News @ M-Media

Blog

  • တောင်ကိုရီးယားသမ္မတဟောင်း ထောင် ၈ နှစ် ထပ်ချခံရ၊ စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ်ရှိလာ

    တောင်ကိုရီးယားသမ္မတဟောင်း ထောင် ၈ နှစ် ထပ်ချခံရ၊ စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ်ရှိလာ

    ဇူလိုင် ၂၀၊ ၂၀၁၈
    M-Media

    – နိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီ NIS က ငွေတွေ ပျောက်ဆုံးမှု၊ ၂၀၁၆ ခုနှစ် လွှတ်တော်အမတ် ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်မှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ရတဲ့အတွက် သမ္မတဟောင်း ပက်ဂျုံဟေးကို တောင်ကိုရီးယားက ဒီကနေ့မှာ နောက်ထပ် ထောင်ဒဏ် ၈ နှစ် ထပ်မံ ချမှတ်လိုက်ပါတယ်။

    ပက်ဂျုံဟေးဟာ ဧပြီလတုန်းက ခြစားမှုစွဲချက်တွေနဲ့ ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံထားရသူဖြစ်ပါတယ်။

    ဆိုးလ်ခရိုင်တရားရုံး တရားသူကြီး ဆွန်ချန်ဟိုက ပက်ဂျုံဟေးဟာ NIS အကြီးအကဲ ၃ ယောက်စီက ၃ နှစ်အတွင်း ၀မ် ၃ ဘီလီယံကို ရယူခဲ့ပြီး တိုင်းပြည်ဘဏ္ဍာတွေကို အများအပြား ဆုံးရှုံးစေခဲ့တယ်လို့ အမိန့်ချမှတ်မှုမှာ ပြောကြားခဲ့ပါတယ်။

    ထောက်လှမ်းရေးအကြီးအကဲ ၃ ဦးကလည်း သူတို့ဟာ ပက်ဂျုံဟေးရဲ့ အမိန့်နဲ့ ငွေတွေ ပေးခဲ့ရတယ်လို့ တရားရုံးမှာ လာရောက်ထွက်ဆိုခဲ့ပါတယ်။

    ပက်ဂျုံဟေးကတော့ စွဲဆိုချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။ သူမဟာ ၂၀၁၆ ခုနှစ် အာဏာရ Saenuri ပါတီက လွှတ်တော်ရွေးကောက်ပွဲဝင်မယ့်သူတွေကို ရွေးချယ်ရာမှာ ၀င်ရောက်စွက်ဖက်မှုနဲ့လည်း အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

    ဒီကနေ့ ထောင်ဒဏ် ၈ နှစ် ထပ်မံချမှတ်ခံခဲ့ရတာကြောင့် ပက်ဂျုံဟေးရဲ့ ထောင်ဒဏ်ဟာ စုစုပေါင်း ၃၂ နှစ် ရှိလာပြီဖြစ်ပါတယ်။

    သူငယ်ချင်းဖြစ်သူနဲ့ ပူးပေါင်းကာ ခြစားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ပက်ဂျုံဟေးဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ လွှတ်တော်မှာ အယုံအကြည်မရှိအဆိုနဲ့ ဖြုတ်ချခံလိုက်ရပြီး ၃ လအကြာ အခြေခံဥပဒေ ခုံရုံးကို သူမကို တရားဝင် ရာထူးက ဖယ်ရှားခဲ့ပါတယ်။

    သူမဟာ ခြစားမှုစွဲချက်တွေနဲ့ တရားစွဲဆိုခံရတဲ့ ၃ ဦးမြောက် တောင်ကိုရီးယား သမ္မတဟောင်းလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • လူသတ်စက်ရုပ်များကို ပိတ်ပင်ရန် ပညာရှင် ၂ ထောင်ကျော် တောင်းဆို

    လူသတ်စက်ရုပ်များကို ပိတ်ပင်ရန် ပညာရှင် ၂ ထောင်ကျော် တောင်းဆို

    ဇူလိုင် ၁၉၊ ၂၀၁၈
    M-Media

    – လူသေစေနိုင်တဲ့ အလိုအလျောက်လက်နက်တွေ ထုတ်လုပ်မှုကို ကမ္ဘာနဲ့ချီ တားမြစ်ပိတ်ပင်ဖို့အတွက် ထိပ်တန်း နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေက တိုက်တွန်းဆော်သြလိုက်ပြီး အဲဒီ လက်နက်တွေဟာ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုကိရိယာတွေ ဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။

    နိုင်ငံပေါင်း ၉၀၊ ကုမ္ပဏီက ၁၅၀ က ကျွမ်းကျင်သူနဲ့ လုပ်ငန်းရှင်ပေါင်း ၂၄၀၀ ကျော်ဟာ ဗုဒ္ဓဟူးနေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ ကျင်းပပြုလုပ်တဲ့ 2018 International Joint Conference on Artificial Intelligence (ဉာဏ်ရည်တုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးညီလာခံ-၂၀၁၈) မှာ အလိုအလျောက် လက်နက်ထုတ်လုပ်မှု၊ ရောင်းချမှုနဲ့ အသုံးပြုမှုတွေမှာ မပါဝင်ဖို့အတွက် ကတိပြုလွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    လက်မှတ်ရေးထိုးခဲ့သူတွေထဲမှာ Space X နဲ့ Tesla ရဲ့ စီအီးအို အေလွန် မက်စ်၊ ဂူးဂဲလ်ရဲ့ Deep Mind လုပ်ငန်းက ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

    လူသတ်စက်ရုပ် (killer robot) လို့ သိကြတဲ့ အလိုအလျောက်လက်နက်တွေဟာ လူသားတွေရဲ့ ၀င်ရောက်စွက်ဖက်မှုမပါဘဲနဲ့ ပစ်မှတ်တွေကို ရှာဖွေ၊ ဖော်ထုတ်၊ ဖျက်ဆီးပစ်နိုင်ပါတယ်။

    အမေရိကန်၊ ရုရှား၊ တရုတ်၊ အစ္စရေး၊ တောင်ကိုရီးယားနဲ့ ယူကေတို့ဟာ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်လေယာဉ်လိုမျိုး အလိုအလျောက်စနစ် တစ်စိတ်တစ်ပိုင်းပါဝင်တဲ့ လက်နက်တွေကို ပိုင်ဆိုင်ထားကြပါတယ်။

    လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ဦးဆောင်တည်ထောင်ထားတဲ့ အလိုအလျောက်လက်နက်များ တားဆီးရေးလှုပ်ရှားမှု Campaign to Stop Killer Robots က လူသတ်စက်ရုပ်လို လက်နက်မျိုးတွေကို တင်ကြိုပိတ်ပင်ထားဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းထားပါတယ်။

    အဲဒီလို ပိတ်ပင်ဖို့ တိုက်တွန်းမှုကို ဘရာဇီးလ်၊ တရုတ်၊ ကျူးဘား၊ အီဂျစ်၊ အီရတ်၊ ပါကစ္စတန်၊ ဗင်နီဇွဲလားနဲ့ ဇင်ဘာဘွေအပါအ၀င် နိုင်ငံပါင်း ၂၆ နိုင်ငံက လူသိရှင်ကြား ထောက်ခံထားပါတယ်။

    Ref: Aljazeera

  • စပိန်နှင့်ပေါင်းကာ ဆော်ဒီက စစ်သင်္ဘောသစ်များ တည်ဆောက်မည်

    စပိန်နှင့်ပေါင်းကာ ဆော်ဒီက စစ်သင်္ဘောသစ်များ တည်ဆောက်မည်

    ဇူလိုင် ၁၉၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်းမှာ စစ်ရေယာဉ် ၅ စီး တည်ဆောက်ဖို့အတွက် ဆော်ဒီ စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံ SMAI ဟာ စပိန်က သင်္ဘောထုတ်လုပ်ရေးလုပ်ငန်း Navantia နဲ့ သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။

    ဒါဟာ Navantia က ဆော်ဒီကို ကန်ဒေါ်လာ ၂.၂ ဘီလီယံ တန်ဖိုးရှိမယ့် စစ်ရေယာဉ်တွေ ထောက်ပံ့ပေးရေး ဧပြီလက ဆော်ဒီနဲ့ စပိန်တို့အကြား ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်ရဲ့ နောက်ဆက်တွဲ ဖြစ်ပါတယ်။

    SMAI နဲ့ Navantia တို့ဟာ Avante 2200 Corvettes စစ်သင်္ဘော ၅ စီးကို အခုနှစ် နွေဦးရာသီမှာ ဆောက်လုပ်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ဆော်ဒီကို လွှဲအပ်နိုင်ဖို့ လျာထားပါတယ်။

    သင်္ဘောတည်ဆောက်ရေးလုပ်ငန်းရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ဆော်ဒီနိုင်ငံအတွင်း ပြုလုပ်မှာဖြစ်ပြီး ၂၀၃၀ ခုနှစ်ရောက်ရင် နိုင်ငံရဲ့ စစ်အသုံးစားရိတ် ၅၀ ရာခိုင်းနှုန်းကို ပြည်တွင်းမှာ သုံးစွဲနိုင်ရမယ်ဆိုတဲ့ ဆော်ဒီရဲ့ ‘၂၀၃၀ စီမံကိန်း’ နဲ့အညီ ဖြစ်ပါတယ်။

    ဆော်ဒီ နိုင်ငံပိုင်ရန်ပုံငွေ Public Investment Fund (PIF) ဟာ စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကို ပြီးခဲ့တဲ့နှစ်မှာ စတင် တည်ထောင်ခဲ့ပြီး နိုင်ငံ့စီးပွားရေး ရေနံအပေါ် မှီခိုနေရမှုကို လျော့ချဖို့နဲ့ အလုပ်အကိုင်ဖန်တီးပေးဖို့ အစိုးရရဲ့ စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ၂၀၃၀ ရောက်ရင် SAMI ဟာ နိုင်ငံရဲ့ ဂျီဒီပီကို ကန်ဒေါ်လာ ၃.၇ ဘီလီယံအထိ အထောက်အကူပြုပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

    Ref: Arabnews

  • ကျောင်းသူများအား ပြန်ပေးဆွဲသည့် အကြမ်းဖက်သမားများကို နိုက်ဂျီးရီးယား ဖမ်းဆီး

    ကျောင်းသူများအား ပြန်ပေးဆွဲသည့် အကြမ်းဖက်သမားများကို နိုက်ဂျီးရီးယား ဖမ်းဆီး

    ဇူလိုင် ၁၉၊ ၂၀၁၈
    M-Media

    ဖမ်းဆီးရမိခဲ့သည့် ဘိုဟိုဟရမ် အကြမ်းဖက်အဖွဲ့ဝင်များ

    – ၂၀၁၄ ခုနှစ်မှာ ကျောင်းသူ ၂၇၀ ကျော်ကို ပြန်ပေးဆွဲမှုမှာ ပါဝင်ခဲ့တဲ့ ဘိုကိုဟရမ် အဖွဲ့သား ၈ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ နိုက်ဂျီးရီးယားရဲချုပ်က ပြောကြားလိုက်ပါတယ်။

    နိုင်ငံမြောက်ပိုင်း ချီဘွတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီပြန်ပေးဆွဲမှုကြောင့် နိုက်ဂျီးရီးယား နိုင်ငံတစ်ဝှမ်း အုပ်အော်သောင်းနင်းဖြစ်ခဲ့ပြီး ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့ကို ထိထိရောက်ရောက် ချေမှုန်းခြင်းမရှိတဲ့အတွက် နိုက်ဂျီးရီးယားအစိုးရကို ပြစ်တင်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

    အခုဖမ်းဆီးခဲ့တဲ့ ၈ ဦးက သူတို့ဟာ ကျောင်းသူတွေကို ပြန်ပေးဆွဲမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြောင်း၊ အသေခံဗုံးခွဲမှု ၅၀ ကျော် ပြုလုပ်ဖို့ စီစဉ်ထားကြောင်း ထွက်ဆိုခဲ့ပါတယ်။

    နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်းမှာ ဘိုကိုဟရမ်အဖွဲ့သား ၂၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်ကစပြီး ဘိုကိုဟရမ်က ပြန်ပေးဆွဲခဲ့တဲ့ မိန်းလေးငယ်တွေနဲ့ ယောက်ျားလေးငယ်တွေရဲ့ အရည်အတွက်ဟာ ၂၀၀၀ ခန့် ရှိနေပြီ ဖြစ်ပါတယ်။ အများစုဟာ လိင်ကျွန်တွေ၊ တိုက်ခိုက်ရေးသမားတွေ၊ အသေခံဗုံးခွဲသမားတွေအဖြစ် အသုံးချခံနေရတယ်လို့ Amnesty International က ပြောကြားထားပါတယ်။

    ၂၀၀၉ ခုနှစ်က စတင်ပေါ်ပေါက်လာခဲ့တဲ့ ဘိုကိုဟရမ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂ သောင်းလောက် သေဆုံးခဲ့ပြီး ၂.၃ သန်းလောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    Ref: Aljazeera

  • ယူအေအီးနှင့် တရုတ်တို့ ပူးပေါင်းကာ ကုန်သွယ်ရေးဇုန် တည်ထောင်မည်

    ယူအေအီးနှင့် တရုတ်တို့ ပူးပေါင်းကာ ကုန်သွယ်ရေးဇုန် တည်ထောင်မည်

    ဇူလိုင် ၁၉၊ ၂၀၁၈
    M-Media

    – ဒူဘိုင်းမှာ ကုန်သွယ်ရေးဇုန်သစ်တစ်ခု ထူထောင်ဖို့အတွက် တရုတ်နိုင်ငံနဲ့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ယူအေအီးနိုင်ငံပိုင် ဆိပ်ကမ်းလုပ်ငန်း DP World က ဒီကနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

    တရုတ်သမ္မတ ရှီကျင့်ဖျင့် အဘူဒါဘီကို လာရောက်ဖို့ ရှိနေတဲ့အချိန် ဒီသတင်း ပေါ်ထွက်လာတာဖြစ်ပါတယ်။

    ဒူဘိုင်းက ဂျဘာလ် အလီ လွတ်လပ်သော ကုန်သွယ်မှုဇုန်အတွင်းမှာ ‘ကုန်သည်များ ဈေးကွက်’ တစ်ခု တည်ထောင်ဖို့အတွက် DP World ဟာ တရုတ်က Zhejiang China Commodities City Group လုပ်ငန်းနဲ့ သဘောတူညီချက် ရရှိခဲ့တာပါ။

    သဘောတူညီချက်ဟာ တရုတ်ရဲ့ One Belt, One Road စီမံကိန်း တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ဂျာဘာအလီက ဒီဈေးကွက်ဟာ အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး ကုန်သွယ်ရေးဇုန် ဖြစ်လာမယ်လို့လည်း DP World က ကြေငြာချက်မှာ ဖော်ပြခဲ့ပါတယ်။

    ဒီဇုန်မှာ အစားအသောက်၊ အလှကုန်ကနေ၊ ဆောက်လုပ်ရေး၊ နည်းပညာပစ္စည်းတွေအထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

    နိုင်ငံပေါင်း ၄၀ လောက်မှာ ဆိပ်ကမ်းလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ DP World က ဒီသဘောတူညီချက်ရဲ့ တန်ဖိုးကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    ရှီကျင့်ဖျင်ဟာ ဒီကနေ့နှောင်းပိုင်းမှာ အဘူဒါဘီမြို့ကို ရောက်ရှိမှာဖြစ်ပြီး ယူအေအီး အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဆီနီဂေါ၊ ရ၀မ်ဒါနဲ့ တောင်အာဖရိကနိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။

    တရုတ်ဟာ ယူအေအီးရဲ့ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ နှစ်နိုင်ငံ ရေနံမဟုတ်တဲ့ ကုန်စည်ကူးသန်းမှုဟာ ၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

    ယူအေအီးဟာ တရုတ်နိုင်ငံကို အဓိက ရေနံတင်ပို့နေတဲ့ ၁၅ နိုင်ငံထဲက တစ်နိုင်ငံလည်း ဖြစ်ပါ
    တယ်။

    Ref: CNA