News @ M-Media

Blog

  • ပြည်နယ် ၄ ခုတွင် အကြမ်းဖက်သံသယရှိသူ ၇ ဦးကို မလေးရှားဖမ်းဆီး

    ပြည်နယ် ၄ ခုတွင် အကြမ်းဖက်သံသယရှိသူ ၇ ဦးကို မလေးရှားဖမ်းဆီး

    ဇူလိုင် ၁၉၊ ၂၀၁၈
    M-Media

    – နိုင်ငံတစ်ဝှမ်း ပြည်နယ် ၄ ခုမှာ ၅ ရက်တာပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေသူ ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲက ဖူဇီ ဟာရွန်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    မလေးရှားနိုင်ငံသား ၄ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးတို့ ဖြစ်ကြပြီး အဲဒီထဲက အသက် ၃၄ နှစ်အရွယ် အလုပ်လက်မဲ့တစ်ဦးဟာ ဘုရင်နဲ့ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ကို သတ်ဖြတ်မယ်လို့ Facebook ပေါ်မှာ ခြိမ်းခြောက်ခဲ့ပါတယ်။

    အသက် ၄၂ နှစ်အရွယ် အမျိုးသားကတော့ ၀ါကျွတ်အီးနေ့ဒ်အပြီးမှား မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ဖို့ Facebook ကနေတစ်ဆင့် ခြိမ်းခြောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    အခြားနှစ်ဦးကတော့ အသက် ၂၀ ကျော်အရွယ် အမျိုးသားနဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ အမျိုးသားဟာ ဆီးရီးယားမှာ IS နဲ့သွားပေါင်းဖို့ စီစဉ်နေတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပြီး၊ အမျိုးသမီးက ဆီးရီးယားမှာရှိတဲ့ မလေးရှား တိုက်ခိုက်ရေးသမားတွေကို ငွေကြေးထောက်ပံ့ပေးနေသူ ဖြစ်ပါတယ်။

    ဖမ်းဆီးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးဟာ အင်ဒိုအခြေစိုက် စစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ NII၊ JAD တို့ ဆက်နွယ်မှုရှိသူတွေလို့ ဆိုပါတယ်။ သူတို့အထဲက ၁ ဦးဟာ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒုန်မြို့မှာ NII ရဲ့ စစ်သင်တန်းပေးခြင်းကို ခံထားရသူပါ။

    မလေးရှားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေမှာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်နွယ်တဲ့လူတွေကို တိုးမြှင့်ဖမ်းဆီးမှုတွေ ပြုလပ်ခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ်မှာ IS အကြမ်းဖက်အဖွဲ့ရဲ့ ပထမဆုံး တိုက်ခိုက်မှုကို ခံခဲ့ရပြီး ဆီလန်ဂေါပြည်နယ်က ညကလပ်တစ်ခုကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ လူသေဆုံးမှု မရှိပေမယ့် ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • ဂျပန်အကူအညီဖြင့် ရန်ကုန်တွင် ဆေးရုံသစ် ဆောက်လုပ်မည်

    ဂျပန်အကူအညီဖြင့် ရန်ကုန်တွင် ဆေးရုံသစ် ဆောက်လုပ်မည်

    ဇူလိုင် ၁၉၊ ၂၀၁၈
    M-Media

    ဆေးရုံသစ် နမူနာပုံစံ

    – အာရုံကြောနဲ့ နှလုံးသွေးကြောရာဂါတွေကို အဓိကထား ကုသပေးမယ့် ဆေးရုံသစ်တစ်ခု ရန်ကုန်မြို့မှာ ဆောက်လုပ်ဖို့အတွက် ဂျပန်နိုင်ငံက ကန်ဒေါ်လာ ၇၆.၆ သန်း ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

    ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ထောက်ပံ့ပေးမှာဖြစ်ပြီး New Yangon Specialist Hospital လို့ အမည်ပေးထားတဲ့ သူတို့ရဲ့ စီမံကိန်းကို သောကြာနေ့မှာ တရားဝင် ကြေငြာသွားမယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    ၇ ထပ်ရှိမယ့် အဲဒီဆေးရုံကို ရန်ကုန်မြို့လယ်ကောင်က ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့် ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ဆောက်လုပ်မှာ ဖြစ်ပါတယ်။

    “ဒီ စီမံကိန်းက မြန်မာနိုင်ငံမှာ ဦးနှောက်နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေအတွက် လူနာဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေကို ပိုမိုအားကောင်းစေမှာဖြစ်ပြီး၊ အတွင်းလူနာ၊ ပြင်ပလူနာတွေကို ပိုမိုကုသပေးနိုင်ကာ၊ ဆေးကုသမှု၊ ခွဲစိပ်မှုတွေအတွက် အချိန် စောင့်ဆိုင်းရမှုကိုလည်း လျော့ကျစေမှာ ဖြစ်ပါတယ်” လို့ JICA က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဆေးရုံသစ်မှာ စာသင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ပါဝင်မှာဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးက အာရုံကြောဌာန၊ နှလုံးဌာန၊ နှလုံးသွေးကြောဌာနနဲ့ အာရုံကြောဆေးဘက်ဆိုင်ရာဌာနတို့ကို ဆေးရုံသစ်ဆီ ပြောင်းရွှေ့သွားမှာ ဖြစ်ပါတယ်။

    မြန်မာအစိုးရဟာ ဒီဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ပံ့ပိုးပေးဖို့ သဘောတူထားတယ်လို့လည်း JICA က ပြောပါတယ်။

    ဆေးရုံသစ်ဒီဇိုင်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လက်ရှိမှာ ရေးဆွဲနေပြီး လာမယ့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ဆောက်လုပ်ရေးလုပ်ငန်ကို စတင်ဖို့ မျှော်မှန်းထားပါတယ်။

    Ref: Irrawadday

  • ဂူတွင်းမှလွတ်မြောက်လာသည့် ထိုင်းကလေးငယ်များ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

    ဂူတွင်းမှလွတ်မြောက်လာသည့် ထိုင်းကလေးငယ်များ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

    ဇူလိုင် ၁၈၊ ၂၀၁၈
    M-Media

    သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ကလေးတစ်ချို့

    – ထိုင်းနိုင်ငံမြောက်ပိုင်း ချန်ရိုင်းပြည်နယ်က ဂူတစ်ခုထဲမှာ ၁၀ ရက်တာ ပိတ်မိပြီးတဲ့နောက် ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ကလေးငယ် ၁၂ ဦးနဲ့ သူတို့ရဲ့ နည်းပြတို့ဟာ ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

    လူငယ်ဘောလုံးအသင်းက အဲဒီကလေးငယ်တွေဟာ ဇွန်လ ၂၃ ရက်နေ့က ထမ်လွန်ဂူထဲမှာ ၁ နာရီသာ နေမယ်ဆိုပြီး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မိုးသည်းထန်စွာ ရွာသွန်းပြီး ဂူထဲကို ရေကြီးလာတာကြောင့် သူတို့ဟာ ပြန်မထွက်နိုင်ဘဲ ဂူထဲမှာ ပိတ်မိနေခဲ့ကြပါတယ်။

    “ရေကတော့ ကြည်နေတာပါ။ စားစရာတော့ မရှိပါဘူး” လို့ ကလေးငယ်တစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဂူထဲဝင်သွားတဲ့နေ့ဟာ သူတို့အဖွဲ့ထဲက အသက် ၁၇ နှစ်အရွယ် ပီရာပက် ဆွန်ပီယံဂျိုင်ဆိုသူရဲ့ မွေးနေ့ဖြစ်ပြီး ဂူထဲမှာ မွေးနေ့ကျင်းပဖို့အတွက် ယူသွားခဲ့တဲ့ မုန့်တွေဟာ သူတို့ ပိတ်မိနေစဉ်အတွင်း အစားအသောက်အတွက် အထောက်အကူဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

    အသက် ၂၅ နှစ်အရွယ် နည်းပြဟာ ပိတ်မိနေတဲ့ ၁၀ ရက်စလုံး ဘာမှမစားဘဲ ကလေးတွေကိုသာ ကျွေးခဲ့တာကြောင့် ကယ်ထုတ်တဲ့အချိန်မှာ အင်အားအချည့်နဲ့ဆုံး ဖြစ်ခဲ့ပါတယ်။

    နိုင်ငံတကာအကူအညီတွေနဲ့အတူ ထိုင်းအစိုးရက အပူတင်ပြင်း ရှာဖွေပြီးတဲ့နောက် ဇူလိုင်လ ၂ ရက်နေ့က ဒီကလေးငယ်အုပ်စုကို ဂူထဲမှာ ပြန်တွေ့ခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင် ၈ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ တစ်သုတ်စီ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

    သူတို့ကို ဆေးရုံမှာ ဆေးကုသမှု ခံယူစေခဲ့ပြီး ဒီကနေ့မှာ ဆေးရုံကဆင်းကာ အိမ်ပြန်ကြတော့မှာ ဖြစ်ပါတယ်။

    ချန်ရိုင်းပြည်နယ် အုပ်ချုပ်ရေးမှူး ပရာချွန် ပရက်ဆူကန်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲဟာ ကလေးတွေရဲ့ တစ်ခုတည်းသော မီဒီယာနဲ့ တွေ့ဆုံမှုဖြစ်ပြီး နောက်ပိုင်းမှာ ဘယ်သတင်းမီဒီယာကိုမှ ဖြေကြားခြင်း မပြုတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို မထိခိုက်စေဖို့အတွက် သတင်းစာရှင်းလင်းပွဲမှာ ဂျာနယ်လစ်တွေမေးတဲ့ မေးခွန်းကို ကြိုတင်တောင်းယူကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ကလေးတွေ ကံကြမ္မာဆိုးကနေ လွတ်မြောက်စေဖို့အတွက် ကိုရင်ဝတ်ပေးဖို့လည်း စီစဉ်ထားပါတယ်။

    လက်ရှိကလေးတွေရဲ့ ကျန်းမာရေးဟာ ကောင်းမွန်နေပေမယ့် လာမယ့်လအနည်းငယ်အတွင်း ဖြစ်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို စောင့်ကြည့်ရအုံးမယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထားပါတယ်။

    Ref: BBC

  • တရားမ၀င် အရောင်းမြှင့်တင်မှုအတွက် ဂူးဂဲလ်ကို အီးယူက ဒေါ်လာ ၅ ဘီလီယံ ဒဏ်ရိုက်

    တရားမ၀င် အရောင်းမြှင့်တင်မှုအတွက် ဂူးဂဲလ်ကို အီးယူက ဒေါ်လာ ၅ ဘီလီယံ ဒဏ်ရိုက်

    ဇူလိုင် ၁၈၊ ၂၀၁၈
    M-Media

    – အင်တာနက် ရှာဖွေရေးအင်ဂျင်တစ်ခုဖြစ်တဲ့ Google Search Engine လူသုံးများအောင် သူ့ရဲ့ Android စနစ်ကိုသုံးကာ တရားမ၀င်လုပ်ခဲ့တဲ့အတွက် ဂူးဂဲလ်ကုမ္ပဏီကို ဥရောပသမဂ္ဂက ကန်ဒေါ်လာ ၅ ဘီလီယံ ဒဏ်ငွေရိုက်လိုက်ပါတယ်။

    ဒါဟာ ဥရောပသမိုင်းတစ်လျှောက်မှာ စီးပွားရေးလုပ်ငန်းတွေ စည်းကမ်းမလိုက်နာမှုအတွက် အကြီးမားဆုံး အရေးယူမှုလည်း ဖြစ်ပါတယ်။ ဂူးဂဲလ်ကတော့ ဒီပြစ်ဒဏ်အတွက် အယူခံဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ဥရောပ စီးပွာရေး ယှဉ်ပြိုင်မှုဆိုင်ရာ အကြီးအကဲ မာဂရက် ဗက်စ်တာဂါက ဂူးဂဲလ်ဟာ သူ့ရဲ့ Search Engine နဲ့ Chrome browser တွေကို ကြိုတင်ထည့်သွင်းအောင် ဖုန်းကုမ္ပဏီတွေကို ဖိအားပေးခဲ့ပြီး တစ်ခါတစ်ရံမှာ ငွေကြေး ပေးတာတွေ ရှိတယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    သူ့ရဲ့ Android စနစ်မသုံးတဲ့ ဖုန်းထုတ်လုပ်သူတွေ ဈေးကွက်မှာ အရောင်းနည်းသွားအောင်လည်း ဂူးဂဲလ်က လုပ်ဆောင်ခဲ့ပါတယ်။

    “ဂူးဂဲလ်ဟာ သူ့ရဲ့ Search Engine လွှမ်းမိုးမှုကို ခိုင်မာစေဖို့အတွက် Android ကို လက်နက်တစ်ခုအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါဟာ ဥရောပရဲ့ ယုံကြည်မှုစည်းမျဉ်းတွေအရ တရားမ၀င်ပါဘူး” လို့ ဗက်စ်တာဂါက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဂူးဂဲလ်ကတော့ သူတို့အနေနဲ့ ပြိုင်ဆိုင်မှုကို ကန့်သတ်တာမဟုတ်ဘဲ ပိုပြီးတော့ ပြိုင်ဆိုင်မှု ပြင်းထန်လာအောင် လုပ်ဆောင်ခဲ့တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “Android ဟာ လူတွေ ပိုမိုရွေးချယ်ခွင့်ရှိလာအောင် ဖန်တီးပေးတာပါ။ ရွေးချယ်ခွင့် နည်းသွားအောင် မဟုတ်ပါဘူး။ သမဂ္ဂရဲ့ ဒီဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ အယူခံဝင်သွားမှာပါ” လို့ ဂူးဂဲလ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အလ်ဗာနေးက ပြောကြားခဲ့ပါတယ်။

    ဂူးဂဲလ်ဟာ သူတို့ကုမ္ပဏီက ထုတ်လုပ်တာတွေကို ပြိုင်ဘက်တွေထက်သာလွန်အောင် Search Engine မှာ လုပ်ထားတယ်ဆိုတဲ့စွဲချက်နဲ့ ဥရောပဟာ ဂူးဂဲလ်ကို မနှစ်က ကန်ဒေါ်လာ ၂.၇ ဘီလီယံ ဒဏ်ရိုက်ခဲ့ဖူးပါတယ်။

    Ref: Aljazeera

  • ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ်က ဖမ်းသွားသည့် အမျိုးသမီး ၆ ဦးကို သေဆုံးလျက် ပြန်တွေ့

    ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ်က ဖမ်းသွားသည့် အမျိုးသမီး ၆ ဦးကို သေဆုံးလျက် ပြန်တွေ့

    ဇူလိုင် ၁၈၊ ၂၀၁၈
    M-Media

    ပြန်လည်တွေ့ရှိခဲ့ရသည့် အလောင်းများ

    – ရှမ်းပြည်နယ်က မြန်မာစစ်တပ်နဲ့ တအောင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) တို့ရဲ့  တိုက်ပွဲအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးသွားတယ်လို့ဆိုတဲ့ အမျိုးသမီး ကျန်းမာရေးဝန်ထမ်း ၆ ဦးရဲ့အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ပြီး တအောင်းလက်နက်ကိုင်အဖွဲ့က မြန်မာစစ်တပ်ရဲ့လက်ချက်ဖြစ်တယ်လို့ မနေ့က စွပ်စွဲပြောကြားလိုက်ပါတယ်။

    TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က အဲဒီ အမျိုးသမီး ၆ ဦးဟာ သူတို့အဖွဲ့နဲ့ မြန်မာစစ်တပ်က ခြေမြန်တပ်ရင်း ၃၀၁ အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ပြန်ပေးဆွဲခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

    “မန်းတန်မြို့နယ်က အာလောရွာမှာ အစိုးရစစ်တပ်က ဇူလိုင် ၁၁ ရက်နေ့မှာ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ တပ်သားတစ်ဦး သေဆုံးပြီး၊ အမျိုးသမီး ကျန်းမာရေ၀န်ထမ်း ၆ ဦး ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအမျိုးသမီး ၆ ဦးနဲ့ တပ်သားတစ်ဦးတို့ရဲ့အလောင်းတွေကို စုပေါင်းမြှုပ်နှံထားတဲ့နေရာကို ဇူလိုင် ၁၄ ရက်နေ့မှာ တွေ့ခဲ့ရပါတယ်”

    ဇူလိုင် ၁၄ ရက်နေ့က တွေ့ရှိခဲ့တဲ့ အဲဒီအမျိုးသမီးတွေရဲ့ အလောင်းမှာ ၂ ဦးက သေနတ်ဒဏ်ရာ ရရှိထားပြီး၊ အခြား ၄ ဦးမှာ ဓားဒဏ်ရာ၊ ရိုက်နှက်မှုကြောင့်ဖြစ်ထားတဲ့ ဖူးယောင်ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်လို့ TNLA ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    တိုက်ခိုက်မှုအတွင်း အခြားတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရခဲ့ပြီး အသက်ဘေးကနေ လွတ်မြောက်အောင် ထွက်ပြေးလာကာ ပြန်ပေးဆွဲခံရမှုကို သတင်းပို့ခဲ့ကြောင်း၊ အဒီအမျိုးသမီးတွေဆီက သေနတ် ၃ လက်ကို အစိုးရစစ်သားတွေက ယူဆောင်သွားကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    အသတ်ခံရတဲ့အမျိုးသမီးတွေရဲ့ အလောင်းတွေကို အနီးအနားမှာ နေထိုင်သူတွေက တွေ့ရှိခဲ့ပြီး မြှုပ်နှံခဲ့တယ်လို့လည်း TNLA က သူတို့ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစိုးရစစ်တပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာတွေ မရှိသးပါဘူး။

    Ref: RFA