News @ M-Media

Blog

  • မဟာတံတိုင်းတွင် ဖြတ်လမ်းဖောက်သူများကို တရုတ်အရေးယူ

    မဟာတံတိုင်းတွင် ဖြတ်လမ်းဖောက်သူများကို တရုတ်အရေးယူ


    စက်တင်ဘာ ၁၉၊ ၂၀၂၃

    M-Media 


    -နာမည်ကျော် မဟာတံတိုင်းကို ဖောက်ပြီး ဖြတ်လမ်းဖောက်တဲ့ လူ ၂ ဦးကို သြဂုတ်လနှောင်းပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ပါတယ်။ 

    နိုင်ငံအနောက်မြောက်ပိုင်း ရှန်ဇီပြည်နယ်က အသက် ၃၈နှစ်နဲ့ ၅၅ နှစ်အရွယ် အမျိုးသားနှစ်ဦး ဖြစ်ပါတယ်။

    သူတို့အလုပ်လုပ်နေတဲ့ အနီးအနားကရွာကို သွားရောက်တဲ့အခါ မဟာတံတိုင်းအတိုင်းသွားရင် ကြာနေတဲ့အတွက် ဖြတ်လမ်းတစ်ခု ဖောက်ခဲ့တာလို့ သူတို့က ထွက်ဆိုပါတယ်။

    ၁၆ ရာစု မင် မင်းဆက်လက်ထက်က တည်ဆောက်ခဲ့တဲ့ မဟာတံတိုင်းကြီးဟာ ကမ္ဘာ့အမွေအနှစ်စာရင်း၀င် အဆောက်အဦးတစ်ခု ဖြစ်ပါတယ်။ 

    မိုင်ပေါင်း ၅၅၀၀ လောက် ရှည်လျားပြီး စနစ်တကျ လက်ရာမြောက်စွာ တည်ဆောက်ထားတာပါ။ နိုင်ငံမြောက်ပိုင်းက ရန်သူတွေ ၀င်ရောက်မှုကို တားဆီးဖို့ ရည်ရွယ်ပါတယ်။ 

    ကုလရဲ့ ကမ္ဘာ့အမွေအနှစ်အဖွဲ့ ယူနက်စကိုက ဒီတံတိုင်းကြီးဟာ အရှေ့တိုင်း ယဥ်ကျေးမှုနဲ့ နော်မက်ဒစ် ယဥ်ကျေးမှုတို့ ပေါင်းစည်း ရောယှက်ရာ အမှတ်အသားတစ်ခုလို့ ကင်ပွန်းတပ်ထားပါတယ်။ 

    Ref: AP 

  • အံ့သြဖွယ် ပျောက်ဆုံးနေသည့် အမေရိကန်၏ F-35 တိုက်လေယာဥ်

    အံ့သြဖွယ် ပျောက်ဆုံးနေသည့် အမေရိကန်၏ F-35 တိုက်လေယာဥ်

    စက်တင်ဘာ ၁၉၊ ၂၀၂၃

    M-Media 


    -အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားမှာ နောက်ဆုံးပေါ် F-35B Lightning II တိုက်လေယာဥ်တစ်စင်း တနင်္ဂနွေနေ့က ပျောက်ဆုံးသွားပြီး ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။ 

    မောင်းနှင်သွားတဲ့ လေယာဥ်မှုးက လေပေါ်မှာ အရေးပေါ် ခုန်ထွက်ခဲ့ပြီးနောက်ပိုင်း လေယာဥ် ပျောက်ဆုံးသွားတာပါ။ ဘာ့ကြောင့် အရေးပေါ် ခုန်ထွက်ရသလဲဆိုတာ ထုတ်ပြန်ခြင်း မပြုပါဘူး။ 

    F-35 လေယာဥ်တစ်စီးဟာ အနည်းဆုံး ဒေါ်လာ သန်း ၈၀ တန်ဖိုးရှိပြီး အဓိက အားသာချက်က ကိုယ်ပျောက်နိုင်တာပါ။ ဘယ်ရေဒါနဲ့မှ ဖမ်းလို့ မရပါဘူး။ 

    လက်ရှိမှာ အမေရိကန် စစ်ဖက်၊ အရပ်ဖက် အဖွဲ့ပေါင်းစုံက ရှာဖွေမှုတွေ လုပ်ဆောင်နေပြီး၊ အများပြည်သူကိုလည်း တွေ့ရင် အကြောင်းကြားဖို့ မေတ္တာရပ်ခံထားပါတယ်။ 

    လေယာဥ်ပျောက်ဆုံးရာ နော့သ် ချာလ်စတန်ဒေသ လွှတ်တော်အမတ် နန်စီ မေ့စ်က နောက်ဆုံးပေါ် ခြေရာခံကိရိယာတွေ တပ်ဆင်ထားတဲ့ လေယာဥ်ကို ရှာမတွေ့ဘူးဆိုတဲ့အတွက် အစိုးရနဲ့ စစ်တပ်ကို ဆိုရှယ်မီဒီယာကနေ ၀ေဖန်ခဲ့ပါတယ်။ 

    “F-35 ကို ဘယ်လိုတောင် ဖျောက်လိုက်ကြတာလဲ။ တပ်ထားတဲ့ခြေရာခံ ကိရိယာတွေက ဘာလုပ်ဖို့လဲ။ ပြည်သူတွေကို ရှာပြီး၊ ပြန်အပ်ပေးပါလို့ ပြောနေရပြီလား”

    Ref: Reuters

  • လန်ဒန်မှာလုပ်မယ့် ကမ္ဘာ့ ဟာလာလ်အစားအသောက်ပွဲတော်

    လန်ဒန်မှာလုပ်မယ့် ကမ္ဘာ့ ဟာလာလ်အစားအသောက်ပွဲတော်

    စက်တင်ဘာ ၁၆၊ ၂၀၂၃

    M-Media


    – ကမ္ဘာ့အကြီးဆုံး ဟာလာလ် အစားအသောက်ပွဲတော်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ အခုလစတုတ္ထပတ်အတွင်း ကျင်းပသွားမယ်လို့ သိရပါတယ်။ 

    စက်တင်ဘာ ၂၃၊ ၂၄ ရက် Queen Elizabeth Olympic Park မှာ ပြုလုပ်မှာဖြစ်ပါတယ်။ အခုတစ်ကြိမ်ပါဆို ဒီပွဲတော်ဟာ ၈ ကြိမ်မြောက် ရှိပါပြီ။ 

    အရင်က ‘လန်ဒန်ဟာလာလ်အစားအသောက်ပွဲတော်’ လို့ အမည်ပေးခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ‘ကမ္ဘာ့ ဟာလာလ် အစားအသောက်ပွဲတော်’လို့ ပြောင်းလိုက်ပါတယ်။ 

    ကမ္ဘာတစ်၀ှမ်းက ထင်ရှားတဲ့ ဟာလာလ်အစားအသောက် လုပ်ငန်းတွေ၊ နာမည်ကျော် စားဖိုမှူးတွေ ဒီပွဲတော်မှာ ပါ၀င်မှာဖြစ်ပါတယ်။ 

    ဗြိတိန်က နာမည်ကျော် စာဖိုမှူးနဲ့ စာရေးဆရာမ နာဒီယာ ဟူစိန်က ပွဲတော်မှာ လက်တွေ့ ချက်ပြုတ်ပြမှာဖြစ်ပါတယ်။ သူမဟာ ဘီဘီစီ တီဗီရဲ့ အစားအသောက်အစီအစဥ်မှာ တင်ဆက်နေသူလည်း ဖြစ်ပါတယ်။ 

    လန်ဒန်ရဲတပ်ဖွဲ့၊ Western Union၊ ဗြိတိန် အစ္စလာမ့်ကုန်သွယ်ရေးအသင်းတို့က မိတ်ဖက်အဖြစ် ဟာလာလ်ပွဲတော်မှာ ပါ၀င်မှာဖြစ်ပြီး Tariq Halal Meats လုပ်ငန်းက အဓိက စပွန်ဆာပေးထားပါတယ်။ 

    “လူ့အဖွဲ့အစည်းအားလုံးက လူတွေ ကမ္ဘာ့စားဖွယ်စုံ လက်ရာတွေကို မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ လာရောက် မြည်းစမ်း ခံစားဖို့အတွက် ကမ္ဘာ့ဟာလာလ်အစားအသောက်ပွဲတော်က အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်” လို့ ပွဲကို စီစဥ်တဲ့ Algebra Festivals အဖွဲ့ မန်းနေဂျင်းဒါရိုက်တာ ၀ါလစ် ဂျာဟန်ဂီရ်က ပြောပါတယ်။ 

    Ref: Arab News 

  • အလုပ်မရှိ အလုပ်ရှာရင်းက သမိုင်း၀င်ရတနာများ တွေ့ရှိခဲ့သည့် နော်၀ေအမျိုးသား

    အလုပ်မရှိ အလုပ်ရှာရင်းက သမိုင်း၀င်ရတနာများ တွေ့ရှိခဲ့သည့် နော်၀ေအမျိုးသား

    စက်တင်ဘာ ၁၆၊ ၂၀၂၃

    M-Media 


    -နော်၀ေနိုင်ငံက အမျိုးသားတစ်ဦးဟာ တောတောင်ထဲမှာ သတ္တုရှာဖွေစက်နဲ့ လျှောက်သွားနေရင်း နှစ် ၁၅၀၀ အရင်က ရတနာတွေကို တွေ့ရှိခဲ့ပါတယ်။ 

    အသက် ၅၁ နှစ်အရွယ် အာလန် ဘိုရီဆိုတဲ့ အမျိုးသားဖြစ်ပြီး နိုင်ငံတောင်ပိုင်း Rennesoey ကျွန်းမှာ နေထိုင်သူဖြစ်ပါတယ်။ 

    ကျန်းမာရေးကောင်းအောင် လှုပ်ရှားသွားလာမှု လုပ်ရမယ်ဆိုတဲ့ ဆရာ၀န်ရဲ့ အကြံပေးမှုကြောင့် ဘိုရီဟာ သတ္တုရှာဖွေစက်တစ်ခု ၀ယ်ယူပြီး ခြေဦးတည့်ရာ လျှောက်သွားနေခဲ့တာပါ။ 

    သြဂုတ်လက တောတစ်ခုထဲ သွားရောက်ခဲ့ရာမှာ သူ့ရဲ့ သတ္တုရှာဖွေစက်ဟာ မြေထဲမှာ မြုပ်နေတဲ့ ရှေးဟောင်း ရတနာတွေကို တွေ့ခဲ့ပါတယ်။ 

    ဘိုရီက ပထမတော့ ကလေးတွေစားတဲ့ ရွှေဒင်္ဂါးချောကလတ်တွေလို့ ထင်ခဲ့တာပါ။ ဒါပေမယ့် ၁၀၀ ဂရမ်လောက်ရှိတဲ့ ရတနာတွေ ဖြစ်နေပါတယ်။ 

    လည်ဆွဲ ၉ ခု၊ လက်စွပ် ၃ ခုနဲ့ ရွှေနဲ့ငုံထားတဲ့ ပုလဲ ၁၀ လုံးတို့ဖြစ်ပြီး အေဒီ ၅၀၀ လောက်က ပစ္စည်းတွေ ဖြစ်ပါတယ်။ 

    အင်မတန် လက်ရာမြောက်ပြီး အဲဒီခေတ်က အာဏာရှိအသိုင်းအ၀ိုင်းမှာသာ ၀တ်ဆင်တဲ့ ရတနာတွေလို့ ရှေးဟောင်းပညာရှင်တွေက ပြောပါယ်။ 

    ၁၉ ရာစုနောက်ပိုင်း နော်၀ေမှာ ဒီလိုသက်တမ်းရင့် ရှေးဟောင်းပစ္စည်းတွေကို တွေ့ရှိတာဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ 

    ဥပဒေအရ ရတနာတွေဟာ နိုင်ငံတော်ပိုင်ဖြစ်ပြီး ရှေးဟောင်းပြတိုက်မှာ ထားရှိ ပြသထားမှာ ဖြစ်ပါတယ်။ 

    Ref: AP 

  • စစ်ကောင်စီနှင့် တရုတ်တို့အကြား ဆက်ဆံရေး အားကောင်းနေဆဲ

    စစ်ကောင်စီနှင့် တရုတ်တို့အကြား ဆက်ဆံရေး အားကောင်းနေဆဲ

    စက်တင်ဘာ ၁၆၊ ၂၀၂၃

    M-Media


    -စစ်ကောင်စီက တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဖက် လွှဲပြောင်းပေးလိုက်တာဟာ နှစ်ဖက်ဆက်ဆံရေး ပိုမိုနီးကပ်လာတာကို ဖော်ပြနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

    မြန်မာနိုင်ငံမြောက်ပိုင်း လက်နက်ကိုင်တွေကြီးစိုးတဲ့ ဒေသတွေမှာ တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ထားတယ်ဆိုတဲ့ သတင်း ထွက်နေတာ ကြာပါပြီ။ 

    အရှေ့တောင်အာရှနဲ့ အာရှတစ်၀ိုက်က လူတွေကို လူကုန်ကူးကာ ဒီလုပ်ငန်းတွေမှာ အဓမ္မခိုင်းစေတဲ့ သတင်းတွေကိုလည်း ဒေသတွင်း မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း၀င် တရုတ်နိုင်ငံသား ၂၆၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးကာ တရုတ်နိုင်ငံဖက် လွှဲပေးခဲ့သလို၊ နောက်ထပ် ငွေလိမ်သမား ၁၂၀၀ ကျော်ကိုလည်း ပြီးခဲ့တဲ့ သောကြာနေ့မှာ မြန်မာဖက်က တရုတ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။ 

    Curtin တက္ကသိုလ် နိုင်ငံတကာစီးပွားရေးဌာနက လက်ထောက်ပါမောက္ခဖြစ်တဲ့ ဒေါ်ထွေးထွေးသိန်းက ဒီရလဒ်ကိုကြည့်ရင် တရုတ်နဲ့ စစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်မှုကို မြင်နိုင်တယ်လို့ ပြောပါတယ်။ 

    “မြန်မာနိုင်ငံက စစ်အစိုးရနဲ့ တရုတ်တို့အကြား နီးကပ်ခိုင်မာတဲ့ ဆက်ဆံရေး ရှိနေတယ်ဆိုတာကို ဒါက ပြသနေတာပါ။ မိတ်ဆွေနည်းနေတဲ့ စစ်အစိုးရမှာ ဒီလို ဆောင်ရွက်မှုတွေက ဆက်ဆံရေးကောင်းမွန်ဖို့၊ ဒေသတွင်း ရပ်တည်မှု အားကောင်းဖို့ အခွင့်အလမ်းတစ်ခုလို့လည်း ပြောလို့ရပါတယ်”

    S. Rajaratnam School of International Studies အဖွဲ့က တရုတ်ရေးရာဌာန လက်ထောက် ပရော်ဖက်ဆာ ဘင်ယာမင် ဟိုက ဆိုက်ဘာရာဇ၀တ်မှုကို တရုတ်က နှိမ်နှင်းဖို့ ကြိုးစားရာမှာ မြန်မာစစ်ကောင်စီရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါ၀င်တယ်လို့ ပြောပါတယ်။ 

    “နိုင်ငံတကာမှာ စစ်ကောင်စီက မိတ်ကောင်းဆွေကောင်း သိပ်မရှိဘူး။ ဒါကြောင့် တရုတ်ကို မှီခိုရုံကလွဲပြီး သူတို့မှာ ရွေးချယ်စရာ မရှိပါဘူး”

    မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့က တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံသား အများအပြား လူကုန်ကူး နှိပ်စက်ခံရပြီးနောက်ပိုင်း တရုတ်အစိုးရက ဒီလုပ်ငန်းတွေကို နှိမ်နှင်းဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ 

    တရုတ်ဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်ဖြစ် ဒန်ရှီကျွမ်းကို ပြီးခဲ့တဲ့နှစ်မှာ ခန့်အပ်ခဲ့ပါတယ်။ 

    တာ၀န်ယူပြီးနောက်ပိုင်း ရှီကျွမ်းဟာ စစ်ကောင်စီကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ အွန်လိုင်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ ဖိဖိစီးစီး ဆောင်ရွက်ခဲ့ပြီး အခုလို ရလဒ်မျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။  

    Ref : South China Morning Post