News @ M-Media

Blog

  • အွန်လိုင်းသတင်းမှားများက ယူကေ၏ ဒီမိုကရေစီအနာဂတ်ကို ခြိမ်းခြောက်နေ

    အွန်လိုင်းသတင်းမှားများက ယူကေ၏ ဒီမိုကရေစီအနာဂတ်ကို ခြိမ်းခြောက်နေ

    ဇူလိုင် ၃၀၊ ၂၀၁၈
    M-Media

    – အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ သတင်းအမှားတွေ၊ ၀ါဒဖြန့်မှုတွေက ယူကေရဲ့ ဒီမိုကရေစီအနာဂတ်ကို ခြိမ်းခြောက်နေတယ်လို့ ယူကေလွှတ်တော်ရဲ့ ‘ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားကော်မတီ’ က မနေ့မှာ ကြေငြာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

    ဆိုရှယ်မီဒီယာက “ထိန်းလို့သိမ်းလို့မရတဲ့ အခြေအနေ” ကို ဖြေရှင်းဖို့ ယူကေအစိုးရဟာ သတင်းမှား ပြန့်နှံမှုတွေအတွက် နည်းပညာကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို တင်းကျပ်သင့်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။

    အွန်လိုင်း ဘေးအန္တရာယ်ကင်းရှင်းရးနဲ့ အင်တာနက်အသုံးပြုမှုတွေအတွက် သေသေချာချာစစ်ဆေးဖို့ ရည်ရွယ်တဲ့ ဥပဒေတစ်ခု ထွက်ဖို့ရှိနေတဲ့အချိန် ကော်မတီရဲ့ အခုလိုအစီရင်ခံစာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    “ဒစ်ဂျစ်တယ်လောက အလျင်အမြန် ပြောင်းလဲနေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ရှိပြီးသား ဥပဒေတွေက ထိရောက်မှု မရှိတော့ပါဘူး။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီဟာ အန္တရာယ်ရှိနေပြီး၊ ဒီကိစ္စကို အရေးယူရမယ့်၊ ကျွန်တော်တို့ရဲ့ ဘုံတန်ဖိုးတွေနဲ့ ဒီမိုကရေစီ အသင်းအဖွဲ့တွေ တစ်သားတည်းဖြစ်မှုကို ကာကွယ်ရမယ့်အချိန် ရောက်လို့နေပါပြီ” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ‘ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစားကော်မတီ’ ဟာ နိုင်ငံအတွင်း ဆိုရှယ်မီဒီယာကနေ သတင်းမှားတွေ ပြန့်နှံမှုကို လနဲ့ချီ စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို အစီရင်ခံစာ ထုတ်ပြန်တာဖြစ်ပါတယ်။

    အစိုးရအနေနဲ့ နည်းပညားကုမ္ပဏီတွေရဲ့ လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ စည်းကမ်းနည်းလမ်းတွေကို စတင်ပြီး စစ်ဆေးပြင်ဆင်ဖို့လည်း ကော်မတီက တိုက်တွန်းခဲ့ပါတယ်။

    ယူကေရဲ့ နိုင်ငံရေးကိစ္စရပ်တွေမှာ ရုရှားအပါအ၀င် နိုင်ငံရပ်ခြား အစိုးရတွေက Facebook ကို အသုံးပြုပြီး ၀င်ရောက်စွက်ဖက်ခဲ့လားဆိုတဲ့ မေးခွန်းကို Facebook က ရေရေရာရာ ဖြေကြားမသွားတဲ့ ကိစ္စကိုလည်း ကော်မတီရဲ့ အစီရင်ခံစာမှာ အသားပေး ဖော်ပြခဲ့ပါတယ်။

    ဥရောပသမဂ္ဂကနေထွက်ရေး ၂၀၁၆ ခုနှစ် လူထုဆန္ဒခံယူပွဲမှာ နိုင်ငံရေးသဘောထားကွဲလွဲမှုတွေဖြစ်လာအောင် ရုရှားက လုပ်ခဲ့လားဆိုတာကို ကော်မတီက အဓိကထား စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

    ယူကေ၀န်ကြီးချုပ် ထရီဇာမေက ရုရှားဟာ ‘သတင်းမှားတွေနဲ့’ အနောက်နိုင်ငံတွေမှာ သဘောထားကွဲအောင်၊ သူတို့ရဲ့ အသင်းအဖွဲ့တွေ ပျက်ဆီးအောင် ဆောင်ရွက်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်မှာ စွပ်စွဲထားပါတယ်။

    ထိပ်တန်းအကြံပေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Cambridge Analytica ဟာ Facebook က အချက်အလက်တွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်မှာ ယူကေအစိုးရက သူတို့အနေနဲ့ ယူကေကို ကမ္ဘာပေါ်မှာ စိတ်အချရဆုံး အွန်လိုင်းပတ်ဝန်းကျင် ဖြစ်စေမယ့် ဥပဒေတွေကို ပြဌာန်းသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    အဲဒီဥပဒေမူကြမ်းတွေကို အခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    Ref : Aljazeera

  • မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံး

    မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံး

    ဇူလိုင် ၃၀၊ ၂၀၁၈
    M-Media

    – မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရေကြီးမှုအတွင်း အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ၅ သောင်းလောက် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

    “ရေကြီးမှုဒဏ်ကို ခံစားနေရတဲ့ သူတွေအတွက် ကျွန်မတို့ဟာ သက်ကယ်အင်္ကျီတွေ၊ လှေတွေ ပေးထားပြီး ယာယီကယ်ဆယ်ရေးစခန်းတွေကိုလည်း စီစဉ်ပေးထားပါတယ်” လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောကြားခဲ့ပါတယ်။

    မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကို မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တွေမှာ အဓိက ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒေါ်ဖြူလဲ့လဲ့ထွန်းကတော့ လက်ရှိ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ ရေတွေ ပြန်ကျနေပြီလို့ ပြောကြားခဲ့ပါတယ်။

    ရေကြီးမှုဒဏ်ကို နိုင်ငံတစ်ဝှမ်း လူပေါင်း ၁ သိန်းလောက် ခံစားခဲ့ရပါတယ်။

    မြန်မာနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ အဆိုးဝါးဆုံး ရေကြီးမှုဒဏ်ကို ခံစားခဲ့ရပြီး လူပေါင်း ၁၀၀ ၀န်းကျင် သေဆုံးကာ ၃၃၀၀၀၀ လောက် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

    ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ကိုယ်စားလှယ် ကနွတ် အိုစ်ဘီက ကုလအနေနဲ့ ရေကြီးမှုဒဏ်ခံရတဲ့ ပြည်သူတွေကို အစိုးရ၊ အရက်ဖက်အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အခြားမိတ်ဖက်တွေနဲ့အတူ ကူညီပေးနေတယ်လို့ စနေနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • ဖိလစ်ပိုင်အစိုးရ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေသစ်ကို မိုရိုလူမျိုးစု ကြိုဆို

    ဖိလစ်ပိုင်အစိုးရ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေသစ်ကို မိုရိုလူမျိုးစု ကြိုဆို

    ဇူလိုင် ၂၉၊ ၂၀၁၈
    M-Media

    – သောကြာနေ့က သမ္မတဒူတာတေး လက်မှတ်ထိုးခဲ့ပြီး သူတို့ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ့် ဥပဒေနဲ့ပတ်သက်လို့ ဖိလစ်ပိုင်က အကြီးအဆုံး မိုရိုသူပုန်အဖွဲ့နဲ့ ပြည်သူတွေဟာ ဒီကနေ့မှာ တွေ့ဆုံကာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    အဲဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေဟာ နိုင်ငံတောင်ပိုင်းမှာ ၁၉၇၀ ပြည့်နှစ်တွေကတည်းက စတင်ခဲ့တဲ့ မိုရိုတွေရဲ့ သူပုန်ထမှုကို အဆုံးသတ်စေမယ့် ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သူပုန်ထမှုနောက်ဆက်တွဲအဖြစ် တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး လူပေါင်း ၁၅၀၀၀၀ လောက် သေဆုံးခဲ့ပါတယ်။

    ဒီကနေ့ ဆွေးနွေးပွဲကို မိုရိုအစ္စလာမ့်လွတ်မြောက်ရေးတပ်ဦး MILF လို့ခေါ်တဲ့ သူပုန်အဖွဲ့က အဖွဲ့ဝင်တွေ၊ မင်ဒါနာအိုကျွန်း တစ်ကျွန်းလုံးက ဒေသဆိုင်ရာ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ကြပါတယ်။

    သမ္မတ ဒူတာတေး လက်မှတ်ထိုးခဲ့တဲ့ ဒီဥပဒေ ဖြစ်လာဖို့အတွက် MILF နဲ့ ဖိလစ်ပိုင်အစိုးရတို့ဟာ သမ္မတ ၄ ဆက်၊ နှစ်ပေါင်း ၂၀ ကျော်ကြာ ဆွေးနွေးခဲ့ရတာဖြစ်ပါတယ်။ ဥပဒေအရ တောင်ပိုင်းဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရမှာဖြစ်သလို၊ ဒေသထွက် သယံဇာတတွေကို ဒေသခံပြည်သူတွေ ခွဲဝေသုံးစွဲခွင့်လည်း ရမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် MILF က သူ့တို့ရဲ့ တပ်ဖွဲ့အားလုံးကို လက်နက်ဖြုတ်သိမ်းရမှာ ဖြစ်ပါတယ်။

    ဒီဥပဒေကို တောင်ပိုင်း ဒေသခံတွေဟာ လူထုဆန္ဒခံယူပွဲ ပြုလုပ်ဖို့လည်း ရှိနေပါတယ်။

    “ဒါဟာ ကျွန်တော်တို့ရဲ့ အိပ်မက်ပါ။ ဒီတိုက်ခိုက်မှုကို အဆုံးသတ်နိုင်ပြီဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်သွားနိုင်မှာပါ။ ပြည်သူအများစုက ငြိမ်းချမ်းမှုကို လိုချင်တယ်။ ဒါ့ကြောင့် လက်နက်ကိုင်ပြီး တောင်းဆိုရတာပါ။ ကျွန်တော်တို့ တပ်ဦးက အောင်မြင်လိုက်တာဟာ အဖွဲ့တစ်ခုတည်းအတွက် မဟုတ်ဘဲ မင်ဒါနာအိုကျွန်းက ပြည်သူအားလုံးအတွက် ဖြစ်ပါတယ်” လို့ အသက် ၆၁ နှစ်အရွယ် MILF တိုက်ခိုက်ရေးသမားဟောင်း နာဆာရ် ဆာမာမာက ပြောကြားခဲ့ပါတယ်။

    မိုရိုတွေဟာ အစောပိုင်းက ခွဲထွက်ရေး တောင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကျေနပ်ခဲ့ကြတာ ဖြစ်ပါတယ်။

    MILF က အခြားအဖွဲ့ဝင်တွေနဲ့ မိုရိုပြည်သူတွေကလည်း အခု ဥပဒေအသစ်ကို ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • သတ္တိခဲ ဆယ်ကျော်သက် ပါလက်စတိုင်းအမျိုးသမီး အစ္စရေးထောင်မှ လွတ်မြောက်

    သတ္တိခဲ ဆယ်ကျော်သက် ပါလက်စတိုင်းအမျိုးသမီး အစ္စရေးထောင်မှ လွတ်မြောက်

    ဇူလိုင် ၂၉၊ ၂၀၁၈
    M-Media

    မိခင်၊ ဖခင်တို့နှင့်အတူ တွေ့ရသည့် အဟဒ် တမီမီ

    – အစ္စရေးရဲ့ ထောင် ၈ လချမှတ်မှုကို ခံခဲ့ရတဲ့ ပါလက်စတိုင်း ဆယ်ကျော်သက်အမျိုးသမီး အဟဒ် တမီမီဟာ ဒီနေ့မနက်မှာ လွတ်မြောက်လာခဲ့ပါတယ်။

    အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက နဘီဆာလေဟ်ရွာကို တမီမီဟာ မိခင်နဲ့အတူ ရောက်လာတဲ့အချိန်မှာ လူအုပ်ကြီးက သူတို့ကို ကြိုဆိုခဲ့ကြပါတယ်။

    အစ္စရေးစစ်သားတွေက ရာဘာအုပ်ထားတဲ့ စတီးကျည်နဲ့ မျက်နှာကို ပစ်ခတ်မှုကြောင့် မောင်ဝမ်းကွဲ မိုဟာမက် အပြင်းအထန် ဒဏ်ရာရခဲ့မှုကို မကျေနပ်တာကြောင့် တမီမီဟာ အစ္စရေးစစ်သားတွေကို ပါးရိုက်ခဲ့ပါတယ်။

    အဲဒီဗီဒီယိုဟာ အွန်လိုင်းစာမျက်နှာမှာ ပြန့်နှံ့သွားခဲ့ပြီး တမီမီနဲ့ မိခင်ဖြစ်သူတို့ဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ အစ္စရေးရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

    ဖမ်းဆီးပြီး ၂ ပတ်အကြာမှာ အစ္စရေးက သူတို့နှစ်ယောက်ကို စွဲချက် ၁၂ ခုနဲ့ စစ်ခုံရုံးမှာ တရားစွဲဆိုကာ ထောင် ၈ လ ချမှတ်ခဲ့တာဖြစ်ပါတယ်။

    အစ္စရေးရဲ့ ဒီလုပ်ရပ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အပြင်းအထန်ရှုတ်ချခဲ့ပြီး၊ ပါလက်စတိုင်းပြည်သူတွေ အထူးသဖြင့် လူငယ်တွေအပေါ်မှာ အစ္စရေးရဲ့ ညှင်းပမ်းမှုကို ပိုမို ပေါ်လွင်သွားစေခဲ့ပါတယ်။

    တမီမီကတော့ သူ့အပေါ် ထောက်ခံပေးခဲ့ကြတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာတွေကို ကျေးဇူးတင်ကြောင်း ဒီကနေ့မှာ ပြောကြားခဲ့ပေမယ့် အခြားသော မတရားဖမ်းဆီးခံထားရသူတွေ မလွတ်မြောက်မချင်း အပြည့်အ၀ ပျော်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    “ကျွန်မရဲ့ ညီအစ်မတွေ (ပါလက်စတိုင်းအမျိုးသမီးအကျဉ်းသားတွေ) ကျွန်မနဲ့အတူ မလွတ်မြောက်တဲ့အတွက် အပြည့်အ၀ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ သူတို့လည်း လွတ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

    ပါလက်စတိုင်းပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ကျူးကျော်သူတွေကို တော်လှန်ကြဖို့၊ နိုင်ငံရေးအကျဉ်းသားတွေဖက်က ရပ်တည်ပြီး သူတို့လွတ်မြောက်ရေး ဆောင်ရွက်ကြဖို့လည်း တမီမီက တိုက်တွန်းခဲ့ပါတယ်။

    တမီမီက သူဟာ ဥပဒေပညာရှင်တစ်ယောက်ဖြစ်အောင် ကြိုးစားကာ အစ္စရေးရဲ့ မတရားတဲ့လုပ်ရပ်တွေကို ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

    တမီမီရဲ့ ၀မ်းကွဲမောင် မိုဟာမက်ကတော့ အစ္စရေးစစ်သားတွေကြောင့် ရခဲ့တဲ့ မျက်နှာကဒဏ်ရာကို အခုအချိန်အထိ ကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

    ဇွန်လ ၁ ရက်နေ့အထိ အစ္စရေးအကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်ဟာ ၅၉၀၀ ရှိပြီး ၁၆၀ က အမျိုးသမီးတွေဖြစ်ကာ၊ ၂၉၁ ဦးက အသက်မပြည့်သေးသူတွေ ဖြစ်ပါတယ်။ အသက်မပြည့်သေးသူတွေထဲက ၄၉ ယောက်ဟာ အသက် ၁၆ နှစ်အောက်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ၂၀၁၅ နောက်ပိုင်း အဆိုးဝါးဆုံး ရေကြီးမှုဒဏ်ကို မြန်မာနိုင်ငံတစ်ဝှမ်း လူပေါင်း ၁ သိန်းခန့် ခံစားနေရ

    ၂၀၁၅ နောက်ပိုင်း အဆိုးဝါးဆုံး ရေကြီးမှုဒဏ်ကို မြန်မာနိုင်ငံတစ်ဝှမ်း လူပေါင်း ၁ သိန်းခန့် ခံစားနေရ

    ဇူလိုင် ၂၉၊ ၂၀၁၈
    M-Media

    ပဲခူးရေကြီးမှု

    – အခုသီတင်းပတ်အစောပိုင်းကစလို့ မြန်မာနိုင်ငံက ဒေသတစ်ချို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုတွေကြာင့် လူပေါင်း ၅ သောင်းလက်ဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာနေရာတွေမှာ သွာရောက် ရှောင်တိမ်းနေရပါတယ်။

    ရေကြီးမှုကြောင့် အိမ်တွေ၊ တံတားတွေ၊ ရထားလမ်းတွေ၊ ကားလမ်းတွေ ရေမြုပ်ခဲ့ကာ သွားရာလာရ ခက်ခဲနေပြီး အကူအညီပေးရေး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း နှောင့်နှေးနေတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ကြပါတယ်။

    သမ္မတဦးဝင်းမြင့်ဟာ မနေ့က မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးတိုင်းဒေသကြီးကို သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေရသူတွေကို တွေ့ဆုံအားပေးခဲ့ကာ၊ ယာယီစခန်းတွေ ပိုမိုဖန်တီးပေးဖို့လည်း ဒေသခံအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

    ရေကြီးရေလျှံမှုဒဏ်ကို နိုင်ငံတစ်ဝှမ်း လူပေါင်း ၁ သိန်းလောက် ခံစားရဖွယ် ရှိနေပါတယ်။

    မြန်မာနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ ၁၀ စုနှစ်အတွင်း အဆိုးဝါးဆုံး ရေကြီးမှုနဲ့ ကြုံတွေ့ခဲ့ရပြီး လူ ၁၀၀ ၀န်းကျင်သေဆုံးကာ ၃ သိန်း ၃ သောင်းလောက် ဘေးလွတ်ရာကို ရှောင်ပြေးခဲ့ရပါတယ်။

    သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီက မြစ်ရေတွေဟာ စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေတာကြောင့် မြစ်တွေအနီးနဲ့ မြေနိမ့်ဒေသတွေမှာ နေထိုင်နေတဲ့ သူတွေအနေနဲ့ ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းတွေကို ရှောင်နေကြဖို့ သတိပေးထားပါတယ်။

    ရေကြီးရေလျှံမှုဒဏ်ကို ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ခံစားနေရပါတယ်။

    Ref: Reuters