’ မှာ စုရုံးခဲ့ကြပြီး၊ “ပန်ဂျပ်လွတ်မြောက်ရေး၊ အိန္ဒိ၏ကျူးကျော်မှု အဆုံးသတ်ရေး” “ခါလီစတန်နိုင်ငံဖြစ်လာရေး ၂၀၂၀ တွင် ပြည်သူဆန္ဒခံယူရန်” “ပန်ဂျပ်ကို လွတ်လပ်တဲ့ နိုင်ငံတစ်အဖြစ် တည်ထောင်သွားမယ်” စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ခဲ့ကြကာ ‘ခါလီစတန်နိုင်ငံ’ ဆိုတဲ့ ကျွေးကြော်သံတွေကို ဟစ်အော်ခဲ့ကြပါတယ်။

    အဲဒီဆန္ဒပြပွဲကို အမေရိကန်နဲ့ ကနေဒါမှာအခြေစိုက်တဲ့ Sikhs for Justice အဖွဲ့က စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။ ဆစ်ခ်ခွဲထွက်ရေးသမားတစ်ချို့ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်းက ပန်ဂျပ်ဒေသမှာ လွတ်လပ်တဲ့ ဆစ်ခ်နိုင်ငံ တည်ထောင်ဖို့ ဆန္ဒရှိနေကြတာပါ။

    ဒီဆန္ဒပြမှုနဲ့ပတ်သက်လို့ စိုးရိမ်မိကြောင်း အိန္ဒိယနိုင်ငံက ယူကေနိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောကြားခဲ့ပါတယ်။

    Sikhs for Justice အဖွဲ့ရဲ့ ဥပဒေရေးရာအကြံပေး Gurpatwant S. Pannun က ဆန္ဒပြမှုဟာ ဆစ်ခ်တွေရဲ့ အနာဂတ်ကို ဆစ်ခ်တွေကိုယ်တိုင် ဖန်တီးနိုင်ရေး ဒီမိုကရေစီနည်ကျ ငြိမ်းချမ်းစွာ တောင်းဆိုမှုတစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီဆန္ဒပြမှုကိုဆန့်ကျင်ပြီး ဆစ်ခ်လူမျိုးတစ်ချို့ဟာ အိန္ဒိယနိုင်ငံညီညွတ်ရေး တန်ပြန်ဆန္ဒပြမှုတစ်ခုကိုလည်း လန်ဒန်မှာ ပြုလုပ်ခဲ့ပါတယ်။

    Ref: CNA

  • တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    တနင်္လာနေ့မနက် နိုင်ငံတကာသတင်းများ

    သြဂုတ် ၁၃၊ ၂၀၁၈
    M-Media

    မလေးရှားအစိုးရက သိမ်းဆည်းခဲ့သည့် ဇိမ်ခံရွက်သင်္ဘော

    ကိုရီးယား ၂ နိုင်ငံ အဆင့်မြင့်အစည်းအဝေး ကျင်းပ
    ===============
    အခုလနှောင်းပိုင်းမှာ ခေါင်းဆောင်နှစ်ဦး ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ဖို့အတွက် ကိုရီးယားနှစ်နိုင်ငံက ပြန်လည်ပေါင်းစည်းရေးဝန်ကြီးတွေ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မှာ အဆင့်မြင့်အစည်းအဝေးတစ်ခု စတင်ပြုလုပ်နေကြပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ နှစ်နိုင်ငံနယ်စပ်က အပစ်ရပ်ရွာ ပန်မွန်ဂျွန်းမှာ ၂ ကြိမ် တွေ့ဆုံခဲ့ပြီး အခုလနှောင်းပိုင်း ပြုံးယမ်မှာ တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီကနေ့ဆွေးနွေးပွဲမှာ အဲဒီကိစ္စကို အသေးစိတ် စီစဉ်ဖို့ ရှိနေပါတယ်။

    တိုင်းပြည်ဘဏ္ဍာကို အာဏာပိုင်များ အမြတ်ထုတ်သည့်အတွက် မလေးဘဏ္ဍာရေးဝန်ကြီး ၀မ်းနည်း
    =================
    ပြည်သူ့ငွေတွေကို ပြည်သူအတွက် အသုံးမပြုဘဲ အာဏာပိုင်တွေက ခေါင်းပုံဖြတ် အမြတ်ထုတ်ခဲ့တဲ့အတွက် ၀မ်းနည်းမိတယ်လို့ မလေးရှားဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အန်က ပြောကြားလိုက်ပါတယ်။ နိုင်ငံပိုင် 1MDB က ငွေတွေကို ၀န်ကြီးချုပ်ဟောင်းနာဂျစ်နဲ့ စီးပွားရေးလုပ်ငန်းရှင် လိုတက်ဂျိုတို့က လှည့်ဖျားရယူကာ ၀ယ်ယူထားတယ်လို့ဆိုတဲ့ ရင်းဂစ် ၁ ဘီလီယံတန် ဇိမ်ခံရွက်လှေကို မလေးရှားက သိမ်းဆည်းပြီးတဲ့နောက် ၀န်ကြီးချုပ် မဟာသီဦးဆောင်တဲ့ အစိုးအဖွဲ့ဟာ ပြီးခဲ့တဲ့တစ်ပတ်မှာ သွားရောက်ကြည့်ရှုခဲ့တာပါ။ လင်က ရွက်လှေပေါ်မှာရှိတဲ့ ပစ္စည်းတွေအားလုံးဟာ သာမန်လူတွေ အိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

    စစ်သွေးကြွများက ခရစ်ယာန်ဘုရားကျောင်း ဗုံးခွဲရန်ကြိုးစားမှုကို အီဂျစ် တားဆီး
    =================
    မြို့တော်ကိုင်ရိုအပြင်ဘက်က ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို မအောင်မြင်တဲ့ ဗုံးခွဲမှုနဲ့ ဆက်နွယ်နေသူ စစ်သွေးကြွ ၇ ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဂျော်ဒန် ပြည်ထဲရေးဝန်ကြီးဌာနက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အသေခံဗုံးခွဲသမားတစ်ဦးဟာ ကိုင်ရိုင်မြို့မြောက်ဖက်က ခရစ်ယာန်ဘုရားကျောင်းကို ဖောက်ခွဲဖို့ ကြိုးစားမှုအတွင်း ဘုရားကျောင်းကို လုံခြုံရေးပေးထားတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဟန့်တားဖမ်းဆီးမှုကြောင့် ဘုရားကျောင်းအပြင်ဘက်မှာသာ ပေါက်ကွဲခဲ့ပြီး သူကလွဲလို့ တစ်ခြားသူတွေ သေဆုံး၊ ဒဏ်ရာရခြင်း မရှိပါဘူး။ အီဂျစ်မှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ခရစ်ယာန်ဘုရားကျောင်းတွေကို အစွန်းရောက်တွေက ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

    အာဖဂန်တွင် မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲဖြစ်လာ
    ============
    စစ်မီးမငြိမ်းနိုင်တဲ့ အာဖဂန်နစ္စတန်မှာ မိုးခေါင်မှုပါ ဖြစ်လာတာကြောင့် နောက်နှစ်မှာ နိုင်ငံတစ်ဝှမ်း စားနပ်ရိက္ခာ ဖူလှုံရေးအတွက် စိုးရိမ်စရာကောင်းနေတယ်လို့ အကူအညီပေးရေးအဖွဲ့ USAID က ပြောပါတယ်။ အခုနှစ်အတွင်း ဂျုံနဲ့ အခြားသီနှံတွေ ထုတ်လုပ်မှု ကျဆင်းသွားခဲ့ပြီး လူ ၂ သန်းလောက်ဟာ နောက်ထပ် ၆ လလောက်အတွင်းမှာ အကူအညီတွေ အလျင်အမြန် လိုအပ်လာဖွယ် ရှိနေပါတယ်။ USAID က တော့ အာဖဂန်အစိုးရ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေအနေနဲ့ အာဖဂန်ပြည်သူတွေကို အကူအညီ တိုးမြှင့်ပေးအပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

    Ref: Aljazeera, CNA, Arab News