News @ M-Media

Blog

  • ပါကစ္စတန်က တမန်တော်နေ့အခမ်းအနား ဗုံးခွဲခံရ

    ပါကစ္စတန်က တမန်တော်နေ့အခမ်းအနား ဗုံးခွဲခံရ

    စက်တင်ဘာ ၃၀၊ ၂၀၂၃ 

    M-Media 


    -ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက တမန်တော်နေ့အခမ်းအနားတစ်ခုမှာ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နည်းဆုံး ၅၂ ဦး သေဆုံးခဲ့ပါတယ်။ 

    ဘာလိုချစ္စတန်ပြည်နယ်က မက်စ်တွန်မြို့မှာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ အကြီးတန်း ရဲတပ်ဖွဲ့၀င်တစ်ဦးလည်း ပါ၀င်ပါတယ်။ 

    ဒေသခံတွေက တမန်တော်နေ့ စီတန်းလှည့်လည်မှု လုပ်နေတဲ့အချိန် အသေခံဗုံးခွဲသမားက ဗုံး၀င်ခွဲခဲ့တာလို့ အစိုးရတာ၀န်ရှိသူတွေက ထုတ်ပြန်ပါတယ်။ 

    တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၁၀၀ ကျော်လောက်ရှိပါတယ်။ 

    တိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်သလဲဆိုတာ မသိရပါဘူး။ ဘာလိုချစ္စတန်မှာ တိုက်ခိုက်မှုတွေ ပုံမှန်လုပ်ဆောင်လေ့ရှိတဲ့ တာလီဘန်ရဲ့ ပါကစ္စတန်အဖွဲ့ခွဲ (TTP) က သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းပါတယ်။ 

    IS အကြမ်းဖက်အဖွဲ့ကလည်း ပါကစ္စတန်က ဘာသာရေးအခမ်းအနားတွေ၊ လူနည်းစုတွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပါတယ်။ 

    နိုင်ငံမြောက်ပိုင်း ခိုင်ဘာ ပက်ရှ်သွန်၀ါပြည်နယ် ဟန်ဂူမြို့က ဗလီ၀တ်ကျောင်းတော်တစ်လုံးမှာလည်း မနေ့က သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဥ် အသေခံတိုက်ခိုက်မှုနှစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

    Ref: Arab News 

  • ဆားဘီးယားစနက်ကြောင့် မတည်မငြိမ်ပြန်ဖြစ်လာသည့် ကိုဆိုဗို

    ဆားဘီးယားစနက်ကြောင့် မတည်မငြိမ်ပြန်ဖြစ်လာသည့် ကိုဆိုဗို

    စက်တင်ဘာ ၃၀၊ ၂၀၂၃

    M-Media


    -ဥရောပနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ကိုဆိုဗိုမှာ မငြိမ်မသက်မှုတွေ ပြန်ဖြစ်လာတာကြောင့် နေတိုးအဖွဲ့က စစ်တပ်တွေကို ထပ်တိုးချလိုက်ပါတယ်။ 

    ကိုဆိုဗိုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံး လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့နေရာပါ။ 

    ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက် လွတ်လပ်တဲ့နိုင်ငံတစ်ခုအဖြစ် ထူထောင်ဖို့ ကြိုးစားတဲ့ ကိုဆိုဗိုကို ဆားဘီးယားနိုင်ငံက ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး အလ်ဘေးနီးယားတွေ၊ ခရိုအက်တွေနဲ့ အခြား ဆားဘီးယားလူမျိုး မဟုတ်တဲ့သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါတယ်။ 

    ၂၀၀၈ ခုနှစ်မှာ ကိုဆိုဗိုဟာ လွတ်လပ်ရေး ကြေငြာနိုင်ခဲ့ပါတယ်။ 

    ပြီးခဲ့တဲ့လတွေအတွင်း ဆားဘီးယားလူမျိုးအများစုရှိတဲ့ ကိုဆိုဗိုက ဒေသတွေမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာပါတယ်။ 

    ကိုဆိုဗို၀န်ကြီးချုပ် အလ်ဘင် ကူရ်တီက အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ နောက်ကွယ်မှာ ဆားဘီးယားအစိုးရ ပါ၀င်ပတ်သက်နေတယ်လို့ ပြောကြားထားပါတယ်။ 

    ဆားဘီးယားကလည်း ကိုဆိုဗိုနဲ့ကပ်နေတဲ့ နယ်စပ်မှာ စစ်ပြင်ဆင်မှုတွေ လုပ်လာပါတယ်။ 

    နယ်စပ်မှာ ထပ်တိုးချထားတဲ့ စစ်အင်အားကို ရုပ်သိမ်းပေးဖို့ အမေရိကန်က ဆားဘီးယားကို တောင်းဆိုထားပါတယ်။ 

    ကိုဆိုဗိုကို ကာကွယ်ပေးရေး တာ၀န်ယူထားထဲ့ နေတိုးအဖွဲ့က တပ်တွေ ထပ်တိုးချထားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

    ၀န်ကြီးချုပ် ကူရ်တီက နေတိုးအဖွဲ့ရဲ့ ဒီဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ 

    ဆားဘီးယားဟာ လွန်ခဲ့တဲ့ နှစ် ၃၀ အခြေအနေကို ပြန်သွားချင်နေပြီး ဒီလို ထပ်မဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း ကူရ်တီက ဆိုပါတယ်။ 

    Ref: BBC

  • E Sport ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့်အတွက် တောင်ကိုရီးယား ဂိမ်မာများ စစ်မှုမထမ်းရတော့

    E Sport ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့်အတွက် တောင်ကိုရီးယား ဂိမ်မာများ စစ်မှုမထမ်းရတော့

    စက်တင်ဘာ ၃၀၊ ၂၀၂၃

    M-Media 


    -အာရှအားကစားပြိုင်ပွဲက League of Legends မှာ ဗိုလ်စွဲခဲ့တဲ့ တောင်ကိုရီးယား ဂိမ်မာတွေဟာ စစ်မှုမထမ်းမနေရ အမိန့်ကနေ ကင်းလွတ်ခွင့် ရရှိသွားပါတယ်။ 

    တောင်ကိုရီးယားအသင်းဟာ မနေ့က ဗိုလ်လုပွဲမှာ ထိုင်၀မ်ကို အနိုင်ရပြီး ရွှေတံဆိပ်ဆု ရရှိခဲ့တာပါ။ 

    တောင်ကိုရီးယားနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အရွယ် အမျိုးသားတိုင်း စစ်မှုမထမ်းမနေရအမိန့် ပြဌာန်းထားပြီး အားကစားသမားတွေ၊ အနုပညာရှင်တွေ၊ ပရော်ဖက်ရှင်နယ် အကသမားတွေဟာ ထင်ရှားတဲ့ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရရှိရင် စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့်ရမယ်လို့ သတ်မှတ်ထားပါတယ်။ 

    E Sport ကစားသမားတွေ ဒီကင်းလွတ်ခွင့်မှာ ပါ၀င်လားဆိုတာ အရင်က တိတိကျကျ မထုတ်ပြန်ထားပါဘူး။ League of Legends  အောင်ပွဲအပြီးမှာတော့ ရှင်းရှင်းလင်းလင်း သိရှိခဲ့ရပြီ ဖြစ်ပါတယ်။ 

    တောင်ကိုရီးယား E Sport အသင်းဟာ အာရှအားကစားပြိုင်ပွဲမှာ ရှုံးပွဲမရှိ ဗိုလ်စွဲခဲ့တာပါ။ အိမ်ရှင်တရုတ်ကိုပါ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

     Ref: AFP

  • အသင်းနဲ့ ပြဿနာတက်နေတဲ့ နာပိုလီတိုက်စစ်မှူး အိုဆိုင်မန်

    အသင်းနဲ့ ပြဿနာတက်နေတဲ့ နာပိုလီတိုက်စစ်မှူး အိုဆိုင်မန်

    စက်တင်ဘာ ၂၈၊ ၂၀၂၃

    M-Media 


    -Tiktok မှာ လှောင်ပြောင်တဲ့ ဗီဒီယို တင်တာကြောင့် အသင်းကို တရားစွဲသွားမယ်လို့ တိုက်စစ်မှူး ဗစ်တာ အိုဆိုင်မန်က ခြိမ်းခြောက်လိုက်ပါတယ်။ 

    မနှစ်က စီးရီးအေချန်ပီယံဖြစ်ခဲ့တဲ့ နာပိုလီအသင်းမှာ အိုဆိုင်မန်ဟာ အရေးပါတဲ့နေရာကနေ ပါ၀င်ခဲ့တာပါ။ 

    ပြီးခဲ့တဲ့စနေနေ့ ဘိုလော့နာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ အကွဲအပြဲဇာတ်လမ်းတစ်ခု စခဲ့ပါတယ်။

    ပွဲမှာ ပင်နယ်တီမ၀င်တဲ့ အိုဆိုင်မန်ကို လှောင်ပြောင်တဲ့ ဗီဒီယိုတစ်ခု Tiktok မှာ အသင်းက တင်ခဲ့တာပါ။ နောက်ပိုင်းမှ ၀ေဖန်မှုတွေကြောင့် ပြန်ဖျက်သွားခဲ့ပါတယ်။ 

    အိုဆိုင်မန်ရဲ့ အေးဂျင့်ဖြစ်သူ ရော်ဘတ်တို ကလင်ဒါက ဒီလုပ်ရပ်ဟာ လက်သင့်မခံနိုင်စရာ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြောပါတယ်။ 

    ကစားသမားကို ကာကွယ်ဖို့အတွက် မိမိတို့မှာ ဥပဒေလမ်းကြောင်းအရ အခွင့်အရေးရှိတယ်လို့လည်း ကလင်ဒါက ဆိုပါတယ်။ 

    ဘိုလော့နာနဲ့ပွဲမှာ အိုဆိုင်မန်ဟာ နည်းပြ ရူဒီ ဂါစီယာနဲ့လည်း မကျေမလည်ဖြစ်ခဲ့ပါတယ်။ ပွဲပြီးဖို့ ၄ မိနစ်အလိုမှာ လူစားလဲခဲ့မှုအတွက် အိုဆိုင်မန်က ဒေါသထွက်ခဲ့တာ ဖြစ်ပါတယ်။ 

    နာပိုလီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိတဲ့ အိုဆိုင်မန်ဟာ သက်တမ်းထပ်တိုးဖို့ကိစ္စ ပျက်ပြယ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းက ခေါ်ယူဖို့ စိတ်၀င်စားနေပါတယ်။ 

    Ref: Sky News

  • နှစ်ပေါင်း ၃၀ ကျော်ကြာ လက်လွှတ်ခဲ့ရသည့် ပိုင်နက်ကို အပြီးတိုင် ပြန်ရလိုက်ပြီဖြစ်တဲ့ အဇာဘိုင်ဂျန်

    နှစ်ပေါင်း ၃၀ ကျော်ကြာ လက်လွှတ်ခဲ့ရသည့် ပိုင်နက်ကို အပြီးတိုင် ပြန်ရလိုက်ပြီဖြစ်တဲ့ အဇာဘိုင်ဂျန်

    စက်တင်ဘာ ၂၈၊ ၂၀၂၃

    M-Media 


    -အိမ်နီးချင်း အာမေးနီးယားနိုင်ငံက နှစ်ပေါင်း ၃၀ ကျော် ထိန်းချုပ်ထားခဲ့တဲ့ ပိုင်နက်တစ်ခုကို အဇာဘိုင်ဂျန်က အပြည့်အ၀ ပြန်ရခဲ့ပြီဖြစ်ပါတယ်။ 

    နာဂိုရ်နို-ကရာဘက်ရှ်ဒေသဖြစ်ပြီး အာမေးနီးယန်းလူမျိုးစုတွေ အဓိက နေထိုင်တဲ့နေရာဖြစ်ပါတယ်။ အဲဒီဒေသဟာ အဇာဘိုင်ဂျန်ပိုင်နက်ဖြစ်တယ်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အသိအမှတ်ပြုထားပေမယ့် အာမေးနီးယားနိုင်ငံက ၁၉၉၀ ပြည့်နှစ်တွေကတည်းက စတင်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ 

    ဒီကိစ္စကြောင့် နှစ်နိုင်ငံ တိုက်ခိုက်မှုတွေလည်း မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။ 

    ၂၀၂၀ ခုနှစ် စက်တင်ဘာမှာ နှစ်နိုင်ငံ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး အဇာဘိုင်ဂျန်က အသာရကာ နာဂိုရ်နို-ကရာဘက်ရှ်ဒေသက ၃ ပုံ ၁ ပုံကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ 

    ၃ နှစ်အကြာ စက်တင်ဘာ ၁၉ ရက်နေ့မှာ အဇာဘိုင်ဂျန်က ထိုးစစ်ထပ်ဆင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ပိုင်နက်အားလုံးကို ပြန်ရခဲ့ပါတယ်။ 

    လက်နက်ချ 

    အခုတစ်ကြိမ်စစ်ဆင်ရေးမှာ အဇာဘိုင်ဂျန်ဟာ အာမေးနီးယားက ထောက်ပံ့ထားတဲ့ ခွဲထွက်ရေးအဖွဲ့ကိုလည်း အပြီးတိုင် ဖယ်ရှားပစ်နိုင်ခဲ့ပါတယ်။ 

    အာမေးနီးယား ခွဲထွက်ရေးခေါင်းဆောင် ဆမ်ဗဲလ် ရှာရာမန်ယန်က လာမယ့်နှစ် ဇန်န၀ါရီ ၁ ရက်နေ့ကစတင်ပြီး သူတို့အရင်က ကြေငြာခဲ့တဲ့ နာဂိုရ်နို-ကရာဘက်ရှ် ပြည်သူ့သမ္မတနိုင်ငံ ရှိတော့မှာမဟုတ်ဘူးလို့ ဒီကနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ 

    ကရာဘက်ရှ်ဒေသကို ရှာရာမန်ယန်ခေါင်းဆောင်တဲ့ ခွဲထွက်ရေးတပ်ဖွဲ့က ထိန်းချုပ်ထားတာပါ။ သူတို့အဖွဲ့ဟာ အာဇာဘိုင်ဂျန် ကိုယ်စားလှယ်အဖွဲ့နဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ရယူခဲ့ပြီးနောက် အခုလို ကြေငြာချက်မျိုး ထွက်လာတာဖြစ်ပါတယ်။ 

    နာဂိုရ်နို-ကရာဘက်ရှ်ဒေသမှာ အာမေးနီးယန်းလူမျိုး ၁ သိန်း ၂ သောင်းလောက်ရှိနေတာပါ။ အဇာဘိုင်ဂျန်က ဆက်နေမယ်ဆိုရင် နေလို့ရပြီး၊ အာမေးနီးယားကို ထွက်သွားမယ်ဆိုရင်လည်း ခွင့်ပြုတယ်လို့ ကြေငြာထားပါတယ်၊ 

    အများစုကတော့ အိုးအိမ်တွေစွန့်ခွာကာ အာမေးနီးယားကို ထွက်ခွာနေကြပါတယ်။ 

    အာမေးနီးယား၀န်ကြီးချုပ် နီကိုလ် ပါရှင်ယန်က ကရာဘက်ရှ်ဒေသမှာ အာမေးနီးယားလူမျိုးတွေ တစ်ယောက်မှ မကျန်ဖို့ မျှော်လင့်တယ်လို့ ပြောကြားထားပါတယ်။ 

    နိုင်ငံရေးလေ့လာသုံးသပ်တွေက နာဂိုရ်နို-ကရာဘက်ရှ်ကို ပြန်ရမှုဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဇာဘိုင်ဂျန်ရဲ့ အကြီးမားဆုံး အောင်မြင်မှုဖြစ်တယ်လို့ သုံးသပ်ပါတယ်။ 

    Ref: BBC